Monday, February 23, 2015

နိဗ္ဗာန်

ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ဆင်ခြင်သုံးသပ်တိုင်း သုံးသပ်တိုင်း နှစ်သက်ခြင်း ၀မ်းမြောက်ခြင်းကို ရလေ၏။ ထို နှစ်သက်ဝမ်းမြောက်ခြင်းသည် တရားမှန်ကို သိကုန်သော ပညာရှိတို့အတွက် မသေရာ (နိဗ္ဗာန်) မည်၏။ (နိဗ္ဗာန်ရောက်ကြောင်းဖြစ်၏။)
- Whenever he sees with insight the rise and fall of the aggregates, he is full of joy and happiness. To the discerning one this reflects the Deathless.

ချမ်း​​သာချင်ရင်

သတ္တ၀ါတို.သည် ချမ်းသာကို အလိုရှိကုန်၏၊ မိမိ၏
ချမ်းသာကို ရှာလျက် သူတစ်ပါးတို.ကို တုတ် လှံတံဖြင့်
မညှင်းဆဲသော သူသည် တမလွန်ဘ၀၌ လူ၊ နတ်၊ နိဗ္ဗာန်
သုံးတန်သော ချမ်းသာကို ရလေ။
- One who,
while himself seeking happiness,
does not oppress with violence
other beings who also desire happiness,
Will find happiness hereafter.

ဖယောင်းတိုင်တတိုင်၏ဒဿန


ထောင်နှင့်ချီသော ဖယောင်းတိုင်များကို တစ်တိုင်တည်းသော ဖယောင်းတိုင် တတိုင်မှ ညှိယူ၍ ရသကဲ့လို ထိုဖယောင်းတိုင်၏ သက်တန်းမှာ ထူး၍တိုမသွားပေ။ မိမိ၏ ပျော်ရွှင်မူများကို တပါးသူအား မျှဝေခံစားခြင်းဖြင့်လည်း မိမိ၏ပျော်ရွှင်များမှာ လျော့နည်းသွားမည်မဟုတ် တိုး၍ပင်လာပေဦးမည်။ ထိုနည်းတူစွာပင် အလှူဒါနပြုခြင်းသည်လည်း ဒါနပြုလျှင် မိမိဥစ္စာများ ကုန်ခမ်းသွားတတ်သည်ဟု မျက်စိတစ်ဆုံး မကြည့်တတ်သူများ ကပြောဆိုကြသည်။ ဥပမာဆောင်ရလျှင် ရေရှားသော အညာဒေသတချို့တွင် တစ်တောင်ခန့် နက်သော လက်ယက်ရေတွင်းလေးများ ရှိကြသည်။ ထိုရေတွင်းလေးများမှ ရေကို ခပ်လိုက်လျှင်လည်း ရေမှာသိသာစွာလျော့မသွားချေ တဖန်လျော့သွားမည်စိုး၍ မခပ်လျင်လည်း ထို့အတူပင်။ ဒါနပြုလုပ်ခြင်းသည်လည်း ထိုနည်းတူဖြစ်သည်။ လျော့သွားမည်စိုး၍ မပြုညားအံ ထူးခြားစွာမပြောင်းလဲပေ။ စေတနာသုံးတန် ပြတ်သားစလှူသူတို့တွင်လည်း သိသာစွာလျော့မသွားသည့်အပြင် ရတနာသုံးပါး ကျေးဇူးဖြင့် ပို၍ပင်တိုးပွားလာပေလိမ့်မည်။

ကြိုးစားပါ

မိမိ၏ အတိတ်တွင် ခက်ခဲမူများ မည်မျှပင်ရှိမေစေကာမူ အလွယ်တကူ အရှုံးမပေးသင့်ပေ။ အကြိမ်တစ်ရာ ရှုံးနိမ့်ပါက တစ်ရာ့တစ်ကြိမ်မြောက် ထပ်မံကြိုးစားပါဟု မြတ်စွာဘုရားက ဟောကြားခဲ့ပါသည်။

Monday, February 16, 2015

ဝေဠုဒွါရေယျသုတ်


အခါတပါး၌ မြတ်စွာဘုရားသည် ဒေသစာရီကြွချီတော်မူရာ ဝေဠုဒွါရဘပုဏ္ဏားတို့ရွာသို့ရောက်တော်မူလေ၏ ရွာမှအကြီးအကဲကမြတ်စွာဘုရားအား
''မြတ်စွာဘုရား တပည့်တော်တို့သည် အိမ်ရာတည်ထောင်၍နေကြ သောသူတို့သည် အရှင်ဘုရားတို့လိုဆွမ်းခံစားတာမဟုတ်တော့ ရွှေ ငွေ ကိုလည်းမစွန့်နိုင်ပါ သားမယားတို့ကိုလည်းမစွန့်နိုင်ပါ အဝတ်ကောင်းကိုလည်းဝတ်လိုပါသည် အစားကောင်းကိုလည်းစားလိုပါသည် သနပ်ခါးလည်းလိမ်းလိုပါသည် ပန်းကိုလည်းပန်ချင်ပါသည် ပွဲလည်းကြည့်လိုပါသည် တောတောင်ကိုလည်းမထွက်လိုပါ သေတဲ့အခါလည်းအပယ်လေးပါးသို့မကျလိုပါ နတ်ပြည်သို့လည်းရောက်လိုပါသည် သို့အတွက်သင့်တော်မည့်တရားတော်ကိုဟောကြားတော်မူပါဘုရား"လို့လျှေက်တင်ပါတယ်
ဒီတရားဟာ အိမ်ရာတည်ထောင်နေသောသူတွေနှင့်အင်မတန်သင့်တော်သောတရားကောင်းပါပဲ ဒီပုဏ္ဏားကိုပညာရှိတယ်ခေါ်ရမယ် အဲ့တော့မြတ်စွာဘုရားက ဘယ်လိုမိန့်လဲဆိုတော့...
"ပုဏ္ဏားတောင်းတဲ့အတိုင်းဖြစ်စေရပါမယ် ရွှေငွေလည်းမစွန့်ရပါဘူး တောလည်းမထွက်ရပါဘူး အဝတ်ကောင်းလည်းဝတ်ရပါမယ် အစားကောင်းလည်းစားရပါမယ် သနပ်ခါးလည်းလိမ်းရပါမယ် ပန်းလည်းပန်ရပါမယ် ပွဲလည်းကြည့်ရပါမယ် သေတဲ့အခါပယ်လေးပါးလည်းမကျစေရပါ နတ်ပြည်သို့လည်းရောက်ရပါစေမယ် သို့သော် ငါဘုရားဟောကြားတဲ့အတိုင်းကျင့်ကြံရပါမယ်" လို့မိန့်ပါတယ်
ပုဏ္ဏားကလည်းကျင့်ကြံပါမယ်ဆိုေ့ မြတ်စွာဘုရားက
"၁- ငါ့ကိုသတ်လျှင် ငါမခံချင်သကဲ့သို့သူတပါး၏အသက်ကို သတ်ချင်းကိုရှောင်ကြဉ်ရမည်ဟုကျင့်ရမည်
၂- ငါ့ဥစ္စာခိုးလျှင် မခံချင်သလိုသူတပါးဥစ္စာခိုးယူချင်းကိုရှောင်ကြဉ်ပါမည်ဟုကျင့်ရမည်
၃-ငါ့သားမယားကိုတပါးသူကမှားယွင်းလျှင်မခံချင်သကဲ့သို့ သူတပါးသားမယားကိုပြစ်မှားချင်းကိုလည်းရှောင်ကြဉ်ပါမည်ဟုကျင့်ရမည်
၎-ငါ့ကိုသူတပါးကလိမ်ပြောလျှင်မကြိုက်သလို သူတပါးကိုလိမ်လည်ချင်းကိုလည်းရှောင်ကြဉ်ပါမည်ဟုကျင့်ရမည်
၅-ငါသည်သူတပါး သောက်စားမူးယစ်တာကိုမြင်လျှင် မကြည်ညိုသလို ငါသောက်စားမူးယစ်ချင်းအားလည်းသူတပါးက ဘယ်ကြည်ဖြူပါ့မလဲ သို့တွက်ငါသည် သောက်စားမူးယစ်ချင်းမှရှောင်ကြဉ်ပါအံဟုကျင့်ရမည်" ဟူ၍မိန့်ကြားခဲ့ပါသည်

ဗုဒ္ဓဘာသာနှင့် သရဏဂုံ


မည်သည့်အချိန်တွင် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်လာသနည်း သို့မဟုတ် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်လာစေရန် မည်သည့်အခမ်းအနားကိုပြုလုပ်ရသနည်းဟု အခြားဘာသားဝင်များက မေးမြန်းလာသောအခါ တိတိကျကျဖြေဆိုနိုင်သူရှားပေလိမ့်မည်။ အမှန်မှာ မိမိတို့လူမှန်းသိတတ်စအရွယ်တည်းက သံဃာတော်များထံတွင် သို့မဟုတ် မြတ်ဘုရားကိုရည်စူး၍ ဖြစ်စေ
ဗုဒ္ဓသရဏံဂစ္စာမိ (ဘုရားကိုကိုးကွယ်ပါ၏)
ဓမ္မံသရဏံဂစ္စာမိ (တရားကိုကိုးကွယ်ပါ၏)
သံဃံသရဏံဂစ္စာမိ(သံဃာကိုးကွယ်ပါ၏) ဟူ၍ရွတ်ဆို ခဲ့ပီးသောအချိန်မှစတင်ကာ ဗုဒ္ဓဘာသာဝင် တယောက်ဖြစ်လာခဲ့ပါသည်။ အခြားဘာသာဝင်များက ဗုဒ္ဓဘာသာခံယူခြင်လျှင်လည်း အလားတူရွတ်ဆို ပီးသည်နှင့် သရဏဂုံတည်ကာ ဗုဒ္ဓဘာသာဝင် တယောက်ဖြစ်လာပါသည်။

ပရဟိတစိတ်ဓါတ်


ဘုရားရှင်တိုင်းဟာ ဘုရားမဖြစ်ခင်မှာလည်း ပရဟိတစိတ်ဓာတ်နဲ့ပဲ ပါရမီဖြည့် ခဲ့ကြသလို ဘုရားဖြစ်ပြီးနောက်ပိုင်းမှာလည်းပရဟိတ
စိတ်ဓာတ်နဲ့ပဲလောကကိုကောင်းကျိုးပြုသွား
ခဲ့ကြပါတယ်။ ဘုရားဆိုတာ ပရဟိတရဲ့
အမှတ်သင်္ကေတပါ။တစ်လောကလုံးမှာ
ပရဟိတစိတ်ဓာတ်အရှိဆုံးနဲ့ပရဟိတ
အလုပ်အလုပ်ဆုံးပုဂ္ဂိုလ်ဟာ သမ္မာသမ္ဗုဒ္ဓဘုရားပါပဲ။

ဘုရားလောင်းတွေ၊ ဘုရားရှင်တွေမှာသာ ပရဟိတစိတ်ဓာတ် ရှိတာလားဆို တော့မဟုတ်ပါဘူး။ စိတ်နေစိတ်ထား မြင့်မားကြီးမားတဲ့ပုဂ္ဂိုလ်တိုင်းမှာပရ ဟိတစိတ်ဓာတ်ရှိပါတယ်။
ပါရမီဆိုတာ‘မြင့်မြတ်သူတွေရဲ့အလုပ်’၊ ‘မြင့်မြတ်သူဖြစ်ကြောင်းအရာ’ဆိုတဲ့အဓိပ္ပာယ်အတိုင်း ပြောမယ်ဆိုရင်ပရဟိတစိတ်ဓာတ်ဆိုတာ‘
မြင့်မြတ်သူတွေ ရဲ့စိတ်ဓာတ်၊ မြင့်မြတ်သူဖြစ်ကြောင်းစိတ်ဓာတ်’ပါပဲ။
မြင့်မြတ်သူတွေရဲ့ သန္တာန်မှာသာပရဟိတစိတ်ဓာတ် ရှိနိုင်သလို ပရဟိတ စိတ်ဓာတ် ရှိမှလည်းလူတစ်ယောက်ဟာ မြင့်မြတ်သူဖြစ်လာနိုင်ပါတယ်။ ပြောရစတမ်းဆိုရင် ပရဟိတစိတ်ဓာတ် မရှိတဲ့သူဟာစိတ်နေစိတ်ထားနိမ့်ကျ တဲ့သူ၊စိတ်ဓာတ်သေးသိမ်တဲ့သူပါပဲ။
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)

တရားရှိသူနှင့် တရားမရှိသူ ဘာကွာသလဲ?


