Tuesday, December 1, 2015

သဒ္ဓါနှင့်ပညာ ကွာခြားပုံ

သဒ္ဓါနှင့်ပညာ ကွာခြားပုံ ယှဉ်ကြည့်လျှင်။
     သဒ္ဓါ၏ သဘောတရားကား စွန့်ကြဲပေးကမ်း လှူဒါန်းရက်ရော၏။ နောင်သံသရာမှာ ချမ်းချမ်းသာသာ ဖြစ်ဖို့ရာ အရေးကြီး၏။ အမျိုးဘာသာ သာသနာ တိုးတက်ကြီးပွားရေးကိုလေးလေးနက်နက် သတိမထားတတ်ပါ။ ပညာ၏ သဘောကား အမျိုးဘာသာ သာသနာပညာရေးကို လေးလေးနက်နက် စဉ်းစားပြီးလျှင် အကျိုးရှိလောက်မှ လှူသည်။ အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဟု (ကံ ကံ၏အကျိုး) ယုံကြည်ပြီးဖြစ်၍ နောက်ဘ၀၌ အကျိုးရဖို့ အရေးကို အထူးတလည် တွေးမနေတော့ပါ။         ဤသို့လျှင် သဒ္ဓါနှင့် ပညာသည် အခြေတည်က စ၍ပင် ကွာခြားချင်တိုင်း ကွာခြားနေ၏။ မြန်မာနိုင်ငံကို သဒ္ဓါမျက်စိ၊ ပညာမျက်စိဖြင့် တစ်မျိုးစီ ကြည့်ကြပေလိမ့်မည်။ သို့ရာတွင် အစုံကြည့်ခြင်း မဟုတ်ဘဲ တစ်ဖက်စီခွဲ၍ အလွန်အကဲ ကြည့်ခြင်းကား သဒ္ဓါလည်းမကောင်း၊ ပညာလည်း မကောင်းပင် မြင်တတ်ကြသည်။ နှစ်ဖက်စုံ ကြည့်တတ်မှသာ ကောင်းပါသည်။ “ သဒ္ဓါလွန်တော့ တဏှာ၊ ပညာလွန်တော့ မာယာ ” ဟု ကျမ်းလာဆိုရိုး ရှိပါသည်။ ။ {အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်     အဘိဓမ္မာမှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

“၂-ဘက်မြင်ရမယ်”


ဗုဒ္ဓမြတ်စွာက “အန္ဓသုတ္တန်”မှာ“ဒွိစက္ခု” မျက်စိ ၂-လုံးရှိတဲ့ပုဂ္ဂိုလ်ကိုအကောင်းဆုံးပုဂ္ဂိုလ်လို့ ဒီလိုဟောထားတယ်။မျက်စိ ၂-လုံးဆိုတာ လူတိုင်းလူတိုင်းမှာမျက်စိ ၂- လုံးရှိကြတယ်ပေါ့။ထို့အတူပဲ အသိဉာဏ်ကလည်း ၂-ခုရှိရမယ်။၂-ခု ရှိရမယ်ဆိုတာ ၂-ဘက်မြင်ရမယ်။တစ်ဘက်တည်း မမြင်ရဘူးလို့ ဒီလိုဆိုလိုတာ။အဲဒီတော့ ၂-ဘက်မြင်ရမယ်ဆိုတာကိုမြတ်စွာဘုရားက ရှင်းပြတယ်။■လူ့လောကမှာ လူရယ်လို့ ဖြစ်လာတဲ့အခါ-မရသေးတဲ့စည်းစိမ်ဥစ္စာတွေကို ရဖို့၊-ရလာတဲ့စည်းစိမ်ဥစ္စာတွေ တည်မြဲဖို့ ၊-တည်မြဲပြီးသား စည်းစိမ်ဥစ္စာတွေကို တိုးတက်ဖို့ ၊သိမြင်တတ်တဲ့ “အသိဉာဏ်”ဆိုတဲ့မျက်စိတစ်လုံးလည်း ရှိဖို့လိုတယ်တဲ့။ဒါက ဒီဘဝ ကောင်းကျိုးအတွက် ဖြစ်တယ်။■နောင်ဘဝ ကောင်းကျိုးအတွက်လည်းပဲကုသိုလ် အကုသိုလ်၊ အပြစ်ရှိတယ် အပြစ်မရှိဘူးဆိုတဲ့ဓမ္မအရေးနဲ့ပတ်သက်ပြီးသိတဲ့မျက်စိမျိုးဟာလည်း နောက်ထပ်လိုအပ်တယ်တဲ့။ဘာဖြစ်လို့လဲဆိုရင် တစ်ခုနဲ့တစ်ခုထိန်းညှိပြီးတော့နေရမယ်။“လောကအကျိုး”ချည်းပဲ ကြိုးစားမယ်ဆိုရင်“သံသရာအကျိုး”က လွတ်သွားမယ်။ဒါကြောင့် လောကအကျိုး၊သံသရာအကျိုး ၂-မျိုးစလုံးရဖို့အတွက် တစ်ခုနဲ့တစ်ခု ထိန်းညှိပြီးတော့ ကြိုးစားရမယ်။အသိ ၂-မျိုးနဲ့ ထိန်းမတ်ပေးရတယ်။ ဒီလိုဆိုလိုတာ။တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် လူတွေမှာစီးပွားဥစ္စာတွေ တိုးတက်လာသော်လည်းကိုယ်ကျင့်တရားက ဆုတ်ယုတ်ပျက်ပြားသွားလို့ရှိရင်ကောင်းကျိုးချမ်းသာတွေဟာလည်း တဖြည်းဖြည်းဆုတ်ယုတ်သွားနိုင်တာပါပဲ။ဒါကြောင့်မို့ စီးပွားရေးဘက်ကလည်းတိုးတက်အောင်လုပ်ရမယ်။ကိုယ်ကျင့်တရားဘက်ကလည်း တိုးတက်အောင် လုပ်ရမယ်။ဒီလိုဆိုလိုတာနော်။၂မျိုး ၂-စား တိုးတက်ကြီးပွားအောင် ကြံဆောင်သိမြင်နိုင်တဲ့အသိဉာဏ် ၂-ခုကို ဒီနေရာမှာမျက်စိ ၂-လုံးလို့ခေါ်တာ။စီးပွားရေးလည်း တိုးတက်အောင် လုပ်နိုင်ရမယ်။စီးပွားရေးမျက်စိရှိရမယ်။ဓမ္မရေးရာတွေကိုလည်း သိမြင်နိုင်တဲ့မျက်စိရှိရမယ်။ဓမ္မရေးရာမျက်စိဖြင့် စီးပွားရေးတိုးတက်လာမှုကိုအကြောင်းပြုပြီးတော့ အကျင့်စာရိတ္တတွေတိုးတက်ကောင်းမွန်လာအောင် ထိန်းညှိပြီးတော့ နေရမယ်။စီးပွားရေးမျက်စိတော့ ရှိပါရဲ့၊ဓမ္မရေးရာမျက်စိက မရှိဘူးဆိုရင် ဘာဖြစ်တတ်သလဲဆိုရင် စီးပွားရရင်ပြီးရော ဘာမဆို လုပ်မယ်ဆိုတဲ့အတွေးအခေါ်တွေ ဝင်လာတတ်တယ်။အဲဒါကို ထိန်းထားရမယ်။အဲဒီလိုထိန်းထားမှု မရှိဘူးဆိုရင် ကိုယ်ကျင့်တရားပျက်ပြားပြီးတော့ စီးပွားရေးလည်း ကျဆင်းလာတတ်တယ်။ကိုယ်ကျင့်တရား ပျက်ပြားပြီးတော့ ရလာတဲ့စီးပွားဥစ္စာဟာတည်မြဲမှုနဲ့တည်ငြိမ်မှု မရှိဘူး။ကြည့်လေ - လောကမှာ တချို့ စီးပွားဥစ္စာတွေတော့တိုးတက်လာပါတယ်။ ဒါပေမယ့်အကျင့်စာရိတ္တကျတော့ ယိုယွင်းသွားပြီး ကြာလာတဲ့အခါမှာစီးပွားဥစ္စာလည်း ပျက်စီးပြီး သွားတတ်တယ်။ဒါကြောင့်မို့လို့ Economic