Tuesday, September 25, 2012

အမြဲမပြတ်ဆင်ခြင်အပ်သော အကြောင်းတရားငါးပါး (သို့) အဘိဏှသုတ်



            
လူ နတ် ဗြဟ္မာ သတ္တ၀ါတို့ နေထိုင်ရာ (၃၁)ဘုံဟုဆိုအပ်သော သြကာသလောကကြီးတွင် ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၏ဘ၀သည် ဓမ္မသဘောအားဖြင့် ဇာတိမှစ၍ မရဏတွင် လမ်းဆုးံကြရပါတယ်။ ကာလ အပိုင်းအခြားအားဖြင့်တော့ လူသားတို့အတွက် အများဆုးံ နှစ်ပေါင်း တစ်ရာ (အသက်တစ်ရာ) သို့မဟုတ် အသက်တစ်ရာအလွန်တွင် ဘ၀တစ်ခု ချုပ်ငြိမ်းရမည်မှာကား ဧကန်မုချအမှန်ပင်ဖြစ်ပါတော့တယ်။
ဘ၀ဟူသည်ကား ခန္ဓာငါးပါး အစုအဝေး ဒုက္ခစစ်စစ်သာ ဖြစ်၏။ ပဋိသန္ဓေနေမှူဇာတိဒုက္ခ၊ အိုမင်းရင့်ရော်မှူ ဇရာဒုက္ခ၊ မကျန်းမာမှူ ဗျာဓိဒုက္ခ၊ ကွယ်လွန်မှူ မရဏတို့သည် စက်ဝိုင်းသဖွယ်လည်ပါတ်ပြီး ဇာတိနှင့် မရဏအကြား၌ စိုးရိမ်မှူ သောက၊ အသံထွက် ငိုကြွေးမှူ ပရိဒေ၀၊ ဆင်းရဲမှူ ဒုက္ခ၊ စိတ်မချမ်းသာမှူ ဒေါမနဿ၊ ကြိတ်၍ ငိုကြွေးမှူ ဥပါယာသတို့ကလည်း အကြောင်းအားလျှော်စွာ ၀င်ရောက်နှိပ်စက် ၀န်းရံလျှက်ရှိကြပါတယ်။ ထို့သို့ အသက်ရှင်နေထိုင်စဉ်တွင် အမြဲမပြတ်ဆင်ခြင်အပ် နှလုးံသွင်းအပ်သည့် အကြောင်းတရားငါးပါးကို မြတ်စွာဘုရားရှင်က အဘိဏှပစ္စဝေက္ခိတဗ္ဗဌာန သုတ်တော်မှာ
“ ပဉ္စိမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ ဣတ္ထိယာဝါ ပုရိသေန၀ါ ဂဟဌေန၀ါ ပဗ္ဗဇိတေန၀ါ ကတမာနိပဉ္စ -
(၁) ဇရာဓမ္မောမှိ ဇရံ အနတီတောပိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
(၂) ဗျာဓိဓမ္မောမှိ ဗျာဓိအနတီတောပိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
(၃) မရဏဓမ္မောမှိ မရဏံအနတီတောပိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
(၄)သဗ္ဗေဟိမေ ပိယေဟိမနာပေဟိ နာနာဘာဝေါ ၀ိနာဘာဝေါမှိတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
(၅)ကမ္မဿကောမှိ၊ ကမ္မဒါယာဒေါ၊ ကမ္မယောနိ၊ ကမ္မဗန္ဓု၊ ကမ္မပ္ပဋိဿရဏော ယံကမ္မံကရိဿာမိ၊ ကလျာဏံဝါ၊ ပါပကံဝါ၊ တဿဒါယာဒေါ ဘ၀ိဿာမီတီ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ဣမာနိခေါ ဘိက္ခဝေ ပဉ္စဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ၊ ဣတ္ထိယာဝါ ပုရိသေန၀ါ ဂဟဌေန၀ါ ပဗ္ဗဇိတေန၀ါ”။ ဟုဟောကြားတော်မူခဲ့ပါတယ်။  အဓိပ္ပါယ်မှာ….. “ရဟန်းတို့ …မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်သော အကြောင်းတရားတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူကား …..
၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၎။ ငါ့အား ခပ်သိမ်းသော နှလုံးကို ပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့ ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။
၅။ ငါသည် ကံသာလျှင် မိမိဥစ္စာရှိသည်၊ ကံသာလျှင် အကြောင်းရင်းရှိသည်၊ ကံသာလျှင် အမွေခံရှိသည်၊ ကံသာလျှင် အဆွေအမျိုးရှိသည်၊ ကံသာလျှင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့  ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ ဤငါးပါးကို အမြဲမပြတ်ဆင်ခြင်အပ်၏”။- ဟု အဂုင်္တ္တိုရ်ပါဠိတော် ၊ ပဉ္စက နိပါတ၊ နီဝရဏ၀ဂ်၊ အဘိဏှပစ္စဝေက္ခိတဗ္ဗဌာန သုတ်တော်မှာ အတိအလင်း ဟောကြားတော်မူခဲ့ပါတယ်ဆိုတဲ့အကြောင်းကို အမြဲမပြတ်ဆင်ခြင်နိုင်စေရန်အကျိုးငှါ ဓမ္မမိတ်ဆွေများအား ထုတ်ဖော်ရေးသားတင်ပြလိုက်ပါတယ်။
       ဆောင်ပုဒ်
အိုခြင်းတစ်ဖြာ ၊ နာခြင်းတစ်ထွေ
သေခြင်းတစ်ခြား၊ ကွဲပြားတစ်ဖန်
ကံလျှင် ဥစ္စာ ၊ ဤငါးဖြာကို
မကွာနေ့ည။ ဉာဏ် သက်ဝင် ၍ ဆင်ခြင် ကြ ။

ကံဟူသည်မှာ ....


ကံဟူသည်
ကံဆိုသည်မှာ ပါဠိဘာသာ ကမ္မမှ ဆင်းသက်လာသော မြန်မာဝေါဟာရဖြစ်သည်။ ပြုလုပ်ခြင်း-ဟု အဓိပ္ပါယ်ရသည်။ ထိုပြုလုပ်ခြင်းဟူသော ကံသည်
(က) ကာယကံ-ကိုယ်ဖြင့်ပြုလုပ်ခြင်း။
(ခ) ၀စီကံ-နှုတ်ဖြင့်ပြောဆိုခြင်း။
(ဂ) မနောကံ-စိတ်ဖြင့်ကြံစည်ခြင်း-ဟူ၍ သုံးမျိုးရှိသည်။
ထိုသုံးမျိုးသည် စေတနာအရင်းခံ၍ ဖြစ်ပေါ်လာရသောကြောင့် စေတနာကို ကံ-ဟု ခေါ်သည်။

လောက၌ အလုံးစုံသော သတ္တ၀ါဟူသမျှတို့ကို အယုတ်, အလတ်, အမြတ် စသည် ထူးခြားကွဲပြားအောင် ကံကပင် စီမံဖန်တီးပေးသည်။ ကံ၏အကျိုးတရားကြောင့်ပင် တဦးနှင့်တဦး မတူကွဲပြား ခြားနားကြသည်။ အချို့က အမြင့်သို့ ရောက်သည်။ အချို့ အနိမ့်သို့ရောက်သည်။
အချို့က ကြွယ်ဝချမ်းသာသည်။ အချို့က ဆင်းရဲချို့တဲ့သည်။
အချို့က အသက်ရှည်သည်။ အချို့က အသက်တိုသည်။
အချို့က လှပတင့်တယ်သည်။ အချို့က လှပတင့်တယ်ခြင်းမရှိ။
အချို့က ပညာဉာဏ်ကြီးသည်။ အချို့က ပညာဉာဏ် နည်းသည်။
ဤသို့လျှင် တဦးနှင့်တဦး မတူကွဲပြား ခြားနားသည်မှာ ကံ၏အကျိုးပေးအရ ဖြစ်သည်။

ကံနှင့်ပတ်သက်၍ ဗုဒ္ဓဘုရားရှင်က ကောင်းမှုလုပ်သူ ကောင်းကျိုးရ၏။ မကောင်းမှုလုပ်သူ မကောင်းကျိုးရ၏။ အကြင်မျိုးစေ့ကို စိုက်ပျိုး၏။ ထိုအသီးကို သုံးဆောင်ရ၏-ဟူ၍ ဆုံးမတော်မူခဲ့ပေသည်။
ထို့ကြောင့် အကျွန်ုပ်တို့သည် ကောင်းသောအကျိုးကျေးဇူးကို ခံစားရရှိနိုင်ရန် ကောင်းသောအမှုကို ပြုကြရပေမည်။ မကောင်းသောအကျိုးမှ လွဲဖယ်စေရန် မကောင်းသောအမှုကို ရှောင်ရှားကြရပေမည်။

ကံတွင် အတိတ်ကံ၊ ပစ္စုပ္ပန်ကံဟူ၍ နှစ်မျိုးရှိသည်။ ထိုကံနှစ်မျိုးလုံးပင် အရေးကြီးသည်။ သာသနာတွင် နေလိုလလို ထင်ရှားသော ဆရာတော်မထေရ်ကြီးများတွင် တပါးအပါအ၀င်ဖြစ်သည့် စစ်ကိုင်းတောင် အနောက်ပရက္ကမဆရာတော်ဘုရားကြီးက-
ကံကလဲ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ နှစ်မျိုးရှိတယ်ကွဲ့။ နှစ်မျိုးစလုံး အရေးကြီးသော်လည်း ပစ္စုပ္ပန်ကံကိုက ပိုအရေးကြီးတယ်ကွဲ့။ ဘာကြောင့်လဲဆိုတော့ အတိတ်ကံက အတိတ်ဘ၀က ပြုလုပ်ပြီးသားမို့ အကျိုးပေးချင်နေတာ။ အကျိုးပေးဖို့ အခွင့်အခါကို စောင့်နေတာ။ ပစ္စုပ္ပန်ကံကို ပြုလုပ်ဖို့လိုတယ်။ ပစ္စုပ္ပန်ကံကို ကောင်းမွန်စွာ ပြုလုပ်လိုက်လျှင် အတိတ်ကံက အကျိုးပေးလိုက်မှာပဲ။ အတိတ်ကံကတော့ လူတိုင်းမှာ ရှိကြပြီးသား။ ပစ္စုပ္ပန်ကံက နည်းနေကြလို့သာ အကျိုးမပေးကြသေးတာ။
လောကီလောကုတ် နှစ်ပါးမှာ မကြီးပွားသူ၊ အကျိုးမပေးသူ မှန်သမျှ ပစ္စုပ္ပန်ကံ နည်းကြလို့သာ မှတ်ပေတော့။

ဥပမာ-နွားခြံကြီးတခု ဆိုပါတော့။ အတိတ်ကံက နွားခြံကြီးအတွင်းရှိတဲ့ နွားတွေနဲ့ တူတယ်ကွဲ့။ ပစ္စုပ္ပန်ကံကတော့ ခြံတံခါးနဲ့ တူတယ်ကွဲ့။ ခြံအတွင်းက နွားတွေဟာ ခြံတံခါးပိတ်ထားလို့သာကွဲ့။ ခြံတံခါး ဖွင့်လျှင်ဖွင့်ချင်း ထွက်ဖို့ အဆင်သင့်ပဲကွဲ့။ အဲဒါကြောင့် လောကုတ် လောကီ နှစ်လီလုံး အကျိုးပေးချင်သူ ကြီးပွားချင်သူ မှန်သမျှ ပစ္စပ္ပန်တံခါးကို ပိတ်မထားနဲ့ကွဲ့။ ပစ္စုပ္ပန်တံခါးဖွင့်ရန် လုံ့လ၀ီရိယ ထက်သန်စွာ ကြိုးစားရမယ်ကွဲ့-ဟူ၍ သြ၀ါဒပေးတော်မူခဲ့သည်။ မှတ်သားလိုက်နာဖွယ် ဖြစ်ပေသည်။

သင်ကိုယ်တိုင်ရွေးချယ်ဖို့လမ်းနှစ်သွယ် ...



တကယ်တော့ လူ့ဘ၀ဆိုတာဟာ သုဂတိလမ်းနဲ့ ဒုဂ္ဂတိလမ်းနှစ်သွယ်ရဲ့ အလယ်တည့်တည့်မှာ ရှိပါတယ်။ လမ်းစုံရောက်နေတဲ့သူတစ်ယောက်အနေနဲ့ မိမိသွားရောက်ချင်တဲ့ လမ်းကို မိမိကိုယ်တိုင် ရွေးချယ်လျှောက်လှမ်းခွင့်ရှိပါတယ်။ လျှောက်လှမ်းစရာကလည်း ဒီနှစ်လမ်းပဲ ရှိတာမဟုတ်လား။ ဒီတော့ တစ်လမ်းမဟုတ် တစ်လမ်းကိုတော့ မလွဲမသွေ လျှောက်လှမ်းရမှာပဲ။ သုဂတိလမ်းကို အတက်လမ်းလို့ဆိုပြီး ဒုဂ္ဂတိလမ်းကိုတော့ အဆင်းလမ်းလို့ ဆိုပါစို့….။ အထက်လမ်းကို တက်လှမ်းလျှောက်သွားမယ်ဆိုရင်တော့ သုဂတိဘုံဖြစ်တဲ့ နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာ့ပြည်နှစ်ဆယ်တို့မှာ စံစားရမှာပါ။ အဆင်းလမ်းကို သက်ဆင်းသွားမယ်ဆိုရင်တော့ ဒုဂ္ဂတိဘုံဖြစ်တဲ့ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဘ၀တွေမှာ ခံစားရမှာပါ။ မတူတဲ့ လမ်းနှစ်ခုဆီရဲ့ ကွဲပြားတဲ့ ပန်းတိုင်တွေပေါ့။

ဒီတော့ မိမိအနေနဲ့ ဘယ်လမ်းကို လျှောက်လှမ်းချင်လဲ……..။ အတက်လမ်းကိုလား လျှောက်လှမ်းချင်သလား၊ အဆင်းလမ်းကိုပဲ လျှောက်လှမ်းချင်သလား၊ ပန်းခင်လမ်းကို သက်သက်သာသာ လျှောက်လှမ်းချင်သလား၊ ဆူးခင်းလမ်းကို ပင်ပင်ပန်းပန်း လျှောက်လှမ်းချင်သလား။ မိမိမှာ ရွေးချယ်ခွင့် အပြည့်အ၀ရှိပါတယ်။

အဆင်းလမ်းကတော့ လျောဆင်းသွားလိုက်ရုံပါပဲ။ လွယ်လွယ်ကူကူနဲ့ ခုန်ချလိုက်လို့လည်း ရပါတယ်။ အတက်လမ်းကို လျှောက်လှမ်းဖို့ကတော့ သိပ်ကို ခဲယဉ်းလွန်းလှပါတယ်။ လွယ်လွယ်ကူကူနဲ့ ခုန်တက်လို့ မရပါဘူး။ အထက်တက်ဖို့အတွက်တော့ လှေကားတော့ လိုပါလိမ့်မယ်။ ဒါကြောင့်လည်းပဲ လောကလူသားတွေဟာ အလွယ်လမ်းကိုပဲ လိုက်တတ်တာများပါတယ်။ အားစိုက်မထုတ်ရဘဲ လွယ်လွယ်ကူကူပဲ ခုန်ချသွားတတ်တာများပါတယ်။ ဒါကြောင့် အထက်လမ်းကို တက်လှမ်းသူ အရေအတွက်က အလွန်နည်းပြီး အဆင်းလမ်းကို သက်ဆင်းသွားသူတွေကတော့ အင်မတန်များပါတယ်။ ဒါကို ဗုဒ္ဓမြတ်စွာက အတက်လမ်းကို လျှောက်လှမ်းကာ တက်လှမ်းသွားသူက အလွန်နည်းပါးပြီး အဆင်းလမ်းကို လျှောက်လှမ်းသက်ဆင်းသွားသူများသာ မရေမတွက်နိုင်အောင် များတယ်ဆိုတာကို နခသိခသုတ်တော်မှာ ဟောကြားတော်မူခဲ့ပါတယ်။

တစ်ခါက ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်ရဲ့ လက်သည်းတော်ပေါ်မှာ မြေမှုန့်တို့ကို တင်ထားတော်မူပြီး ရဟန်းတို့ကို အခုလို မေးမြန်းတော်မူပါတယ်။

“ရဟန်းတို့………၊ မဟာပထ၀ီမြေကြီးပေါ်မှာ ရှိတဲ့ မြေမှုန့်တွေနဲ့ ငါဘုရား၏ လက်သည်းတော်ပေါ်မှာ တင်ထားတဲ့ မြေမှုန့် အဘယ်က ပိုများသလဲ”

“ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား….ရှင်တော်ဘုရား၏ လက်သည်းတော်ပေါ်မှာ တင်ထားတဲ့ မြေမှုန့်နဲ့ ဟောဒီ မဟာပထ၀ီမြေကြီးပေါ်မှာရှိတဲ့ မြေမှုန့်ဟာ ဘယ်လိုမှ နှိုင်းယှဉ်စရာ မရှိပါဘူးဘုရား…..၊ မဟာပထ၀ီမြေကြီးပေါ်က မြေမှုန့်ဟာ အဆမတန်များပြားပြီး ရှင်တော်ဘုရား၏ လက်သည်းတော်ပေါ်မှာ တင်ထားတဲ့ မြေမှုန့်ဟာ အင်မတန်မှ နည်းပါးလွန်းလှပါတယ်ဘုရား” ဆိုပြီးတော့ ရဟန်းတော်များက ပြန်လျှောက်ကြားကြပါတယ်။

ဒီတော့ ဗုဒ္ဓမြတ်စွာက “ချစ်သား ရဟန်းတို့……..၊ ထို့အတူပဲ တစ်နေ့တစ်နေ့မှာ သေဆုံးသွားကြတဲ့ သတ္တ၀ါအပေါင်းတို့တွင် သုဂတိဘုံသို့ ရောက်ကြကုန်သော သတ္တ၀ါတို့ကား ငါဘုရား၏ လက်သည်းတော်ပေါ်မှာ တင်ရှိနေတဲ့ မြေမှုန့်ကဲ့သို့ အလွန်နည်းလှကုန်၏။ အပါယ်ဒုဂ္ဂတိဘုံသို့ ကျရောက်ကြကုန်သော သတ္တ၀ါတို့ကား မဟာပထ၀ီမြေကြီးရှိ မြေမှုန့်တို့ကဲ့သို့ အလွန်တရာမှ များပြားလှကုန်၏။” လို့ ဟောကြားတော်မူခဲ့ပါတယ်။

တကယ်တော့ မိမိစိတ်ကို မိမိမပိုင်သူတွေ၊ မိမိစိတ်ကို မိမိမနိုင်သူတွေဟာ လွယ်ကူတဲ့ အဆင်းလမ်းကိုကို လျှောက်လှမ်းမိကြတာများပါတယ်။ အ၀ိဇ္ဇာပိတ်ဖုံးမှု့ကြောင့် မကောင်းတဲ့ ဒုစရိုက်အမှု့တွေကို ပြုလုပ်မိစေပြီးတော့ ကောင်းတဲ့ သုစရိုက်တရားတွေကို မပြုလုပ်မိအောင် အမှောင်ဖုံးလွှမ်းထားတာကြောင့်ပါ။ အရေးကြီးဆုံးကတော့ စိတ်ပဲ ဖြစ်ပါတယ်။ စိတ်ကခိုင်းစေတာကို လိုက်ပြီးလုပ်တတ်ကြပါတယ်။ ပြောတတ်ကြပါတယ်။ စိတ်ထားကောင်းတွေ မွေးဖို့၊ စိတ်ထားတွေ မပျက်စီးစေဖို့၊ မကောင်းတဲ့စိတ်တွေ မဖြစ်စေဖို့၊ မကောင်းတဲ့စိတ်တွေ မမွေးမိကြစေဖို့ အင်မတန်အရေးကြီးပါတယ်။ လောဘရဲ့စေရာ၊ ဒေါသရဲ့ ကြိုးဆွဲရာ၊ မောဟရဲ့ ဖုံးလွှမ်းရာနောက်ကို အစဉ်လိုက်နေတဲ့ စိတ်ကို သူတို့စေရာမပါအောင် မိမိစိတ်ကို ပိုင်အောင်၊ မိမိစိတ်ကို နိုင်အောင် အားထုတ်နိုင်ပါမှ အထက်လမ်းကို ရောက်မှာပါ။

တစ်ခါက ဗုဒ္ဓမြတ်စွာသည် အနာထပိဏ်သူဌေးကြီးကို “သူကြွယ်…..စိတ်ပျက်စီးရင် ကိုယ်မှု၊ နှုတ်မှု့၊ စိတ်မှု့တို့ကို ပျက်စီးစေတယ်၊ ကံသုံးပါး ပျက်စီးနေတဲ့သူရဲ့ သေခြင်းဟာလည်း ကောင်းတဲ့သေခြင်း မဖြစ်ဘူး။ စိတ်မပျက်စီးရင် ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့လည်း မပျက်စီးနိုင်ဘူး၊ ကံသုံးပါး မပျက်စီးတဲ့သူရဲ့ သေခြင်းဟာ ကောင်းတဲ့သေခြင်းဖြစ်တယ်။” လို့ အင်္ဂုတ္တရနိကာယ် ဗျာပန္နသုတ်တော်မှာ ဟောတော်မူခဲ့ပါတယ်။

မကောင်းတဲ့စိတ်တွေဖြစ်နေပြီဆိုရင် စိတ်ဓာတ်တွေ ပျက်စီးနေပြီဆိုရင် လုပ်သမျှ ပြောသမျှ ကြံသမျှဟာလည်းပဲ မကောင်းတဲ့ အလုပ် မကောင်းတဲ့ အပြော မကောင်းတဲ့ အကြံတွေပဲ ဖြစ်လာမှာမလွဲပါဘူး။ မကောင်းတဲ့ အလုပ် မကောင်းတဲ့ အပြော မကောင်းတဲ့ အကြံတွေကို လုပ်မိ ပြောမိ ကြံမိရင် ဘာဖြစ်မှာလဲလို့ မေးစရာရှိလာပါတယ်။ ဒီအတွက်လည်း ဗုဒ္ဓမြတ်စွာက အရှင်အာနန္ဒာကို အခုလို ဟောကြားတော်မူခဲ့ပါသေးတယ်။

“ချစ်သား အာနန္ဒာ………. ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်တို့ကို ၊ငါဘုရားက စင်စင်အားဖြင့် မပြုအပ်ဘူးလို့ ဟောကြားထားတော်မူတယ်။”

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား…..မြတ်စွာဘုရားက စင်စစ်မပြုအပ်ဘူးလို့ ဟောကြားထားတော်မူတဲ့ ဒီ ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တွေကို ပြုလုပ်ရင် ဘာတွေများဖြစ်လာမလဲလို့ မျှော်လင့်ရပါသလဲဘုရား။”

“ချစ်သား အနန္ဒာ….၊ ငါဘုရားက စင်စစ်မပြုအပ်ဘူးလို့ ဟောကြားထားတဲ့ မကောင်းတဲ့ ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုလုပ်ရင် မိမိကိုယ်တိုင်လည်း စွပ်စွဲတယ်၊ ပညာရှိတို့ကလည်း ကဲ့ရဲ့ကုန်တယ်၊ မကောင်းတဲ့သတင်း ကျော်စောခြင်းလည်းဖြစ်တယ်။ သေတဲ့အခါမှာလည်း တွေဝေပြီးသေရတယ်၊ သေပြီးတဲ့ နောက်မှာလည်း အပါယ်ငရဲမှာ ကျရောက်တတ်တယ်။ ဒီအပြစ်တွေကို မလွဲမသွေ မုချရရှိလိမ့်မယ်လို့ မျှော်လင့်အပ်တယ် ချစ်သား”