တရားရှိသူဆိုတာ-
လေငြိမ်ရာအရပ်မှာ ထွန်းထားတဲ့ဖယောင်းတိုင်နဲ့ တူတယ်။
ဘယ်လိုကိလေသာတွေ (အကုသိုလ်အညစ်အကြေး) ပဲ မိမိစိတ်ကို ရောက်ရှိလာပါစေ တရားရှိသူဟာ တုန်လှုပ်ခြင်းမရှိဘူး၊ တည်ငြိမ်တယ်၊ အေးချမ်းနေတယ်၊ ကိလေသာကြောင့် မိမိစိတ်ကို ဖောက်ပြန်ခြင်းမရှိအောင် ထိမ်းသိမ်းနိုင်တယ်၊ သည်းခံနိုင်တယ်၊ ဒေါသလည်းမဖြစ်လွယ်ပါဘူး။ တကယ်တော့ တရားရှိသူဆိုတာ လေငြိမ်ရာအရပ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်လေးလိုပါပဲ။
တရားမရှိသေးသူဆိုတာ-လေရှိရာအရပ်မှာထွန်းထားတဲ့ဖယောင်းတိုင်လေးလိုပါပဲ။ အနည်းငယ်မျှသော ကိလေသာတွေပဲ မိမိစိတ်ကို ရောက်ရှိလာတာနဲ့အမျှ ဖောက်ပြန်လာတော့တာပါပဲ။ တုန်လှုပ်လွယ်တယ်၊ ဘယ်လိုအကြောင်းအရာလေးကိုပဲပြောပြော မိမိစိတ်က သည်းခံနိုင်စွမ်းလည်းမရှိဘူး၊ ဒေါသဖြစ်လွယ်တယ်။ တကယ်တော့ တရားမရှိသေးသူဟာ လေရှိရာအရပ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်လေးလိုပါပဲ။
မိမိဟာ လေငြိမ်ရာအရပ်မှာထွန်းထားတဲ့ဖယောင်းတိုင်နဲ့တူနေသလား၊ (သို့မဟုတ်) လေရှိရာအရပ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်နဲ့ တူနေပါသလား။
ဘယ်လိုပဲဖြစ်ဖြစ် လေငြိမ်ရာအရပ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်လေးနဲ့တူအောင် ကြိုးစားသွားရမှာပါ။
မေတ္တာဖြင့်-
အရှင်ဇောတိပါလ(သာစည်)