progress နဲ့ Spirtual progres၂-မျိုးပေါ့၊ ထိန်းညှိပြီးတော့ ထားရမယ်။ဒီ ၂-ခုကို ထိန်းညှိပြီးတော့ ထားရင်စီးပွားတိုးတက်မှုလည်း ခိုင်မြဲတယ်၊တစ်ဖက်က ကိုယ်ကျင့်တရားလည်း ခိုင်မြဲလာမယ်။စီးပွားနဲ့ကိုယ်ကျင့်တရားကို ထိန်းမယ်။ကိုယ်ကျင့်တရား နဲ့စီးပွားကို ပြန်ထိန်းမယ်။၂-ဘက် ၂-တန် ရှုမြင်တတ်တဲ့ပညာမျက်စိ ရှိရမယ်လို့မြတ်စွာဘုရားက အဲဒီသုတ္တန်မှာ ဟောထားတယ်။ဘာဖြစ်လို့လဲဆိုတော့ သံသရာထဲမှာ နေတဲ့အခါမှာလည်းပဲချမ်းသာသုခရဖို့ဆိုတာ ကောင်းတဲ့အကြောင်းတွေဆောင်ရွက်နိုင်မှ ရတာကိုး။ ။ 
【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】

“လောကကို အကျိုးပြုလိုခြင်း”


❦ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံးအဆင့်အတန်းမြင့်တဲ့ စိတ်နေသဘောထား နဲ့အသိဉာဏ် ရှိတဲ့ လူသားတစ်ယောက်ဖြစ်အောင်မြှင့်လိုက်ခြင်းအားဖြင့် လောကကြီးတစ်ခုလုံးကိုအကျိုးပြုလိုက်တာပဲ။❦ကိုယ့်ကိုယ်ကို နည်းမျိုးစုံနဲ့ အဖက်ဖက်ကပိုကောင်းအောင် ကြိုးစားနေတာ၊အကျင့်စာရိတ္တ၊စိတ်နေသဘောထား၊လုပ်ရည်ကိုင်ရည်ပိုကောင်းအောင် ကြိုးစားနေတာ၊ပိုပြီး ဉာဏ်ပညာ ရင့်ကျက်တဲ့သူဖြစ်အောင် ကြိုးစားတာဟာတစ်လောကလုံးကို အထိရောက်ဆုံးနည်းနဲ့ အကျိုးပြုတာပဲ။❦အကောင်းဆုံးဆိုတာ ဘာလဲဆိုတာကိုကိုယ်သိထားတဲ့ အသိဉာဏ်ပေါ်မှာ အခြေခံပြီးတော့ကိုယ့်မှာရှိတဲ့ အကောင်းဆုံးစိတ်ထားတွေ နဲ့အကောင်းဆုံး အသိဉာဏ်တွေကို ထုတ်ပြီးတော့ကိုယ့်အသိနဲ့ကိုယ်၊ကိုယ့်စိတ်ဓာတ် နဲ့ ကိုယ်၊ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် အကောင်းဆုံးကိုအားသွန်ပြီးတော့ လုပ်နေမှသာ အဲဒီလူက လူပီသတယ်။အဲဒီလိုလူဟာ လောကကိုအကျိုးပြုတယ်။❦ကိုယ့် choice နဲ့ ကိုယ် ကိုယ့်ဘ၀ကိုအကောင်းဆုံး နေသွားနိုင်တဲ့လူဟာလောကကြီးကိုလည်း အများဆုံးအကျိုးပြုတဲ့လူ ဖြစ်တယ်။❦ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် နေတတ်တာကိုကလောကကြီးရဲ့အကျိုးကို ဆောင်ရွက်ပြီးသားဖြစ်ပါတယ်။❦လောကမှာ ကြွားရရုံသဘောမျိုးနဲ့ လောကကို နေသွားတဲ့လူဟာ လောကကို