“အပြစ်ကင်းတဲ့ ကာယသုစရိုက် ၀စီသုစရိုက် မနောသုစရိုက်တို့ကို ပြုလုပ်မယ်ဆိုရင်တော့ ထိုကောင်းမှု့တွေအတွက် သေလွန်ပြီးတဲ့နောက်မှာ သုဂတိဘုံဘ၀သို လားရောက်ရတယ်။”လို့ ဟောကြားပါတယ်။

ဗုဒ္ဓမြတ်စွာရဲ့စကားတော်ကို ကြည့်ခြင်းအားဖြင့် စိတ်ဓာတ်တွေပျက်စီးပြီး ဒုစရိုက်အမှု့တွေကို လွန်ကျူးမိကြသူများဟာ အဆင်းလမ်းဖြစ်တဲ့ ငရဲလမ်းကို လျှောက်လှမ်းရမယ်ဆိုတာ နားလည်နိုင်ပါတယ်။

အထက်ကို တက်လှမ်းဖို့အတွက် လှေကားတစ်ခုတော့ လိုတယ်လို့ အထက်မှာဆိုခဲ့ပါတယ်။ ဘယ်လိုလှေကားမျိုးလဲဆိုတာကတော့ သီလလှေကားကို ဆိုလိုတာပါ။ “သုဂတိဘုံသို့ တက်လှမ်းဖို့ရာ သီလနဲ့တူတဲ့ စောင်းတန်းလှေကားဆိုတာ မရှိပါဘူး။ နိဗ္ဗာန်ရွှေပြည်တော်ကြီးသို့ ၀င်ရောက်ဖို့ဆိုတာလည်း သီလနဲ့တူတဲ့ တံခါးပေါက်ဆိုတာ မရှိပါဘူး။” လို့ ဗုဒ္ဓဟောကြားတော်မူခဲ့ပါတယ်။

ဒီတော့ အထက်လမ်းကို တက်လှမ်းဖို့ကတော့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်။ သီလဆိုတာက ကိုယ်နှင့် နှုတ်ကို စောင့်ထိန်းခြင်းလို့ဆိုပါတယ်။ ကိုယ်ဖြင့် ကာယဒုစရိုက်သုံးပါးကို မလွန်ကျူးမိစေဖို့၊ နှုတ်ဖြင့် ၀စီဒုစရိုက်လေးပါးကို မဖောက်ပြားမိစေဖို့ စောင့်ထိန်းသင့်ပါတယ်။ ဒါကြောင့် လူပုဂ္ဂိုလ်များအနေနဲ့ဆိုရင်လည်း အနည်းဆုံးငါးပါးသီလကိုတော့ ခါးဝတ်ပုဆိုးကဲ့သို့ လုံခြုံအောင် မြဲမြံအောင် စောင့်ထိန်းသင့်ပါတယ်။ ရဟန်းပုဂ္ဂိုလ်များအတွက်လည်း ရဟန်းသီလကို မပျောက်ပျက်အောင် စောင့်ထိန်းသင့်ပါတယ်။ အဘိဓမ္မာသဘောအရ ကိုယ်ဖြင့် ပြုလုပ်ခြင်း နှုတ်ဖြင့်ပြောဆိုမိခြင်းဆိုတာတွေဟာ စိတ်ကြောင့်သာ ဖြစ်လာရတာမို့ မိမိရဲ့စိတ်ကို ကောင်းမြတ်တဲ့စိတ်ထားဖြစ်ဖို့ကလည်း အင်မတန်မှ အရေးကြီးပါတယ်။

စိတ်တွေ အပြစ်ကင်းနေမယ်ဆိုရင်၊ စိတ်တွေသန့်စင်နေမယ်ဆိုရင်၊ စိတ်ထားတွေ စင်ကြယ်နေမယ်ဆိုရင် အလုပ်ကောင်း အပြောကောင်းတွေကို လုပ်မိ ပြောမိလာမှာပါ။ အလုပ်ကောင်းတွေ အပြောကောင်းတွေ ပြောဆိုမိလာပြီဆိုရင်လည်း အပြစ်ကင်းတဲ့ သီလကုသိုလ်တွေ ပြုလုပ်ရာ စောင့်ထိန်းရာရောက်တဲ့အတွက်ကြောင့် အထက်လမ်းကို မုချ ရောက်ရှိမှာသေချပါတယ်။

သေမင်းနဲ့ အချိန်းအချက် ရက်အတိအကျမရှိတာကြောင့် အချိန်မရွေးသေခြင်းတရားနဲ့ ကြုံတွေ့နိုင်ပါတယ်။ ဒီတော့ မကောင်းတဲ့ အလုပ်တွေလုပ်နေရင်း၊ မကောင်းတဲ့ စကားတွေ ပြောဆိုရင်း အပြစ်မကင်းတဲ့ အတွေးတွေ တွေးကြံနေရင်းသာ တစ်နေ့တာကို အချိန်မကုန်စေသင့်ပါဘူး။ တွေးမိ ပြောမိ လုပ်မိနေတယ်ဆိုရင်လည်း သတိတရားလေးကပ်ပြီး ချက်ချင်း ပယ်ဖျောက်နိုင်အောင် ကြိုးစားအားထုတ်ရပါမယ်။ မကောင်းတဲ့ အလုပ်တွေကို ပယ်ဖျောက်ပြီးတဲ့နောက်မှာတော့ ချက်ချင်းပဲ ကောင်းတဲ့ အလုပ်တွေ၊ အကျိုးရှိတဲ့ ကောင်းတဲ့ စကားတွေ ကောင်းမြတ်တဲ့ အတွေးတွေကို တွေးဖို့ ပြောဖို့ လုပ်ဖို့လိုပါတယ်။

လောကကြီးကို စိတ်ကဦးစီးဦးဆောင်ပြုနေတယ်ဆိုတော့ အဓိကကတော့ စိတ်ကိုသာ စင်ကြယ်အောင် အမြဲတမ်း သီလတရားနဲ့ ဆေးကြောဖို့ သန့်စင်အောင် လုပ်ဖို့ လိုအပ်ပါတယ်။

မိမိဟာ လမ်းစုံတစ်နေရာမှာ ရောက်ရှိနေပါပြီ……..။ အဆင်းလမ်းကို လျှောက်လှမ်းချင်စိတ်ရှိတယ်ဆိုရင်တော့ အဆင်းလမ်းကို သင်ရွေးချယ် လျှောက်လှမ်းလို့ရပါတယ်။ အထက်လမ်းကို တက်လှမ်းဖြတ်သန်းချင်တယ်ဆိုရင်တော့ မိမိရဲ့စိတ်လေးကို အပြစ်ကင်းတဲ့စိတ်၊ သန့်ရှင်းတဲ့ စိတ်၊ မပျက်စီးတဲ့စိတ်လေးဖြစ်စေပြီး ဒါန၊ သီလ၊ ဘာဝနာ မြတ်ကောင်းမှု့ လုပ်ငန်းတွေကို ပြုလုပ်လိုက်ဖို့ပါပဲလေ…………။

ဓမ္မဖြင့်ဘဝကိုတည်ဆောက်မယ်


သတ္တဝါမှန်သမျှ မိမိတို့၏ ဘဝကို လှပလိုကြ၏။ လှပသည့် ဘဝကိုတည်ဆောက်လိုကြ၏။ သာယာသည့်ဘဝ၊ အေးချမ်းသည့်ဘဝ၊ ဘေးမသန်းသည့်ဘဝကို လိုလားကြ၏။ ထို့ကြောင့်လည်း ထိုထိုဘဝ လှပစေရန် နည်းအမျိုးမျိုးဖြင့် ပုံဖော်ကြ၊ တည်ဆောက်ကြ၊ ဖန်တီးကြခြင်း ဖြစ်၏။ အချို့က ဘဝကို ကာယဖြင့် တည်ဆောက်ကြ၏။ အချို့က ဓနဖြင့် တည်ဆောက်ကြ၏။ အချို့က ဉာဏဖြင့် တည်ဆောက်ကြ၏။ အချို့က အရှိန်အဝါဖြင့် တည်ဆောက်ကြ၏။ အချို့က ဂုဏ်ပကာသနဖြင့် တည်ဆောက်ကြ၏။ မည်သည့်နည်းဖြင့် မည်သို့ပင် တည်ဆောက်ထားသော်လည်း ထိုတည်ဆောက်မှုများတွင် ဓမ္မမပါလျှင်ကား အခိုက်အတန့်မျှသာ တည်ဆောက်နိုင်၏။ ဓမ္မ“အား”ဖြင့် ပံ့ပိုးမထား၊ ထိန်းချုပ်မထားလျှင် ထိုထိုနည်းဖြင့် တည်ဆောက်ထားသည့် ဘဝအမျိုးမျိုးသည် ရေရှည်တည်တံ့ရန် မလွယ်ကူလှပေ။ ပစ္စုပ္ပန် သံသရာ လှပစေရန် တည်ဆောက်ထားမှု မဖြစ်နိုင်လှပေ။ ဓမ္မပါမှ ဘဝသာယာပြီး အလှဖြာနိုင်မည် ဖြစ်၏။ ထို့ကြောင့် ယခုမျက်မှောက်ဘဝမှသည် နောင်သံသရာ၊ ထိုမှနိဗ္ဗာန်တိုင်အောင် သာယာလှပသည့် ဘဝကို တည်ဆောက်လိုသူများသည် ဓမ္မဖြင့် ဘဝကို တည်ဆောက်သင့်ကြောင်း ဆိုခြင်း ဖြစ်၏။

လူအတော်များများက ဓမ္မဟုဆိုလာလျှင် အသက်ကြီးသူများ၊ သေခါနီးသူများ၊ ဘဝကူးကောင်းလိုသူများ စသူတို့ အတွက်သာ လိုအပ်သည်ဟု ထင်မှတ်တတ်၏။ အထူးသဖြင့် ပညာရှာနေကြသည့် ပထမအရွယ် လူငယ်များ၊ ဥစ္စာရှာနေကြသည့် ဒုတိယအရွယ် လူရွယ်များက မိမိတို့၏ အရွယ်များသည် ဓမ္မရှာရမည့်အရွယ် မဟုတ်၊ ဓမ္မရှာရမည့် အရွယ်သည် အိုမင်းမစွမ်းဖြစ်လာသည့် တတိယအရွယ်သာ ဖြစ်သည်ဟု ခံယူထားတတ်ကြ၏။ ထို့ကြောင့်လည်း ပညာရှာနေသည့်အချိန်၊ ဥစ္စာရှာနေသည့် အချိန်များတွင် ဓမ္မဖြင့် ဝေးနေကြပြီး ဓမ္မအားမပါဘဲ မိမိတို့၏ အရွယ်များကို တည်ဆောက်နေကြခြင်း ဖြစ်၏။ ပြဿနာမှာ ဓမ္မမပါဘဲ တည်ဆောက်ထားသဖြင့် ပထမအရွယ်တွင်လည်း ဘဝကို ကောင်းစွာတည်ဆောက်နိုင်ခြင်း မရှိသကဲ့သို့ ဒုတိယအရွယ်တွင်လည်း ဘဝမှာ ဖရိုဖရဲ ပြန့်ကြဲနေမြဲသာ ဖြစ်နေသည့် အချက်ပင်ဖြစ်၏။ တတိယအရွယ်ရောက်လာမှ ဘဝကို ဓမ္မဖြင့် တည်ဆောက်ကြစို့ဟု ဆိုပြန်သော်လည်း အိုမင်းမစွမ်း ဖြစ်လာမှုက “အိုရင်မင်း မစွမ်းတော့ဘူး”ဟု ဆိုသကဲ့ဖြစ်ကာ အနှစ်ရှာမရဘဲ ဖြစ်နေတတ်ကြပေ၏။

စင်စစ်ဓမ္မသည် ဘဝသာဖြစ်၏။ ဓမ္မပါမှ ဘဝသာယာမည်ဖြစ်ပြီး အလှဖြာနိုင်မည် ဖြစ်၏။ ဘဝကို တည်ဆောက်ရာတွင် ဓမ္မကို အခြေပြုမှ ဘဝလူနေမှုတွင်လည်း အစစအရာရာ အဆင်ပြေမှုများ ဖြစ်စေနိုင်ပေ၏။ ဘဝထဲတွင် ဓမ္မတွဲနေမှ ဘဝလည်း မလွဲမသွေ တည့်မတ်နေမည် ဖြစ်၏။ ဤ၌ဆိုလိုသည့် ဓမ္မဟူသည် အကျင့်သိက္ခာ၊ တည်ကြည်မှုနှင့် ပညာဉာဏ်ရှိမှုများကို ဆိုလိုခြင်း ဖြစ်၏။ စာစကားဖြင့် ပြောလျှင် သီလ၊ သမာဓိ၊ ပညာ ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ် တရားများပင်ဖြစ်၏။ ဘဝကို တည်ဆောက်ရာတွင် ကိုယ်ကျင့်တရားသည် အလွန်အရေးကြီးလှ၏။ ထိုအတူ စိတ်ကိုတည်တည်ငြိမ်ငြိမ် ဖြစ်စေမည့် တည်ကြည်မှု သမာဓိတရားနှင့် အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်ကို နှိုင်းချိန်နိုင်သည့် ပညာဉာဏ်သည်လည်း အထူးလိုအပ်လှ၏။ ထိုသို့သော အကျင့်တရား၊ တည်ကြည်မှုအားနှင့် ဆင်ခြင်မှုအားကို အခြေခံကာ ဘဝကို တည်ဆောက်ထားသင့်၏။ ထိုတရားများကို လက်ကိုင်ထားပြီး တည်ဆောက်ထားသည့် ဘဝသည် မည်သည့်အချိန်တွင် မည်သို့ပင် ပြောင်းလဲဖောက်ပြန်သော်လည်း တုန်လှုပ်မှုမရှိ၊ ကြောက်ရွံ့မှုမရှိဘဲ အရာအားလုံးကို ကျော်လွှားကာ အကောင်းဆုံး အနေအထားတွင် ရှိနေတတ်ပေ၏။ ဓမ္မကို အခြေခံကာ တည်ဆောက်ထားသည့် ဘဝသည် အတက်အကျ အနိမ့်အမြင့်ဟူသည့် လောကဓံဒီလှိုင်း၏ ရိုက်ပုတ်မှုဒဏ်ကို ကြံ့ကြံ့ခံကာ လိုရာပန်းတိုင် အရောက်လှမ်းနိုင်၏။ လောကဓံနှင့် ကြုံလာလျှင် တုန်လှုပ်မှုမရှိသည့် ဘဝသည် ကြံ့ခိုင်သည့်ဘဝ၊ အားရှိသည့်ဘဝ၊ တည်ငြိမ်သည့် ဘဝသာ ဖြစ်သဖြင့် ထိုကဲ့သို့သော ဘဝမျိုးကို တည်ဆောက်နိုင်ရန် ဓမ္မကိုသာ အခြေခံကြရမည် ဖြစ်ပါ၏။

သို့သော် ခက်သည်မှာ လူအတော်များများက လက်တွေ့တွင် ဘဝကို ဓမ္မမပါဘဲ တည်ဆောက်နေကြခြင်းပင်ဖြစ်၏။ ဓမ္မကို လစ်လျူရှုကာ မမြဲသည့် ရုပ်ပိုင်းဆိုင်ရာများဖြင့် ဖန်တီးတတ်ကြခြင်းပင်ဖြစ်၏။ စည်းစိမ်ဥစ္စာဖြင့် ဘဝကို တည်ဆောက်သူများ၊ ရာထူးဂုဏ်ဖြင့် ဘဝကို တည်ဆောက်သူများ၊ လောကီပညာရပ်များဖြင့် ဘဝကို တည်ဆောက်သူများအဖြစ် တဒင်္ဂဘဝကို တည်ဆောက်ကာ ဓမ္မကို ဘေးဖယ်ထားတတ်ကြခြင်းပင်ဖြစ်၏။ အချို့မှာ ဓမ္မမပါဘဲ ခဏတာဖြစ်သည့် စည်းစိမ်ဥစ္စာများဖြင့် ဘဝကို တည်ဆောက်နေကြသဖြင့် စည်းစိမ်ဥစ္စာကို အမှီပြု၍ မာန်မာနတက်တတ်ကြသကဲ့သို့ ထိုစည်းစိမ်ဥစ္စာများ ပျက်သွားသည့် အခါတွင်လည်း အလွန်သောက ဖြစ်တတ်ကြပြန်၏။ အချို့လည်း ဘဝကို ဓမ္မမပါဘဲ ရာထူးပါဝါများ၊ လောကီအတတ်ပညာများဖြင့် တည်ဆောက်နေကြသဖြင့် ထိုဂုဏ်များကို အမှီပြု၍ ဂုဏ်မောက်ကာ အမှန်ပျောက်နေ တတ်ကြသကဲ့သို့ ထိုဂုဏ်များပျောက်သည့် အခါတွင်လည်း ဓမ္မမရှိသဖြင့် ဖြေဆည်ရာလည်း မရှိဘဲ ဖြစ်တတ်ကြပြန်၏။

အမှန်အားဖြင့် ဘဝတွင် စည်းစိမ်ဥစ္စာများ၊ အတတ်ပညာများ၊ ရာထူးဂုဏ်သိန်များ မည်မျှပင် မြင့်မားများပြား နေသော်လည်း သီလ၊ သမာဓိ၊ ပညာဟူသည့် သိက္ခာသုံးပါး အကျင့်တရား ရှားပါးလျှင်ကား ထိုမြင့်မားသည့် အရာများဟု ထင်နေတတ်သည့် ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာစသည်များဖြင့် တည်ဆောက်ထားသည့် ဘဝသည် အချည်းနှီးသာ ဖြစ်နေပေ၏။ သိက္ခာသုံးပါးဖြင့် အားဖြည့်ထားမှု မရှိသည့် ဘဝသည် စည်းမဲ့ကမ်းမဲ့ ဖြစ်တတ်သကဲ့သို့ ဖရိုဖရဲလည်းဖြစ်တတ်ကာ အမှားအမှန်လည်း မခွဲခြားတတ်ဘဲ ဖြစ်နေတတ်ပေ၏။ မှန်၏။ ဘဝတစ်ခုကို တည်ဆောက်ရာတွင် စည်းမဲ့ကမ်းမဲ့ မဖြစ်ရေးအတွက် သီလသိက္ခာသည် အထူးလိုအပ်လှ၏။ သီလဟုဆိုလျှင် အတော်များများက ငါးပါးရှစ်ပါး ကိုးပါးဆယ်ပါးစသည့် သိက္ခာပုဒ်များကိုသာ ပြေးမြင်တတ်၏။ စင်စစ် မိမိတို့ ကျင်လည်နေကြရသည့် နေ့စဉ်ဘဝများတွင် ကိုယ်အမူအရာများဖြင့် မိမိသူတပါး မထိခိုက်အောင်၊ နှုတ်စကားဖြင့် မိမိသူတပါး မထိပါးအောင် ထိန်းသိမ်းနေထိုင်ခြင်း၊ သူ့ကျောင်းနေ သူ့စာအံ ဆိုသကဲ့သို့ နေရာဌာနအသီးသီးတွင် ချမှတ်ထားသည့် စည်းကမ်းများကို စောင့်စည်းနေထိုင်ခြင်း စသည်များသည်လည်း သီလတရားများပင် ဖြစ်ပါ၏။ ထိုသို့ ကိုယ်နှုတ်အမူအရာများနှင့် မိမိသူတပါး မထိခိုက်အောင် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းနေထိုင်ခြင်းသည် ဓမ္မကို အခြေခံထားသည့် ဘဝတည်ဆောက်မှုပင် ဖြစ်ပေ၏။

ထို့အတူ ဘဝကိုတည်ဆောက်ရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် ခိုင်မာမှု ရှိစေရန် သမာဓိသိက္ခာကို အားပြုပေးရန် လိုအပ်လှ၏။ သမာဓိ၏ သဘောသည် တည်ကြည်ခြင်း ဖြစ်သဖြင့် သမာဓိကို အခြေခံထားသည့် ဘဝတည်ဆောက်မှုသည် ဟိုလိုလိုဒီလိုလို ဟိုမရောက်ဒီမရောက် ဖြစ်တတ်သည့် စိတ်အစဉ်ကို တည်တည်ငြိမ်ငြိမ် ဖြစ်စေရန် ထောက်ပံ့ပေးနိုင်မည် ဖြစ်၏။ ခိုင်မာသည့် စိတ်ဖြင့် မယိမ်းမယိုင်သည့် ဘဝတည်ဆောက်မှု ဖြစ်ရန် သမာဓိက အထောက်အကူ ပေးနိုင်မည်ဖြစ်၏။ ဘဝတည်ဆောက်ရာတွင် အာရုံအမျိုးမျိုးဖြစ်နေသည့် စိတ်အစဉ်ကို အာရုံတစ်ခုတည်းတွင် စူးစိုက်မှုပေးနိုင်ရန် သမာဓိဖြင့် အားပြုပေးရမည် ဖြစ်၏။ ထိုသို့ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရှိရှိ တည်ဆောက်ထားသည့် ဘဝသည် ဓမ္မကို အခြေပြုကာ တည်ဆောက်ထားခြင်း ဖြစ်သဖြင့် ဓမ္မကို လက်တွေ့ဘဝတွင် အသုံးချလိုက်ခြင်းမျိုးလည်းဖြစ်ကာ ဓမ္မဖြင့် ဘဝကို တည်ဆောက်ခြင်းမျိုးလည်း ဖြစ်နေပေ၏။

ထို့အပြင် ဓမ္မဖြင့် ဘဝကို တည်ဆောက်ရာတွင် စည်းကမ်းတကျ၊ တည်တည်ငြိမ်ငြိမ် ရှိရုံဖြင့် မလုံလောက်သေးဘဲ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန်လည်း လိုအပ်လှ၏။ ထိုသို့ မှန်ကန်သည့် ရွေးချယ်မှုဖြင့် ဘဝကို တည်ဆောက်နိုင်စေရန် ပညာသိက္ခာကို အားပြုပေးရမည် ဖြစ်၏။ ပညာသည် လောကီပညာ၊ လောကုတ္တရာ ပညာဟု နှစ်မျိုးရှိရာတွင် ဉာဏ်နှင့်ယှဉ်သည့် ပညာသည် အကောင်းအဆိုး၊ အကြောင်းအကျိုးနှင့် အမှားအမှန်ကို ခွဲခြားစိစစ်ပေးနိုင်သဖြင့် မှန်ကန်သည့် ဘဝတစ်ခု တည်ဆောက်နိုင်ရေးအတွက် ပညာတရားသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေပေ၏။ ထို့ထက် တစ်ဆင့်တက်၍ တရားဘာဝနာ အားထုတ်သဖြင့် ရရှိလာသည့် အသိဉာဏ်ပညာ ဆိုလျှင်ကား ဘဝတွင်အကောင်းဆုံး အထောက်အပံ့ကို ပေးနိုင်မည်ဖြစ်ပြီး မည်သို့သော အခြေအနေမျိုး ဖြစ်ပါစေ အလွယ်တကူ ကျော်လွှားကာ မိမိစိတ်ကို မိမိအနိုင်ယူနိုင်သည်အထိ ပံ့ပိုးပေးနိုင်မည် ဖြစ်၏။