တဒင်္ဂထဲက တစ်ခဏဘဝ ************************


လှမ်းနေသောသူ၏ ခြေလှမ်းများသည် တုံ့ကနဲ ရပ်သွားပါသည်။ ရေချိုးပြီးစ အပေါ်ဗလာကျင်းကျင်းသည် အနည်းငယ် ချမ်းစိမ့်စိမ့် ရှိနေသော်လည်း ထိုအချမ်းသည် ရေချိုးခန်းပြတင်းပေါက်မှ ဝင်လာသော အသံအာရုံကို မလွှမ်းမိုးနိုင်တော့ပါ။
♬·¯·♩¸¸♪·¯·♫¸
ဆင်းရဲရင်လည်း နှစ်တစ်ရာပဲ
ဌေးရရင်လည်း နှစ်တစ်ရာပဲ
ဘယ်လိုနိဒါန်းစစ လမ်းဆုံးအတူတူပါ
ထာဝစဉ် ထာဝရတော့ မရှိပါဘူး
ကံကြမ္မာရယ် လမ်းပြလို့ရှေ့ကခေါ်မယ်
ဘယ်လိုဘယ်နည်းနဲ့ ခေါင်းခါမလဲ
သွားပေါ့လာပေါ့ လူခရီးကို
ဆင်းလိုက်တက်လိုက် တဒင်္ဂမှာပဲ
တမလွန်ဟာ အားလုံးအတွက် တစ်နေ့တစ်ရက်မှာပါ
ဘယ်သူအရင်သွားမလဲ မပြောနိုင်ဘူး
အရာရာဟာ အနိစ္စရဲ့ ဖဝါးအောက်မှာပါ
ရောင်နီဟာ တစ်ချိန်တော့ ဆည်းဆာပဲ
လင်းလိုက်မှောင်လိုက် တဒင်္ဂမှာ
ဖြစ်သမျှ ပျက်သမျှ ရေတစ်ပွက်ပါပဲ
¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
သည်မှာတင် အသံက ဆုံးသွားသည်။ အသံ၏အစကို မမီလိုက်၊ စိတ်ထဲက မသိမသာ အသံကို ဆက်လက် ငံ့လင့်နေမိသော်လည်း အသံက ဆက်ပေါ်မလာတော့၊ သီချင်းသံသည် သီချင်းစာသားထဲကအတိုင်း `လင်းလိုက် မှောင်လိုက် တဒင်္ဂမှာ ဖြစ်သမျှ ပျက်သမျှ ရေတစ်ပွက်ပါပဲ´ ဟု ဆိုရမလိုပင်။
သီချင်းသည် သူနဲ့လုံးဝမအပ်စပ်သော်လည်း ထိုသီချင်းလေးကိုတော့ သူ စိတ်ဝင်စားမိသည်။ နေရာသစ်မှာ သီချင်းက အရင်လာမိတ်ဆက်နေဟန်ထင်သည်။
ဘာတဲ့ `ဆင်းရဲရင်လည်း အနှစ်တစ်ရာပဲ၊ ဌေးရရင်လည်း အနှစ်တစ်ရာပဲ´ တဲ့။
ဟုတ်တယ်လေ၊ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ အနှစ်တစ်ရာထက် ပိုမဆင်းရဲနိုင်သလို ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အနှစ်တစ်ရာထက် ပို၍မချမ်းသာနိုင်။
အဆိုတော်က အနှစ်တစ်ရာဟု ဆိုထားသော်လည်း နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ်၊ ငါးဆယ်နှင့်လည်း ဆင်းရဲချမ်းသာ နိဂုံးချူပ်သွားနိုင်ပါသည်။ ချုပ်လည်း ချုပ်နေကြသည်သာ။
အဲဒါကိုပဲ ဆင်းရဲချမ်းသာကိုအမှီပြုပြီး အမုန်းတွေ၊ မနာလိုမှုတွေ ထားနေကြသေးသည်။
`ဘယ်လိုနိဒါန်းစစ လမ်းဆုံးအတူပါ´ တဲ့။
ဆင်းရဲချမ်းသာနှင့်ပဲစစ၊ ဂုဏ်ရှိဂုဏ်မဲ့နှင့်စစ၊ ရာထူးဌာနန္တရ အနိမ့်အမြင့်နှင့်ပဲစစ၊ လမ်းဆုံးကတော့ အတူတူပါပဲလေ။ သေခြင်းတရားကို ရှောင်လွှဲလို့မှ မရတာ။
`တမလွန်ဟာ အားလုံးအတွက် တစ်နေ့တစ်ရက်မှာပါ
ဘယ်သူအရင်သွားမလဲ မပြောနိုင်ဘူး
အရာရာဟာ အနိစ္စရဲ့ ဖဝါးအောက်မှာပါ
ရောင်နီဟာ တစ်ချိန်တော့ ဆည်းဆာပါ´
¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
ပစ္စည်းကိုအမှီပြုပြီး မာနတွေဖြစ်နေကြသည်။
ပညာကိုအမှီပြုပြီး မာနတွေဖြစ်ကြသည်။
အောင်မြင်မှုကိုအမှီပြုပြီး မာနတွေဖြစ်ကြသည်။
ရာထူးကိုအမှီပြုပြီး မာနတွေဖြစ်ကြသည်။
ပြီးတော့ တစ်ဆင့်တက်ပြီး တစ်ဦးနှင့်တစ်ဦး မုန်းနေကြပြန်သည်။
အာဃာတတွေ၊ ဣဿာမစ္ဆရိယတွေ စသည် စသည် ...
မရေတွက်နိုင်အောင် အကုသိုလ်စိတ်တွေ။
မသိနိုင်သည့် တစ်နေ့နေ့မှာ သေကြရမှာ သိနေကြလျက် ဘာဖြစ်လို့ တစ်ဦးနှင့်တစ်ဦး မုန်းနေကြပါလိမ့်။ ဘာဖြစ်လို့ ဣဿာမစ္ဆရိယတွေ ထားနေကြပါလိမ့်။ ဘဝတစ်ခုမှာ တဒင်္ဂလေး တွေ့ကြခြင်းဖြစ်သည်။ တဒင်္ဂထဲက တစ်ခဏဘဝလေးမှာ အချစ်တွေနှင့်သာ နေလိုက်ဖို့ ကောင်းသည်။ စိတ်ကောက်လိုက်၊ ဝန်တိုလိုက်၊ မုန်းလိုက်၊ နာကြည်းလိုက်နှင့် ဘဝကို အချိန်ကုန်မသွားချင်ပါ။
ကိုယ်လည်း အရင်သေသွားနိုင်သလို၊ သူလည်း အရင်သေသွားနိုင်သည်။
တကယ်တွက်ကြည့်လျှင် နေရမယ့်အချိန်က ဘာမှမကျန်တော့၊ မသေခင်လေးမှာ အချစ်တွေနှင့်သာ နေသင့်ပါသည်။ အရာရာ အချစ်နှင့်တွေး၊ အချစ်နှင့်ပြော၊ အချစ်နှင့်ပြုနေလျှင် သက်ရောက်မှုအားလျော်စွာ ဝန်းကျင်ကလည်း ကိုယ့်ကိုအချစ်နှင့် ပြန်တုံ့ပြန်နေပါလိမ့်မည်။
ကိုယ်က ဝန်းကျင်ကို မုန်းနေလျှင် ဝန်းကျင်ကလည်း ကိုယ့်ကို ပြန်မုန်းပေလိမ့်မည်။ ထိုသို့သိနေကြပါလျက် လူတွေ ဘာဖြစ်လို့ မုန်းနေကြပါလိမ့်၊ ပြီးတော့ မသေမှာ ကျနေတာပဲ။ သေသွားမှ နောင်တရနေမည်ဆိုလျှင်တော့ ထိုနောင်တသည်ကော အသုံးဝင်ပါဦးမည်လား။ နောင်တများစွာတွင် သေခြင်းနှင့်နွယ်သော နောင်တသည် ပြန်လည်အစားထိုး၍ မရသော ဆုံးရှုံးမှုကြီးဖြစ်သည်။
သူသည် ထိုအတွေးများကို စကားလုံးမဲ့စွာ တွေးနေမိသော်လည်း သူ့အပေါ်ကျေးဇူးများခဲ့သော လူတစ်ယောက်ကိုတော့ သူ ကောင်းကောင်းမုန်းခဲ့ဖူးပါသည်။
သည်တုန်းက သူငယ်ချင်းက သူ့ကို ဝတ္တုလေးတစ်ပုဒ်ပြောပြဖူးပါသည်။ ``ဆမ်းမားဆက်မွန်´´၏ ဝတ္တုလေးဟု ဆိုရပါမည်။
-----------------
တစ်ခါက ဘက္ကဒက်မြို့တွင် ကုန်သည်ကြီး တစ်ယောက် ရှိသည်။ တစ်နေ့တော့ ကုန်သည်ကြီးက သူ့တပည့်တစ်ယောက်ကို ဈေးဝယ်ဖို့ ဈေးကိုလွှတ်လိုက်သည်။ မကြာခင်မှာပဲ တပည့်ဖြစ်သူ မျက်စိပျက် မျက်နှာပျက်နှင့် ပြန်ရောက်လာသည်။ ပြီးတော့ သခင်ကုန်သည်ကြီးကို တုန်တုန်လှုပ်လှုပ်နှင့် စကားဆိုသည်။
``သခင်ရယ် ကျွန်တော် ဈေးထဲမှာ အမှတ်တမဲ့ အမျိုးသားတစ်ယောက်နဲ့ ဝင်တိုက်မိကြတယ်၊ ကြည့်လိုက်တော့ သေမင်းဖြစ်နေပါတယ်၊ ပြီးတော့ သူက ကျွန်တော့်ကို စူးစူးဝါးဝါးနဲ့ ပြန်ကြည့်နေပါတယ်၊ အဲဒါ သေမင်းနဲ့ နောက်တစ်ခါပြန်တွေ့ရမှာ အလွန်ကြောက်နေပါတယ်၊ ကျွန်တော့်ကို သခင့်ရဲ့အပြေးအမြန်ဆုံး မြင်းတစ်ကောင် ခဏငှါးပါ၊ ကျွန်တော် မသေချင်သေးဘူး သခင်၊ ကျွန်တော် အသက်ဆက်ရှင်ဖို့ သေမင်းရှာမတွေ့နိုင်တဲ့ ဟိုးအဝေးကြီးမှာရှိတဲ့ `ဆမ်မာရာ´ ကို ပြေးပါမယ်´´
သခင်ကုန်သည်ကြီးကလည်း ကျေးဇူးရှိထားသည့် တပည့်ကို အပြေးကောင်းသော မြင်းတစ်ကောင် ပေးလိုက်သည်။
တပည့်ဖြစ်သူကလည်း မြင်းရသည်နှင့် ကဆုန်စိုင်း ပြေးတော့သည်။ တပည့်မရှိတော့ ကုန်သည်ကြီးက ဈေးကို ကိုယ်တိုင်ထွက်ခဲ့ရသည်။ ဈေးရောက်တော့ လူအုပ်ထဲမှာ သေမင်းကို တွေ့လိုက်ရသည်။ သို့နှင့် သေမင်းအနားကပ်သွားပြီး ``မနေ့တုန်းက ခင်ဗျားက ကျုပ်တပည့်ကို စူးစူးဝါးဝါးကြည့်ပြီး ဘာဖြစ်လို့ ခြိမ်းခြောက်လိုက်ရတာလဲ´´ ဟု မေးလိုက်သည်။
သည်တော့ သေမင်းက ....
``ကျွန်တော် သု့ကိုခြိမ်းခြောက်လိုက်တာ မဟုတ်ပါဘူး၊ စူးစူးဝါးဝါး ကြည့်လိုက်တယ်ဆိုတာကလည်း သူ့ကို ဒီဘက္ကဒက်မှာ တွေ့လိုက်ရတော့ အံသြလွန်းလို့ ကြည့်လိုက်တာပါ၊ သူနဲ့ကျွန်တော် ဘက္ကဒက်မှာ တွေ့ရလိမ့်မယ်လို့ လုံးဝမထင်မိဘူး။ ဘာဖြစ်လိုလည်းဆိုတော့ ဒီည ဆမ်မာရာမြို့မှာ သူနဲ့ကျွန်တော် စာရင်းရှင်းကြဖို့ ချိန်းထားတဲ့နေ့ပဲ၊ ဘာပဲပြောပြော ကျွန်တော်ကတော့ သူနဲ့ချိန်းထားတဲ့ ဆမ်မာရာမြို့ကို သူ လာသည်ဖြစ်စေ၊ မလာသည် ဖြစ်စေ သွားစောင့်နေရမှာပဲ´´ ဟု ပြောဆိုလိုက်သည်။
ဝတ္တုက သည်မျှသာဟုဆိုပါသည်။
-------------
သူငယ်ချင်းက ဆရာနန္ဒသိန်းဇံ၏ `တွေးချိန်ချင့်ရာ´ စာအုပ်ထဲက ဝတ္တုလေးကို ကြိုက်လွန်း၍ ပြန်ပြောပြတာဟုလည်း ဆိုပါသည်။
ပြီးတော့ သူငယ်ချင်းက ဆက်ပြောပြပါသေးသည်။
``သံသရာနဲ့ချီပြီးပြောရင် အားလုံးဆွေမျိုးတွေချည်းပဲ၊ ဘဝတွေဝေးသွားလို့ တစိမ်းတွေ ဖြစ်သွားကြတာ၊ တကယ်တော့ လူတွေကိုချစ်ရတယ်ဆိုတာ မသေခင်လေး ချစ်ခင်ရတာ၊ တစ်ယောက်ယောက် သေသွားခဲ့ရင် ချစ်ခွင့် ခင်ခွင့်ရတော့မှာ မဟုတ်ဘူး၊ အသက်ဆိုတာ အစိုးရတာမှ မဟုတ်တာ၊ မနက်ဖြန်သေရင် သေသွားနိုင်တာပဲ၊ ပြီးတော့ ပရဟိတတွေ လုပ်ကြတယ်ဆိုတာ အချစ်ကိုပဲအခြေခံပြီး လုပ်လို့ရတယ်၊ အမုန်းကို အခြေခံပြီး လုပ်လို့မရဘူး၊ အဖွဲ့အစည်းတစ်ခုမှာ အမုန်းတစ်ခု ဝင်လာပြီဆိုရင် အဲဒီအဖွဲ့အစည်း မကြာခင်ကွဲတော့တာပဲ၊ ရိပ်သာပဲဖြစ်ဖြစ်၊ အများအကျိုးပြု အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ပညာတတ်တွေစုပြီး လုပ်ကြတာပဲ၊ ဒါပေမယ့် အမုန်းတွေဝင်လာတော့ ကွဲကြတာပဲ။ အဲဒါ ပညာနဲ့မဆိုင်ဘူး၊ အချစ်နဲ့ပဲဆိုင်တယ်။ အချစ်ဆိုတာ မြန်မာလိုပြောတော့ နည်းနည်းပေါ့နေတယ်။ ပါဠိလို မေတ္တာလို့ ပြောတာပဲ ကောင်းတယ်။ အဖွဲ့အစည်းတွေမှာ မေတ္တာမရှိကြတော့ဘူးဆိုရင် ကွဲကြတာများတယ်။ ဒီသဘောကို ကိုယ်ကသိပြီး ကိုယ်က မေတ္တာဓာတ် ပြန်မွေးလိုက်ဖို့ သိပ်အရေးကြီးတယ်။ တရားသဘောနဲ့ကြည့်ရင် မုန်းတဲ့စိတ်ဟာ ကုသိုလ်စိတ် မဟုတ်တာတော့ သေချာတယ်´´
စာစုံဖတ်သော သူငယ်ချင်းက သူ ဖတ်ခဲ့သော စာများကို အခြေခံ၍ ပြောပြခဲ့သည်။
------------
ဘုရားရေ ... ငါ ဘာတွေတွေးနေမိပါလိမ့်။
အပေါ်ပိုင်းဗလာကျင်းနှင့် ခြေစုံရပ်လျက် တွေးကြောရှည်နေသော သူ့အနေအထားကို သတိရပြီး အချမ်းနှင့် ရောနေသော အတွေးပုံရိပ်တို့သည်လည်း ဝေဝါးသွားသည်။ ယခုအထိတော့ သူ မသေသေးပါ။ မသေသေးသော သူသည် ချမ်းစိမ့်စိမ့် အပြုံးတစ်ခုကိုတော့ ပြုံးလိုက်မိပါသည်။
ဒါပေမယ့် အတွေးမဆုံးခင် အအေးပတ်ပြီး သေသွားနိုင်သည်။ သေသွားခဲ့လျှင်တော့ သူငယ်ချင်းပြောသော လူသားတွေကို ချစ်ခွင့်ရတော့မှာ မဟုတ်တော့ပါ။
ဆရာတော် အရှင်ရာဇိန္ဒ
(ရဝေနွယ်-အင်းမ)
(ဆရာနန္ဒသိန်းဇံရဲ့ `တွေးချိန်ချင့်ရာ´ စာအုပ်နဲ့
ခွန်သန်းထွန်းရဲ့ `တဒင်္ဂထဲက တစ်ခဏသောဘဝ´ကို
အခြေခံပြီး ရေးပါတယ်)
လူပျိုဘုရားလုံးဝမရှိနှင့် တရားတော်များ စာအုပ်မှ
ဇူလိုင်လ၊ ၂၀၀၄

နွေ ဥ ဒါန်း _/|\_ _/|\_


နွေက ပြောသည်
သစ်ရွက်ကိုညှိုးစေဘို့
ငါ ရောက်လာခြင်းမဟုက်
သစ်ရွက်ညှိုးချိန်မှာ
ငါ ရောက်လာခြင်းသာ
ဖြစ်တယ်တဲ့လေ ။
နွေက ပြောသည်
သစ်ရွက်ခြွေဘို့
ငါ ရောက်လာခြင်းမဟုက်
သစ်ရွက် ကြွေချိန်မှာ
ငါ ရောက်လာခြင်းသာ
ဖြစ်တယ်တဲ့လေ ။
နွေက ပြောသည်
ရိုးတံကျဲကျဲ
အပင်မွဲစေဘို့
ငါ ရောက်လာခြင်းမဟုက်
ရိုးတံကျဲကျဲ
အပင်မွဲချိန်မှာ
ငါရောက်လာခြင်းသာ
ဖြစ်တယ်တဲ့လေ ။
နွေ ကပြောသည်
ပန်းတွေကို နွမ်းစေဘို့
ငါ ရောက်လာခြင်းမဟုက်
ပန်းတွေနွမ်းချိန်မှာ
ငါ ရောက်လာခြင်းသာ
ဖြစ်တယ်တဲ့လေ ။
နွေက ပြောသည်
စမ်းတွေကို ခမ်းစေဘို့
ငါ ရောက်လာခြင်းမဟုက်
စမ်းတွေခမ်းချိန်မှာ
ငါ ရောက်လာခြင်းသာ
ဖြစ်တယ်တဲ့လေ ။
နွေက ပြောသည်
သစ်ရွက်ညှိုးချိန်
သစ်ရွက်ကြွေချိန်
ရိုးတံကျဲကျဲ
အပင်မွဲချိန်
ပန်းတို့နွမ်းချိန်
စမ်းတို့ခမ်းချိန်
အကျည်းတန်အိမ်သည်
ငါ နွေ ကြောင့်သာ
ထည်ဝါခန့်ညား
လှပသွားခဲ့သည်
မဟုတ်ပါလားတဲ့လေ ။

အလင်္ကာ မှမျှဝေပါတယ်

Friday, February 6, 2015

ဆယ်ပါးသော အမှားများ ...* ..........................................