အကျိုးပြုတဲ့လူမဖြစ်နိုင်ဘူး။ရိုးသားမှုအပြည့်နဲ့ ကိုယ့်ရဲ့တကယ့် အရည်အချင်း၊တကယ့်စိတ်စေတနာတွေကို ဖော်ထုတ်ပြီးတော့အသုံးချနေတဲ့သူသာလျှင် လူ့လောကကိုတကယ်အကျိုးပြုတဲ့လူ ဖြစ်မယ်။❦အဆင့်မြင့်တဲ့ ခံယူချက်ရှိမှ၊ပြတ်သားတဲ့မူရှိမှ၊ရိုးသားမှုရှိမှ အများအကျိုးကိုထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်။ဒါမှလည်း ခေါင်းဆောင်ကောင်း ဖြစ်မယ်။❦ငါမသေချင်ဘူး၊ငါမသေချင်သေးဘူးဆိုတာကအသက်မသေရုံလေး နေချင်တယ်လို့ ဆိုလိုတာမဟုတ်ဘူး။ငါလုပ်နိုင်သမျှ အကောင်းဆုံးတွေကို အများဆုံးလုပ်မယ်ဆိုတဲ့စိတ်နဲ့ မသေချင်တာ။ငါဟာလောကကြီးအတွက် ၀န်ထုပ်ကြီး ဖြစ်မနေရဘူး။❦သူ့ဉာဏ်ကို သူ ထုတ်မသုံးပဲနဲ့ တစ်ယောက်ယောက်ကခိုင်းတာကို မျက်စိမှိတ်ပြီးတော့ လုပ်တဲ့သူမျိုးဖြစ်သွားအောင်သူ့ကို ပုံသွင်းလိုက်မယ်ဆိုရင် သူ့ကိုလည်းဖျက်ဆီးရာရောက်သလို၊လောကကြီးကိုပါ ဖျက်ဆီးရာရောက်သွားတယ်။❦အာဟာရချို့တဲ့ရင် ခန္ဓာကိုယ် ထွားသင့်သလောက်မထွားနိုင်တော့ဘူး။ အဲသလိုပဲ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ မရရင်လည်း စိတ်ဟာ မထွားနိုင်တော့ဘူး။စိတ် လူစဉ် မမီတော့ဘူး၊စိတ်အားနည်းနေမယ်။စိတ်ဓာတ် ကျနေမယ်။သူ့ ဉာဏ် နဲ့သူ ဘာမှမစဉ်းစားတော့ဘူး။မဆုံးဖြတ်တော့ဘူး။“ဘာလုပ်ရမယ် ဆိုတာ ပြောပါ၊ပြောတဲ့အတိုင်း လုပ်ပါ့မယ်” ဆိုတဲ့လူ ဖြစ်သွားရော။ခလုပ်နှိပ်လိုက်ရင် နှိပ်တဲ့ အတိုင်းလုပ်တဲ့“စက်ရုပ်” ဖြစ်သွားရော။အဲဒီလိုလူတွေ များလာရင် လူ့အသိုင်းအ၀ိုင်းကြီးမတိုးတက်နိုင်တော့ဘူး။ကိုယ်ပိုင်ဉာဏ်လည်း မရှိတော့ဘူး။ကိုယ်ပိုင်စိတ်ဓာတ်လည်း မရှိတော့ပဲနဲ့ခိုင်းတာကိုလုပ်တဲ့လူတွေ များလာရင်လူ့အသိုင်းအ၀ိုင်းဟာ မတိုးတက်တော့ဘူး။ခိုင်းမှ လုပ်တဲ့လူ၊“ကိုယ့်စိတ်ကူးနဲ့ ကိုယ် စဉ်းစဉ်းစားစားလေးကောင်းအောင် လုပ်လိုက်ပါ” ဆိုရင်မလုပ်တတ်တော့တဲ့သူတွေ များနေရင်လူ့ အသိုင်းအ၀ိုင်းကြီး မတိုးတက်နိုင်ဘူး။လောကကို အကျိုးပြုတဲ့လူတွေ များများဖြစ်ပေါ်လာဖို့အရေးကို လေးလေးနက်နက် စဉ်းစားစေချင်တယ်။ဒါ့ကြောင့် အကောင်းဆုံးစိတ်ထားတွေ နဲ့အကောင်းဆုံးအရည်အချင်းတွေကို အများဆုံးထွက်ပေါ်လာအောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာကို ပညာရေး ရှုထောင့်ကနေလည်း ကြည့်ရမယ်။ဘာသာရေး ရှုထောင့်ကနေလည်း ကြည့်ရမယ်။စီးပွားရေး မှာတောင်မှ လူတွေရဲ့ အသိဉာဏ် နဲ့စိတ်ထားတွေ မြင့်မားရေးဘက်ကိုပါထည့်စဉ်းစားတဲ့ စီးပွားရေးပဲ ဖြစ်ရမယ်။ကိုယ့်အားကိုယ်ကိုးတဲ့လူ၊ကိုယ့်အရည်အချင်းနဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့လူတွေများများဖြစ်လာအောင် စဉ်းစားပေးရမယ်။❦လူတွေကို ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိအောင်၊ကိုယ့်ကိုယ်ကိုအထင်သေးအောင်တစ်နည်းနည်းနဲ့လုပ်လိုက်မယ်ဆိုရင် အဲဒီလူရဲ့ဘ၀ကိုဖျက်ဆီးလိုက်သလို ဖြစ်သွားပြီးတော့ လူ့အသိုင်းအ၀ိုင်းကြီးကိုသူ့အနေနဲ့ အကျိုးပြုနိုင်တဲ့ စွမ်းရည်သတ္တိကိုပါဖျက်ဆီးလိုက်သလို ဖြစ်သွားတယ်။❦လူတွေမှာ ဘ၀ နဲ့ ပတ်သက်ပြီးတော့၊လောက နဲ့ ပတ်သက်ပြီးတော့၊အလုပ်အကိုင် နဲ့ ပတ်သက်ပြီးတော့သူတို့မှာ အရည်အချင်းများများ ရှိလာအောင်အကူအညီပေးရမယ်၊အထောက်အပံ့ ပေးရမယ်။စားဝတ်နေရေး နဲ့ ပတ်သက်ပြီးတော့အလုပ်ကို နားလည်အောင်၊လုပ်တတ်အောင်၊သူတို့ကို အခြေအနေတွေ ဖန်တီးပေးရမယ်။လုပ်ချင်အောင်လည်း အခြေအနေတွေ ဖန်တီးပေးရမယ်။လူဟာ များများသိလာတယ်၊များများတတ်လာတယ်၊များများလုပ်နိုင်လာတယ်ဆိုရင် “ငါဟာစွမ်းနိုင်တယ်” ဆိုတဲ့ခံစားမှုကိုရတယ်။သူ့ကိုယ်သူ ယုံကြည်မှု အများကြီးရတယ်။ကိုယ့်အကျိုးကိုလည်း ဆောင်ရွက်နိုင်တယ်၊အများအကျိုးကိုလည်း ဆောင်ရွက်နိုင်တယ် ဆိုရင်အဲဒီလူဟာ သူ့ဘ၀ကို အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်။ဒါကြောင့်လူတွေကို အစွမ်းအစပိုရှိတဲ့သူတွေဖြစ်လာအောင်စဉ်းစားပေးပြီးတော့ လိုအပ်တာလေးတွေကို ဖန်တီးပေးဖို့လိုတယ်။လူတွေရဲ့ အစွမ်းအစ၊ လုပ်ရည်ကိုင်ရည်တွေ နိမ့်ကျသွားရင်၊အသိဉာဏ်ပညာတွေ စိတ်ထားတွေ နိမ့်ကျသွားရင်၊လူ့အသိုင်းအ၀ိုင်းကြီးတစ်ခုလုံး ပျက်စီးသွားနိုင်တယ်။❦လူ့အသိုင်းအ၀ိုင်းကြီးတစ်ခုလုံး ကောင်းလာဖို့ဆိုတာမှန်ကန်တဲ့အသိအမြင်၊မှန်ကန်တဲ့သဘောထား၊မှန်ကန်တဲ့စေတနာပေါ်မှာ အခြေခံတဲ့ မှန်ကန်တဲ့အလုပ်တွေကိုလူတွေများများလုပ်နိုင်ဖို့လိုတယ်။အဲဒါမှ အားလုံးအတွက် ကောင်းမယ်။ဒါမှလူ့အသိုင်းအ၀ိုင်းကြီးဟာ နေရတာစိတ်အေးချမ်းမှု ရမယ်။စိတ်ထဲမှာ လုံခြုံမှုလည်း ရမယ်။ပျော်စရာ အင်မတန်ကောင်းမယ်။အဲသလို အသိုင်းအ၀ိုင်းမှာဆိုရင် စိတ်ညစ်တယ်။စိတ်ဓာတ်ကျတယ်။ဘာလုပ်ရမှန်းမသိဘူး။ဘာမှ မတတ်နိုင်တော့ပါဘူး ဆိုတဲ့ ခံစားမှုမျိုးကအင်မတန်နည်းသွားမယ်။ဇိမ်ခံပစ္စည်းတွေ များများသုံးနိုင်ရုံ နဲ့ လူ့အသိုင်းအ၀ိုင်းကြီးကောင်းလာတယ်လို့ ပြောလို့မရဘူး။စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်လည်းပဲ ပြည့်စုံဖို့ အများကြီးအရေးကြီးတယ်။❦ကိုယ့်ကိုယ်ကို ဒုက္ခပေးပြီးတော့“ငါ့ကိုယ်ငါ ဒုက္ခပေးတာ ဘယ်သူနဲ့မှ မဆိုင်ဘူး” လို့မပြောနဲ့နော်။ အဲဒါ အင်မတန် ဉာဏ်နည်းတဲ့အပြောဖြစ်သွားလိမ့်မယ်။ကိုယ့်ကိုယ်ကိုဒုက္ခပေးရင် လောကကြီး ဒုက္ခရောက်တယ်။ကိုယ်နဲ့ လောကကြီးဟာ ဆက်စပ်နေတယ်။ဘယ်လိုမှ သီးခြားဖြစ်သွားအောင် ထုတ်ယူပစ်လို့ မရဘူး။ထို့အတူကိုယ့်ကိုယ်ကို ကောင်းအောင်လုပ်လိုက်ရင်လောကကြီးကို ကောင်းအောင်လုပ်တာပါ။ငါ့ကိုယ်ငါ မဖျက်ဆီးသင့်ဘူး။ငါ့ကိုယ်ငါ ကောင်းအောင် နေသင့်တယ်။ငါ့ဟာငါ ကောင်းအောင်နေခြင်းသည်ပင်လျှင်လောကကြီးကို အကျိုးပြုနေတာ ဖြစ်တယ်။
【ဆရာတော်ဦးဇောတိက၊မဟာမြိုင်တောရ၏“တွေးမိတိုင်းပျော်တယ်” မှ- ကူးယူပူဇော်မျှဝေပါသည်။】

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်


      “ သုစိပုဘာ ဆုံးမစာ ”
သု,စိ,ပု,ဘာ၊  ၀ိ,လိ,သိ,ဓာအက္ခရာစွဲသုံး၊  ဤရှစ်လုံးကိုသီကုံးပန်းသွင်၊  နေ့တိုင်းဆင်လော့စာသင်ပျိုနု၊  အခြေပြုတို့ဥဇုဘူတ၊  လုံ့လပြင်းစွာသူ့ထက်ငါဟု၊  နှုတ်မှာရွရွကြိုးပမ်းကလျှင်၊  သိပ္ပကျေးဇူးအထူးသိမြင်၊  ပညာရှင်ဟုမထင်မပေါ်၊  မကျော်စောပဲတီမှာလွဲအံ့၊  အရဲကြိုးကုတ်ကြက်ရဲသုတ်သို့၊  အားထုတ်ခုံမင်မသင်မအံ၊  မကြံမမေးဆွေးနွေးရောနှော၊  ပြောဟောမဲ့ထွေပေချပ်ရေဖြင့်၊ ကုန်စေဆန်းသာသင်ချေပါလည်း၊  ဘယ်မှာဂုဏ်ရှင်ကျော်စောထင်ချိမ့်၊  