မှန်၏။ ကိုယ်ကျင့်တရားကို ထိန်းသိမ်းထားခြင်း၊ တရားအလုပ်ကို အားထုတ်ထားခြင်းဖြင့် ဘဝကို တည်ဆောက် ထားသူများသည် ဘဝတွင် တွေ့ကြုံရတတ်သည့် အတက်အကျ၊ အနိမ့်အမြင့်၊ အကောင်းအဆိုး၊ ချီးမွန်းကဲ့ရဲ့၊ ရှိခြင်းမရှိခြင်း စသည့် လောကဓံများကို ဓမ္မအားဖြင့် တုန်လှုပ်ခြင်းမရှိ အလွယ်တကူ ကျော်လွှားနိုင်၊ ဘဝ၏ အခက်အခဲများကို ကြံကြံခံနိုင်ကြပြီး အရာရာသည် အမြဲမရှိခြင်းဟူသော သဘောအမှန်ကို သိရှိထားသဖြင့်လည်း မိမိတို့၏ စိတ်များကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်ကြ၏။ အကယ်၍ ဘဝကို ဓမ္မဖြင့် တည်ဆောက်ထားခြင်း မရှိပါက လောကဓံတရားများကြောင့် အမှားများရောက်ကာ ဘဝဟာလည်း အစစအရာရာ အဆင်မပြေဘဲ ဖြစ်နေတတ်၏။ မည်သို့ပင်ဆိုစေ အကောင်းဆုံးကား ဓမ္မဖြင့် ဘဝကို တည်ဆောက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။

ဆိုလိုသည်မှာ နည်းအမျိုးမျိုးဖြင့် ဘဝအမျိုးမျိုးကို တည်ဆောက်ကြရာတွင် မှန်ကန်သည့် ဘဝတည်ဆောက်မှု ဖြစ်စေရန် ဘဝတွင် ဓမ္မဖြင့် အလှဆင်ကာ ဓမ္မဖြင့်အားပြုပြီး ဓမ္မကို အခြေခံထားရမှာ ဖြစ်ကြောင်း၊ ဓမ္မမပါသည့် ဘဝသည် စည်းမဲ့ကမ်းမဲ့ဖြစ်ကာ ဖရိုဖရဲနိုင်လှပြီး အမှားအမှန်ကို ခွဲခြားနိုင်ခြင်း မရှိသဖြင့် ထိုသို့သော ဘဝမျိုးမဖြစ်ရအောင် သီလ၊ သမာဓိ၊ ပညာဟူသည့် သိက္ခာသုံးပါး အကျင့်တရားများ လက်ကိုင်ထားကာ လက်တွေ့ဘဝထဲမှာ ဓမ္မကိုတွဲ၍ တည်ဆောက်ကြရမှာ ဖြစ်ကြောင်း၊ ဘဝကို တည်ဆောက်ကြရာတွင် အကျင့်သီလပိုင်း၊ စိတ်တည်ကြည်မှုအပိုင်း၊ အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားဝေဘန်နိုင်မှု အပိုင်းများမှာ အလွန်အရေးကြီးသည့် အခန်းကဏ္ဍများဖြစ်ပြီး ထိုကဏ္ဍများသည် ဓမ္မကတွဲပေးနိုင်သည့် အပိုင်းများဖြစ်သဖြင့် ဓမ္မကို အခြေခံကာ ဘဝကို တည်ဆောက်ရမှာဖြစ်ကြောင်း စသည်ဖြင့် ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် သာယာသည့်ဘဝ၊ ငြိမ်းချမ်းသည့်ဘဝ၊ အပြစ်ကင်းသည့်ဘဝ စသည်ဖြင့် ဘဝအမျိုးမျိုးကို နည်းအမျိုးမျိုးဖြင့် တည်ဆောက်ကြသူများသည် မိမိတို့၏ ဘဝတွင် အမှန်ပင် ငြိမ်းချမ်းသည့် ဘဝတစ်ခု၊ သာယာသည့် ဘဝတစ်ခု၊ အပြစ်ကင်းသည့် ဘဝတစ်ခုကို တည်ဆောက်နိုင်ရန် ကာယအား၊ ဓနအား၊ ဂုဏ်ပကာသန အားများထက် ဓမ္မအားကို အသုံးပြုကာ ဓမ္မအားဖြင့် အားပြုပြီး ဓမ္မကို အခြေခံသည့် ဘဝအဖြစ် တည်ဆောက်ကြရမည် ဖြစ်သဖြင့် ဘဝကို ဓမ္မဖြင့် တည်ဆောက်နိုင်အောင်သာ ကြိုးစားသင့်ပါကြောင်း အသိပေး တိုက်တွန်းရင်း လက်တွေ့ဘဝကို ဓမ္မဖြင့်တွဲကာ ဖန်တီးတည်ဆောက်နိုင်ကြစေရန်လည်း ဆန္ဒပြုလိုက်ရပါသည်။

မြတ်ဗုဒ္ဓ၏ထူးခြားချက်များ



ဗုဒ္ဓသည် ကျန်းမာတောင့်တင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပိဋကတ်စာပေ၌ ထင်ရှား၏ ။

ဘုရားမဖြစ်မီက ခြောက်နှစ်တိုင်တိုင် ပြင်းထန်သောအကျင့်ကို ဆင်းရဲ ငြိုငြင်စွာ ကျင့်နိုင်ခဲ့ခြင်း ၊

အသက် ၈၀ အထိ တစ်နေရာမှ တစ်နေရာသို့ ခြေလျင်ခရီးလှည့်လည်၍ တရားဟောပြောခြင်း ၊

အိုမင်းသောအရွယ်၌ ရောဂါဝေဒနာ အပြင်းအထန် ခံစားပြီးသည့်နောက်၌ပင် မိုင်ပေါင်းများစွာဝေး

သော ကုသိနာရုံ သို့ ခြေလျင်ကြွသွားခြင်း စသည်တို့ကို ထောက်ချင့်၍ ဗုဒ္ဓသည် ကိုယ်ခန္ဓာ အထူးကြံ့

ခိုင် တောင့်တင်းကြောင်း ယုံမှားဖွယ်ရာ မရှိချေ ။

ထိုမျှ ထူးထူးခြားခြား ကိုယ်လက်ကျန်းမာ တောင့်တင်းမှုသည် အကြောင်းအမျိုးမျိုး

ကြောင့် ဖြစ်၏ ။ ဗုဒ္ဓသည် အစားအသောက်၌ မယုတ်မလွန် ခြိုးခြံ၏ ။

" ရဟန်းတို့ ၊ ငါသည် ညစာမစားသောကြောင့် ကျန်းမာ၍ အနာရောဂါကင်း၏ ။ ကိုယ်လက်

ကြံ့ခိုင်၍ ချမ်းသာစွာနေရ၏ ။ " ( မဇ္စျိမနိကာယ် ၊ ကိဋာဂီရိသုတ် )

လောက၌ ကျန်းမာ၍ အသက်ရှည်သောသူတို့သည် အများအားဖြင့် ဘ၀ ရည်ရွယ်ချက်

တစ်ခုခုရှိ၍ မနားမနေ အလုပ်လုပ်သော သူများဖြစ်၏ ။ ဗုဒ္ဓသည် လူသတ္တ၀ါတို့ကို သံသရာဝဋ်

ဆင်းရဲမှ ကယ်ချွတ်ရန် ရည်ရွယ်၍ ပရိနိဗ္ဗာန်ပြုခါနီးသောအခါ၌ပင် သုဘဒ္ဒရဟန်းအား ဟော

ပြော ဆုံးမတော်မူခဲ့သေးသည် မဟုတ်ပါလော ။

ဗုဒ္ဓအား အထူးကျန်းမာ အသက်ရှည်စေသော အဓိကအကြောင်းတရားမှာ ကိလေသာမီး

အားလုံး ငြိမ်းသတ်ပြီး၍ ထာဝရ စိတ်ငြိမ်းချမ်းသာမှုဖြစ်၏ ။ တစ်ခါသော် ဗုဒ္ဓသည် အာဠ၀ီပြည် နွား

တို့သွားရာ ဖြစ်သော လမ်းနံဘေးရှိ ရင်းတိုက်တောအတွင်း သစ်ရွက်အခင်း၌ သီတင်းသုံးတော်မူ၏ ။

အာဠ၀ီမင်းသားသည် လှည့်လည်သွားလာရင်း ဗုဒ္ဓကိုမြင်လေသော် အနီးသို့ ချဉ်းကပ်ပြီးလျှင်

" မြတ်စွာဘုရား ၊ အရှင်ဘုရားသည် ချမ်းသာစွာ အိပ်စက်တော်မူရပါ၏လော " ဟုမေးလျှောက်၏ ။

ဗုဒ္ဓက " မင်းသား ၊ ငါသည် ချမ်းသာစွာ အိပ်ရပေသည် " ဟု ပြန်ပြော ၏ ။

ထိုအခါမင်းသားသည် များစွာ အံ့သြ၍ " အရှင်ဘုရား ၊ ယခုအချိန်အခါသည် ဆောင်းဥတု

ဖြစ်၍ အလွန်အေးချမ်းလှပါ၏ ။ မြေသည် နွားခွာရာတို့ဖြင့် ကြမ်းတမ်းလှပါ၏ ။ သစ်ရွက်အခင်း

သည် ပါးလွန်းလှပါ၏ ။ သစ်ပင်မှ သစ်ရွက်တို့သည် ကျဲရရဲရှိကြပါကုန်၏ ။ အရပ်လေးမျက်နှာမှ

အေးမြသော လေတိုက်ခတ်၍ ဆီးနှင်းတို့ တဖွဲဖွဲ ကျလျက်ရှိပါ၏ ။ သို့ဖြစ်ပါလျက် ငါသည် ချမ်းသာ

စွာ အိပ်ရသည် ဟု အရှင်ဘုရား မိန့်တော်မူဘိ၏ ။ " ဟု လျှောက်၏ ။

ထိုအခါ ဗုဒ္ဓက လောက၌ ကာမဂုဏ်ခံစား၍ နူးညံ့သောနေရာ အိပ်ယာ၌ အိပ်ရသော်

လည်း ကိလေသာမီးတောက်လောင်နေသောသူသည် ချမ်းသာစွာ အိပ်ရမည် မဟုတ်ကြောင်း ၊ မိမိ

မှာ ကိလေသာ ရာဂမီး ပယ်သတ်ပြီးပြီ ဖြစ်၍ မည်သည့်နေရာမျိုး၌မဆို ချမ်းသာစွာ အိပ်စက်ရ

ကြောင်း မိန့်တော်မူလေသည် ။ ( အင်္ဂုတ္တရနိကာယ် ၊ တိကဒဟတ္ထာဠ၀ကသုတ် )

ဗုဒ္ဓ၏ စိတ်ငြိမ်းအေးချမ်းမှုသည် ရုပ်လက္ခဏာ အဆင်းသဏ္ဍာန်၌ အမြဲထင်ဟပ်ပေါ်လွင်နေ

မည်ဖြစ်၏ ။ သို့ဖြစ်၍ ဗုဒ္ဓကို ပထမ အကြိမ်တွေ့မြင်ရသော ဥပကတက္ကတွန်းက " ငါ့ရှင် ၊ သင်သည်

မည်သူဖြစ်သနည်း ၊ သင်၏ က္ကနြေ္ဒတို့သည် ကြည်လင်လှ၏ ။ အရေအဆင်းသည် စင်ကြယ်၍ ပြိုးပြိုး

ပြက်ပြက် ရှိ၏ ။ " ဟု ဆို၏ ။ ဗုဒ္ဓကို ဆေးဖော်ကြောဖက် မလုပ်ဘဲနေရန် ဆုံးဖြတ်ထားသော ပဉ္စ၀ဂီ

ငါးဦးသည် ဗုဒ္ဓကို မြင်ရုံနှင့်ပင် မိမိတို့၏ ဆုံးဖြတ်ချက်ကို မေ့လျော့၍ ခရီးဦးကြိုပြုကြ၏ ။

ဗုဒ္ဓ၏ တင့်တယ်ခန့်ညားသော ဥပဓိရုပ်ကြောင့် တစ်ကြိမ်မြင်ကာမျှနှင့် ကြည်ညိုသောသူ

များ ရှိသည့်နည်းတူ ဗုဒ္ဓ၏ သီလဂုဏ် ၊ သမာဓိဂုဏ်သတင်းကို ကြားကာမျှနှင့် ကြည်ညိုသောသူများ

မှာလည်း မနည်းလှချေ ။ ပေါက္ခရသာတီသောဏဒန္တာ စသော အလွန်ဇာတ်ကြီး ၊ မာနကြီးသည့်

ဗြဟ္မာဏခေါင်းဆောင် တို့သည်ပင် ဗုဒ္ဓ၏ ဂုဏ်သတင်းကို ကြားရုံမျှနှင့် သွားရောက်ဖူးတွေ့လိုကြ

သော ဆန္ဒ ဖြစ်ပေါ်လာကြ၏ ။ ပါဠိပိဋကတ်၌ ဗုဒ္ဓအား အထူး လှိုက်လှိုက်လှဲလှဲ ကြည်ညိုသောပုဂ္ဂိုလ်

နှစ်ဦးမှာ ဗြဟ္မာယုအမည်ရှိ ဇာတ်ကြီး ဗြဟ္မာဏတစ်ဦး နှင့် ပသေနဒီကောသလမင်း တို့ ဖြစ်၏ ။ သူ

တို့သည် ဗုဒ္ဓအထံသို့လာ၍ ဖူးမြော်သောအခါ၌ ဗုဒ္ဓ၏ ခြေတို့ကို လက်ဖြင့် ဆုပ်နယ်ပွတ်သပ်၍ ပါးစပ်

ဖြင့် အထပ်ထပ် နမ်းရှုပ်ကြလေသည် ။ ( မဇ္စျိမနိကာယ် ၊ ဗြဟ္မာယုသုတ်နှင့်ဓမ္မစေတိယသုတ် )

ဤသို့ များစွာသော လူတို့၏ ကြည်ညိုလေးစားခြင်းကို ခံရသော်လည်း ဗုဒ္ဓသည် မိမိအား

လွန်လွန်ကဲကဲ ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကို လုံးဝ မလိုလားချေ ။ မိမိအား အလွန်အမင်း ကြည်ညိုသော

ဝက္ကလိရဟန်း အား မိန့်ကြားချက်သည် ရှင်းလင်းပြတ်သား၏ ။ " ၀က္ကလိ ၊ ဤ အပုပ်ကောင်ကို

ဖူးမြင်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း ။ ၀က္ကလိ ၊ တရားကိုမြင်သောသူသည် ငါဘုရားကိုမြင်

သည်မည်၏ ။ " ( သံယုတ္တနိကာယ် ၊ ခန္ဓသံယုတ် - ၀က္ကလိသုတ် )

စင်စစ် ဗုဒ္ဓသည် ကမ္ဘာ့သမိုင်း၌ အာဏာရှင် ၊ နိုင်ငံရေး ၊ ဘာသာရေးခေါင်းဆောင်များ

အားပေးလေ့ရှိသော ပုဂ္ဂိုလ် ကိုးကွယ်မှုကို အတိအလင်း ဆန့်ကျင်သည့် ရှေးဦး ပထမပုဂ္ဂိုလ်ဖြစ်

သည်ဆိုက မှားမည် မဟုတ်ချေ ။ ဤအကြောင်းနှင့် ပတ်သက်သော ဗုဒ္ဓမိန့်ကြားချက်များကိုပြဆို

ပါမည် ။

ဗုဒ္ဓသည် မိမိအား အလွန်အမင်း ချီးကျူးပူဇော်မှုကိုလည်း မနှစ်သက်ချေ ။ တစ်ခါသော်

ဗောဓိမင်းသားသည် ဗုဒ္ဓအား နန်းတော်သို့ ဆွမ်းစားရန် ပင့်ဖိတ်၍ ဗုဒ္ဓကြွလာမည့်လမ်း၌ အဖိုးတန်

ကမ္ဗလာပုဆိုးဖြူကို ခင်းထား၏ ။ ဗုဒ္ဓသည် ကြွလာ၍ ပုဆိုးဖြူခင်းထားသည်ကို မြင်သော် ရှေ့ဆက်

မသွားဘဲ ရပ်တန့်နေ၏ ။ မင်းသားက ပုဆိုးဖြူအခင်းအားလုံးကို ရုတ်သိမ်းပြီးသောအခါမှ နန်းတော်

သို့ ၀င်တော်မူ၏ ။ ( မဇ္စျိမနိကာယ် ၊ ဗောဓိရာဏကုမာရသုတ် )

လူအများ၏ ချီးကျူးပူဇော်ခြင်းခံရသော်လည်း တစ်ခါတစ်ရံ ဗုဒ္ဓသည် မိမိကိုယ်ကို နှိမ့်ချ၍

ပြောလေ့ရှိ၏ ။ ပရပိုဇ်တစ်ဦးက ဗုဒ္ဓသည် အစစအရာရာ၌ ခြိုးခြံစွာ ကျင့်နိုင်ပါပေသည် ဟု ချီးကျူး

၏ ။ ထိုအခါ ဗုဒ္ဓက မိမိ၏ ခြိုးခြံစွာ ကျင့်မှုမှာ အချို့သော တပည့်ရဟန်းတို့၏ ခြိုးခြံစွာကျင့်မှုနှင့်စာ

သော် ဘာမျှ မပြောပလောက်ပါ ။ ထိုတပည့်ရဟန်းတို့က မိမိထက် သာလွန်၍ ခြိုးခြံစွာ နေထိုင်စား

သောက်ကြပါသည်ဟု မိန့်ကြား၏ ။ ( မဇ္စျိမနိကာယ် ၊ မဟာသကုလုဒါယီသုတ် )

တစ်နေ့သော ညနေချမ်း၌ ဗုဒ္ဓသည် ရဟန်းများနှင့်အတူ ထိုင်လျက်ရှိ၏ ။ " ရဟန်းတို့ ၊သင်

တို့သည်အကယ်၍ ငါ၌ ကိုယ်နှင့်နှုတ်နှင့်စပ်သော အပြစ်တစ်စုံတစ်ရာ တွေ့မြင်ပါက ငါ့အား

လျှောက်ထားကြကုန်လော့ " ဟု မိန့်တော်မူ၏ ။ ( သဂါထာဝဂ္ဂသံယုတ် ၊ ၀င်္ဂီသသုတ် )

ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ စိတ်သဘောထား မြင့်မြတ်မှု ၊ သနားကြင်နာမှု ၊ ထောက်ထား

စာနာမှု စသော ဂုဏ်များကို အထူးပေါ်လွင်ထင်ရှားစေသော ပါဠိတော်မှာ ဒီဃနိကာယ် မှ မဟာပရိ

နိဗ္ဗာနသုတ် ဖြစ်၏ ။ ဤနေရာ၌ ဗုဒ္ဓ၏ စိတ်ဓာတ်မြင့်မြတ်မှု ထင်ဟပ်နေသော နောက်ဆုံး မိန့်ကြား

ချက်များကို ဖော်ပြပါမည် ။

ဗုဒ္ဓသည် ရွှေပန်းထိမ်သည်သား စုန္ဒ ၏ ၀က်သားဆွမ်းကို ဘုန်းပေးပြီးနောက် ၀မ်းသွေးသွန်

ရောဂါ အပြင်းအထန် ခံစားရ၏ ။ သို့ရာတွင် စုန္ဒ အား စိတ်မကောင်း မဖြစ်စေလိုသောကြောင့်

ဘုရားရှင် နောက်ဆုံး ဘုဉ်းပေးသောဆွမ်းသည် အခြားဆွမ်းတို့ထက် အကျိုးအာနိသင်ကြီးမားသည်

ဟု ဘုရားရှင်၏ မျက်မှောက်မှ ကြားလိုက်ရကြောင်း ပြောပြ၍ စုန္ဒ ၏ နှလုံးမသာခြင်းကို ဖြေဖျောက်

ရန် အရှင်အာနန္ဒာ အား မှာကြားတော်မူခဲ့၏ ။

အရှင်အာနန္ဒာက ဗုဒ္ဓသည် ပရိနိဗ္ဗာန် စံမ၀င်မီ တပည့်သံဃာတို့အတွက် တစ်စုံတစ်ရာ မှာ

ကြားတော်မူခဲ့လိမ့်မည် ဟု မိမိ ယုံကြည်ပါကြောင်း လျှောက်ထား၏ ။ ထိုအခါ ဗုဒ္ဓ မိန့်ကြားသော

စကားမှာ အောက်ပါအတိုင်း ဖြစ်၏ ။

" အာနန္ဒာ ၊ ငါဘုရားအား သင်တို့ အဘယ်ကြောင့် ဤမျှလောက် တောင့်တနေဘိသနည်း ။

ငါသည် တရားဓမ္မကို အကြွင်းမဲ့ ဟောကြားခဲ့ပေပြီ ။ သင်တို့သည် ငါ၏ နောက်လိုက် ဖြစ်သည် ၊

ငါသည် သင်တို့၏ ခေါင်းဆောင် ဖြစ်သည် ဟု ငါမယူဆခဲ့ပေ ။ အာနန္ဒာ ၊ ငါသည် ယခု အိုမင်း၍ဘဝ

ခရီး၏ အဆုံးပိုင်းသို့ ရောက်ရှိနေပေပြီ ။ ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုသာ မှီခိုကိုးကွယ်ရာပြု

၍ နေကြကုန်လော့  ။ တရားမှတစ်ပါး မှီခို ကိုးကွယ်ရာ မရှိဘဲ တရားသာလျှင် မှီခိုကိုးကွယ်ရာရှိ

သည်ဖြစ်၍ နေကြကုန်လော "

ကုသ်နာရုံဥယျာဉ်၌ ပရိနိဗ္ဗာန်စံဝင်ခါနီးတွင် နတ်ဗြဟ္မာများစွာတို့သည် လာရောက်၍ ဗုဒ္ဓ

အား ပူဇော်ကြ၏ ။ ထိုအခါ ဗုဒ္ဓက " အာနန္ဒာ ၊ နတ်ဗြဟ္မာတို့သည် ဤသို့ ပူဇော်ကာမျှဖြင့် ငါဘုရား

အား မြတ်နိုးသည် မမည်သေး ။ အကြင်ဥပါသကာ ၊ ဥပါသိကာမ တို့သည်လည်းကောင်း ၊ ရဟန်း

ယောက်ျား ၊ ရဟန်းမိန်းမ တို့သည်လည်းကောင်း ငါဟောကြားအပ်သော တရားနှင့်အညီ ကျင့်ကြံ

နေထိုင်ကြ၏ ။ ထိုသူတို့သည်သာလျှင် ငါဘုရားကို ချစ်ကြည်မြတ်နိုး ရှိခိုးပူဇော်ကြသည် မည်၏ ။ "

မိန့်တော်မူ၏ ။ ရှင်အာနန္ဒာက " အရှင်ဘုရား ၊ ကိုယ်တော်မြတ် နိဗ္ဗာန်လားခဲ့သော် အလောင်းတော်

အား ကျွန်ုပ်တို့ပြုဖွယ်ကိစ္စကို အဘယ်သို့ ပြုရပါအံ့နည်း " ဟုမေးလျှောက်၏ ။ ထိုအခါ ဗုဒ္ဓက

" အာနန္ဒာ ၊ငါဘုရား၏ အလောင်းတော်ကို မီးပူဇော်ခြင်း စသည်တို့၌ သင်တို့ မကြောင့်ကြကုန်လင့်

မိမိ၏ အစီးပွားဖြစ်သော အရဟတ္တဖိုလ်ရခြင်းငှာသာ များစွာ လုံ့လပြုကြကုန်လော "ဟု မိန့်တော်မူ

၏ ။

ပရိနိဗ္ဗာန်စံဝင်ခါနီး၌ ဗုဒ္ဓသည် အရှင်အာနန္ဒာအား " အာနန္ဒာ ၊ ငါ၏တပည့် ရဟန်းသံဃာတို့

သည် ငါ ပရိနိဗ္ဗာန် စံဝင်သောအခါဘုရား မရှိပြီ ၊ ငါလွန်ပြီ ဟု ထင်မှတ်ကြပေလိမ့်မည် ။ ထိုသို့

မထင်မှတ်လင့် ။ ငါဟောသောတရားသည် ငါလွန်သောအခါ သင်တို့၏ဆရာ ဖြစ်လတ္တံ့ ။ ထို့ကြောင့်

ငါလွန်သောအခါ ငါရှိသည်ဟုသာ ကောင်းစွာ မှတ်အပ်၏ ။ " ဟု မိန့်ကြား၍ ရဟန်းတို့အား မိမိ၏

တရား၌ တစ်စုံတစ်ရာ ယုံမှားမှုရှိလျှင် မိမိမလွန်မီ မေးလျှောက်ကြရန် သတိပေး၏ ။ သို့ရာတွင်

ရဟန်းတို့က မည်သို့မျှ မမေးလျှောက်ကြချေ ။ ထို့နောက် ဗုဒ္ဓသည် " ရဟန်းတို့ ၊ သင်္ခါရတရားတို့

သည် ပျက်စီးတတ်သောသဘော ရှိကြကုန်၏ ။ သင်တို့သည် မမေ့မလျော့ဘဲ ကျင့်ကြံအားထုတ်

ကြကုန်လော " ဟု နောက်ဆုံး မိန့်ကြားပြီးလျှင် ပရိနိဗ္ဗာန်ပြုတော်မူ၏ ။

ဗုဒ္ဓ ၏ နောက်ဆုံးဘ၀ ဖြစ်စဉ်များကို ဖော်ပြသော မဟာပရိနိဗ္ဗာနသုတ် သည် အခြားသုတ်

များထက် ရှည်လျား၍ အလွန်ထူးခြား မှတ်သားဖွယ်ကောင်းသော သုတ်ဖြစ်၏ ။ လောက၌ နဂိုမူလ

က စိတ်ကောင်းနှလုံးကောင်းရှိသောသူတို့သည်ပင် အိုမင်းသောအရွယ်၌ ကျန်းမာရေး များစွာ

ယိုယွင်း ပျက်ပြားမှု မရှိစေကာမူ အများအားဖြင့် စိတ်ဓာတ်ယိုယွင်း ဆုတ်ယုတ်လာကြ၏ ။ ငါစွဲကြီး

မား၍ သူတစ်ပါးအပေါ် ဆရာလုပ်လိုခြင်း ၊ သူတစ်ပါးကို အပြစ်မြင် အထင်သေးခြင်း စာနာထောက်

ထားမှု မရှိခြင်း ၊ သူတစ်ပါး၏ ဂရုစိုက်မြှောက်စားမှုကို လိုလားခြင်း စသော စရိုက်လက္ခဏာများကို

ပြတတ်ကြ၏ ။ ဗုဒ္ဓသည်ကား ရောဂါဝေဒနာခံစားရ၍ မကျန်းမမာဖြစ်နေသော အသက် ၈၀ အရွယ်

၌ပင် မိမိအား အကြောင်းပြု၍ သူတစ်ပါးစိတ်မကောင်း မဖြစ်စေလိုခြင်း ၊သူတစ်ပါးကို အထင်အမြင်

မသေးစေလိုခြင်း ( ရှင်သာရိပုတ္တရာ အား မိန့်ကြားချက် ) ပုဂ္ဂိုလ်ကိုးကွယ်မှု မဖြစ်စေလိုခြင်း စသော

လက္ခဏာများဖြင့် မြင့်မားသော အာဇာနည်စိတ်ဓာတ်ကို အထင်အရှား ပြသတော်မူခဲ့ပေသည် ။

မြတ်ဗုဒ္ဓ၏စကားကြီးဆယ်ခွန်း



ကာလာမတို့-
၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ၀ါဒတခု လက်မခံလိုက်နဲ့ဦး။
၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့ဦး။
၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး။
၎။ စာနဲ့ ရေးထားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေအားလုံး မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၆။ မှီရာနည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။
၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတယောက် ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ဦး။
၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီး ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။
၁၀။ ငါတို့ လေးစားတဲ့ ငါတို့ ဆရာ့စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်ပါနဲ့ဦး။

( ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ )
ကာလာမတို့-ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား။ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား။ ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သော အကျင့်တို့ပါတကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။
အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစုံတခုကို ကျင့်လို့ အကျိုးမဲ့ ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ ကျင့်နေရမှာလဲ ပယ်လိုက်ကြပေါ့။

ကာလာမတို့-သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဤအကျင့်တရားတို့သည် အပြစ်ကင်း၍ သန့်ရှင်းသော တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိ သူတော်ကောင်းများ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။ သင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။ ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။ ကိုယ်ပိုင်ထားသော စိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည်သတ္တိတွေကို အသုံးချလိုက်ာကပါ။
ဤသုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းသံများဟာ ဘာသာရေးမှာ မျက်စိမှိတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို မျက်စိပွင့်စေတဲ့ စွမ်းအားတမျိုး ဖြစ်ပါတယ်။ ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေ ငေးငိုင်နေသူတွေကို ကြည်လင်တက်ကြွလာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။

Monday, September 24, 2012

အားလုံးနှင့်အတူ ငိုဖူးချင်တယ်


စာရေးသူအနေဖြင့် ယခုတင်ပြမည့် စာသားလေးက စိတ်ကောင်းရှိကြသူများနှင့်မရှိသူများ၏
စိတ်နေစိတ်ထားလေးတွေကို သိရှိသလောက်ကလေးပဲ လေ့လာဖော်ထုတ်သွားမှာပါနော်။
ဒီလိုလေ့လာတဲ့နေရာမှာလည်း ဘုရားဟော ဓမ္မအမြင်နှင့်လောကီတရားသဘောအမြင်တို့ပေါင်းစပ်လေ့လာသွားပါ့မယ်နော်။

"လေ့လာတယ်" ဆိုတာ ' လေ'့ မှ 'လာ' ပါတယ်။ မလေ့ရင် မလာပါဘူး။့
' လေ့' ဆိုတာ ပြုလုပ်တာ ၊ အားထုတ်တာ ၊ သင်ယူတာ ။
'လာ'ဆိုတာ အကျိုးကျေးဇူး ခံစားရတာပါ။

Layelar is combination of two words, laye and lar ,
meaning studying and getting benefit respectively.

အကျိုးကျေးဇူးခံစားတဲ့နေရာမှာလည်း ကောင်းသောအကျိုးစားခံစားမှု၊ မကောင်းသောအကျိုးခံစားမှု ဆိုပြီးနှစ်မျိုးခွဲခြားသိထားရမှာပါ။
ကောင်းသောအကျိုးကို ခံစားလိုသော စာပေခင်သူ မိတ်ဆွေတို့အနေနဲ့ ပညာရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ ဘ၀ငြိမ်းချမ်းဘို့ဖြစ်စေ
မိမိဘ၀လမ်းကြောင်း တိုးတက်အောင်မြင်ဘို့တွက် ဘုရားဒေသနာ အင်္ဂုတ္ထိုရ်လာ သုံးမျိုးကိုသိရှိရမယ်နော်။ သိရှိရုံလေ့လာမှုကို မဖြစ်စေချင်၊ တကယ်သိသွားရင် တကယ်ကျင့်သုံးပေးမှ ဘုရားဟောတရားက နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပေမဲ့ တကယ်တန်ဘိုးရှိတယ်ဆိုတာ သိကြမှာပါ။
စာပေခင်သူ မိတ်ဆွေတို့ အထက်တန်းကျကျနေချင်တယ်ဆိုရင် ..........

၁။ ကိုယ့်ထက် သီလ ၊သမာဓိ ၊ ပညာ၊ ဂုဏ်အားဖြင့် ယုတ်နိမ့်သူကို ပေါင်းဖော်လျှင် မိမိဘ၀ မတိုးတက်မအောင်မြင်ခြင်း၊
၂။ ကိုယ်နှင့် သီလ၊ သမာဓိ၊ ပညာ၊ ဂုဏ်အားဖြင့် တန်းတူရှိသူကို ပေါင်းဖော်လျှင် မိမိဘ၀ မတိုးတက်မအောင်မြင်ပေမဲ့
ယုတ်နိမ့်မသွားဘဲ တန်းတူ အလယ်အလတ်ဖြစ်ခြင်း။
၃။ ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာ၊ ဂုဏ်အားဖြင့် သာသော သူများကိုပေါင်းဖော်လျှင် မိမိဘ၀ မြန်မြန်ဆန်ဆန် တိုးတက်အောင်မြင်နိုင်ခြင်း။

စာပေခင်သူ မိတ်ဆွေတို့ စဉ်းစားနော်၊ ပညာပဲသင်သင်၊ စီးပွားရေးပဲ လုပ်လုပ် ၊ ဘ၀ငြိမ်းချမ်းဘို့ လောကုတ္တရာတရားပဲ ဆည်းပူဆည်းပူ ဒီသုံးမျိုးထဲက စာပေခင်သူ မိတ်ဆွေတို့ဘ၀ အထက်တန်းကျဘို့ နံပါတ်(၃) ကို ကျင့်သုံးပေးနိုင်ရင် အထက်တန်းကျပြီး အထက်တန်းကျတဲ့ အမျိုးသားကောင်း၊ အမျိုးသမီးကောင်းလေးတွေ မုချဖြစ်မယ်ဆိုတာ စာရေးသူဖောက်သည်ချလိုက်တယ်နော်။

ဘုရားဟောဒေသနာ သိင်္ဂါလောဝါဒ သုတ်မှာလည်း မှတ်သားစရာကောင်းလို့ ဖော်ပြပါအုံးမယ်နော်။
ဒီသုတ်မှာလည်း စာပေခင်သူ မိတ်ဆွေတို့ဘ၀အမြင့်ရောက်အောင် ပေါင်းသင်းဆက်ဆံပြီး လမ်းသွားတတ်ဘို့ (၄) မျိုးကိုညွှန်ပြထားတာပါ။

၁။ ဒုက္ခရောက်နေသောအခါ ကိုယ်ဖိ၊ရင်ဖိ ကူညီတတ်သော သူငယ်ချင်း၊
၂။ ချမ်းသာလာသည်ဖြစ်စေ ၊ ဆင်းရဲသွားသည်ဖြစ်စေ ဘယ်ခါမဆို မျှဝေခံစားတတ်သောသူငယ်ချင်း။
၃။ မှန်ကန်သော နည်းလမ်းတွေကိုသာ ညွှန်ပြလျှက် ပေါင်းသင်းဆက်ဆံပေါင်းသင်းသော သူငယ်ချင်း။
၎။ ကိုယ့်ရဲ့ မိတ်ဆွေအပေါ် တကယ်စိတ်ရင်းမှန်နဲ့ ကြင်နာမှုအပြည့်နဲ့ စောင့်ရှောက်တတ်သော သူငယ်ချင်း။

1 The friend who is a happer,
2 The friend who is the same in happy and unhappy times.
3 The friend who shows the way that's right,
4 The friend who is full of sympathy.

ဒီသုတ်မှာပဲ ဘုရားရှင်က စာပေခင်သူ မိတ်ဆွေတွေ အားလုံးကို မိတ်ဆွေယောင် ဆောင်ပြီး မိမိဘ၀ကို နိမ့်ကျအောင် ၊
ဒုက္ခရောက်သွားအောင် ပြုလုပ်တတ်သော သူငယ်ချင်း (၄) မျိုးကိုလည်း ညွှန်ပြထားပါသေးတယ်နော်။
၁။ လိုတာကိုသာ ကြည့်ပြီး ရှာပေါင်းသော မိတ်ဆွေ၊
၂။ အကျိုးမရှိသော စကားတွေကိုသာ ပြောပြီး ပေါင်းဖော်ပေါင်းဖက် ပြုလုပ်ပြီးနေသော မိတ်ဆွေ၊
၃။ မြှောက်ပင့်၊ မျက်နှာချိုသွေးပြီး ပေါင်းဖော်ပေါင်းဖက် ပြုလုပ်ပြီးနေသော မိတ်ဆွေ၊
၎။ အကျိုးရှိသော အလုပ်ကို ဘာမျှမလုပ်ပဲ အချိန်တွေ အလကားဖြုန်းတီးပြီး ပေါင်းဖော်ပေါင်းဖက်ပြုလုပ်ပြီးနေသောမိတ်ဆွေ၊

1 The friend who seeks what he can get ,
2 The friend who talks but empty words ,
3 The friend who merely flatters us,
4 And the friend who is fellow-wastrel.
စာပေခင်သူ မိတ်ဆွေတို့အနေဖြင့် မိမိအရပ်ဒေသမှာဖြစ်ဖြစ် ၊ သူတစ်ပါးတိုင်းပြည်မှာဖြစ်ဖြစ် ပညာသင်သွားသည်ဖြစ်စေ၊
စီးပွားရေးနဲ့သွားတာပဲဖြစ်စေ အပေါင်းသင်းအမျိုးမျိုးကို တွေ့ကြ စုံကြတဲ့ခါ အပေါင်းသင်းလုပ်တော့မယ်ဆိုရင် ဒါလေးတွေကို
လက်ကိုင်ထားလျက် ခွဲခြားပြီး ပေါင်းသင်းတတ်စေချင်တယ်နော်။ ကိုယ်ကိုတိုင်ကလည်း ဘ၀ကို အထက်တန်းကျချင်တယ် ၊
တိုးတက်ချင်တယ်၊ အောင်မြင်ချင်တယ်ဆိုရင် အပေါင်းသင်းကောင်း၊ မိတ်ဆွေကောင်းဖြစ်အောင်ပေါင်းသည့်အခါ......

(သူတစ်ပါးချမ်းသာစေလိုသော စိတ်ကိုသာရအောင်မွေးပါ မိမိတကယ်ချမ်းသာပါလိမ့်မည်) ဟူသော
မော်လမြိုင်မြို့နယ်၊ ကောလှရွာကျောင်းဆရာတော်၏ သြ၀ါဒလေးမှာလဲ တစ်သက်စာ မှတ်သားဘို့ကောင်းလှပါသည်။

စာပေခင်သူ မိတ်ဆွေတွေအားလုံးအတွက် မည်သည့်နေရာဌာနမှာနေနေ၊ မည်သည့်ရေကိုသောက်သောက် တစ်ဦးတစ်ယောက်နှင့်
့တွေ့ကြစုံကြသည့်ခါ လူတစ်ယောက်ကို အထင်သေးပြီး ဆက်ဆံမိလို့ မိမိမှာ ဘ၀နိမ့်ကျသွားသူ၊ လူ့အောက်တန်းစားစိတ်ဓာတ်ရှိသောသူ
ဖြစ်သွားလို့ နောင်တရသွားတဲ့ပုံပြင်လေးလည်း တွဲပြီး ဖောက်သည်ချလိုက်ပါတယ်နော်။

တစ်ခါက ဆိုင်တစ်ဆိုင်ရှေ့တွင် "ခွေးရောင်းရန် ရှိသည်" ဟူသော
ဆိုင်းပုဒ်တစ်ခုကို ချိတ်ဆွဲထားသည်။ ကလေးငယ် တစ်ဦးက ဆိုင်ထဲသို့ ၀င်ပြီး
ဆိုင်ပိုင်ရှင်အား မေးလေသည်။

"ခွေးတစ်ကောင် ဘယ်လောက်လဲ ခင်ဗျာ"
"တစ်ကောင်ကို ဒေါ်လာ ၅၀ ကနေ စရောင်းပါတယ်"

ကောင်လေးမှာ ဘောင်းဘီအိတ်ထဲ လက်နိုက်ပြီး..."ကျွန်တော်မှာ ၃၇ဒေါ်လာပဲ
ရှိတယ်... ခွေးတွေကို ကျွန်တော် ကြည့်လို့ရမလား" ဟု ခွင့်တောင်းလေသည်။

ဆိုင်ပိုင်ရှင်က ရီပြီး လေတစ်ချက် ချွန်လိုက်သည်နှင့် ခွေးမကြီးတစ်ကောင်က
ခွေးကလေး ငါးကောင်ကို ဦးဆောင်ပြီး ထွက်လာသည်။ ခွေးငယ်လေးများအနက်
တစ်ကောင်မှာ နောက်ကောက် ကျန်နေခဲ့သည်။ ကလေးငယ်မှာ ထိုနောက်ကောက်ကျန်နေသော
ခွေးကို သတိထားမိလိုက်သည်။ ထို့နောက် ဆိုင်ပိုင်ရှင်အား " အဲဒီခွေးက
ဘာဖြစ်တာလဲ" ဟုမေးလိုက်သည်။

ပိုင်ရှင်က "ဒီတစ်ကောင်က မွေးကတည်းက မသန်ဘူး။ တင်ပါးဆုံ
မဖွံ့ဖြိုးဘူးလို့ ဆရာဝန်ကပြောတယ်။ တစ်သက်လုံး ဒီလိုပဲ
ဖြစ်သွားတော့မှာတဲ့"

"ဒီတစ်ကောင်ကို ဘယ်လောက်နဲ့ ရောင်းမလဲ" ကလေးငယ်မှာ ၀မ်းသာအားရ မေးလိုက်သည်။

"ဒီမသန်တဲ့ တစ်ကောင်ဆိုရင် မရောင်းဘူး... လိုချင်ရင် အလကားပေးလိုက်မယ်"

ကလေးငယ်မှာ စိတ်မကောင်းစွာဖြင့် ပိုင်ရှင်၏မျက်နှာကို ကြည့်ပြီး....
"ကျွန်တော် အလကားမယူချင်ဘူး...တစ်ခြားခွေးတွေလိုပဲ သူလည်း သူ့တန်ဖိုးနဲ့
သူရှိမှာပါ။ ၃၇ ဒေါ်လာကို ကျွန်တော် အရင်ပေးခဲ့မယ်။ တစ်လကို 50cent ဆီ
ကျေတဲ့အထိ ကျွန်တော်လာဆပ်မယ်"

"ဒီခွေးကို ပိုက်ဆံပေးပြီး ၀ယ်စရာ မလိုဘူး လူလေး...ဒီကောင်က တစ်ခြား
အကောင်တွေလို မပြေးတတ်ဘူး.. မဆော့တတ်ဘူး"

ကလေးငယ်မှာ ဘာမှပြန်မပြောဘဲ ခါးကိုညွှတ်ပြီး ဘယ်ဖက်ခြေထောက်ကို
လှန်ပြလိုက်သည်။ ခြေထောက်မှာ တွန့်လိမ်နေပြီး သံချောင်းဖြင့်
တောင့်ခံထားသည်။ ကလေးငယ်မှာ ပိုင်ရှင်ဖက်လှည့်ပြီး

"ကျွန်တော်လည်း သာမန်ကလေးတွေလို မပြေးနိုင်ဘူး၊ မလှုပ်နိုင်ဘူး။ ဒါကြောင့်
ဒီခွေးလေးဟာ ကူညီ စောင့်ရှောက်ရမဲ့ လူ လိုကြောင်းကို ကျွန်တော်သိလိုက်တယ်"

ပိုင်ရှင်မှာ ၀မ်းနည်းသွားမိသည်။
"ဒီခွေးကလေးတွေ အားလုံး လူလေးလို ပိုင်ရှင်မျိုးနဲ့ ကြုံရပါစေလို့
ဆုတောင်း လိုက်ပါတယ်"
ဒီပုံပြင်လေးမှာ စိတ်ဝင်စားစရာ ၊ ဘ၀ သင်္ခန်းစာ ယူစရာကောင်းတယ်နော်။
ဒါကြောင့် မိမိက စာပေခင်သူ မိတ်ဆွေတွေအားလုံးကို
လှပတဲ့ စိတ်နဲ့ ကိုယ်ပတ်ဝန်းကျင်က အရာဝတ္ထုတွေကို ခံစားတတ်မယ်။
စစ်မှန်ဖြူစင်တဲ့ စိတ်နဲ့ လူတိုင်းကို ဆက်ဆံတတ်မယ်။
တာဝန်သိတတ်တဲ့ စိတ်နဲ့ အလုပ်တွေကို ပြီးအောင်လုပ်မယ်။
မ၀င့်ဝါတဲ့ စိတ်နဲ့ ကိုယ့်အမှားကို စစ်ဆေးတတ်မယ်။
ပျော်ရွှင်တဲ့ စိတ်နဲ့ သူတစ်ပါးကို အပျော်တွေ မျှဝေတတ်မယ်။
တက်ကြွတဲ့ စိတ်နဲ့ အကူအညီလိုတဲ့ လူတွေကို ကူညီတတ်မယ် ဆိုရင် .................
စာပေကိုခင်တဲ့ မိတ်ဆွေတို့ ဘ၀လေးတွေဟာ ပျော်စရာကောင်းပြီး အထက်တန်းကျသည့် အမျိုးကောင်းသား ၊
အမျိုးကောင်းသမီးလေးတွေဖြစ်ပြီး မိမိဘ၀တိုးတက်နိုင်မည်မှာ မုချ၊
ထို့ကြောင့် လူတိုင်းအပေါ် မကောင်းသည့်စိတ်ဖြင့် ကြည့်ကြခြင်းမှ ကင်းဝေးပြီး ကောင်းသည့်စိတ်ထားလေးတွေနဲ့
ကြည့်မြင်တတ်၊ ပြုလုပ်တတ်၊ ဘ၀လမ်းခရီးကို လျောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း......................
မှန်ကန်တဲ့ ဓမ္မပန်းကို ထာဝရ ဆင်မြန်းနိုင်ကြပါစေ........................
 
 
တက္ကသိုလ်စာသင်သား.............ဆိုဒ်မှ

(လူသားတိုင်းအတွက် ဓမ္မသည် မြေပုံ)


ဦးဇင်းအနေဖြင့် စာပေကို ခင်သူမိတ်ဆွေတွေအားလုံးကို အသိဥာဏ်တိုးစေရန်
အုပ်တစ်ချပ် သဲတစ်ပွင့် အနေဖြင့် မိမိသိရှိသလောက်ကလေးတွေကို တင်ပြလိုသော
ရည်ရွယ်ချက်သာဖြစ်ပါသည်။ စာပေသည် လူသားတိုင်းတွက် ဘ၀ကို
ပုံဖော်ပေးနိုင်သည့် ဘ၀အလင်းရောင်ဖြစ်သည်။ စာပေကို ဖတ်ခြင်းအားဖြင့်လည်း
ဘ၀တိုးတက်မှု၊အောင်မြင်မှုတွေအတွက် လမ်းပြပေးနိုင်၏။ ဘ၀လမ်းမှန်ကို
ရောက်အောင် စာပေက တွန်းအားတွေပေးနိုင်ပါ၏။

(ဘ၀သည် လမ်းဆုံလမ်းခွ အလွန်ပေါသည့် ခရီးဖြစ်၏။ လက်ထဲတွင် မြေပုံမပါသော်
လမ်းပျောက်မည် မုချ။ ယခုသင်နှင့်အတူ ယူသွားရန် မြေပုံကိုပါးလိုက်ပါ၏။ ယင်းမြေပုံသည်
ဓမ္မမြေပုံကသာ သင့်အခက်ခဲတွေကို အကူအညီပေးပါလိမ့်မည်။ သိုဖြစ်သောကြောင့် သွားလေရာရာသို့
ဓမ္မမြေပုံကို ယူသွားဖို့ မမေ့စေချင်။


Life is a journey with many junctions. Without a map in your hand ,
you will surely lose your ways. Here is a map for you to carry with you.
this will help you whenever you are in trouble .
And so, don't forget to have it wherever you go.

ဓမ္မသည် ရေနှင့်သဘောခြင်း အလွန်နီးစပ်၏။ ရေကို လူတွေအားလုံး
နေ့စဉ်သောက်သုံးနေသည်။ရေကို သုံးစွဲသည့်အခါ

(က) Person (ပုဂ္ဂိုလ်မရွေး)
လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ အချောအလှမရွေး၊ ဆင်းရဲချမ်းသာမရွေး၊
အယုတ် အလတ်အမြတ်မရွေး ပုဂ္ဂိုလ်တိုင်း သုံးစွဲနိုင်သည်။

(ခ) Place - (နေရာမရွေး)
နိုင်ငံတွေ၊ မြို့တွေ၊ ရွာတွေ၊ အိမ်တွေ မရွေးဘဲသုံးစွဲနိုင်ကြသည်။

(ဂ) Time- (အချိန်မရွေး)
နံနက်၊ နေ့လယ်၊ ည(သို့)နေ့၊ ရက်၊ လ၊ နှစ် အချိန်မရွေးဘဲ သုံးစွဲနိုင်သည်။

သုံးစွဲသူတိုင်းအတွက်လည်း ...
(၁) ရေငတ်ကို ပြေစေသည်။
(၂) အသက်ကို ဆက်လက်ရှင်သန် ကြီးထွားစေသည်။
(၃) ကိုယ်စိတ်နှစ်ပါးကို သန့်ရှင်းပြီး ကြည်လင်စေသည်။
(၄) ကိုယ်စိတ်နှစ်ပါးကို အေးမြစေသည်။
ထိုအချက်တို့မှာ ရေ၏ပင်ကိုယ်သတ္တိပင်ဖြစ်သည်။ ရေကဲ့သို့ပင် ဓမ္မသည်လည်း
မည်သည့်ပုဂ္ဂိုလ်အတွက်မဆို၊ မည်သည့်နေရာမဆို၊ မည်သည့်အချိန် မှာမဆို
ကျင့်သုံးနိုင်ပါသည်။

ကျင့်သုံးသည့် ပုဂ္ဂိုလ်တိုင်းတွင်လည်း ရေမှရသည့်အကျိုးအမြတ်ကဲ့သို့ -
(၁) ကာမရာဂတွင် အာသာငမ်းငမ်း တပ်မက်မှုကို ပြေစေနိုင်သည်။
(၂) ကုသိုလ်ကောင်းမှုများကို တိုးတက်ကြီးပွားစေပြီးဆက်လက်၍လည်း
ရှင်သန်ကြီးထွားစေသည်။
(၃) ၀ိသုဒ္ဓိဖြစ်ပြီး ကြည်လင်သန့်ရှင်းစေသည်။
(၄) ကိုယ်စိတ်နှစ်ပါး အေးမြစေသည့်အပြင် ငြိမ်းချမ်းမှုရပြီး အဆုံးမှာ
နိဗ္ဗာန်တိုင်အောင် မျက်မှောက် ပြုနိုင်သည်။

သို့သော် ရေနှင့်ဓမ္မ ကွာခြားမှုတစ်ခုမှာ ရေသည် ယခု လောကီဘ၀တစ်ခုအတွက်သာလျှင်၊
တစ်နေ့ တစ်ဘ၀အတွက်သာ အကျိုးပြုပေးပြီး၊ ဓမ္မမှာ လောကီအကျိုးသာမက၊ လောကုတ္တရာ၊
တစ်သံသရာလုံးအတွက် အကျိုးပြုမှုများပေးပြီး အဆုံးမှာ မြတ်နိဗ္ဗာန်တိုင်အငြိမ်းဓာတ်ကို
မျက်မှောက်ပြုနိုင်သည့် ထူးခြားချက်ပင် ဖြစ်ပါသည်။



အထူးသတိပြုရမည့်အချက်မှာ ရေသည် သုံးစွဲသူတို့၏ ရည်ရွယ်ချက်၊
ပြုပြင်စီရင်ပေးမှုအပေါ် မူတည်ပြီး အခါးဓာတ်နှင့် ရေ ကို ရောလျှင်
အခါးရည်ဖြစ်သကဲ့သို့၊ အချိုဓာတ်နှင့် ရေ ကိုရောလျှင် အချိုရည် ဖြစ်သွားကာ
အရက်ဓာတ်နှင့် ရေကိုရောလျှင် အရက်ရည် ဖြစ်သွားသည်။ ထိုသို့
ပြောင်းလဲသွားရခြင်းက ရေ၏ပင်ကိုယ်သတ္တိမရှိခြင်းကြောင့်မဟုတ်ဘဲသုံးစွဲသူတို့၏
ပြုပြင်စီရင်မှု ပယောဂကြောင့်သာလျှင် ဖြစ်ကြောင်း သိသာလှသည်။ ဓမ္မသည်လည်း
ထိုနည်းအတိုင်းပင် -
ဓမ္မကိုကျင့်သုံးသူတို့၏ အားနည်းချက်၊ နားလည်မှုလွဲမှားခြင်းနှင့် အချို့သော
ခုတုံးလုပ်သည့် ပုဂ္ဂိုလ်တို့၏ မတရားလွန်ကျူးသော တစ်ကိုယ်ကောင်း ဆန်မှုများနှင့်
မိမိအကျိုးအတွက် လွန်ကဲစွာသုံးစွဲမှု၊ မရိုးသားမှုများကြောင့်ဓမ္မ၏ပင်ကိုယ်သတ္တိများမှာ
ဖုံးကွယ်ထားမှုခံရပြီး၊ ဓမ္မ၏ဂုဏ်ကျေးဇူးတော်တို့သည်လည်း မထင်ရှား၊
မပေါ်လွင်ဘဲနှင့် ဖုံးကွယ်ထားခြင်း ခံနေရသည်ကို တွေ့ရသည်။

ထို့ကြောင့် ယနေ့ခေတ်မှာ ကမ္ဘာပေါ်ရှိ လူသားတော်တော်များများတို့သည် ဓမ္မကို
မိမိတို့နှင့် မဆိုင်သလို မြင်လာကြပြီး၊ ဓမ္မ၏ မြင့်မြတ်လှသောအကျင့်ြ့မတ်တရားများကို
ကျင့်သုံးမြတ်နိုးသူများ ရှားပါးလာခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဓမ္မနှင့်ပတ်သက်ပြီး
ဦးဆောင်နေသည့် ပုဂ္ဂိုလ်အချို့၏ အားနည်းချက်များ၊ ပယောဂများကြောင့်သာဖြစ်သည်ကို
သတိပြုစေချင်ပါသည်။ အမှန်တကယ်တွင် ဓမ္မ အစစ်၏တန်ဖိုး၊ ဓမ္မအစစ်၏ပင်ကိုယ်သတ္တိ
များမှာ မည်သည့် ပုဂ္ဂိုလ်အတွက်မဆိုမည်သည့်နေရာတွင်မဆိုမည်သည့်အချိန်တွင်မဆို
သုံးစွဲနိုင်ပြီး အထက်ပါ အကျိုးတရားလေပါးကို ရရှိစေသည့် အတွက်-

(၁) ဓမ္မ သည် သစ္စ၀ါဒ ဖြစ်သည်။ သစ္စ၀ါဒ ဆိုသည်မှာ စကြ၀ဠာ အနန္တထာဝရ မှန်ကန်သည့်
အမှန်တရား (Universal Law, Universal Truth, Noble Truth) ဖြစ်သည်။

(၂) ဓမ္မ သည် ၀ိဘဇ္ဇ၀ါဒ ဖြစ်သည်။ မည်သည့်ချုပ်ကိုင်မှု၊ လွှမ်းမိုးမှုမှမပါဘဲ
မိမိကိုယ်တိုင် လွတ်လပ်စွာ လေ့လာနိုင်သည်။ ဝေဖန်နိုင်သည်။ ဆုံးဖြတ်နိုင်သည်။
မည်သည့်အချိန်မဆို ကျင့်သုံးနိုင်သည့်ဝါဒ ဖြစ်သည်။

(၃) ဓမ္မ သည် သိပ္ပံနည်းကျလှသော ၀ါဒ ဖြစ်သည်။
A. Practical System (လက်တွေ့ပြည့်စုံသောစနစ်)
B. Ethical System (ကိုယ်ကျင့်တရားပြည်စုံသောစနစ်)
C. Spiritual System(စိတ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)
D. Philosophical System (အတွေးအခေါ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)

(၄) ဓမ္မ ကို ကျင့်သုံးလျှင် အကောင်းနှင့်အဆိုးကို တိကျသေချာစွာဖြင့် ခွဲခြားပိုင်းခြားပြီး
သိမြင်နိုင်ပါသည်။ သို့ဖြစ်သောကြောင့် ခရီးသွားတို့အတွက် လိုရာခရီးပန်းတိုင်ရောက်အောင် မြေပုံသည် လမ်းပြသူဖြစ်သလို
ဓမ္မသည်လည်း လူသားတိုင်းအတွက် အမှားအမှန်၊ အကောင်းအဆိုးတို့ကို သိဘို့ရန် လမ်းပြသူပင်တည်း။

ထို့ကြောင့် ဓမ္မကို လူတစ်ယောက် ရေစာသည့်အခါ ရေသောက်သလို သောက်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း.................
ဓမ္မပန်းကို ထာဝရ ဆင်မြန်းနိုင်ကြပါစေ...........................................

Friday, September 21, 2012

သံသရာ မရှည်ပါစေနှင့်

`သံသရာလည်သည်`ဟူသော စကားကို အားလုံးကြားဖူးကြပြီး ဖြစ်၏။ တစ်ဘ၀မှ တစ်ဘ၀သို့ ကူးပြောင်းကျင်လည်မှုကို ဆိုလို၏။ အချို့ကလည်း မိမိလုပ်သည့် လုပ်ရပ်၊ အထူးသဖြင့် မကောင်းတဲ့လုပ်ရပ်၏ အကျိုးကို ပြန်လည်ခံစားရသည့်အချိန်တွင် `သံသရာပြန်လည်တာ` ဟူသောစကားကို သုံးစွဲလေ့ရှိကြ၏။ မှန်ပါ၏။ သံသရာလည်မှုသည် မိမိတို့လုပ်သည့် ကံ၏ပြန်လည် အကျိုးပေးမှု၏ ရလာဘ်တစ်ခုပင် ဖြစ်၏။ မကောင်းသည့်လုပ်ရပ်၏ တန်ပြန်ခံစားရခြင်းကို သံသရာလည်သည်ဟုဆိုသကဲ့သို့ ကောင်းသည့်ကုသိုလ်၏ အကျိုးပေးမှုကို ရရှိခံစားရခြင်းကိုလည်း သံသရာလည်သည်ဟု ဆိုနိုင်၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကံ၊ မကောင်းကံတို့၏ အကျိုးပေးမှု ရှိနေသမျှ သံသရာလည်မှုက ရှိနေဦးမည်ဖြစ်သောကြောင့် ဖြစ်၏။ စင်စစ် သံသရာလည်မှု အဆုံးသတ်စေဖို့ ဆိုသည်မှာ မိမိတို့ရဲ့ ကံ(ကမ္မ)များကို ဖြတ်မှပင် ဖြစ်၏။ ကံစွမ်းတွေရှိနေသမျှ အကျိုးပေးမှုများလည်း ရှိနေမည်ဖြစ်ပြီး အကျိုးပေးမှုများ ရှိနေလျင် သံသရာလည်မှုလည်း ရှိနေဦးမည်သာ ဖြစ်သည်။

ကံဟူသည် အလုပ်ကို ဆိုသဖြင့် ကံကိုဖြတ်ရမည်ဆိုက ဘာမှမလုပ်ဘဲ နေရမည်လားဟု တွေးစရာရှိ၏။ ထိုသို့မဟုတ် လုပ်ရပေမည်။ လုပ်သည့်အခါတွင်သာ ကံ၏အကျိုးပေးမှုများ မရှည်ရအောင်၊ တစ်နည်းပြောရလျင် သံသရာရှည်ကြာစေမည့် လုပ်နည်းမျိုး မဖြစ်အောင် ကြိုးစားလုပ်တတ်ဖို့ လိုပေသည်။ ကောင်းတာလုပ်လျင် ကောင်းသည့်အကျိုး၊ မကောင်းတာလုပ်လျင် မကောင်းသည့်အကျိုးကို ပေးမည်မှာ ကံ၏သဘော လက္ခဏာဖြစ်သဖြင့် ဆုတောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ မိမိတို့လုပ်သည့် ကောင်း၊ မကောင်းအလုပ်ကိုလိုက်၍ ကံ၏ အကျိုးပေးမှုကား ရှိနေပေမည်။ သို့သော် လုပ်သည့်သူ၏ လုပ်ရပ်၊ စေတနာရည်ရွယ်ချက်ကို လိုက်ပြီးကံအကျိုးပေးမှုသည်လည်း ခြားနားတတ်ပေ၏။ သံသရာရှည်အောင်လုပ်က သံသရာကိုရှည်စေပြီး သံသရာကို တိုအောင်လုပ်ပါက သံသရာတိုစေမှာ ဖြစ်၏။

စင်စစ် ဗုဒ္ဓဘာသာတို့၏ ရည်ရွယ်ချက်မှာ သံသရာမှ လွတ်မြောက်ရေးဖြစ်၏။ သံသရာမှ လွတ်မြောက်ရန်အတွက်ကား ကံအကျိုးပေးမှုများမှ လွတ်မြောက်မှပင် ဖြစ်၏။ ကံအကျိုးပေးမှုမှ လွတ်မြောက်အောင်၊ ကံအကျိုးပေးမှု မရှည်ရအောင် မိမိတို့လုပ်သည့် အလုပ်များတွင် လိုချင်တပ်မက်မှုများ ကပ်မနေဖို့အထူးလိုအပ်၏။ ကံသည်ကံ၏အလုပ်ကို လုပ်နေမှာဖြစ်ပြီး မိမိတို့က ထိုကံအပေါ် တဏှာဖြင့်မလွှမ်းမိုးမိဖို့ အရေးကြီးသည်။ ဥပမာအားဖြင့် ဒါနကုသိုလ်တစ်ခုခု ပြုလုပ်သည်ဆိုကြပါစို့။ ဒါနပြုလုပ်တဲ့ အဓိကရည်ရွယ်ချက်မှာ လောဘစတဲ့ ကိလေသာတွေ နည်းစေဖို့ဖြစ်၏။ သို့သော် ယင်းရည်ရွယ်ချက်ပျောက်ကာ ဒါနပြုသည့်ကံအပေါ်မှာ တဏှာလွှမ်းမိုးပြီး `ဤကုသိုလ်ကြောင့် နောင်ဘ၀တွင် ဘယ်လိုဖြစ်ရပါလို၏၊ ဘာဖြစ်ရပါလို၏`စသည်တို့ရောက်လာသည့်အတွက် အကျိုးပေးမည့်ကံသည်လည်း ပြုလုပ်သည့်သူ၏ တဏှာအပေါ်လိုက်ပြီး အကျိုးပေးပေတော့၏။ ထိုအကျိုးပေးမှုကြောင့်ပင် ဘ၀သစ်တစ်ဖန် ပြန်ဖြစ်၊ တစ်ဖန်မွေးဖွား၊ တစ်ဖန်အို၊ တစ်ဖန်နာ၊ တစ်ဖန်သေရပြန်၏။ မသေခင် ကံတွေကို မဖြတ်နိုင်ပြန်သဖြင့် ထိုကံများ၏ အကျိုးပေးမှုပြန်ခံကြရင်း နောက်တစ်ခါ သံသရာထပ်လည်ရပြန်၏။ ထိုသို့ဖြင့် သတ္တ၀ါတို့၏ သံသရာလည်မှုသည် အဆုံးမရှိဖြစ်နေပေတော့၏။ ထို့ကြောင့် သံသရာလည်မှုများ ရပ်တန့်ဖို့ မိမိတို့လုပ်နေသည့် ကံများကို အကျိုးပေးမှုအဆုံးသတ်အောင် လုပ်ဖို့တိုက်တွန်းလိုရင်းဖြစ်၏။

စင်စစ်ကံ၏ အကျိုးပေးမှုများ အဆုံးသတ်ရန်မှာ ကိလေသာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်မှသာ ဖြစ်နိုင်၏။ ရဟန္တာဖြစ်မှသာ ကံတရားများကို အကြွင်းမဲ့ ပယ်သတ်နိုင်မည် ဖြစ်၏။ ရဟန္တာပုဂ္ဂိုလ်များမှာ နောက်ထပ်တစ်ဖန် သံသရာလည်စရာ အကြောင်းမရှိတော့သဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်သော်လည်း ယင်းကံတို့၏ အကျိုးပေးမှုကား မရှိတော့ပေ။ မိမိတို့အဖို့မှာကား ရဟန္တာမဖြစ်နိုင်သေးသဖြင့် ကံ၏အကျိုးပေးမှုများ ဆက်လက်ရှိနေဦးမည်သာ ဖြစ်၏။ သို့သော် ယင်းကံများကို တဖြည်းဖြည်းဖြတ်နိုင်အောင် ကြိုးစားရပေမည်။ ယင်းသို့ကြိုးစားရာ၌ ရှေးဦးစွာ မကောင်းသည့် ကံများမလုပ်မိအောင် ကြိုးစားရ၏။ ကောင်းသည့်အလုပ်များကို လုပ်မှသာ ကောင်းသည့်အကျိုးများ ခံစားရမည်ဖြစ်ပြီး ကောင်းသည့်ဘ၀များမှာ ပြန်လည်မွေးဖွားကာ တစ်ဆင့်တစ်ဆင့် ရင့်ကျက်အောင်ကြိုးစားလျက် ကံစွမ်းများကို ဖြတ်နိုင်အောင် လုပ်ရပေမည်။ မိုးကုတ်ဆရာတော် ဘုရားကြီး၏ စကားအတိုင်း ပြောရလျင် ကံကိုဉာဏ်နှင့်ဖြတ်နိုင်အောင် ကြိုးစားရပေမည်။

မှန်၏။ ကံကိုဉာဏ်နှင့် ဖြတ်ရမည်ဆိုသည်မှာ ၀ိပဿနာဉာဏ်ကို ဆိုလို၏။ ယခုဘ၀မှာပင် ၀ိပဿနာတရား အားထုတ်ပြီး အရိယာပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားနိုင်ပါက ကံကိုဖြတ်စရာ မလိုတော့ပေ။ သံသရာလည်မှာ၊ သံသရာရှည်မှာ ပူစရာမလိုတော့ပေ။ ထိုသို့ မဖြစ်နိုင်သေးပါက ကံကိုအထူး သတိပြုရပေမည်။ မိမိတို့လုပ်သည့် အလုပ်များကို အထူးဆင်ခြင်ရပေမည်။ သံသရာကို ပိုရှည်စေနိုင်သည့် အလုပ်များ မဖြစ်ဖို့အထူး လိုအပ်ပေသည်။ ရှေးဦးစွာအထူးသတိပြု ဆင်ခြင်ရမည်မှာ မကောင်းသည့် ကံများမလုပ်မိဖို့ အရေးကြီးလှ၏။ မကောင်းသည့် အကုသိုလ် ဒုစရိုက်များလုပ်မိပါက ပို၍ပို၍ သံသရာရှည်စေမည်မှာ ဧကန်မုချပင် ဖြစ်၏။ ကောင်သည့်ကံများသည် သံသရာကျင်လည်မှု ရှိနေသေးသည်ဟု ဆိုသော်လည်း ကောင်းသည့်ဘုံဘ၀များတွင်သာ အကျိုးပေးမှု ရှိနေသဖြင့် အချိန်မရွေး ကံတရားများကို ဖြတ်လိုက်နိုင်၏။ မကောင်းသည့်ကံများကို ပြုလုပ်မိပါက မကောင်းသည့် ဘုံဘ၀များတွင်သာ ကျင်လည်နေကြရပြီး ကောင်းမှုကုသိုလ်များနှင့် ဝေးသထက်ဝေးနေပေလိမ့်မည်။ သို့ဖြစ်လျင် သံသရာရှည်သထက် ရှည်နေကြရပေ ဦးမည်သာ ဖြစ်၏။

ထို့ကြောင့် ရခဲလှသည့် လူ့ဘ၀ကို ရသည့်အခိုက်တွင် အခွင့်အရေး ရှိနေခိုက် သံသရာ ရှည်စေမည့် အလုပ်များကို မလုပ်ဖြစ်အောင် ကြိုးစားဖို့ လိုအပ်လှပေ၏။ သံသရာ မရှည်အောင် ကံတရားများကို ဖြတ်နိုင်ဖို့ အထူးအရေးကြီးလှ၏။ ကံတရားများကို ဖြတ်ဖို့ဆိုသည်မှာ ရှေးဦးစွာမကောင်းသည့် ကံများမလုပ်မိရန် ကြိုးစားသင့်လှ၏။ ထိုမှတစ်ဆင့် ကောင်းသည့်အလုပ်များကို များများလုပ်နိုင်အောင် လေ့ကျင့်ဖို့ အားထုတ်သင့်၏။ ကောင်းသည့်ကံများကို လုပ်ရာတွင်လည်း သံသရာကို ပို၍ရှည်စေနိုင်သည့် လိုချင်တောင်တမှု တဏှာများမကပ်ငြိဘဲ နိဗ္ဗာန်ကိုသာ အထောက်အပံ့ဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်တတ်ဖို့ လိုအပ်၏။ ထိုမှတစ်ဆင့် ၀ိပဿနာဉာဏ်ဖြင့် ကံ၏အကျိုးပေးမှုများကို ဖြတ်နိုင်အောင် လုံလပြုသင့်၏။ အပြောလွယ်သလောက် အလုပ်ခက်သော်လည်း တဖြည်းဖြည်းလေ့ကျင့် ပေးပါက အတိုင်းအတာ တစ်ခုအထိ တိုးတက်လာနိုင်သဖြင့် သံသရာ ရှည်စေမည့် အလုပ်များကို မလုပ်မိအောင် အားထုတ်ကြဖို့ ကံတရားများကို အပြီးတိုင် မဖြတ်နိုင်သေးသော်လည်း နောက်တစ်ဖန် ကျင်လည်ရမည့် ဘ၀အတွက် မကောင်းသည့်အလုပ်များကို တတ်နိုင်သမျှ ရှောင်ရှားပြီး ကောင်းသည့်အလုပ်လေးများဖြင့် ရရှိလာသည့် လူ့ဘ၀ကို အကျိုးရှိအောင် ကြိုးစားကြဖို့ မေတ္တာဖြင့် တိုက်တွန်းလိုက်ပါသည်။
အားလုံးသံသရာ ၀ဋ်မှလွတ်မြောက်ကြပါစေ…