၁။ ပညာအားကောင်း၍ သဒ္ဓါအားနည်းသော သူတို့သည်
စကားများခြင်းဟူသော အမှားကို ရောက်တတ်ကုန်၏။
၂။ ပညာအားနည်း၍ သဒ္ဓါအားကောင်းသော သူတို့သည်
ကျဉ်းမြောင်းသည့် အယူသန်ခြင်းဟူသော အမှားသို့
ရောက်တတ်ကုန်၏။
၃။ သင့်လျော်လုံလောက်သော ဘာသာရေးညွှန်ကြားချက်မရရှိဘဲ လုံ့ 
လ ဝိရိယကောင်းသောသူသည် ချော်ချွတ်သော အစွန်းများသို့(အန္တ)
သွားခြင်းဟူသော အမှားသို့ ရောက်တတ်၏။
၎။ တရားတော်ကို ကြားနာဆင်ခြင်ပြီးနောက်
လုံလောက်သောပြင်ဆင်မှူမရှိဘဲ ဘာဝနာကို ပွားများ
အားထုတ်ခြင်းသည် သတိမေ့လျော့ခြင်းဟူသော မှောင်မိုက်ထဲမှာ
မိမိကိုယ်ကို ပျောက်ဆုံးစေခြင်းဟူသော အမှားသို့ ရောက်တတ်၏။
၅။ တရားတော်ကို လက်တွေ့အားထုတ်ခြင်းနှင့်
သင့်လျော်လုံလောက်သော နားလည်ခြင်းမရှိသောသူသည်
ဘာသာရေး၌ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းဟူသော အမှားသို့
ရောက်တတ်၏။
၆။ စိတ်အား ကိုယ့်အကျိုးကို မငဲ့ကွက် အထောက်ထားခြင်းနှင့်
အတိုင်းမရှိသော ကရုဏာဖြစ်ခြင်းကို လေ့ကျင့်မထားပါက
တစ်ကိုယ်တည်းအတွက် လွတ်လပ်ရေးကို ရှာဖွေခြင်းတည်း ဟူသော
အမှားသို့ ရောက်တတ်၏။
၇။ စိတ်အား မိမိကိုယ်တိုင်၏ ပုဂ္ဂိုလ်အတ္တဘော ထင်ရှားမရှိသော
သဘာဝကို သိမြင်နားလည်ခြင်းဖြင့် ဆုံးမသွန်သင်ခြင်း
ပြုလုပ်မထားပါက လောကီရေးရာကို လိုက်စားခြင်း
လမ်းကြောင်းတလျှောက်၌ အားလုံးသော အပြုအမူများကို
လွှဲဖယ်စေခြင်းဟူသော အမှားသို့ ရောက်တတ်၏။
၈။ လောကီရေးရာ၌ လိုက်စားတတ်သော အလိုဆန္ဒအားလုံးကို
အမြစ်မဖြတ်နိုင်ပါက လောကီရေးရာ၌ လိုက်စားတတ်သော
အကြောင်းရင်းများဖြင့် လွှမ်းမိုးခံရန် မိမိကိုယ်တိုင်ကို ခွှင့်ပြုခြင်းဟူသော
အမှားသို့ ရောက်တတ်၏။
၉။ ယုံကြည်လွယ်ပြီး မယဉ်ကျေးသော ချီးမွမ်းသူများကို သင်၏
ပတ်ဝန်းကျင်၌ စုရုံးစေရန် ခွှင့်ပြုထားခြင်းဖြင့် လောကီရေးရာနှင့်
ပတ်သတ်သော မာန်မာနဖြင့် တက်ကြွလာခြင်းဟူသော အမှားသို့
ရောက်တတ်၏။
၁၀။ မိမိ၏ မသိမမြင်နိုင်သော အတတ်ပညာများနှင့် တန်ခိုးများကို
ကြွားဝါခြင်းဖြင့် လောကီရေးရာနှင့် ပတ်သတ်သော ကိစ္စများထဲ၌
တတ်ကျွမ်းခြင်းကို မောက်မာစွာ ပြသခြင်းဟူသော အမှားထဲသို့
ကျရောက်တတ်၏။
ဤဆိုအပ်ခဲ့ပြီးသည်တို့ကား ဆယ်ပါးသော အမှားတို့ ဖြစ်ကုန်သည်။
(ကောက်နုတ်ချက်။ ။ စင်ကြယ်သော ဗုဒ္ဓဘာသာ၊ အရှင်ပညိန္ဒာဘိဝံသ။)
အလင်းတမန်

သတိ တစ်ချက် ဓါးတစ်လက်


တစ်နေ့မှာ ဘုရားရှင်က ရဟန်းတွေကို ဥပမာလေးနဲ့ ဆုံးမတော်မူပါတယ်။
"ရဟန်းတို့၊ ဆိုကြပါစို့။ ကြီးကျယ်များပြားလှတဲ့ တိုင်းသူပြည်သားများရဲ့ ၀ိုင်းအုံကြည့်ရှုခြင်းကို ခံရတဲ့ တိုင်းပြည်ရဲ့ အလှပဆုံးမိန်းကလေးတစ်ယောက်ရှိတယ်။ အဲဒီ အလှပဆုံးမိန်းကလေးဟာ သိမ်မွေ့လှပါစွာ ကနေတယ်။ သီဆိုနေတယ်။ လူအုပ်ကြီးကလည်း စိတ်ဝင်စားစွာ အသက်ရှုမေ့လောက်အောင်ကို ကြည့်ရှုအားပေးနေကြတယ်။
ပြီးတော့ လူတစ်ယောက်ဟာလည်း သူ့အသက်ကို အရမ်းမြတ်နိုးတယ်။ သေမှာကို ကြောက်တယ်။ ဆိုပါတော့ တစ်စုံတစ်ယောက်က သူ့ကို နုတ်ခမ်းဝထိဆီပြည့်နေတဲ့ ပန်ကန်တစ်လုံးကို ပေးပြီး ပြောတယ် "ဒီမှာ မောင်ရင်၊ မင်းဟာ ဒီဆီပြည့်နေတဲ့ ခွက်ကို ကိုင်ပြီးတော့ ဟိုးမှာ ကနေတဲ့ အလှဆုံးမိန်းကလေးရှေ့ကနေ ဖြတ်လျှောက်ရမယ်။ မင်းရဲ့ နောက်မှာလည်း လူသန်ကြီးတစ်ယောက်ဟာ ထက်လှစွာသော ဓားကြီးကို ချိန်မိုးပြီး နောက်ကနေ လိုက်မယ်။ မင်း ဆီတစ်ပေါက်ဖိတ်တာနဲ့ လည်ပင်းအပြတ်ပဲ"။
ရဟန်းတို့ အဲဒီဆီပန်ကန်ကိုင်တဲ့လူဟာ သူ့ဆီခွက်ကို ဂရုမစိုက်ပဲ သိမ်မွေ့ညက်ညောစွာ ကနေတဲ့ အလှဆုံးမိန်းကလေးကို အာရုံစိုက်ဖြစ်ပါ့မလား?
အရှင်ဘုရား သူဟာ သေမှာကို ကြောက်တဲ့အတွက် အလှဆုံးမိန်းကလေးဆီသို့ အာရုံစိုက် မကြည့်နိုင်ပါဘူးဘုရား။
အေး ချစ်သားတို့ အလားတူပဲ သင်တို့ရဲ့ နောက်မှာ သေခြင်းတရားက ကပ်လိုက်နေတယ်။ ဆီပြည့်နေတဲ့ခွက်ကို မဖိတ်အောင် ဂရုစိုက်သလို သင်တို့ဟာ ဒွါရခြောက်ပါးမှ လောဘ၊ ဒေါသ၊ မောဟ၊ မာန စသော အကုသိုလ်ကိလေသာတွေ ၀င်မလာအောင် သတိနဲ့ စောင့်ထိန်းနေရမယ်။ သတိလေးလွတ်ပြီး ကုသိုလ်ပြုဖို့မေ့ပြီး ဒွါရခြောက်ပါးကနေ ၀င်လာတဲ့ ကာမဂုဏ်အပျော်အပါးတွေကို မေ့မေ့လျှော့လျှော့ ခံစားနေမယ်ဆိုရင်တော့ သေမင်းက သင်တို့ကို အချိန်မရွေး ခေါင်းဖြတ်ပြီး အပါယ်လေးပါးကို ပို့လိမ့်မယ် ချစ်သားတို့။
ဒါကြောင့် သင်တို့ရဲ့ ခန္ဓာငါးပါးကို သတိနဲ့ လေ့ကျင့်စောင့်ထိန်းပါ။ သတိကို တိုးပွားသထက်တိုးပွားအောင် ကျိုးစားပါ။ လုံးဝပြည့်စုံအောင် အားထုတ်ပါ။
(သံယုတ္တနိကာယ)

ပတ္တမြားရိပ်သာကျောင်းတိုက်(ပြင်ဦးလွင်)

ပတ္တမြားရိပ်သာကျောင်းတိုက်(ပြင်ဦးလွင်)Facebook Like Page ကလေးကိုလဲအားပေးနိုင်ပါသည်
အားပေးခြင်းအားဖြင့်ရရှိနိုင်သောအကျိုးမှာ သူများပြုသမျှကုသိုလ်များကို မြင်ရသောအခါ
မိမိရင်မှာ ၀မ်းသာပီတိဖြစ်ပြီး သာဓု သာဓု သာဓု လို့ခေါ်လိုက်ရင် မိမိမှာကုသိုလ်များစွာရရှိနိုင်ပါသည်
     
https://www.facebook.com/pages/%E1%80%95%E1%80%90%E1%81%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%B8%E1%80%9B%E1%80%AD%E1%80%95%E1%80%B9%E1%80%9E%E1%80%AC%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9-%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E1%80%A5%E1%80%AE%E1%80%B8%E1%80%9C%E1%80%BC%E1%80%84%E1%80%B9/809293675770107