စာသင်ဟူကကျမ်းထိုမျှကို၊  တွေ့ကမရှောင်ကြောင်ပုစွန်စား၊  ကျွတ်ကျွတ်ဝါးသို့လွှသွားပမာ၊  ကျောက်ထက်စာသို့လိုရာရအောင်၊  ကြံဆောင်လေ့ကျက်အနက်ဓိပ္ပာယ်၊  နှုတ်ဝယ်ရွရွထားချေမှတည့်၊  တစပေါ်လျှင်ချည်စငင်သို့၊  သဘင်ပွဲမှောက်ဆိုရေးရောက်က၊  လန့်ကြောက်မရှိသတိမြဲခိုင်၊  ကျောက်တိုင်ပမာကေသရာသို့၊  ရွံရှာမဲ့လျှင်းဆိုခင်းနည်းနာ၊  အဖြာဖြာကိုမကြာနှုတ်လျှောက်၊  ခန့်ချင့်ထောက်လော့အံ့လောက်ဖွယ်သာ၊  ဂါထာပါဌ်သားစကားဝိုက်လည်၊  စဉ်ရှည်ရှေးတီးစကားကြီးက၊  စသည်ထိုထိုဝိဂြိုဟ်ဝစနတ်၊  ဓာတ်ရပစ္စည်းထုံးနည်းပမာ၊  ဂါထာဆန်းဂိုဏ်းကရိုဏ်းဌာန်စစ်၊  ဖွင့်လှစ်ဋီကာအဌကထာပါဠိ၊  အောက်ထက်ညှိ၍က၀ိလက္ခဏာ၊  အဖြာဖြာကိုသေချာဆည်းဆ၊  ဆိုဝံ့ကလျှင်ဘ၀ဤတွင်၊  ခုမျက်မြင်လည်းမထင်ဘယ်မှာ၊  ရှိဘိရာအံ့သံသရာလည်း၊  ပမာကဲလွန်အဆုံးစွန်မှု၊  ညီမွန်တုလွတ်သုံးလူ့နတ်ဝယ်၊  အကျွတ်ဘယ်မှာ ဝေးတော့မည်။ ။

လွဲမှားနေသော စိတ်၏ထွက်ပေါက်များ


စိတ်ဖိစီးလာလို့ရှိရင် မှန်ကန်တဲ့နည်းနဲ့ ထွက်ပေါက်ရှာဖို့ မြတ်စွာဘုရားက လမ်းညွှန်ပေးထားပါတယ်။ အဲဒီလမ်းညွှန်ချက်အတိုင်း လိုက်နာအားထုတ်မယ်ဆိုရင် မည်သူမျှ စိတ်ပေါက်ကွဲမှုဒဏ်တွေကို ခံရမှာ မဟုတ်ပါ။ စိတ်ဖိစီးမှုတွေ ဖြစ်လာရင် မြတ်ဗုဒ္ဓ ညွှန်ပေးတဲ့လမ်းက ထွက်သွားရုံပါပဲ။ အေး .. မြတ်စွာဘုရားရဲ့ တရားဓမ္မတွေကို မနာရလို့ ဒီနည်းတွေကို မသိတဲ့ပုဂ္ဂိုလ်တွေ၊ ဘုရား တရားတော်တွေကို မျက်ကွယ်ပြုနေလို့ ဒီနည်းစနစ်ကို မသိတဲ့ပုဂ္ဂိုလ်တွေဟာ စိတ်၏ထွက်ပေါက် ဆိုပြီးတော့ မိမိတို့ တွေးမိရာရာ ကြံစည်မိရာရာ ထွက်ပေါက် အမျိုးမျိုးကို မှားယွင်းစွာ ပြုလုပ်မိတတ်ကြပါတယ်။ လောကသား လူတွေဖြစ်တဲ့ လူငယ်လူရွယ် အသိုင်းအ၀ိုင်းထဲမှာ ရံခါရံခါ စိတ်ညစ်စရာဆိုတာ တွေ့လာတတ်ပါတယ်။ ရံခါရံခါ စိတ်ထဲမှာ အလိုမကျတာတွေ တွေ့လာတတ်ပါတယ်။ ရံခါရံခါ မထိန်းသိမ်းနိုင်လောက်အောင် ပေါက်ကွဲမှုမျိုး ဖြစ်လာတတ်ပါတယ်။ အဲဒီလို စိတ်အကျဉ်းအကြပ်တွေ များလာလို့ရှိရင် အချို့ပုဂ္ဂိုလ်တွေက စိတ်ဖိစီးမှုတွေကို