Thursday, September 20, 2012

သားတော်ငယ်ပေါင်း ရွာကကျောင်းကို ပြန်ကြွခဲ့ပါ သားတော်မောင်းပဉ္ဇင်းဘုရား


ဘဝ၏ နောက်ဆုံးခရီးမှာ ရွှေထီးမိုးခံရရုံမျှနှင့် သားကို ဒီဘောင်သို့
သွတ်သွင်းခဲ့ခြင်း မဟုတ်သည် ကတော့အသေအချာပင်။ မကြာသေးမီက တိုက်သစ်ဆရာတော်
ရှင်ပြုတစ်ခုမှာ ဟောကြားသော “စကြာဝတေး မင်း၏ မယ်တော်ဖြစ်ဖို့ကား လွယ်ကူ၏။
ရှင်မယ်တော် ရဟန်းမယ် တော်ဖြစ်ဖို့ကား အလွန်တရာမှ ခဲယဉ်းလှစွာ၏”ဆိုသည့်
တရားထဲကလို ရခဲလေတော့ ရဟန်းမယ်တော်ဆိုသည့် အမည်ထူးတစ်လုံးကို
ပန်ဆင်လိုသဖြင့်လည်း သာ၍ပင်မဟုတ်ခဲ့။
ငယ်စဉ်ကတည်းက နားစွဲနေခဲ့သော “ကိုယ်၏ သားဖြစ်စေ၊ ကိတ္တိမသား ဖြစ်စေ၊
သာသနာတော်တွင်းကို သွတ်သွင်းမှသာ” စသည်သီချင်းလို သာသနာ့အမွေခံ ဖြစ်ကာ
အပယ်တံခါးပိတ်ပြီး နိဗ္ဗာန်တံခါးဖွင့်ဖို့ရာလေ။ ဟုတ်သည်။ ခုဆို သားကို
အကြောင်းပြုကာ အကုသိုလ် အထုပ်က ငယ်၍ ကုသိုလ်အထုပ်က ထည်ခဲ့ပြီကော။
ရဟန်းမယ်တော်နော် ရဟန်းမယ်တော်....ဆိုသောစည်းကြို
းခိုင်ခိုင်ဖြင့် ကံသုံးပါးကို
စည်းနှောင်နိုင်ခဲ့ပြီပဲ။ နဖူးလက်တင် စဉ်းစားမိတိုင်း ငါးပါးသော သီလ...အဲ
တစ်ခါတလေ သန်းဥ စမ်းမိတာက လွဲလို့ပါဏာတိပါတ စသောကံငါးပါးကို ခါးဝတ်လဲကဲ့သို့
မြဲခဲ့တာကို တွေ့ရတော့ “ ဒါ သားကြောင့်ပဲ...ဟုတ်တယ်။ သား ဒီဘောင်မှာ
မွေ့ပျော်သ၍
နိဗ္ဗာန်တံခါးကို မဖွင့်နိုင်တောင်မှ အပယ်တံခါးဖြင့်....”ဤလို
ကြည်နူးခဲ့ရသည်။ အိပ်နိုးထတိုင်း ထိုကြည်နူးမှုလေးဖြင့် နှစ်ထောင်း
ပျော်ရွှင်ခဲ့ရသည်။ ခု ဤပီတိအဆောက်အအုံလေးက တုန်ခါယိမ်းယိုင်ချင်နေပြီ။ ပြိုကျ
ပျက်စီး သွားဦး မှာလား။
အသက်ခြောက်ဆယ်သီသီ စွန်းခဲ့ပြီမို့ သားရဲ့ အရိပ်မှာ တစ်လှည့်ချွေးသိပ်ရင်း
အဖမြတ်စွာသခင်၏ မဂ္ဂင် လမ်းကြောင်းအတိုင်း လျှောက်တော့ မည်ဟု ကြံစည်စိတ်ကူး
ရုံရှိသေး၊ ခု သားက သင်္ကန်းကြီးက သစ်ခေါက်စော်နံပြီ ဆိုတော့ ....
“အမေ အမေ့သား လူထွက်တော့မှာတဲ့ဗျ” “မဟုတ်က ဟုတ်က ဟယ်”“သူ့ သူငယ်ချင်း
ဦးဇင်းသိန်း ပြောတာ၊ ဦးဇင်းသိန်းကြွလာတော့ အမေ လျှောက်ကြည့်ပေါ့” ဖွဟဲ့ လွဲပါစေ
ဖယ်ပါစေ။ ဒီနေ့ ဘာနေ့ပါလိမ့်၊ အင်း တနင်္လာနေ့။ တနင်္လာနေ့ ဆိုတော့ ကျွန်မသား စကား
မမှန်ရာတဲ့၊ ဟုတ်တာပေါ့ ကျွန် က၊ ခ၊ ဂ၊ ဃ၊ င တနင်္လာနံ၊ တနင်္လာနေ့ ကြားတဲ့
စကားမမှန်ပေါ့။ မမှန် နိုင်ပါဘူး၊ မမှန်ပါစေနဲ့တော်၊ မမှန်ပါစေနဲ့။
သင်္ကန်းဆီးကတည်းက လူထွက်ဖို့ ဝေးလို့၊ တစ်ခါမျှ ရှင်လိင်တော် မပြန်ဘူးတဲ့ သား၊
ဒီသားက ရဟန်း ဝါဆယ်ဝါမျှ မြဲခဲ့သော သင်္ကန်းကို ဖြုန်းစားကြီး ချွတ်တော့
မည်ဆိုတော့ မဖြစ်နိုင်၊ ဘယ်နည်းနှင့်မျှ မဟုတ်နိုင်။ နောက်ပြီး လူထွက်စကားလည်း
တစ်ခါမျှ ရယ်စရာအဖြစ်ပင် မဟဘူးခဲ့။
အင်း ရှက်လို့ မဟတာ နေမှာ။ ဒါမျိုး ဆိုတာ ကြိတ်ကြံချင် ကြံနေမှာ။ ဦးစန္နောကြီး
ကြည့်ပါလား၊ တစ်ရွာလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်လိုက် ရတာ၊ ဣနြေ္ဒကလည်း
ကြီးမှကြီး၊ ဟော ဦးဖိုးဒင် မြေးမလေးနဲ့လည်း တွေ့ရော၊ တစ်ခါတည်း အောင်ထားတဲ့
ဓမ္မာစရိယ ဆိုတဲ့ ဘွဲ့တွေတောင် မနှမြောတော့ဘူး။ ခုလဲ အဲလိုများ ဖြစ် ဟင်း...။
ကန်တော့ပါရဲ့ မောင်ပဉ္စင်းမှာလဲ ရည်းစားသနာများ တွေ့ပြုနေ.... ဟယ်.... ဟုတ်မယ်
မထင်ပါဘူးလေ။
အင်း ရဟန်းတော်တွေ လူထွက်တယ် ဆိုတာလည်း တော်ရုံတန်ရုံ အကြောင်းလောက်နဲ့
ထွက်ကြတာ မဟုတ်ဘူး။
မောင်ပဉ္စင်းကလည်း ရုပ်လေးက မအေတူ ဖြူဖြူနွဲ့နွဲ့ရယ်။
ရွာကြွလာတဲ့အခါ ဟို ငဖုန်းရဲ့သမီးလေးနဲ့တော့ အခေါ် အပြော ရှိတာပဲ။
အဲဒီကလေးမနဲ့များ...။ ဟုတ်ချင် ဟုတ်မှာ။
ကောင်းမလေးက ကွမ်းတောင် ပန်းတောင်ကိုင်ဆိုတော့....အသက်တော့ ကွာပါတယ် လေ။
နောက်ပြီး သူတို့က ကျောင်းနေဘက်တွေပဲ၊ ဒါလောက်တော့ ရှိမှာပေါ့။ ဟို သူငယ်မလေးက
ဗိုင်းကောင်း ကျောက်ဖိ လေးပါ။ အင်း ...
မဟုတ်ရင်တော့ ကိစ္စမရှိ၊ ဟုတ်ရင်....ဟုတ်များနေခဲ့ရင်....။
ဟိုကလေးမကို သွားမေးစမ်းကြည့်ရလျှင် ကောင်းမည် ထင်သည်။ မီးဆိုတာ မလောင်ခင်
တားတာ အကောင်းဆုံး မဟုတ်လား။ သွားမေးတာတော့ ဟုတ်ပြီ။ မဟုတ်ခဲ့လျှင်
သားသမီးချင်း မစာနာရာ ကျချေတော့ မည်။
ဘယ့်နှယ်လုပ်ပါ့။ ကိုယ့်မောင်ပဉ္စင်းကိုပဲ သွားပင့်ခိုင်းတာ အကောင်းဆုံး
ဖြစ်ပေတော့မည်။ မနက်ဖြန် အငယ်ကောင်ကို မန္တလေးလွှတ်ရမည်။ မင်း နောင်တော်ကို
ပင့်ခဲ့၊ သူ့ ဆရာတော်ကိုလည်း အကြောင်းစုံ လျှောက်ခဲ့ ဟု မှာရမည်။
မောင်ပဉ္စင်းကြွလာမှ အကြိမ်များစွာ လျှောက်ခဲ့ဖူးသော စကားကို ထပ်လျှောက် ရမည်။
အကြိမ်တစ်ရာမကလို့ လည်ချောင်း လှည်းပတောင်း ထချင်ထပစေ လျှောက်ရမည်။
“လူမထွက်ပါနဲ့ ဘုရား လူ့ဘဝဆိုတာ ...”
ဆံတစ်ပြည် ဘယ်ဈေး၊ ဆီတစ်ဆယ်သား ဘယ်လောက်စသည့် စားရေး အပူတွေထက်ပင်
သားရေးအပူကပို၍ လောင်မြိုက်လှတော့သည်။ အရိပ်တကြည့်ကြည့်နှင့်
ပျိုးထောင်ခဲ့ရသောသား ခုတော့ ....
အို ... ကိုယ်ပူ ကိုယ်ကျွမ်းတာပဲ။ နောက်ပြီး မရေမရာနဲ့။ သန်ဘက်ခါ သားငယ်
ပြန်လာရင် အကြောင်းစုံသိရမှာပဲဟု ကိုယ့်ကိုယ်ကို ဖျောင်းဖျရင်း စိတ်ကို
ငြိမ်စေရ သည်။
သို့သော်....စိတ်သည် နဖားထိုးထားသည့် နွားမ တစ်ကောင် မဟုတ်လေတော့....။
မောင်းပဉ္စင်းကို မွေးတော့ သင်္ကြန်အတက်နေ့ကြီး မှာပင်။ နောက်နေ့ဆို
နှစ်သစ်ကူးပြီ။ ဒီတော့ မီးတွင်းထဲ ကြာကြာ မနေလိုက်ရ။ တစ်ရက်နှင့်မီး
ထွက်ခဲ့ရသည်။ အညစ်အကြေးနယ် ကြာရှည်မနေရသည့် သဘော။ ထို ကတည်းက ဒီသားဟာဖြင့်
တခြားသားတွေနှင့် မတူ။ ထူးမည့်သားပဲဟု ကိုယ့်ဟာကိုယ် အတိတ်ကောက် နိမိတ်ဖတ်ခဲ့
မိသေးသည်လေ၊ နာမည်ပေးတာတောင် “မောင်ဆွေထွန်း” တဲ့။ ဆွေလယ်မျိုးလယ်မှာ
ထွန်းမည့်သားလို့။
ပြန်တွက်စစ်လိုက်တော့ သားတွေချည်း လေးယောက် မွေးခဲ့သည့်ထဲက မောင်ပဉ္စင်းက
နို့ညှာ။ သူ့အောက် တစ်ယောက် ရှိသေးသည်။ သည်သား လေးယောက်ထဲတွင် ဉာဏ်အထက်ဆုံး
သားကလည်း သူပင်။ ညည အိပ်ယာဝင် ပုံပြောပြီဆိုမှဖြင့် သူတစ်ယောက်သာ ပုံဆုံးအောင်
နားထောင် မြဲ၊ မှတ်လည်း မှတ်မိသည်။ နောက်တစ်နေ့မှာ သူ့ညီကိုပြန်ပြောနေ
လိုက်တာများ ချောလို့။
ပြောစရာ ပုံသစ် မရှိသော ညများဆိုလျှင် ...
“အမေ တောထွက်တဲ့ အကြောင်း ပြောပါဦး” ဟု ပူဆာတတ်သည်။ သူ တောင်းဆိုသည်က ရွာလယ်ဝတ်
ကျောင်းမှာ ရွတ်ဆိုရသော တောထွက် တော်မူခန်း ဘုရားပင့်၊ အသံနေအသံထားနှင့်
ဆိုပြတာကို သူ သဘောကျသည်။
ကြားဖန်များတာကိုပင် မရိုးနိုင်၊ ရသည့် အပိုဒ်ဆိုလိုက်၍ပင် ဆိုလိုက်သေး၊
တစ်ညသားများ မှတ်မိနေ သေးတော့ “သူအိုတစ်ဖြာ သူနာတစ်တွေ.... သူသေတစ်ခန်း၊
သူရဟန်းနှင့်မဂ်လမ်း ထွင်စရာ လေးဖြာနိမိတ် နတ်ပြဟိတ်သော်ကြောင့်၊
မောင်ဆန်ကိုခေါ်၊ တိုင်ပင်တော်မူသည်မှာ ငါနှင့်အညီ ယသော် ဗျက်ဝိ တောထွက်မည့်ဟန်
ငါ့အကြံကိုဧကန် မသိရှာလေဟု....။
“လောင်းမင်းသားက အဲသလို သူအိုသူနာ သူသေ ရဟန်းဆိုတဲ့ နိမိတ်ကြီး လေးပါးကို
မြင်တော့ တောထွက်ဖို့ရာဖွားဘက်တော် မောင်ဆန်ကို ခေါ်ကာ တိုင်ပင်တော်မူသကဲ့
ကွယ်”ထိုသို့ အဆို တစ်ခါ အပြော တစ်လှည့်ဖြင့် ပုံခင်းပြတုန်း ... “သူအိုဆိုတာ
ဘာလဲ အမေ”
“အိုနေတဲ့ ဘိုးကြီးအို၊ မယ်ကြီးအိုတွေကို ပြောတာပေါ့ကွယ်” “ဟို...အဖေကြီး
ဘိုးရွှေလုံလိုလား” “အေးပေါ့” “သူနာကကော”
“နေမကောင်းနေတဲ့သူပေါ့ သားရဲ့” “သူသေဆိုတာ ဟိုအသုဘချတာကို ပြောတာ လား”
“ဟုတ်တာပေါ့ သားရဲ့”
“ဒါဖြင့် သူရဟန်းကကော” “သူရဟန်းဆိုတာက ဟို ... အဲ ... ဘုန်းကြီးကို ခေါ်တာကွယ့်”
“တိုက်သစ်ကျောင်းက ဘုန်းဘုန်းလိုလား”
“ဒါပေါ့ သားရဲ့ အဲဒီ ဘုန်းဘုန်းလို” “ဘာလို့ သူက ဘုန်းကြီးလုပ်တာလဲ” “သူကလား
သူက....အဲ....သူအို သူနာ သူသေမဖြစ်အောင် တရားအားထုတ်ဖို့ပေါ့ကွယ်” “ဒါဆို သားလဲ
ကြီးရင် ဘုန်းကြီး လုပ်မယ်” ကြည့်စမ်း လိမ္မာလိုက်တဲ့ သား။ ကြည်နူးလိုက်ရတာ၊
ရှင်ဘုရင်ဖြစ်မည့်သူက မွေးကတည်းက ရောင်လေးနဲ့ ဆိုသလိုပင်။ ထိုညကတည်းက သားကို
ရှင်ပြုပေးဖို့ အားခဲမှု ပို၍ ထက်သန်ခဲ့လေတော့သည်။ သင်္ကန်းနိုင်လျှင်ရှင်ပြု
ပေးကြဖို့ သူ့အဖေနှင့် မှတ်မှတ်ရရ တိုင်ပင်ဖြစ်ကြသည်။
ခု ... ဤ သားက လူ ထွက်တော့မည်တဲ့...။
ရှင်ပြုတော့ မှတ်မိနေသေးသည်။ သားကြီးတွေတုန်းက ဆိုင်းနှင့် ဝိုင်းနှင့်
ရှင်ပြုပေးခဲ့သည်။ အငယ်နှစ်ယောက်ကျတော့ အပျော်အပါးမဖက်၊ လောကုတ္တရာ
သက်သက်ဖြစ်အောင် မနည်းတိုင်ပင်ယူရသည်။ ဒါတောင် သူ့ဒကာကြီးကအရပ်ကျေနပ်အောင်
ဗြောလေး ထည့်လိုက်ချင် သေးသည်။ ဒီတော့ သိသလောက် မှတ်သလောက်နှင့်....။
“ကိုယ့်နှယ် ဒီ အပိုကုန်မည့်အစား မဏ္ဍပ်ဝင် သံဃာတော်တွေကို လှူဖွယ်ဝတ္ထု
ပိုလှူမယ်၊ ဒါမှ အကျိုးကြီးတော့မပေါ့တော်” စသည်ဖြင့် ဖျောင်းဖျရသေးသည်။
အဲဒီတုန်းက ကျွေးတာမွေးတာကိုပင် အမဲပေါ်ခြင်း၊ ဝက်ပေါ်ခြင်းမလုပ်စေခဲ့၊ ပံ့သကူသား
ဖြစ်အောင်ငါးခြောက်ထာင်း ကြော်ကျွေးခဲ့သည်။ ငါးခြောက်မှ နိတိနတ မဟုတ်၊
ဈေးအကြီးဆုံး ငါးရံ့ခြောက်ကို ကျွေးခဲ့တာ။ ဘုန်းကြီးဖြစ်မည့်
သားရဲ့ပွဲမှာအားလုံး စင်ကြယ်စေချင်သည်လေ၊ မောင်ပဉ္စင်း သင်္ကန်းဆီးတော့ ဘာရှိသေးလဲ
ကိုးနှစ်သား အရွယ်လေး။ အငယ် ကောင်က ခုနစ်နှစ်၊ ရှင်တစ်ဝါနှင့် အငယ်ကောင်က
ထွက်ခဲ့ပေမယ့် သူကတော့ မြဲခဲ့သည်မှာ ယခုတိုင်ပင်။
သင်္ကန်းလို သင်္ကန်း၊ ဖိနပ်လို ဖိနပ်၊ လိုရာကို လှူဒါန်းထောက်ပံ့ရင်း
သာသနာ့ဘောင်မှာ ထားခဲ့ရကျိုးနပ်သည်ဟု ဆိုရပေမည်။ တစ်ခါမျှ လူထွက်ချင်ကြောင်း
မပြောဘူးခဲ့၊ ကိုရင်လေး ဘဝနှင့်ပင် တိုက်သစ်ဆရာတော်ကျောင်းမှာ ပရိတ်ကြီး
သဒ္ဒါရှစ်စောင် သင်္ဂြိုဟ်ကိုးပိုင်း ကုန်ကာ စာတွေ အတော်ရလှပြီ၊ သူ့ဆရာ ဘုန်းကြီး
ပြောတာပင်အမှတ်ရ သေးတော့ ...
“မယ်ရွှေကံ...နင့်သား သိပ်ဉာဏ်ကောင်းတာ၊ ကြီးရင် ဆရာတော်ဖြစ်မယ်ဟဲ့” တဲ့။
ခုတော့ဖြင့် ကြားရချက်ကမဟန်ချင် ဆတော်ဖြစ်ဖို့ နေနေ သာသာ ကျောင်းပင်
မထိုင်ရသေး၊ လူထွက်တော့မည် ဆိုတော့ ... ။
သည်လိုနှင့် ဆယ့်လေးငါးနှစ်အရွယ် ကိုရင်ကြီး ဖြစ်လာခဲ့သည်။ အရွယ်လေး
ရောက်လာတော့ ကျောင်းက ကပ္ပိယကြီးနှင့် မတည့်ချင်၊ ကပ္ပိယကြီးက
ဆရာတော်ကိုအပြစ်မဟုတ်တာတွေ အပြစ်လုပ်ကာ လျှောက်သည်တဲ့။
ဆရာတော်ကလည်း ခဏခဏ ဆူသည်တဲ့။ အခန့်မသင့် လျှင် နကန်နှင့်ပင် အဆော်ခံရတတ်လေတော့
ကိုရင် ရွာကျောင်းမှာ မပျော်ဖြစ် လာသည်။ ဒါတောင် လူထွက်ချင် ကြောင်း လေသံမဟခဲ့။
ကိုရင့်ဒကာကြီး ကသာ စိုးရိမ်ပြီး....
“ဒီမယ် ကပ္ပိယကြီး၊ ဆွမ်းကျန် ဟင်းကျန်အေးအေးစား၊ ကိုရင်ကျောင်းသား တွေကို
အနိုင်မကျင့်ပါနဲ့၊ ကျုပ်သား လူထွက်လို့ကတော့ ကျုပ်နဲ့ ခင်ဗျား အတွေ့ပဲ”
အဲသည်လို သွားကြိမ်းမောင်းခဲ့သည်။ တစ်သက်လုံး မော်မကြည့်ဝံ့အောင်
ကြောက်ရွံ့ခဲ့ရသည့် ဆရာဘုန်းကြီးကိုပင်မမှုနိုင်အားတော့။ ခု ထိုကျေးဇူးတွေကို
ဆပ်ဖို့ လူထွက်တော့မှာလား သားရယ်....။
မထွက်ပါနဲ့ မောင်ပဉ္စင်းရယ် မထွက်ပါနဲ့။ အမေတို့ မောင် ပဉ္စင်းကို ဒီဘဝရောက်အောင်
ကြိုးစားပမ်းစား ခေါင်းနဲ့ရွက် တင်ခဲ့ရတာပါ ဘုရား... အဲသည်လိုကစပြီး တောင်းပန်
လျှောက်ထားရမည်။
စဉ်းစားကြည့်ပါ မောင်ပဉ္စင်းဘုရား၊ မောင်ပဉ္စင်း ကိုရင်ဘဝကရွာမှာ
မပျော်တော့ဘူးဆိုတော့ မြို့စာသင်တိုက်ပို့ပေးရ၊ ဆရာဘုန်းကြီးရဲ့ အငြို
အငြင်ကိုလည်း ခံရ၊ စားရိတ်စက ထောက်ပံ့ဖို့ နွားပေါက်လေး တစ်ကောင်
တောင်ရောင်းရတာတွေ မောင်ပဉ္စင်းကို တစ်ခါမျှ အသိမပေးခဲ့ဘူး။ မဟုတ်လား။ အခုတော့
မောင်ပဉ္စင်းသိအောင် ပြောပြချင်နေမိသည်။
နောက်ပြီး တစ်ခါမျှ စိတ်ကူးနှင့်ပင် မရောက်ဖူး သည့် မြို့ကြီးသို့ ကိုရင့်ကို
ဘယ်လိုမှ မလွှတ်ရက်။ လွှတ်ရမည်ကို စိတ်မချ၊ ရွာမှာ နေပြီး လူထွက် သွားမှာ
နှင့်စာလျှင် တော်လေသေးရဲ့ဆိုပြီး ဒကာကြီး၊ ဒကာမကြီးပါ မျက်စိစုံမှိတ်ပြီး
လွှတ်လိုက်ကြခြင်းပါ။
ကိုရင် မြို့ကို သွားစရက်များကဆို ကားများ တိုက်လေမလားဟဲ့။ မြင်းလှည်းနဲ့များ
ခိုက်လေမလားဟဲ့၊မျက်စိသူငယ် နားသူငယ်နှင့်များ နေရှာ မလားဟဲ့ စသဖြင့်
ပူပန်လိုက်ရတာ။
မန္တလေးက ဘယ်သူပြန်လာသတဲ့၊ ဘယ်ဝါ ပြန် လာသတဲ့ဆို ကိုရင်နဲ့များ
မတွေ့ခဲ့ကြဖူးလားလို့ သွားမေးရတာလဲ အမော။ နောက်မှ သိရသည်။ မန္တလေးမြို့ ဆိုတာ
အကျယ်ကြီးဟု။ ရွာလိုမှ မဟုတ်ဘဲ၊ တကူးတကမသွားဘဲမတွေ့နိုင်ဘူးတဲ့၊ ဪသာ်...
အဲဒီတုန်းကများ တပည့်တော်မ မှာ လူရယ်စရာကြီးကိုဖြစ်လို့။ ဒါတောင် မန္တလေး
သွားသူကြုံတိုင်း ငါ့သားလေးဆီ ဝင်ခဲ့ကြပါဦးဟု မှာနေမိပြန်သည်။ နောက်တော့
တစ်နှစ် တစ်ခေါက်ဖြင့် ကိုရင် ပြန်ကြွလာမှာပဲလေဟု လွမ်းစိတ်ကို ဖြေရတော့သည်။
သို့သော် ရွာက ဆရာတော် စိတ်မပြေသေးလို့လား မြို့က ဆရာတော် ခွင့်မပေးလို့လားမသိ၊
တစ်နှစ်ပတ်ပင် လည်တော့သည်။ ကိုရင်ကဖြင့် ပြန်ကြွမလာ။ ပြာသိုလ
ဘုရားပွဲတော်ချိန်မှများလာ မလားပဲ။ ဟုတ်သည်။ ထိုပွဲတော်မှာ ရွာဇာတိအဝေးနေ
သံဃာတွေ အကုန်ပင့်တာပဲ ဟာ... ဆိုသည့် မျှော်လင့်ချက်နှင့် ဆက်မျှော်နေဖြစ်သည်။
တစ်နေ့လာနိုး တစ်နေ့လာနိုးနှင့် ပြည် ကူးတို့ သင်္ဘောကပ်ချိန်တိုင်း မြစ်ဆိပ်က
သွားကြိုနေမိသည်။ အဝတ်ကလေး သုံးလေးထည်ကို မြစ်ရေမှာ အချိန်ကုန် အောင်
လျှော်ဖွတ်ရင်း သား ကိုရင်ကို စောင့်မျှော်နေခဲ့သည့်အဖြစ်ကို မောင်ပဉ္စင်း
ပြန်မြင်စေချင်လှသည်။ အဲဒီတုန်းက တစ်နေ့... နောက်တစ်နေ့... ဟိုနောက်တစ်နေ့...
အဲဟို နောက်တစ်နေ့... နေ့ဆက် ထွက်မျှော်နေမိသည်။ ဘုရားပွဲတော်သာ ပြီးသွားသည်။
ကိုရင်၏ အရိပ်အရောင်ကိုကား မတွေ့ခဲ့ရ၊ နောက်ဆုံး မနေသာတော့မှ ကိုရင့်ဒကာကြီးက-
“ ညည်းနှယ်အေ၊ သာထွန်းနဲ့ မန္တလေး ဘာဝေးတာ မှတ်လို့၊ တစ်နေ့ခရီးပဲဟာ၊ ညည်းသားကို
တွေ့ချင်ရင်ကျုပ် လိုက်ပို့မှာပေါ့၊ အချိန်မရွေး သွားတွေ့ ရသားနဲ့ အလကား
စိတ်ပင်ပန်းခံလို့၊ ညည်းသွားချင်တဲ့နေ့သာပြော”
အဲသည်က စပြီးနောက် နှစ်တွေမှာ တစ်နှစ်တစ်ခေါက်လိုလို ကိုရင့်ဆီ
ရောက်ဖြစ်တော့သည်။ ကိုရင်နှင့်လည်း တွေ့ရ၊ ဘုရားစုံလည်း ဖူးရသည်မို့
ဝမ်းသာရသည်။ ကိုရင် စာတော်ကြောင်းကိုလည်း အတူနေဦးဇင်း ကိုရင် တွေထံမှ
ကြားရပြန်သည်။ အဲသည်ရောက်စနှစ်က ပထမငယ်တန်းကို အောင်ခဲ့သည်။
နောက်နှစ်များမှာလည်း...မှတ်မိသေးတော့သည်။ ရောက်ဦးစ တစ်ခေါက်တုန်းက
ကိုရင့်ဒကာကြီးက-
“ကိုရင် ဆွမ်းခံအိမ် ဘယ်နှစ်အိမ်ရှိလဲ၊ ဆွမ်းခံရတာ အဆင်ပြေလား” “မန္တလေးက စ ဒ ဘ
ဝ နှင့် ညီမှ ဒကာကြီးရ”
“စဒဘဝဆိုတာ ဘာတုန်း ကိုရင်ရဲ့” “စဒဘဝဆိုတာ စ စောစောထပြီး၊ ဒ ဒုန်းပြေးကာ ဘ
ဘုံလောင်းတိုးနိုင်မှ ဝ ဝ၀လင်လင် စားရမည်တဲ့”
ကိုရင့်အဖြေကြောင့် ရယ်လိုက်ကြရတာလေ။ ဪ သြော် ... အဲဒီတုန်းကတော့ အခုလို
လူထွက်လိမ့် မည်ဟု ယောင်လို့ပင် မထင်မိခဲ့၊ ခုတော့...
ပထမကြီးအောင်သည့်နှစ်မှာတော့ ရွာကို ပြန်ကြွလာသည်။ ဒါတောင် ပဉ္စင်းတက်ရန်
အသက်ပြည့် နေသော ကြောင့်သာ။ သို့မဟုတ်ရင်တော့...။
ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတွေကို နှစ်ချင်းဆက် အောင်မြင်ခဲ့လေသော
ကိုရင်ဖြစ်လေတော့ ရဟန်းဒကာခံလိုသူတွေ ပေါသည်။ ဟို... ဝါးခယ်မ အောက်ပြည်
အောက်ရွာက ဒကာတွေက ဒကာလုပ်ချင်၍ ရဟန်းလောင်း တောင်းသည့်တဲ့။
မပေးနိုင်ပေါင်တော်။ မပေးနိုင်ပေါင်။ သတင်းကြားကတည်းက ကိုယ်ပိုင်
ပဉ္စင်းတက်ပေးနိုင်ဖို့ ခဲရသည်။
ပဉ္စင်းလောင်းဆိုတာ ပဋိသန္ဓေနေတဲ့ လရယ်၊ ဝါ ထပ်တဲ့ လတွေရယ် ပေါင်းယူရင်
ဆယ့်ကိုးနှစ်ပြည့်တာနဲ့ရဟန်းတတ်လို့ ရပြီဟု ကိုရင့် ဆရာတော်က မိန့်တော့ ဝမ်းသာ
လိုက်ရတာလေ။ ကဆုန်ဆို ကိုရင်က ဆယ့်ကိုးနှစ်ပြည့်ပြီပဲ။
ထိုနှစ်မှာပင် ကိုရင်ကို ရွာသို့ ပင့်ကာ ရဟန်းခံပွဲ ကျင်းပဖြစ်သည်။
ရဟန်းခံပွဲကိုလည်း ကြည့်ပါဦး။ သိမ်ဝင်တာပင် ကုန်းသိမ်မဟုတ်၊ ဧရာဝတီမြစ်ထဲမှာ
ရေသိမ် သမုတ်ကာ ကြီးကြီးကျယ်ကျယ်ကို ကျင်းပပေးခဲ့သည်။ ဒီကျေးဇူးတွေကို
ဆင်ခြင်ပြီး ငဲ့ညှာတန်ကောင်းပါရဲ့။ ငဲ့ညှာ ပါဦးဘုရား...။
အဲသည်တုန်းက သိမ်ဆင်းလောင်းလှူသွားတဲ့ လူတွေကလည်း များမှများ၊ သိမ်ဆင်းရာ
မြစ်ဆိပ်မှသည် ဝါးသုံးလေးရိုက်ခန့် ဝေးရာ ကျောင်းဝရဝဏ်ဝအထိ သိမ်ကဆင်း
နို့ဖိုးဆပ် တရားဦးဟောတော့ ဝမ်းသာလိုက်ရသည့် ဖြစ်ခြင်း။ မျက်ရည်များပင်
လည်လို့။ သူ့ဒကာကြီးကို ကြည့်လိုက်တော့လည်း ပြုံးပြုံးပြုံးပြုံးနှင့်။
သာသနာ့ အမွေခံတွေ ဖြစ်ပဟဲ့... သာသနာ့ ဒါယကာတွေ ဖြစ်ပဟဲ့... ဟု ကြည်နူးအားရကြီး
အားရကာ အပယ်တံခါးပိတ်၍ နိဗ္ဗာန်တံကား ဖွင့်နိုင်တော့မည်ဟု သတ်မှတ်မိခဲ့သမျှ
အင်း... ခုတော့...။
မထွက်ပါနဲ့ မောင်ပဉ္စင်းရယ် မထွက်ပါနဲ့။ တပည့် တော်မကို ငဲ့ပါဦး ဘုရားဟု ဖမိုး
နဖူးချ တောင်းပန်ရမည်။ အမေကို ချစ်တဲ့သားပဲ၊ ငဲ့ညှာမည်ထင်သည်။ အဲ ...
မရလျှင်တော့ ...။
အင်း... သူ့တကာကြီးသာ ရှိရင် သူလည်း ခုလိုပဲ စိတ်ကောင်းနိုင်ရှာမှာ မဟုတ်ဘုး။
သူ စောစော ကွယ်လွန်သွားတာ ကောင်းတယ်လို့တောင် ပြောရမလိုပင်၊ တမြန်နှစ်ကပင်
သူ့သား မောင်ပဉ္စင်းရဲ့ လက်ပေါ်မှာ ကွယ်လွန်သွားခဲ့ရှာပြီ။ ဘဝကူး ကောင်းမှာပါ။
ရဟန်း ခမည်းတော်ကြီး အဖြစ်နှင့် အနိစ္စ ရောက်ခဲ့ရတာပဲလေ။ ဘတော်ပျံပေါ့။ ငါ့
အလှည့်ကျရင်သာ...။
မောင်ပဉ္စင်း၏ ရွတ်သံ၊ ဖတ်သံလေးနှင့် ဘဝကူး ဖို့ရာ မသေချာတော့ပြီ။ အမေလည်း
အသက်ကြီးပါပြီ။ ဒီဘုရား အရေတော်နှင့် အရိုးမထုတ်နိုင်တောင် အမေ့ တစ်သက်တော့
မထွက်ပါနဲ့ဦးလို့ နောက်ဆုံး ပြောကြည့်ရ မည်။ နေပါဦး ထွက်မယ်ဆိုတာကတော့
ကျိန်းသေလို့လား ငါ့နှယ်... ငယ်ငယ်လေးကတည်းက သင်္ကန်းချည်ခဲ့တာ ပုဆိုးတောင်
ကောင်းကောင်း ဝတ်တတ်တာ မဟုတ်ဘူး။ လူထွက်လို့ ဘာသွားလုပ်စားမှာလဲ။ အစစအရာရာ
ကျပ်တည်းတဲ့ ကာလကြီးမှာ နတ်ပြည်ကနေ ငရဲကို ခုန်ဆင်းသလို ဖြစ်တော့မပေါ့။
အို... ဒါတွေ သူစဉ်းစားမိမှာပါ။ စာတတ် ပေတတ် ပုဂ္ဂိုလ်ပဲ၊ သွားပြောနေတာကမှ
မိကျောင်းမင်း ရေခင်းပြ ဘုန်းကြီးစာချ ဖြစ်နေဦးမယ်။ ဒါတွေ တကယ် စဉ်းစားမိ
လို့ကတော့ ထွက်ဖြစ်မယ် မထင်ဘူး။ ဟာ ... မစဉ်းစားမိလို့ ထွက်လည်း ထွက်ထွက်
ဘာတတ်နိုင်မှာလဲ။ သင်း ထိုက်နှင့် သင်းကံပေါ့။ ကုသိုလ်ရဖို့ကတော့ သူမရှိလဲ
တခြားကိုယ်တော်တွေ ကိုးကွယ်ယုံပေါ့။
စိတ်သည် ကရုဏာ ဒေါသောတလှည့် မုဒိတာ သောကတလှည့်နှင့် ရှိသည်။
အလုပ်ဝတ္တရားတို့ဖြင့် တည်းနှောင်ထားပါလျက်က...
ထွက်မှာတော့ မဟုတ်ပါဘူးလေ “ကိစ္စများမြောင် လူတို့ဘောင်” တဲ့ မောင်ပဉ္စင်း ခဏခဏ
ပြောနေတာပဲ။ ဒီဒုက္ခတွေ သူသိပါတယ်။ အဲ ဒုက္ခကို သုခထင်အောင် လုပ်နိုင်တဲ့ သူများ
တွေ့ရင်တော့ မပြောတတ်ဘူး။ ဟုတ်တယ်။ မြို့သူ တစ်ယောက်နှင့်များ နီးစပ်နေရော့လား။
မြို့သူဆိုတာ တောက သူငယ်မလေးတွေထက်တော့ အစစအရာရာ သာတာကလား၊ နောက်ပြီး
ဆတ်ကော့လတ်ကော့နှင့် ရဲတင်း လိုက်တာကလား။ အဲဒီလို သူငယ်မနှင့်များ
ငြိစွန်းနေရင်ဟယ်... ဟုတ်မယ်မထင်ဘူး။ ဘုရား သိကြားမလို့ မဟုတ် ပါစေနဲ့တော်
မဟုတ်ပါစေနဲ့။
ဟုတ်ချင် ဟုတ်နေမှာ ဟုတ်နေရင်တော့ ထန်း လည်ဆစ်ကျိုးတဲ့... အို ငါ့သားကြီး
ဒီလောက် မမိုက်ပါဘူး။ မမိုက်ဘူး... မမိုက်ဘူး။
အင်း... မြို့လွှတ်လိုက်တဲ့ အကောင်ကလည်း ကြာလိုက်တာ၊ ဒီနေ့ရောက်ရက်ပဲ၊ တစ်ညပဲ
အိပ်၊ မောင်ပဉ္စင်းနဲ့ တွေ့ပြုပြီး ချက်ချင်း ပြန်လှည့်ခဲ့ဆိုတာ...။
တကတည်းတော် စူဠလိပ် ရေထဲလွှတ်သလို ဖြစ်နေပြီ။ မွန်းတိမ်းစမှာပင် မြစ်ဆိပ်ဆီမှ
ပြည်ကူးတို့ သင်္ဘော၏ ဥဩဆွဲသံကို ကြားရပြီ။ ထလိုက် ထိုင်လိုက်။ မြစ်ဆီမျှော်လိုက်
ငေးလိုက်နှင့် စိတ်စောလှသည်။ မကြာပါ။
“ဟော... အမေ ဟိုမှာ အမေ့သား ငကျော် ပြန် လာပြီ”
သားကြီး သတင်းပေးသံ မဆုံးမီ - “အမေရေ ကျွန်တော် ပြန်လာပြီ၊ အမေ့သား
ကိုယ်တော်နှင့် တွေ့ခဲ့ပါ့ဗျာ၊ ဒီနှစ် စာမေးပွဲပြီးရင် ချင်းပြည်နယ်
သာသနာပြုကြွရမှာတဲ့။ မကြွခင် အမေ့ဆီ လာခဲ့ဦးမယ်တဲ့။ ဟောဒီမှာ အမေ့ဖို့
လူပျံတော်ပတ္တမြား သွေးဆေးနဲ့စာ...” ဆေးဘူးတွေကို မကိုင်မိ၊ စာဆီသို့
လက်လှမ်းမိသည်။ စာရွက်ခေါက်ကလေးတွေကို ထုတ်ဖြေလိုက်တော့...။
အသက်ကြီးလာလို့နဲ့ တူပါရဲ့။ လက်တွေက တုန်ချင်နေပြီ။ စာရွက်လေးတွေကို
တဖျပ်ဖျပ်နဲ့...။
ကံထွန်းသစ်
[ သင့်ဘဝ။ ။ အောက်တိုဘာ၊ ၁၉၉၇ ]
မှတ်ချက်။ ။ ဆရာတော်ဦးဇာဂရ ကလောင်အမည် (ကံထွန်းသစ်) စာစုများ မှ