အိပ်ခြင်း နှင့် နိုးခြင်း


သြော် . . . ဒါဖြင့် တို့သည်ကားလို့ ဆိုရင်ဖြင့်
သားရေး သမီးရေး စီးပွားရေးနဲ့ လုပ်နေတာဟာ
ဘုရားကလည်းဟော၊ ဆရာဘုန်းကြီးကလည်း ထပ်ပြန်သိပေးလိုက်ပြန်တော့
ဒါအိပ်နေတဲ့ အလုပ်လို့ ဆိုပါလား
(မှန်ပါ့ ဘုရား)
သဘောကျပလား . . . (ကျပါပြီ ဘုရား)
သားရေး သမီးရေး စီးပွားရေးလိုက်နေတဲ့ ပုဂ္ဂိုလ်များ
ဘယ်လိုတဲ့တုန်း ဘုရားက . . .
(အိပ်နေတဲ့ ပုဂ္ဂိုလ်လို့ ခေါ်ပါတယ် ဘုရား)
အဝိဇ္ဇာကဖုံးလွှမ်း၊ တဏှာက လိုချင်၊ ဒေါသက မရ စိတ်ဆိုး၊
မာနက ရပြန်တော့ ရှိရင်လည်း 'ငါ့လို ရှာဖွေနိုင်တာရှိရဲ့လား၊ ငါလို တိုက်နဲ့
တာနဲ့ နေနိုင်တာ ရှိရဲ့လား' ဆိုတဲ့ မာနကလည်း တက်လာပြန်တော့
ဒါ . . . အိပ်ပျော်တဲ့ ပုဂ္ဂိုလ်တွေပဲ
(မှန်ပါ့ ဘုရား)
ပညာတည်းဟူသော နိုးခြင်းဖြင့် နိုးပါရဲ့လား . . . (မနိုးပါဘုရား)
သြော် . . . ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ
အိပ်ချိန်နဲ့ နိုးချိန်သည်ကားလို့ ဆိုရင်ဖြင့်
အထင်အရှားရှိပါလား . . . (မှန်ပါ့ဘုရား)
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက . . .
"ငါသည် အဝိဇ္ဇာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးပြီးသကာလ လာလို့
ဘုရားအဖြစ်သို့ ရောက်ခဲ့တယ်" ဆိုတာလည်း
ဘုရားဟောတဲ့ တရားဖြစ်နေသောကြောင့် . . . .
"ဝိပဿနာအလုပ်ကို မလုပ်တဲ့ ပုဂ္ဂိုလ်ဟာ
မျောခြင်းနဲ့ မြုပ်ခြင်းပဲ ရှိတယ်"
အိပ်ပျော်ခြင်းကိုဖြင့် . . .
တကယ်အသက်ရှူရှိုက် ဟောက်ပြီး အိပ်နေတာကို
ဘုရားက ဆိုလိုတာမဟုတ်ဘူး။
သားရေး၊ သမီးရေး၊ စီးပွားရေးတည်းဟူသော
လောဘ အဝိဇ္ဇာတို့ တဏှာတို့နဲ့ လုပ်ကိုင်နေတာဟာ . . .
"ငါ ဘုရား က အိပ်ပျော်ခြင်းလို့ သတိပေးပါမယ်" လို့ ဆိုတာ မှတ်ထားကြပါ
(မှန်ပါ့ဘုရား)
သားရေး၊ သမီးရေး၊ စီးပွားရေး လိုက်စားပြီးသကာလ
ဒါနဲ့ အချိန်ကုန်နေတဲ့ ပုဂ္ဂိုလ်ဟာ
အဝိဇ္ဇာနှင့် တဏှာတည်းဟူသော အမိုက်တိုက်ထဲမှာ
သေသေချာချာ အိပ်ပျော်နေတဲ့ ပုဂ္ဂိုလ်ပဲလို့ မှတ်လိုက်ကြပါ
(မှန်ပါ့ဘုရား)
ဝိပဿနာအလုပ်ကို ခန္ဓာ နာမ်ရုပ် ဖြစ်ပျက်အလုပ်ကို၊
ခန္ဓာ နာမ်ရုပ် ဖြစ်ပျက်အလုပ်ကို လုပ်နေတဲ့ပုဂ္ဂိုလ်ကတော့
ဝမ်းထဲ မဂ္ဂင်တွေရောက်ပြီး သကာလ နေသောကြောင့်
သြော် . . . သူဟာ ဖောင်ပိုင်ရှိပြီး ဖောင်စဉ်နေတဲ့ ပုဂ္ဂိုလ်၊
ဖောင်ပိုင်အလုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်၊
မဂ္ဂင်ဖောင်ကြီးကို တွဲနေတဲ့ပုဂ္ဂိုလ်၊
မမြုပ်အောင်၊ မမျောအောင် ကိုယ်ပိုင်လုပ်နေတဲ့ပုဂ္ဂိုလ်ပဲ ဆိုရင်ဖြင့်
အမှန်ပဲလို့ ဆုံးဖြတ်ချက်ချရမယ် . . . .
(မှန်ပါဘုရား)
ဒါဖြင့် . . . သားရေး၊ သမီးရေး၊ စီးပွားရေး လိုက်နေတဲ့သူက
အိပ်ပျော်တဲ့ပုဂ္ဂိုလ် . . . (မှန်ပါ့ဘုရား)
ဝိပဿနာအလုပ် လုပ်နတဲ့ ပုဂ္ဂိုလ်က
နိုးလို့၊ ရေလာမှာသိလို့ ဖောင်တွေပြင်ပြီးသကာလ ထားတဲ့ပုဂ္ဂိုလ် . . .
(မှန်ပါ့ဘုရား)
အဲဒီ ပုဂ္ဂိုလ် နှစ်ယောက်ဟာ လောကကြီးထဲမှာ
ဒကာကြွယ် . . . တကယ်ရှိတယ်တဲ့ ဗျာ . . . . (မှန်ပါ့ဘုရား)
ကောက်နုတ်ချက်
~~~~~~~~~~
မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော
"အိပ်ခြင်းမှနိုး၍ မဂ္ဂင်ဖောင်ပြင်ရန်" mp3 တရားတော် မှ
နာယူရင်းဖြင့် ထုတ်နုတ်ရေးသားပူဇော်ပါသည်

တရားနာရင်

တရားနာရင် နားက နာပြီး ဥာဏ် ခန္ဓာလည့်ပါလို့ သတိပေးရတယ်။
ကြားစိတ်က ကြားယုံဘဲ ကြားတတ်ပြီး ခန္ဓာ ၏ အနိစ္စ္စ ဒုက္ခ အနတ္တ ကို မသိဘူး။ ဥာဏ်ကသာ သိတာမို့ နားကတရားနာ ဥာဏ်က ခန္ဓာ လှည့်ရင် အသိနဲ့ အရှိနဲ့ ကိုက်သွားတယ်။
အဲလိုကိုက်ရင် ဘာဖြစ်သလဲဆိုတော့ ယထာဘူတဥာဏ်ရပြီ။
ယထာဘူတဥာဏ်သာရရင် ခန္ဓာဖြစ်ပျက်မြင်ရင် ယောက်ျားလည်း မဖြစ်ချင်တော့ဘူး မိန်းမလည်းမဖြစ်ချင်တော့ဘူး
ယထာဘူတဥာဏ်သာ မရရင် ငါနာတာ ငါယားတာ ငါကောင်းတာ ငါကောင်းစာတာ ဒိဌိတွေနဲ့ ငါမပြုတ်ဘူး။
ယထာဘူတဥာဏ်ဖြစ်ပြီး ခန္ဓာဖြစ်ပျက် ကို ဟုတ်တိုင်းမှန်စွာ သိလာရင် နိဗ္ဗာန်ဆိပ်ဦး ကိုရောက်ပြီး တစ်သံသရာလုံး ကန်းလာတဲ့ အရူးအကန်းဘ၀ ပျောက်ပြီလို့ မှတ်လိုက်ပါ။
မိုးကုတ်ဆရာတော်ဘုရားကြီး
၂၃-၉-၁၉၆၁

ကိုယ့်ကိုယ်ကို ချစ်ကြရင်

ကိုယ့်ကိုယ်ကို ချစ်ကြရင် လောကကြီးမှာလူတွေဟာ ကိုယ့်ကိုယ်ကို
အချစ်ဆုံးလို့ပြောကြတယ်။ တကယ် တော့
ကိုယ့်ကိုယ်ကိုချစ်ရင် ကောင်းသထက်ကောင်းအောင်
ကြိုးစားရမယ်။ လောဘ၊ ဒေါသ၊ မောဟ တရားတွေမှာ နစ်မွန်းနေရင် ချစ်ရာမရောက်၊ နှစ်ရာသာ ရောက်နေတာ ကို မသိကြရှာဘူး ။
( မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ )

စိတ်ကောင်း

စိတ်ကောင်းရှိတဲ့ သူတွေရဲ့ ရင်တွင်းကို ရောက်သွားတဲ့
အကြားအမြင် ဗဟုသုတ ပညာရပ်တွေဟာ ..
မိမိရော သူတစ်ပါးအတွက်ပါ
ကောင်းဖို့ ဖြစ်စေတယ်။
စိတ်ကောင်းမရှိတဲ့သူတွေရဲ့ ရင်တွင်းကို ရောက်သွားတဲ့
အကြားအမြင် ဗဟုသုတ ပညာရပ်တွေကျတော့
ကောက်ကျစ် ယုတ်မာဖို့၊
တစ်ဖက်သားကို ကိုယ့်အတွက် အသုံးချဖို့တွေ ဖြစ်ကုန်တော့တာပါပဲ။
မိမိ သူတစ်ပါး နှစ်ဦးသား အကျိုးမဲ့အောင် ဖန်တီးဖို့ ဖြစ်ကုန်တော့တယ်။
( မြတ်ဗုဒ္ဓ )

***ပဋိသန္ဓေစိတ်ဖြစ်ပုံ***


စုတေစိတ် ဖြစ်ပြီးနောက် ဘ၀အသစ်၌ ပဋိသန္ဓေစိတ်ဖြစ်၏။ စုတေစိတ်နှင့် ပဋိသန္ဓေစိတ်တို့သည် ချက်ချင်းဆက်၏။ စုတေစိတ်နှင့် ပဋိသန္ဓေစိတ်တို့ အလယ်မှာ အချိန်ကာလ အကြားကလေးမျှ မခြားတော့ချေ။ ဘ၀အသစ် ရောက်ဖို့ရာ ထိုမျှလောက်ပင် မြန်လှ၏။ လူ့ပြည်မှ စုတေ၍ နတ်ပြည်ရောက်သူဖြစ်ဖြစ်၊ ငရဲရောက်သူဖြစ်ဖြစ် စုတေပြီးသည်နှင့် တစ်ပြိုင်နက် ပဋိသန္ဓေစိတ်ဆက်ကာ ဆိုင်ရာဘ၀အသစ်၌ ခန္ဓာအသစ် ထူထောင်မိလေသည်။
မိစ္ဆာအယူ ၂-မျိုး