ထွက်ပေါက်ရှာကြတဲ့အနေနဲ့ မူးယစ်ဆေးဝါးတွေ အသုံးပြုကြပါတယ်။ အရက်သေစာတွေသောက်စားကြပါတယ်။ အဲဒီနည်းကို ထွက်ပေါက်ဆိုပြီး အသုံးပြုတတ်ကြပါတယ်။ ဆိုလိုတာက ပြဿနာဖြစ်လာတယ်၊ ထိုပြသနာကို မေ့ပစ်ဖို့ ကြိုးစားတဲ့အခါမှာ အာရုံတစ်ခုခုနဲ့ လွှဲဖယ်အစားထိုးပြီး တကယ် စိတ်ဖိစီးနေတာကို ဖယ်ရှားပစ်ဖို့ မကြိုးစားဘဲနဲ့ ခေတ္တခဏမေ့သွားအောင် တခြားနည်းလမ်းတွေနဲ့ ထွက်ပေါက်ရှာကြပါတယ်။ အဲဒီထွက်ပေါက်က တကယ့်အစစ်အမှန်ထွက်ပေါက် မဟုတ်သည့်အတွက် ပြဿနာထဲမှာပဲ ပြန်လည် ၀ဲလည်လာပါတယ်။ တကယ့်ငြိမ်းချမ်းတဲ့ အပြင်ဘက်ကို ရောက်မသွားဘဲ အတွင်းထဲမှာ တ၀ဲလည်လည်နဲ့ ထွက်ပေါက်ရှာရင်းနဲ့ပဲ ဒုက္ခရောက်သွားကြပါတယ်။ အကျဉ်းအကျပ်တွေက ပိုများလာပါတယ်။ ပြဿနာ တစ်ခုကနေ ပြဿနာနှစ်ခု၊ သုံးခု ဖြစ်လာပါတယ်။ ပြဿနာအတွက် ထွက်ပေါက်ကို မှန်မှန်ကန်ကန်မရှာနိုင်ဘူး ဆိုလို့ရှိရင် ဒီလိုပဲ ပြဿနာတက်နေကြကြမှာပါ။ ဒါကြောင့်မို့လို့ တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း အဲဒီ ဖြေရှင်းနည်းတွေက မှန်ကန်တဲ့ ဖြေရှင်းနည်းတွေ မဟုတ်ပါ၊ ထွက်ပေါက်ဟာလည်း မှန်ကန်တဲ့ထွက်ပေါက် မဟုတ်ပါလို့ သိရှိနားလည် သဘောပေါက်ကြပြီး မိမိတို့မှာ စိတ်၏ထွက်ပေါက်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရအောင်ရှာပြီး ထာဝရငြိမ်းတဲ့ မြတ်နိဗ္ဗာန်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။

ကိုယ်ပိုင်နဲ့ ဘုံပိုင်


     ကား မြေ တိုက်တာ အဆောက်အအုံ ရွှေ ငွေ စိန် ကျောက်စတဲ့ ပစ္စည်းဥစ္စာ လောကီ
ရတနာတွေဟာ ဘုံဆိုင်ပစ္စည်းပါ။ တစ်ယောက်တည်း ရှာဖွေစုဆောင်းပေမဲ့ တစ်ယောက်တည်း
ပိုင်ဆိုင်လို့ တစ်ယောက်တည်း သုံးစွဲလို့မရပါဘူး။ အနည်းဆုံး ဇနီး သားသမီးတွေကိုတော့
ကျွေးမွေး စောင့်ရှောက် ထောက်ပံ့ရပါသေးတယ်။ မျှဝေပေးရပါသေးတယ်။ လောကုတ္တရာ
ရတနာကတော့ ဒီလိုမဟုတ်ပါဘူး။ ကိုယ်ရှာဖွေကျင့်ကြံလို့ရသမျှဟာ ကိုယ်ပိုင်ပါပဲ။ ခွဲဝေပေး
လို့ရကောင်းတဲ့အရာ မဟုတ်ပါဘူး။ ရရာ ရကြောင်း နည်းလမ်းကိုသာ သင်ပေး၊ ညွှန်ပေးနိုင်
တဲ့အရာ ဖြစ်ပါတယ်။ ။