ရခဲခြင်းတရားငါးပါး


လူ့ဘ၀နည်းတူ ရဖို့ခဲယဉ်းသော အရာငါးမျိုးကို မြတ်ဗုဒ္ဓဟောကြားထားသည်မှာ
(၁)ဘုရားရှင်ပွင့်တော်မူသောအခါကိုရခဲခြင်း၊
(၂)လူဘ၀ကိုရခဲခြင်း၊
(၃)သဒ္ဓါတရားရှိသောပုဂ္ဂိုလ်အဖြစ်ကိုရခဲခြင်း၊
(၄)ရဟန်းဘ၀ကိုရခဲခြင်း၊
(၅)သူတော်ကောင်းတရားကြားနာရခဲခြင်းတို့ဖြစ်ပေသည်။

လူ့ဘ၀ရခဲပုံ
မြတ်စွာဘုရားကချစ်သားချစ်သမီးတို့၊ ငါဘုရား၏လက်သည်းပေါ်မှာရှိသော မြေမှုန်နဲ့ ဟောဒီအောက်က
ပထ၀ီမြေကြီး ဘယ်ဟာက များသနည်း။အောက်မှာရှိတဲ့ မဟာပထ၀ီမြေကြီးက အဆမတန်အောင်များပြားလှပါသည်ဘုရားချစ်သား ချစ်သမီးတို့ ဟောဒီ ဥပမာအတိုင်းပဲ၊ လူ့ဘ၀က နေသေပြီးတော့ လူ့ဘ၀ကိုပြန်ရောက်တဲ့ ပုဂ္ဂိုလ်ဆိုတာ ငါဘုရားလက်သည်းခွံပေါ်က မြေမှုန်လောက်ပဲရှိတယ်၊ လူ့ဘ၀က သေပြီး အပါယ်လေးဘုံကျရောက်ရတဲ့ ပုဂ္ဂိုလ်များကတော့ ဟောဒီ မဟာပထ၀ီမြေကြီး အထုလောက်ရှိတယ် ဟူ၍ဖြစ်ပါသည်။
လူဘ၀ရဖို့ခဲယဉ်းပုံနှင့်ပတ်သက်ပြီး ထပ်မံ ဥပမာ ပြဟောကြားတော်မူခဲ့ရာ...ကျယ်ဝန်းနက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြီးထဲမှာ အနှစ်တရာမှ ရေပေါ်ကို ခေါင်းလေးတစ်ခါပေါ်တဲ့ လိပ်ကန်းကြီး တစ်ကောင်ရှိတယ်။ အဲဒီ သမုဒ္ဒရာကြီးထဲကို အပေါက်တစ်ပေါက်သာ ဖောက်ရသေးတဲ့ နွားလှည်းက ထမ်းပိုးတစ်ချောင်းကို ပစ်ချလိုက်ရမယ်။ထမ်းပိုးကလည်း လေတိုက်ရာ အရပ်လေးမျက်နှာ မျောချင်ရာမျောနေမယ်။ လိပ်ကန်းကြီးကလည်း အနှစ်တရာပြည့်ရင် သူပေါ်ချင်ရာပေါ်မယ်။ လိပ်ကန်းကြီးကလည်း အနှစ်တရာပြည့်လို့ ရေပေါ်ကိုပေါ်လာတဲ့အချိန်လည်းဖြစ်ရမယ်။ အရပ်လေးမျက်နှာမျောချင်ရာမျော နေတဲ့ ထမ်းပိုးကလည်း လိပ်ကန်းကြီးရဲ့ ပေါ်လာတဲ့ ဦးခေါင်းနဲ့ တည့်တည့်နေရာ ရောက်နေရမယ်။
ပိုပြီး ခဲခဲယဉ်းယဉ်းဖြစ်ရမှာက တစ်ပေါက်ထဲသာ ဖောက်ထားတဲ့ ထမ်းပိုးက အပေါက်ထဲကို လိပ်ကန်းကြီးရဲ့ ဦးခေါင်းဟာ တည့်တည့် မတ်မတ်ဝင်သွားဖို့ဆိုတဲ့ အရာဟာ လွယ်လွယ်ကူကူဖြစ်နိုင်ပါ့မလား ချစ်သားချစ်သမီးတို့...ထိုသို့ဖြစ်ရန် အင်မတန်မှ ခဲယဉ်းလှပါသည်ဘုရားချစ်သားချစ်သမီးတို့ အပါယ်လေးဘုံသားများ လူ့ဘ၀တစ်ခု ရဖို့ရာကတော့ ယခု ငါဘုရားဟောကြားတဲ့ ဥပမာထက် အဆပေါင်းများစွာ ခဲယဉ်းလှသည် ချစ်သား၊ ချစ်သမီးတို့ဟူ၍ ဟောကြားတော်မူခဲပါသည်။

အတ္တသမ္မာ ပဏီဓိ မင်္ဂလာကို ယုံကြည်ခြင်း


      အတ္တသမ္မာ ပဏီဓိစ ဧတံမင်္ဂလ မုတ္တမံ ။
မိမိ၏ ကိုယ်၊စိတ် တို့ကို ကောင်းစွာထားနိုင်ခြင်းသည် မင်္ဂလာ ။ ဒါတင်မက ကိုယ်၊နှုတ်၊စိတ် (၃)ပါးလို့ ချဲ့ပြောရင်လဲ ရပါမယ်။အရပ်ဒေသဘယ်လောက်ကောင်းကောင်း ကိုယ့်ကိုယ်ကို ကောင်းစွာ မထိန်းနိုင်ရင် မကြီးပွားနိုင်ဘူး။ဒါဆို အရပ်ကောင်းခြင်းက ဒီလူကို ကျေးဇူးမပြုနိုင်တော့ဘူး။ ဒီလူကလဲ ဒီအရပ်ကို ဘာမှ ကျေးဇူးသိမှာ ပြုမှာ မဟုတ်ဘူး။ဒါကြောင့် အရှေ့က မင်္ဂလာတွေ ဘယ်လောက်တွေ ပြည့်စုံနေပါစေ သူကိုယ်တိုင်ရဲ့  အခုဘ၀မှာ အတ္တသမ္မာ ပဏီဓိစ မရှိရင် အားလုံးပျက်စီးကြရမယ်။ တိုက်အိမ်ကြီးတွေ၊ အိမ်ကြီးအိမ်ကောင်းတွေကြားမှာ မီးလောင်လွယ်တဲ့ တဲအိမ်တစ်လုံး ရောက်နေသလိုပဲ။ သူ့ကြောင့် ကျန်သူတွေပါ အထိတ်တလန့်ဖြစ်နေရမယ်။


အဋ္ဌကထာအဆိုအရ-
(၁) သီလ မရှိသောမိမိကိုယ်ကို သီလမှာ တည်နေအောင်ကြိုးစားခြင်း၊ ကိုယ်ကျင့်တရား ပြည့်စုံနေအောင်ထိန်းသိမ်းထားခြင်း၊ ကိုယ့်ကိုယ်ကို အကျင့်သီလ ခေါင်းပါးနေကြောင်း အမှန်အတိုင်းသိအောင်ကြိုးစားပြီး ပြုပြင်နေသူသည်သာ အတ္တသမ္မာ ပဏီဓိပြည့်သူလို့ ခေါ်နိုင်ပါတယ်။
(၂) သဒ္ဓါတရား ကင်းကွာနေတဲ့ မိမိကိုယ်ကို သဒ္ဓါတရား မှာ ပြည့်နေအောင်ကြိုးစားခြင်း။ရှိပြီးသား သဒ္ဓါတရား တွေပျက်သွားရင်လဲ အတ္တသမ္မာ ပဏီဓိမင်္ဂလာ ပျက်တယ်။ သဒ္ဓါ ဆိုတာမြန်မာလိုတော့ ဘာသာတရားဆိုင်ရာ ယုံကြည်မှု ကို ပိုပြီးရည်ရွယ်တယ်။ ဘယ် ဘာသာရယ်.လို့ မဆိုလိုပါဘူး။ ဗုဒ္ဓဘာသာဆိုရင်လဲ ဘုရား ပေါ်မှာ ၊ တရားတော် အပေါ်မှာ ၊ သံဃာ အပေါ်မှာ ခိုင်မာတဲ့ ယုံကြည်ချက်ရှိရမယ်။ ယုံကြည်တာနည်းပြီး သံသယများလာရင်မင်္ဂလာ မရှိတဲ့သူပဲ ။
နောက် သဒ္ဓါတရားကတော့ တိုင်းပြည်နဲ့ လူမျိုး အပေါ်မှာ မှန်ကန်သော ယုံကြည်ချက် ရှိရမယ် လို့ ဆိုပါတယ်။အဋ္ဌကထာအရ နှစ်ချက် ဖြစ်သွားမယ်။ ဘာသာတရား ( လောကီ၊လောကုတ် ) အပေါ်ယုံကြည်ချက် နဲ့ တိုင်းပြည်နဲ့ လူမျိုးကြီးပွားရေး အပေါ်ယုံကြည်ချက် တို့ဖြစ်ပါတယ်။