တစ်ဘ၀မှ တစ်ဘ၀သို့ ပြောင်းရွှေ့ရာ၌ သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ ၂-မျိုးလုံးမှလွတ်ကင်း၍ သမ္မာဒိဋ္ဌိ အယူဖြစ်အောင် သတိထားရမည်။ ထို ဒိဋ္ဌိ ၂-မျိုးတွင် “ဘ၀ဟောင်း ရုပ်နာမ် ခန္ဓာအိမ်၌ အသက်ကောင်လေးရှိ၏။ ထို အသက်ကောင်ကလေးသည်ပင် ခန္ဓာအိမ် အသစ်လဲကာ ဘ၀အသစ်၌ ပြောင်းရွှေ့၍ ဖြစ်၏” ဟူသော အယူသည် သဿတဒိဋ္ဌိတည်း။ (သဿတ = မပြတ်မစဲ အသက်ကောင်ကလေးမြဲ၏ ဟူ၍ + ဒိဋ္ဌိ = ယူမှားခြင်း) “ဘ၀ဟောင်းက ရုပ်နာမ် အားလုံးသည် (သူတို့ထင်သော အသက်ကောင်နှင့်တကွ) ဘ၀သစ်၌ လုံးဝ အသဆက်အစပ် မရှိတော့။ သတ္တ၀ါ တစ်ယောက်သေလျှင် ဘ၀ဟောင်းက အရာဝတ္ထုတွေ အားလုံးပြတ်စဲ၏။ ဘ၀သစ်၌ ထာဝရ ဘုရားရှင် ဖန်ဆင်းမူကြောင့် အခြားသတ္တ၀ါ တစ်ယောက်သာ အသစ်ဖြစ်တန်လျှင် ဖြစ်ရသည်”ဟူသော အယူသည် ဥစ္ဆေဒဒိဋ္ဌိမည်၏။ (ဥစ္ဆေဒ = တစ်ဘ၀တုံးလျှင် တစ်ဘ၀၏ ရုပ်နာမ်တွေ အားလုံးပြတ်၏။ နောက်ထပ်ဆက်သွယ်ခြင်း မရှိ + ဒိဋ္ဌိ = ယူမှားခြင်း)

သမ္မာအယူ
သတ္တ၀ါတို့၌ အ၀ိဇ္ဇာ၊ တဏှာ၊ ကံ ဤတရား သုံးပါးသည် ဘ၀သစ်၌ ဖြစ်ဖို့ရာ အချုပ်အခြာတည်း။ သေခါနီး၌ အ၀ိဇ္ဇာသည် ဘ၀သစ်၌ ရုပ် နာမ် ခန္ဓာအပြစ်ကို မမြင်အောင်ဖုံးထား၏။ တဏှာက ထိုဘ၀သစ်ကို တပ်မက်ခင်မင်လျက်ရှိ၏။ မကောင်းဆိုးရွား ကြောက်မက်ဖွယ် ဂတိနိမိတ် ထင်လာစေကာမူ ထိုနိမိတ်တို့မှ လွတ်လပ်သော ဘ၀ကို ရလိမ့်မည်ထင်၏။ ထိုသို့ အ၀ိဇ္ဇာဖုံးထားသဖြင့် အပြစ်မမြင်နိုင်ဘဲ တဏှာက ညွှတ်ကိုင်း စွဲလမ်းရာ ဘ၀အသစ်၌ ကံအစွမ်းကြောင့် ပဋိသန္ဓေဟု ခေါ်သော ရုပ်နာမ်တရာများ ရှေးဦးစွာ စ,တည်မိကြလေသည်။
ဤသို့ ဘ၀သစ်၌ ပဋိသန္ဓေ ရုပ်နာမ်တို့သည် ဘ၀အဟောင်းက အ၀ိဇ္ဇာ၊ တဏှာ၊ ကံ ဟူသော အကြောင်းကြောင့် ဖြစ်ရကား “ဘ၀ဟောင်းနှင့် မဆက်စပ်ဘဲ ဘ၀သစ်၌ (ထာဝရဘုရား စသူတို့၏ ဖန်ဆင်းမူကြောင့်) အသစ်ဖြစ်ရ၏”ဟူသော ဥစ္ဆေဒဒိဋ္ဌိလည်း မမှန်။ “ဘ၀ဟောင်းက အသက်ကောင်လေးသည် ဘ၀အသစ်သို့ ပြောင်းရွေ့၍ ဖြစ်သည်”ဟူသော သဿတဒိဋ္ဌိလည်း အမှားပင်။ ဘ၀ဟောင်းက ရုပ်နာမ်တို့ ပြောင်းရွှေ့သွားဖို့ မဆိုထားဘိ၊ တစ်ဘ၀တည်းမှာပင် တစ်နေရာ၌ဖြစ်သော ရုပ်နာမ်တို့သည် တခြားနေရာရောက်အောင် မပါနိုင်ကြ။ ဖြစ်ပြီးလျှင် ချက်ချင်းပျက်ရ၏။ အသက်ကောင်ဆိုသော အရာမှာ နဂိုကပင် မရှိချေ။

လောကအလှ



တိုတောင်းလှတဲ့ လူ့ဘဝရဲ့ ဆုံနိုင်ခွင့်ရှိတုန်း ခဏတာလေးမှာ
မေတ္တာတရား ၊ ခန္တီတရား လက်ကိုင်ထားပြီး တစ်ယောက်အမှား
တစ်ယောက်က နားလည် ၊ တစ်ယောက်အပြစ် တစ်ယောက်က ခွင့်လွှတ်ရင်း
တစ်ယောက်အပေါ် တစ်ယောက် နားလည်မှုကိုယ်စီနဲ့ ညီညီညွတ်ညွတ်
ပါရမီ ဖြည့်သွားကြရင် သူ့ကြောင့်လည်း ကိုယ်ပါရမီပြည့် ၊
ကိုယ့်ကြောင့်လည်း သူပါရမီပြည့်စေပြီး လောကကြီးဟာ
ထာဝရ အေးချမ်းကြမှာပါ ။

အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ ) ၏ ဘဝအဓိဌာန် စာအုပ်မှ

အကြီးမားဆုံးကုသိုလ်"


ဝိပဿနာပွားများလို့ ဖြစ်ပျက်မြင်တဲ့ ကုသိုလ်က . .
ဒိပြင့်ကုသိုလ်မျိုးတွေထက် အဆပေါင်း သိန်းသန်းကုဋေမကအောင်ဘဲ
ထူးခြားလွန်ကဲ မြင့်မြတ်တယ်။
ဖြစ်ပျက် ၁-ချက်ရှုလျှင် မဂ္ဂင်က သိစိတ် ဇော၇-ကြိမ် ဖြစ်တယ်။
ဝိပဿနာကုသိုလ် မဂ္ဂင်ဇောက အကုသိုလ်ကံတွေကို တားနိုင်တယ်။
အန္တရာယ်ကင်း ဘေးရှင်းချင်တာ မှန်ရင် မိမိကိုယ်ခန္ဓာ စေတီထိုက်အောင်,
တရားတော် ခန္ဓာထဲ ကိန်းအောင်းအောင် လုပ်ဖို့လိုတယ်။
( မိုးကုတ်ဆရာတော်ဘုရားကြီး )

သံသယမရှိနဲ့

"ဘုရားအပေါ်လည်း သံသယမရှိနဲ့ ၊ တရားအပေါ်လည်း သံသယမရှိနဲ့ ၊ ကိုယ့်ကိုယ်ကိုလည်း သံသယမရှိနဲ့ ။ သာသနာနဲ့ ကြုံ ဆရာကောင်းနဲ့ ကြုံလို့ 
ပါရမီကလည်းပြည့်နေပြီ။ ကျင့်သာကျင့် ရမှာပဲ။ အချည်းနှီး လုံးဝမဖြစ်ဘူး ဆိုတာမှတ်လိုက်ပါ။ သံသယ၀င်လာရင် သံသယကို ဖြစ်ပျက်ရှု၊ သံသယကိုလက်ခံရင် နိဗ္မာန်မရောက်ချင်လို့ ကိုယ့်ရင်ဘတ်ကိုယ် လှံနဲ့ ထိုးတာပဲ။"
(မိုးကုတ်ဆရာတော်ဘုရားကြီး)

ကုသိုလ်အမှန်ဆိုတာ

အလှူကြီးတွေပေးပြီး ပျော်ကြရွှင်ကြ၊
ပွဲတွေလမ်းတွေနဲ့။
ဒါ...ကုသိုလ်မဟုတ်ဘူး။
အလှူ့ဒကာကို ဝိုင်းမြှောက်ကြ၊ တီးကြ၊ မှုတ်ကြနဲ့၊
ဒါ...လောဘတွေပဲ။
ဒါ...မှားတာပဲ။ လမ်းမှားတာပဲ။
အခုလို ကုသိုလ်ပြုတဲ့နေရာမှာ……
တိတ်ဆိတ်ငြိမ်သက်နေမှ ကောင်းတယ်။
ဒါ့ကြောင့် ကုသိုလ်ပြုတဲ့နေရာမှာ……
စိတ်ကို ကြည်ကြည်လင်လင် နိဗ္ဗာန်မှန်းပြီး…… ကုသိုလ်ပြုတတ်အောင် လုပ်ပါ။
(မဟာဂန္ဓာရုံ အရှင်ဇနကာဘိဝံသဆရာတော် )

ဝိဇ္ဇာနှင့် စရဏ


နိဗ္ဗာန်ကို ရည်ရွယ်မှန်းထားကာ ပြုစုပျိုးထောင်လိုက်သည့်
စရဏတရားတို့ကား လက်ခြေနှင့် တူကြ၏။ လက်ခြေရှိသည့်သူသည်
လိုရာအရပ်ကို သွားနိုင်သကဲ့သို့ အလိုရှိရာပစ္စည်းဝတ္ထုကို ကောက်ယူ
ကိုင်ယူနိုင်သကဲ့သို့ အလားတူပင် နိဗ္ဗာန်ကို ရည်ရွယ်မှန်းထားကာ
ပြုစုပျိုးထောင်ထားအပ်သည့် စရဏတရားတို့က နိဗ္ဗာန်ရောက်- ကြောင်းသူတော်ကောင်းတရားတို့ကို ဟောကြားပြသ ဆိုဆုံးမပေး
မည့် ဘုရားအစရှိသော သူတော်ကောင်းတို့နှင့် တွေ့အောင် မိကောင်း
ဖကောင်း, မိတ်ကောင်း ဆွေကောင်း, ဆရာကောင်း သမားကောင်း
တို့နှင့် တွေ့အောင် ပို့ဆောင်ပေးမည် ဖြစ်သည်။
ဤကဲ့သို့ ဘုရားအစရှိသော သူတော်ကောင်းတို့နှင့် တွေ့ဆုံ- သည့်အခါ,ဘုရားအစရှိသော သူတော်ကောင်းတို့ထံမှ သစ္စာလေးပါး-
နှင့်စပ်သည့် တရားစကားတို့ကို နာကြားခွင့် ရရှိသည့်အခါဝယ်
ယင်းသစ္စာလေးပါးကို ထွင်းဖောက်သိမြင်နိုင်ဖို့ရန် မိမိ ထူထောင်
ထားခဲ့သည့် ၀ိဇ္ဇာမျိုးစေ့ဟုဆိုအပ်သည့် ပါရမီတရားတို့က မိမိ
လိုလားတောင့်တနေသည့် ဗောဓိဉာဏ်သို့ ရောက်အောင် ရှေးရှု
သယ်ဆောင်ပေးမည့် အဘိနီဟာရတရားများ ဖြစ်ကြပေသည်။
ဝိဇ္ဇာမျိုးစေ့တို့က သစ္စာလေးပါးကို ထွင်းဖောက်သိမြင်အောင် ရွက်- ဆောင်ပေးမှာ ဖြစ်ကြသည်ဟု ဆိုလိုသည်။

လယ်တီဆရာတော်ဘုရားက မိမိ၏ ပါရမီဒီပနီတွင် ၀ိဇ္ဇာမျိုးစေ့- သာအောင်မြင်ပြီး စရဏမျိုးစေ့က မအောင်မြင်ခဲ့လျှင်လည်း ဓမ္မပဒ
အဋ္ဌကထာ (ဓမ္မပဒ၊ဋ္ဌ၊၂၊၈၁။)မှာလာရှိသည့် မဟာဓနသူဌေးသား ဇနီး -
မောင်နှံတို့ကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ကြောင်းကိုလည်းကောင်း,
စရဏမျိုးစေ့သာ အောင်မြင်ပြီး ၀ိဇ္ဇာမျိုးစေ့ချို့တဲ့ခဲ့လျှင် မအောင်မြင်
ခဲ့လျှင်လည်း စူဠသစ္စ္စကသုတ္တ္တန် (မ၊၁၊၂၈၉-၂၉၉) မဟာသစ္စကသုတ္တုန်
(မ၊၁၊၂၉၉-၃၁၇) မှာလာရှိသည့် သစ္စကပရိဗိုဇ်တို့ကဲ့သို့ မဂ်ဖိုလ် နိဗ္ဗာန်-
ကို မရနိုင်ကြောင်းကိုလည်းကောင်း ဆုံးဖြတ်ထားပေသည်။

ဒါန - သီလ - ဘာဝနာ ဆိုသည်မှာ ။


ဒါန --
စေတနာဖြင့် ပေးလှူခြင်းဖြစ်သည် ။ ပန်းတစ်ပွင့်ကိုမျှ လူမှုစသောကောင်းမှုကြောင့် ဘ၀များစွာ ဒုဂ္ဂတိဘ၀သို့ မလားရဘဲ နိဗ္ဗာန်တိုင်အောင် ပေါက်ရောက် ရရှိနိုင်သည် ။လူ့ပြည် ၊ နတ်ပြည် ၊ အကြိမ်များစွာ
ဖြစ်နိုင်သည် ။
ပုဗ္ဗ ၊ မုဉ္စ ၊ ပရစေတနာတို့က ထိုသုဂတိဘ၀များသို့ ရောက်အောင် ပဋိသန္ဓအကျိုးကို ပေးသည့်ပြင် ထိုပန်းလှူသော ကုသိုလ်ကို အခြေခံ၍ သူဂတိဘ၀ဖြစ်သည့်အခါ ထိုဘ၀တွင် သူတော်ကောင်းတို့နှင့် ပေါင်းသင်းရခြင်းစသော အထောက်အပံ့ဖြင့် အဆင့်ဆင့်
သော အကျိုးကို ရရှိကြသည် ။

သီလ --
အကုသိုလ်မဖြစ်ရလေအောင် ကိုယ်မှု ၊ နှုတ်မှု တို့ကိုကောင်းစွာထားတတ်သော စေတနာဖြစ်သည် ။ သီလသည် ရဟန်းသီလ ၊ သာမဏေသီလ ၊ လူသီလဟူ၍ ရှိသည် ။ ၂၂၇ - သွယ်သော ဘိက္ခုပါတိမောက်တွင်
သီလသည် ရဟန်းသီလ ၊ လိင်ဆယ်ပါး ၊ ဒဏ်ဆယ်ပါး သီလသည် သာမဏေသီလ၊ ငါးပါး ၊ ရှစ်ပါး ၊ ကိုးပါး ၊ ဆယ်ပါးစသော သီလသည် လူသီလ ။
ထိုသီလတို့ကို ထိန်းသိမ်းစောင့်ရှောက်ကြရပါမည် ။
ဘာဝနာ --
လွန်ကဲမြင့်မြတ်သော ကုသိုလ်စိတ်ကို တိုးတက် ပွားများစေတတ်သော သမထ၀ိပဿနာ ကျင့်စဉ်နှစ်ပါးဖြစ်သည် ။ သမထအရာဝယ် ကမ္မဠာန်း လေးဆယ်၇ှိသည် ။ ၀ိပဿနာအရာဝယ် ၀ိပဿနာတရား ( ၄ ) ပါးရှိစေသည် ။
ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်း ဒါန - သီလ - ဘာဝနာ တရားများကို
အမြဲမပြတ် ကျင့်ကျန်အားထုတ်နိုင်ကြပါစေ ။
မြတ်ဗုဒ္ဓ ၏ ဓမ္မစာစုများ

" ကြီးပွားချင်လျှင် စိတ်ကို သတိထား "


ရဟန်းတို့ မိမိအကျိုးစီးပွားကို အလိုရှိ
သောသူသည် အချက်လေးခု၌ မမေ့မလျှော့
သတိထားပြီး စိတ်ကို စောင့်ရှောက်ရမည်။ အ
ဘယ်အချက် လေးခုနည်းဆိုသော်-
၁။ တပ်မက်စရာ အာရုံတို့၌ ငါ့စိတ်သည် မတပ်
မက်စေလင့်ဟု မမေ့မလျော့ သတိထားပြီး
စိတ်ကို စောင့်ရှောက်ရမည်။
၂။ အမျက်ထွက်စရာ ကိစ္စတို့၌ ငါ့စိတ်သည် အ
မျက်မထွက်စေလင့်ဟု မမေ့မလျော့ သတိ
ထားပြီး စိတ်ကို စောင့်ရှောက်ရမည်။
၃။ တွေဝေစရာ ကိစ္စတို့၌ ငါ့စိတ်သည် မတွေဝေ
စေလင့်ဟု မမေ့မလျော့ သတိထားပြီး စိတ်
ကို စောင့်ရှောက်ရမည်။
၎။ မာန်ယစ်စရာအကြောင်းတို့၌ ငါ့စိတ်သည်
မာန်မယစ်စေလင့်ဟု မမေ့မလျော့ သတိ
ထားပြီး စိတ်ကို စောင့်ရှောက်ရမည်။
ရဟန်းတို့ မိမိအကျိုးစီးပွားကို အလိုရှိသော
သူသည် ဤအချက်လေးခု၌ မမေ့မလျော့ သတိထားပြီး စိတ်ကို စောင့်ရှောက်ရမည်။

စတုက္ကအင်္ဂုတ္တိုရ် တတိယပဏ္ဏာသက
၃-ကေသိဝဂ် ၇-အာရက္ခသုတ်။

စိတ်ကောင်းရှိသူ


စိတ်ကောင်းရှိသူတို့သည် မည်သူ့ကိုမျှ ရန်ငြိုးမထားသဖြင့်
၎င်းတို့ မျက်နှာမှာ ကြည်လင်သန့်ရှင်း အပြစ်ကင်းလျက် ကြည်ညိုလေးစား
ခြင်းကို ခံရလေသည် ။
အများ၏ ကြည်ညိုလေးစားခြင်းကို ခံရသောသူတို့သည် မိမိတစ်ကိုယ်တည်း
ကြီးပွားချမ်းသာခြင်းကို ရှာသူများမဟုတ် ။
လူဟူသမျှတို့အား မိမိ၏အစွမ်းအားလျော်စွာ ကောင်းကျိုးကိုဆောင်ဖို့ရန်
တာဝန်ရှိသူဟု အယူရှိကြသည် ။

( ဆရာကြီး ပီမိုးနင်း )

တရားအစွမ်း

တရားစွမ်းအားတွေကြောင့်
ငိုစရာတွေတွေ့ရင်တောင် ပြုံးနိုင်တယ်။
ကြောက်ရွံ့ထိတ်လန့်စရာ တွေ့ရင်လဲ မကြောက် မထိတ် မလန့်ဘဲ ဣနြေ္ဒမပျက် နေနိုင်တယ်။
စိတ်ညစ်စရာတွေ, စိတ်ရှုပ်စရာတွေ, စိတ်ပျက်စရာတွေ တွေ့ရပေမယ့် မညစ်ပဲ, မရှုပ်ပဲ, မပျက်ပဲနဲ့ ရှင်းရှင်းလေးစိတ်ကို ထားလာတယ်။
တရားက ဆောင်သွားတာပဲ။
( တိပိဋကဓရ ယောဆရာတော်ဘုရားကြီး )

အမွေးတိုင်ပူဇော်ခြင်းနဲ့ပတ်သက်၍


အရှင်ဘုရား မေးခွန်းနောက်တစ်ခုလောက် မေးပါရစေ။
ဖယောင်းတိုင်၊ အမွေးတိုင် ထွန်းတယ်ဆိုတာ လေထဲကို
ကာဗွန်တိုင် အောက်ဆိုက်များစေတယ်။ လေထု ညစ်
ညမ်းမှုသာဖြစ်စေပြီး ဘာမှထူးမှာမဟုတ်ဘူးဆိုတာ မှန်ပါ
သလားဘုရား။
အင်း ဒီမေးခွန်းဟာလည်း တကယ်သိသင့်တဲ့ မေးခွန်း
လေးပါ။ မြတ်စွာဘုရားရှေ့မှာ အမွေးတိုင်ပူဇော်တယ်၊
ဆီးမီးပူဇော်တယ်၊ ပန်းပူဇော်တယ်ဆိုတာ ဘာကြောင့်
ဘယ်လိုပူဇော်ရတယ်ဆိုတာကို မသိကြတာက များပါ
တယ်။
တကယ်တော့ မြတ်ဗုဒ္ဓသည် ကိလေသာအားလုံးကင်
စင်ပြီးဖြစ်လို့ အမွေးနံ့သာ စသည်တို့ မလိုအပ်တော့ပါ။
မြတ်ဗုဒ္ဓခန္ဓာကိုယ်၌လည်း အတုမရှိသော အမွေးနံ့သာ
တို့ ပြည့်စုံနေပါတယ်။ အဲဒီလို အမွေးနံ့သာစသည်တို့
လည်း အလိုမရှိ၊ သူကိုယ်တိုင်၌လည်း အမွေးနံ့သာနဲ
့ပြည့်စုံနေတဲ့ မြတ်ဗုဒ္ဓသည် အဘယ့်ကြောင့် အမွေးနံ့
သာ ပူဇော်ခြင်း၊ ပန်းများပူဇော်ခြင်းတို့ကို လက်ခံရသ
လဲဆိုတာ သေချာစဉ်းစား ကြည့်သင့်ပါတယ်။
မြတ်ဗုဒ္ဓသည် စာရေးသူတို့ သတ္တ၀ါတွေအပေါ်မှာမဟာ
ကရုဏာတော်ရှင် ဖြစ်တယ်ဆိုတာ ဒီဟာကိုထောက်ဆ
ကြည့်တာနဲ့ပင် အတော်လေး ကြည်ညိုစရာ လေးစား
စရာ ကောင်းလှပါတယ်။ သူ့အတွက် မလိုအပ်တဲ့အရာ
တွေ သူတစ်ပါးက လာပြုလုပ်တာကို လက်ခံခြင်းသည်
မဟာကရုဏာရှင်မို့သာ တစ်ခြားမည်သူမျှ လက်ခံမည်
မဟုတ်ပေ။
စာရေးသူတို့ လူသားများတွင် တစ်စုံတစ်ယောက်သည်
ရေမွှေးအကောင်းဆုံးတွေ သုံးထားတယ်ဆိုပါစို့၊ အဲဒီ
လူကို တစ်ယောက်ယောက်က သူ့ရေမွေးလောက်
မကောင်းတဲ့အနံ့ဆိုးတဲ့ အနံ့တစ်ခုနဲ့ ဖြန့်ပက်ပေးမည်
ဆိုလျှင် မဟာကရုဏာရှင် မဟုတ်သော စာရေးသူတို့
လူသားများ သည်းခံခွင့်လွတ်မည် မဟုတ်သလို အသာ
တကြည်နဲ့လည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။
အင်း မြတ်ဗုဒ္ဓကတော့ မဟာကရုဏာရှင်ဖြစ်တဲ့အတွက်
သူ့ပင်ကိုယ် သဘာဝလောက် အမွေးနံ့သာမရှိတဲ့ အမွေး
တိုင်၊ ပန်းများ သူနားမှာ ပူဇော်ခြင်းကို လက်ခံထားပေ
သည်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ သတ္တ၀ါတွေကို
သနားငဲ့ညာပြီး တရားထူး မြန်မြန်ရစေချင်လို့ပါ။
အမွေးတိုင် ပူဇော်တယ်၊ ပန်းပူဇော်တယ်ဆိုတာ တကယ်
တော့ အဲဒီအမွေးတိုင်၊ ပန်းပွင့်တို့ရဲ့ ဖြစ်ပျက်ကို ရှုမြင်ပြီး
မိမိရဲ့ခန္ဓကိုယ်ကိုလည်း ရှု့တတ်အောင်လို့ပါ။ အမွေးတိုင်
လေးကို ကြည့်လိုက်လျှင် တစ်စ တစ်စနဲ့ လောင်းမြိုက်
ကုန်ဆုံးပြီး ပြာဖြစ်ကာ မြေကြီးထဲရောက်သွားပါတယ်။
အဲဒီလိုပဲ မိမိရဲ့ ခန္ဓာကိုယ်ကြီးဟာ မွေးလာပြီးကနေ တစ်
ရက်တစ်ရက်နဲ့ ကုန်ဆုံးကာ နောက်ဆုံးပျက်စီးပြီး မြေကြီး
ဖြစ်သွားပါတယ်။ ဘယ်လောက်ပင် မိမိတို့က မာန်မာန
တွေတက်ပြီး ပြုပြင်စေကာမှု ခန္ဓာကိုယ်ကြီးကတော့ ပျက်
စီးရင်း ပျက်စီးလျက်ပါ။ ဒီလို အမြဲတမ်းပျက်စီးနေတဲ့ ခန္ဓာ
ကိုယ်ကြီးအတွက် ရှာဖွေကျွေးမွေးရ၊ ပြုပြင်ပေးရနဲ့ မိမိမှာ
နေ့စဉ် လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတွေ ဖြစ်
နေပါတယ်။ တစ်ချို့ဆို သာမာန်လုပ်ရိုးလုပ်စဉ် လောဘ၊
ဒေါသသာမကဘဲ သူများထက် သာလွန်သော မတရားမှု
လောဘ ဒေါသတွေဖြစ်ပြီး ငါးပါးသီလတွေ ကျုးလွန်းကြ
ကာ မကောင်းမှုများကို သူများထက်ပို၍ ပြုလုပ်နေကြပါ
တယ်။
မိမိခန္ဓာကိုယ်ကြီးဟာ အမွေးတိုင်လိုပဲ တစ်ရက်တစ်ရက်နဲ့
ကုန်ဆုံးကာ ပျက်စီးသွားမည်ဆိုတာကို နေ့စဉ်နဲ့အမျှသတိ
ရှိနေမယ်ဆိုလျှင်သာမာန်ထက်ပိုသောကိလေသာမကောင်း
မှုများ မိမိသန္တာန်မှာမဖြစ်ဘဲကောင်းမှုကုသိုလ်များကိုလည်း
နေ့စဉ်နဲ့ အမျှ ပြုလုပ်နေမှာ သေချာပါသည်။
အမွေးတိုင်နည်းတူ ပန်းပွင့်တို့ ဖယောင်းမီးတို့ ပူဇော်ခိုင်းခြင်း
သည်လည်း ထိုကဲ့သို့ အဖြစ်အပျက်များကို ကျောင်းမှာလာ
ခိုက်၊ ဘုရားရှေ့မှာရှိနေခိုက်တွင် တရားရှု့မှတ် တတ်အောင်
နှင့် တရားရှု့မှတ်ရန် ပူဇော်ခိုင်းခြင်း၊ ခွင့်ပြုခြင်းဖြစ်ပါပေသည်။
ဖယောင်မီးလှူလို့ အသိဉာဏ်ကောင်းခြင်းစတဲ့ အကျိုးတွေရ
ရှိတာတော့ မှန်ပါပေသည်။ သို့သော် ထိုအကျိုးများသည် သာ
မညအရာသာဖြစ်ပြီး တရားရှုမှတ်ဖို့ရန်သာ အဓိကအချက်ဖြစ်
ပေသည်။
မိမိတို့လူသားများက အမွေးတိုင်ပူဇော်ရခြင်း၊ ပန်းပူဇော်ရခြင်း၊
ဆီးမီး ပူဇော်ရခြင်းများ၏ အဓိကအဓိပ္ပါယ်ကို သေချာကျနစွာ
မသိသောကြောင့် ဖြစ်သလို တွေးကာ ဖြစ်သလိုလုပ်နေကြပေ
သည်။ ဘုရား၌ မီးထွန်းပူဇော်ပါဆိုလျှင် တစ်ချို့ဆို ဘုရားကို
မီးပူတိုက်သလိုဖြစ်အောင် ဘုရားနားကပ်ကာ ပူဇော်သူများ
ကိုလည်း စာရေးသူတွေ့ဖူးပေသည်။ သို့သော် စာရေးသူသည်
ပါးစပ်နဲ့ပြောလျှင် အပြစ်တင်ခံရမည်ကြောက်သောကြောင့် စာ
နဲ့ပဲ ပြောလိုက်ပါသည်။ ဆီးမီးပူဇော်ခြင်း၊ အမွေးတိုင်လှူခြင်း
များသည် မိမိအတွက်သာ အဓိကဖြစ်၍ ဘုရားနားကပ်ထားရန်
မလိုပေ။ ဘုရားရှေ့ဝယ် မိမိမြင်လောက်သော နေရာဆိုလျှင်
ရပေသည်။
ယခုခေတ် ဆီးမီးပူဇော်ရာဝယ် လျှပ်စစ်မီးများဖြင့် ပူဇော်ထား
ကြသည်များလည်း တွေ့ရပေသည်။ ထိုကဲ့သို့ လျှပ်စစ်မီးဖြင့်
ပူဇော်ခြင်းသည် မိမိတို့အဓိကလုပ်ရမည့် တရားရှု့မှတ်ရန် မ
ဖြစ်နိုင်သောကြောင့် အဓိကအကျိုးတော့ ရရှိတော့မည် မ
ဟုတ်ပေ။ လျှပ်စစ်မီးပူဇော်သော အကျိုးသာ ရရှိပေမည်။
တကယ်တော့ မြတ်ဗုဒ္ဓသည် ခြောက်ပါးသောရောင်ခြည်တော်
များဖြင့် ပြည့်စုံသူဖြစ်သောကြောင့် မည်သည့် အလင်းရောင်
ကမျှ မထိုးဖောက်နိုင်ပါ။ သို့သော် သတ္တ၀ါများအတွက် တရား
ရှု့မှတ်နိုင်ရင် ဆီးမီးပူဇော်ခွင့် ပေးခဲ့ပါသည်။
နိဂုံးချုပ်အနေဖြင့် လူသားများသည် အမွေးတိုင်ကဲ့သို့ တစ်စ
တစ်နဲ့ ပျက်စီးနေသော ဤခန္ဓာကိုယ်ကြီး မပျက်စီးခင် မာန်
မာန လောဘစသည့် မကောင်းမှုများ ရှောင်ကြဉ်ကာ အမြဲ
ပျက်စီးနေသော ခန္ဓာကိုယ်ကြီးကို တရားသဘောဖြင့် နေ့စဉ်
ရှု့မှတ်ပြီး ကောင်းမှုများ ပြုလုပ်ဖို့ရန် အရေးကြီးပေသည်။
အမွေးတိုင်စသည်တို့ လှူဒါန်းပူဇော် ကြသောအခါတွင်လည်း
တရားများ ရှုမှတ်ပွားများနိုင်ကြပါစေလို့ ဆန္ဒပြုလျက်...။
credit ; အရှင်ကောမလ ဆန်နီနေမင်း

ခေတ္တဧည့်သည်

ခန္ဓာကိုယ်သည် ငှက်သိုက်ဖြစ်၍ မနောစိတ်သည် ငှက်ဖြစ်ပေသည် ။
ှုငှက်တွေသည် အသိုက်ကို စွန့်ခွာသွားကြသလို
မနောစိတ်ဟာလည်း ခန္ဓာကိုယ်ကို စွန့်ခွာရပေသည် ။
မွေးဖွားခြင်းနှင့် သေဆုံးခြင်းတို့သည် ဒုက္ခဖြစ်လေသည် ။
သောကမှ လွတ်မြောက်မှုသည် အလွန်မွန်မြတ်စေသော တရားဖြစ်သည် ။
စည်းစိမ်ခံစားစေခြင်း ၊ မောဟဖြစ်ခြင်း တို့သည် အမိုက်မှောင်အတိဖြစ်စေရာပါ ။
မဇ္ဈိမ အလယ်လမ်းသည် လျောက်လှမ်း၍ လွယ်ကူစေသော လမ်းဖြစ်စေသည် ။
နောက်ဆုံးဝယ် အသိုက်ဖြစ်သော ခန္ဓာကိုယ်ကို စွန့်ခွာကြမည့်
သင်တို့သည် လောကကို အလည်လာကြသော ခေတ္တဧည့်သည်များပင် ဖြစ်စေသည် ။
သတိ, ၀ီရိယ, ပညာ ရှိနေရင် . . လောဘ, ဒေါသ မဖြစ်ဘူး။
• လောဘ, ဒေါသ တွေ ရှိနေရင်လည်း . . သတိ, ၀ီရိယ, ပညာ မရှိဘူး။
( ရွှေဥမင်ဆရာတော်ဘုရားကြီး)

ကိုယ်ကျင့်တရား ကောင်းပါစေ။


ဘဝရဲ့ အနှစ်တစ်ပါး သီလကို ရအောင် ယူပါ။
မိစ္ဆာသင်္ကပ္ပ အတွေးအကြံမှားတဲ့ ပုဂ္ဂိုလ်များကတော့ အဲဒီနေရာမှာ အတွက်လွဲတယ်။
ကိုယ်ကျင့်တရား ဘာအရေးကြီးလဲကွာ၊ စားရဖို့ နေရဖို့ အရေးကြီးတယ်။ သီလဆိုတာ ဘာအရေးကြီးလဲကွာ၊ စည်းစိမ်ခံစားရဖို့ အရေးကြီးတယ်။
သီလဆိုတာ ဘာအရေးကြီးလဲကွာ၊ အများမိုးခါးရေသောက်လဲ သောက် ရုံပေါ့။ တိုးတက်ဖို့ အရေးကြီးတာပဲ။ လောကနိဗ္ဗာန်သမား အတွေးမှားရင် ဒီလိုဖြစ်တတ်တယ်။
မြတ်စွာဘုရားက အဲဒါကို ပြောင်းပြန်လှန်ပြီးတော့
ဘဝရဲ့ အနှစ်သာရဟာ ကိုယ်ကျင့်တရားလို့
ဒီလိုပြတယ်။ အဲဒါကို နားလည်ကြပါစေ။
သီတဂူဆရာတော်ဘုရားကြီး
အရှင် ဉာဏိဿရ။
•••••••••••••••••••••••••••••
မင်းနန် (မော်ကျွန်း) ၏ "ဆရာတော်ကြီးများ၏
သြဝါဒတော်များပေါင်းချုပ်" စာအုပ်မှ
ကောက်နှုတ် ကူးယူပူဇော် မျှဝေပါသည်

လူဖြစ်ရကျိုးနပ်အောင်

ဘုရားသာသနာတော်အတွင်းမှာ လူဖြစ်ပါလျက်
"ဝိပဿနာကုသိုလ်"မှ ရမသွားဘူးဆိုရင် . .
သာသနာတော်နှင့် တွေ့ရကျိုးမနပ်ဘူး။
ဘာကြောင့် လဲဆိုတော့ -
ဒါန သီလ သမထ ကုသိုလ်ဆိုတာတွေက သာသနာပမှာလည်း ရှိတယ်။
ဝိပဿနာကတော့ သာသနာပမှာ မရှိဘူး။
ဒါကြောင့်ပါပဲ။

( မဟာစည်ဆရာတော်ဘုရားကြီး)