နောက်ယုံကြည်ချက်ကတော့ မိမိသည် မှန်ကန်သော တရားတော်အတိုင်းကျင့်ကြံခြင်းဖြင့် သံသရာမှ မလွှဲမသွေ လွတ်မြောက်မယ် ဆိုတဲ့ ယုံကြည်ချက်ဖြစ်ပါတယ်။
(၃) မစ္ဆရိယ နှမြောဝန်တိုခြင်းကို စာဂ ခေါ် ပေးကမ်းစွန့်ကြဲနိုင်အောင် ကြိုးစားခြင်းသည်လဲ အတ္တသမ္မာပဏီဓိ မင်္ဂလာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘာသာ ၊သာသနာအတွက် နဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုပြီး (၂)ပိုင်း အဋ္ဌကထာက ခွဲထုတ်ပါတယ်။
စာဂမှာ ပစ္စည်းဥစ္စာ စွန့်လွတ်ခြင်း နဲ့ အသက်ခန္ဓာ စွန့်ခြင်း ဆိုပြီး (၂)မျိုးရှိတယ်။
လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ ကိုယ်ပိုင်ဆိုင်တာကို စွန့်၇တယ် ဆိုတာ မစ္ဆရိယတော်တော်နည်းသူတွေမှ ဒီလို စွန့်နိုင်တယ်။ ဒါကို စွန့်နိုင်အောင် ကြိုးစားနေသူဟာ အတ္တသမ္မာ ပဏီဓိ မင်္ဂလာ တည်နေသူဖြစ်ပါတယ်။
ဒါန၊သီလ၊သမာဓိ၊ပညာ ကုသိုလ်တွေ ရဖို့ အသက် ၊ ဥစ္စာ စွန့်သူ ၊ တိုင်းပြည်နဲ့ လူမျိုး အတွက် အသက် ၊ ဥစ္စာ စွန့်သူသည်သာ ဒီ မင်္ဂလာ တည်နေသူဖြစ်ပါမယ်။ ဒီလို စွန့်နိုင်အောင်ကြိုးစားနေသူကိုလဲ အတ္တသမ္မာ ပဏီဓိပြည့်သူလို့ ခေါ်နိုင်ပါတယ်။
မစ္ဆရိယ နှမြောဝန်တိုခြင်းကတော့ အကျယ်ပြောရင်တော်တော်များပါမယ်။ 
မစ္ဆရိယသုတ္တန် ဆိုတာကိုက သီးသန့်ရှိနေတယ်။
ကိုယ့်မှာ ရှိတာကို သိဝှက်ထားချင်တာက မစ္ဆရိယ ၇ဲ့ လက္ခဏာ ဖြစ်တယ်။ ဒီလိုသိုဝှက်ထားပါလျှက် အခြားသူနဲ့ လာပြီး ပတ်သက်ရပြီဆိုရင် မစ္ဆရိယ ၇ဲ့ ကိစ္စဖြစ်သွားတယ်။ 
မစ္ဆရိယ ကလဲ (၅)မျိုးရှိတယ်။
(၁) အာဝါသ မစ္ဆရိယ - အဆောက်အဦး နေရာထိုင်ခင်း ၀န်တိုခြင်း (ဘ၀သံသရာ နေစရာမရှိ အညစ်အကြေးမှာပဲ နေရသူ မျိုးဖြစ်တတ်တယ်)
(၂) လာဘ မစ္ဆရိယ - ပစ္စည်းဥစ္စာ ၀န်တိုခြင်း (ဘ၀သံသရာမှာ ဆင်းရဲ ငတ်မွတ်ရတတ်တယ်)
(၃) ကုလ မစ္ဆရိယ - ကိုယ့်အပေါင်းအသင်း မိတ်ဆွေ ကို သူများရသွားမှာ ကို ၀န်တိုတယ။်( ဘ၀သံသရာမှာ သွေးအန်ပြီးတစ်ဦးတည်းငြိုးငယ်စွာသေရတတ်တယ်။)
(၄) ၀ဏ္ဏမစ္ဆရိယ - ဒီမှာက ဂုဏ်သတင်းနဲ့ ရုပ်အဆင်း နှစ်မျိုးလုံးအကျုံးဝင်တယ်။ ကိုယ်ပဲ လှချင်တယ်။ကိုယ်ပဲ ကျော်ကြားချင်တယ်။သူများကိုဒီလိုတွေမဖြစ်စေချင်တာ။(ဘ၀သံသရာမှာ ကိုယ်က ရုပ်ဆိုး ၊ သတင်းဆိုးနဲ့ သံသယတွေကြားမှာ နေရသူဖြစ်တတ်တယ်။ မလှ စုန်းယိုး ဆိုတာလိုပဲ)
(၅) ဓမ္မ မစ္ဆရိယ - မိမိရရှိ သိရှိ တတ်ကျွမ်းထားတာတွေကို သူများကို မပြောပြချင်ဘူး။ အမှန်အတိုင်းမသိစေချင်ဘူး။ ကိုယ်ကပဲ လူတတ်ကြီးလုပ်ပြီး အရေးအကြောင်းပွဲကောင်းမှ အားလုံး အထင်ကြီးအောင် ပြောချင်လုပ်ချင်တာပဲ ။ (ဘ၀သံသရာာမှာတော့ စာပေ အထူးသဖြင့် ပရိယတ္တိ စာပေ ၊ဓမ္မစာပေ ဗဟုသုတ ခေါင်းပါးသူတွေ ဖြစ်တတ်တယ်)
ဒီလိုမစ္ဆရိယတရားတွေလွှမ်းမိုးနေတတ်တဲ့ကိုယ့်ကိုယ်ကိုစာဂဆိုတဲ့ ပေးကမ်းမှုနဲ့ ပြန်ပြီး ချေဖျက်နိုင်ရမယ်။
ခဏပိုင်ရမယ့် နေရာ ကိုတောင် အာဝါသ မစ္ဆရိယ ဘယ်လောက်ကြီးတယ်ဆိုတာ ၇ထားပေါ်၊ ကားပေါ် ၊ သင်္ဘောပေါ်တွေမှာ နေရာလုနေကြသူတွေကိုသာ သတိရလိုက်ပါ။ 

        ဒီနေရာမှာ သြဇာ အာဏာပါ အကျုံးဝင်နေမယ်ဆိုရင်တော့ ဘာပြောကောင်းမလဲ။ ကိုယ်မပေးချင်တာကို အတင်းတောင်းဆိုတာမျိုးနဲ့ကြုံလာတော့ မစ္ဆရိယကနေ ဒေါသကို တရားကိုယ်သဘောက ပြောင်းသွားတယ်။ သည်းမခံ နိုင်တော့ဘူး ဆိုတာဖြစ်လာတယ် ။ ဒါကြောင့် ဒီစိတ်ရှိသူတွေအတွက် မကောင်းမှု သာ လုပ်စရာကျန်နေပြီး လုပ်ဖြစ်နေကြတယ်။
အတ္တသမာ ပဏီဓိ မပြည့်သူ တွေမှာ မစ္ဆရိယကို သတိနဲ့ဆင်ခြင်ကြည်ဖို့ ၊ တားဆီးဖို့လဲ မလွယ်ပါဘူး။
မစ္ဆရိယကို စာဂသမ္ဘဒါ နဲ့ သာ တိုက်ထုတ်နိုင်ပါမယ်။ မစ္ဆရိယလွှမ်းမိုးနေတာနဲ့ မင်္ဂလသုတ်တော်လာ ဒါနဉ္စ မင်္ဂလာပါ ပျက်သွားရတယ်။
(၄) ပညာ မိမိကိုယ်ကို အသိဥာဏ် ပညာ တိုးလာအောင် ကြိုးပမ်းနေသူသည် လဲ အတ္တသမာ ပဏီဓ မင်္ဂလာ တည်နေသူဖြစ်ပါမယ်။ ဒီမှာ လဲ နှစ်ချက် ရှိပြီးသား ပညာတွေကနေ ပိုပြီး တိုးတက်လာအောင် ရယ်၊ ရှိပြီးသားလေး မဆုတ်ယုတ်သွားအောင်ရယ် ကြိုးပမ်းနေသူသည် မင်္ဂလာ ရှိနေသူဖြစ်ပါတယ်။
ပညာကို လောကီ လောကုတ် နှစ်ပိုင်းထပ်ခွဲပြီး နားလည်ရပါသေးတယ်။အဋ္ဌကထာမှာ တိတိကျကျရေးထားတာက လောကီမှာ ဆိုရင်လဲ ကိုယ့် အသက်မွေးဝမ်းကြောင်း ပညာတွေကို အဆက်မပြတ်အောင် ဆက်တိုက်လေ့လာ နေရမယ် ။ 

ကျမ်းဂန် တွေ ၊ စမ်းသပ်မှုတွေနဲ့ အမြဲထိစပ်နေကြရမယ်။ လောကုတ် အပိုင်း ဘာသာရေးတရားဆိုင်ရာမှာလဲ ဒီလိုပါပဲ ။ ဂါထာလေးတစ်ပုဒ် ကို သိရယုံကနေ အာဂုံဆောင်နိုင်ဖို့ ၊ အာဂုံဆောင်နိုင်တာကနေ အနက်ပါသိဖို့ ၊ အနက်သိရာကနေ ကျင့်ကြံဖို့ အဆင့်အလိုက် ကြိုးပမ်းကြရပါမယ်။ ပရိယတ္တိပိုင်း သိစရာတွေကို လေ့လာပြီးတာနဲ့ သမထ၊၀ိပသနာ ဘာဝနာပိုင်းတွေကို တက်ပြီး လေ့လာကြရမယ်။ ကိုယ်သိသလောက်လေးကို ကျေနပ်ပြီး ရပ်မနေဖို့လိုပါတယ် ။ ပိုပြီးတိုးပြီး သိစရာတွေ အများကြီးရှိနေတယ်ဆိုတာသတိရပြီး ပိုပိုပြီးသိအောင်ကြိုးပမ်းနေရခြင်းဟာလဲ အတ္တသမ္မာ ပဏီဓ မင်္ဂလာ တည်နေသူဖြစ်ပါတယ်။ပညာသမ္ဘဒါ ဆိုတာ ကိုယ့်ကိုယ်ကိုလဲ တိုးတက်အောင်လုပ်နေရသလို ။ အဖွဲအစည်းအနေနဲ့လဲ စဉ်းစားကြရမယ်။
အဖွဲ့အစည်းတစ်ခုလုံးတိုးတက်တာနဲ့ ကိုယ့်နိုင်ငံ နဲ့ လူမျိုးပါတိုးတက်လာမယ် ဆိုတာ သိသာနေတယ်။
(၅) ၀ီရိယ အားကောင်းအောင်ကြိုးပမ်းမှုသည်လဲ အတ္တသမ္မာ ပဏီဓ မင်္ဂလာ တည်နေခြင်းအတွက် အချက် တစ်ချက်ဖြစ်ပါတယ်။ အလွန်တရာပျင်းရိတတ်သော မိမိကိုယ်ကိုဝီရိယအားကောင်းအောင်ကြိုးစားနေကြရမယ်။စော၊နောက်ကျ၊ဆာ၊ပြည့်၊ပူ၊ အေး လို့ဆိုပြီး အပျင်းလက္ခဏာတွေကို ကိုင်ဆွဲပြီး နေလိုက်ကြရင် လူမျိုး ရေး၊နိုင်ငံရေး ၊ ဘာသာ၊သာသနာရေးတွေ အကုန်နောက်ကျကုန်မယ်။ ဒီလို လူပျင်း လက္ခဏာတွေကို တွန်းလှန်နိုင်အောင်ကြိုးပမ်းနေသူကိုသာ အတ္တသမ္မာ ပဏီဓိမင်္ဂလ ပြည့်နေသူလို့ သတ်မှတ်ရပါမယ်။
ဒါကြောင့် လူမှုရေးဖြစ်စေ ၊စီးပွားရေးဖြစ်စေ ၊ နိုင်ငံရေးဖြစ်စေ ၊ လုပ်ကိုင်ဆောင်ရွက်ကြရာမှာ မိမိ၏ ကိုယ်၊နှုတ်၊စိတ် တို့ကို ကောင်းစွာထားနိုင်တဲ့ အတ္တသမ္မာ ပဏီဓိမင်္ဂလာ ပြည့်နေသူတွေကဆောင်ရွက်နိုင်မှသာ တိုးတက်မှုရပါမယ်။
အတ္တသမ္မာ ပဏီဓိမင်္ဂလာ မရှိဘဲ တိုင်းပြည်ကို နေရာဋ္ဌာနတွေကို အုပ်စိုးနေကြတယ်ဆိုရင် အရက်သမား၊ဘိန်းစား ၊ ဆေးခြောက်သမားတို့ လှော်ပြီးလိုက်လာတဲ့ လှေလိုဖြစ်မယ်လို့ ဆိုပါတယ်။ဆေးခြောက်သမားက လှေဦးကနေ ကြောက်ကြောက်လှန့်လှန့် နဲ့ လှော်နေတာပဲ။ အလယ်က ဘိန်းစားကလဲ မှိန်းပြီးလိုက်နေဖို့ပဲ ။ ဘာမှ စိတ်မ၀င်စားဘူး။ မသိဘူး။ နောက်ဆုံးကအရက်သမားကတော့ သွေးဆူလွယ်တယ်။ ချလိုက်၊သတ်လိုက် ဆိုတာမျိုးပဲ လုပ်နေရင် သူတို့ရှိနေတဲ့ ဘယ်အဖွဲ့မှ တိုးတက်မှာ မဟုတ်ဘူး လို့ မြတ်စွာဘုရားဆုံးမတော်မူပါတယ်။

ဒါကြောင့် လူတစ်ယောက်ဟာ အတ္တသမ္မာ ပဏီဓိမင်္ဂလာရှိ ၊ မရှိ ကို သူဟာ မကောင်းမှုကို သွားလုပ်ဖို့ ခေါ်ရင် လိုက်ပါဖို့လွယ်လား ၊ ကောင်းမှု ပြုဖို့ ခေါ်ရလွယ်လားဆိုတာကို ကြည့်ရင် သိနိုင်ပါတယ်။ မကောင်းမှုကို သာ လွယ်လွယ် လုပ်နေသူဟာ အတ္တသမ္မာ ပဏီဓိမင်္ဂလာမရှိသူသာဖြစ်တယ်။ ဒီလိုလူ ဟာ သူယုတ်ဖြစ်တယ် ရှောင်ရမယ် သူတော်ကောင်းကတော့ မကောင်းမှုကို ပြုဖို့ခက်တယ်။ မကောင်းမှုကို မပြုလိုသူ သူတော်ကောင်းကိုသာ ပေါင်းသင်းရမယ် လို့ မြတ်စွာဘုရားဆုံးမတော်မူပါတယ်။
အတ္တသမ္မာ ပဏီဓိမင်္ဂလာ မရှိ ပျက်ဆီးခဲ့ကြတဲ့ ဥပမာတွေ ရှိခဲ့ကြပါတယ်။

ဒေ၀ဒတ် တို့ ၊ သုဗ္ဗဗုဒ္ဓမင်းကြီးတို့ ကို နမူနာယူကြရမယ်။ ကျန်တဲ့ မင်္ဂလာတွေ အကုန်ပြည့်နေတဲ့ သာကီဝင် ဖြစ်နေပေမယ့် အတ္တသမ္မာ ပဏီဓိမင်္ဂလာ မရှိ ကြလို့ ဒီဘ၀ မှာသာမက နှောင်သံသရာအတွက် ပါ အရှူံးကြီး ရှူံးခဲ့ကြရတယ်။ ဒီတော့ ကိုယ်တွေဟာ ရှေးကကောင်းမှုတွေပြုခဲ့တယ်။ လက်ရှိမှာ ကောင်းမှုတွေ ရဲ့ အကျိုးတွေရရှိတယ်။ 

လယ်တီဆရာတော်ဘုရားရေးသလို ပေါ့

ရှေးကကောင်းလို့ ခုကောင်းပါသည် ။ ယခုကောင်းမှ နှောင်ကောင်းပါလိမ့်မည်။
ကောင်းမှုကိုသာ ပြုလွယ်သော ကောင်းစွာ ကိုယ်၊စိတ်ကို ထိန်းနိုင်သော သူတော်ကောင်းများဖြစ်ကြပါစေ။

ဘာသာတရား အကြောင်းတစေ့တစောင်း


ဘာသာတရား (Religion) ကမ္ဘာ့သမိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပညာရေးဆိုင်ရာလေ့လာမှု၌ ဘာသာတရားဟူသော ဝေါဟာရကို၊ တစ်နည်းအားဖြင် Religion ဟူသော အင်္ဂလိပ်စကားလုံး၏ အဓိပ္ပာယ်ကို ရှုထောင့်အထွေထွေမှ တွေးမြင်သုံးသပ်နိုင်ပေသည်။ ဘာသာတရားဟူသည် နာမ်ပိုင်းဆိုင်ရာ အတွေ့အကြုံပိုင်းဖြစ်ပါသည်။
အယူဝါဒရေးရာ လေ့လာဆန်းစစ်ချက်သီအိုလိုဂျီ သို့မဟုတ် တတ်သိလိမ္မာသူ ပညာရှင်တို့၏ အယူဝါဒ ပုံဖော်မူတစ်ရပ်ဟူ၍လည်း ရှုမြင်ကြပေသည်။ ဘာသာတရားဟူသည် လူမှုကိုယ်ကျင့်တရား၏ မြစ်ဖျားခံရာ ပဓာနအရင်းအမြစ်ဖြစ်သကဲ့သို့ လူ့ဘောင်လောကအတွက် ကိုယ်ကျင့်သိက္ခာ စည်းမျဉ်းများ၏ အခြေခံအုတ်မြစ်လည်းဖြစ်သည်။ လူ့ယဉ်ကျေးမှု၏ ပဓာန အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ဖြစ်သည်မှာ ထင်ရှားလှပေသည်။
နိုင်ငံတကာရှိ လူမျိုးအသီးသီးတွင် ယုံကြည်ကိုးကွယ်ရာ ဘာသာယူဝါဒ အများအပြားရှိသော်လည်း ပဓာန ဘာသာရပ်ကြီး လေးမျိုးသာ ရှိပါသည်။ ပေါ်ထွန်းရာ သက္ကရာဇ် အစဉ်အတိုင်း ဆိုရသော် ဟိန္ဒူ ဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ် ဘာသာများ ဖြစ်လေသည်။
(၅)အခြားဘာသာငယ်လေးများ-(ဂျိမ်းဘာသာ၊ ဆစ်ခ်ဘာသာ၊ ဇိုရိုအက်စတာဘာသာ၊ ရှင်တိုဘာသာစသည်များ)
(၆) နတ်တင်၊ နတ်ပသဘာသာ
(၇) ဘာသာမဲ့ဘာသာဟူ၍ (၇)အုပ်စုခန့်ရှိပါသည်။
ဘာသာတရား အစ ကိုးကွယ်မှုက
ကမ္ဘာလောကမှလူအများသည် ကမ္ဘာဦးကာလမှစ၍ ရောဂါအသွယ်သွယ် အန္တရာယ်အမျိုးမျိုး ဘေးဆိုးကပ်ဆိုး အတန်တန်တို့ကို ရင်ဆိုင်တွေ့ကြုံ ခံစားခဲ့ကြရသည်။ ယခု ရင်ဆိုင်နေကြရ၍ နောင်လည်း ရင်ဆိုင်နေကြရဦးမည်ဖြစ်သည်။ ထို ရောဂါအသွယ်သွယ် အန္တရာယ်အမျိုးမျိုး ဘေးဆိုးကပ်ဆိုး အတန်တန်တို့ကို တွေ့ကြုံကြရသောအခါ ဘေးအန္တရာယ်တို့မှ ကာကွယ် စောင့်ရှောက်နိုင်မည့် ပုဂ္ဂိုလ်ကို မျှော်လင့်ခဲ့ကြသည်။ ရှာဖွေခဲ့ကြသည်။ ကိုးကွယ်ရာအဖြစ် အသိအမှတ်ပြုလိုခဲ့ကြသည်။ ယင်းသို့ဖြင့် မြစ်များ၊ ချောင်းများ၊ သစ်ပင်တောတောင်များသည် လူတို့၏ ကိုးကွယ်ရာအဖြစ်သို့ ရောက်ခဲ့ကြရသည်။ အသိဥာဏ် မဖွံ့ဖြိုးသေးသော ကမ္ဘာဦးကာလ လူသားများသည် မြစ်ကို နတ်ဘုရားအဖြစ် ထင်မှတ်ခဲ့ကြသည်။ မြစ်သည် သောက်စရာရေကိုလည်း ပေးသည်။ သစ်ပင်သီးနှံကိုလည်း ဖြစ်ထွန်းစေသည်။ ရေထဲမှ စားစရာ သားငါးကိုလည်း ရသည်။ ဤသို့ လူတို့၏ အကျိုးစီးပွား ဖြစ်ထွန်းစေသလို တစ်ခါတရံတွင် မြစ်ရေများလျှံတက်၍ လူတို့စိုက်ပျိုးထားသော သီးနှံပင်များ၊ လယ်ယာစိုက်ခင်းများ၊ ကျွဲနွားတိရစ္ဆာန်များကို ဖျက်ဆီးပစ်တတ်သည်။ လူတို့၏အသက်စည်းစိမ် ချမ်းသာများကို ချေမှုန်းပစ်တတ်သည်။ လူတို့အား အကျိုးပြုခြင်း၊ ဖျက်ဆီးခြင်း နှစ်မျိုးကို ပြုတတ်သောကြောင့် မြစ်ကိုပင် ဖန်ဆင်းရှင်အဖြစ် ထင်မှတ်လာခဲ့ကြသည်။ ထိုမြစ်၌ မျက်စိနှင့်မမြင်နိုင်သော တန်ခိုးရှင်နတ်ဘုရား ရှိမည်ဟု ယုံကြည်လာကြတော့သည်။
လူတို့၏ကောင်းကျိုး ဆိုးကျိုးကို မျက်စိနှင့် မမြင်ရသော ထိုနတ်ဘုရားက စီရင်ဖန်တီးနေသည်ဟု ခံယူခဲ့ကြသည်။ ထို့အတူ မီး၊ ရေ၊ လေ တို့ကို၎င်း သစ်ပင်တောတောင်များကို၎င်း ယုံကြည်မှတ်ထင်ကာ ကိုးကွယ်ခဲ့ကြသည်။ မီး၊ ရေ၊ လေ အဆင့်မှ မီးနတ်၊ ရေနတ်၊ လေနတ် စသည်ဖြင့် တစ်ဆင့်တက်၍ ယုံကြည်လက်ခံကြပြန်သည်။ မျက်စိနှင့် မမြင်နိုင်သည့် များပြားလှသော နတ်များကိုလည်း မှန်းဆကိုးကွယ်ခဲ့ကြသည်။ စိုးရိမ်ကြောက်လန့်မှု၊ မျှော်လင့်အားကိုးမှု တို့ကို အခြေခံ၍ မျက်ရမ်း မှန်းဆမှု အနေမျိုးဖြင့် အစပျိုးခဲ့သည်။ ကာလကြာသောအခါ စဉ်းစားဆင်ခြင်တတ်သော ဥာဏ်ဖြင့်ယှဉ်သော ကိုးကွယ်မှုကို ပို၍ နှစ်သက်ကြလေသည်။ ဆင်ခြင်တုံတရားနှင့် သုံးသပ်ဆင်ခြင်၍ ကိုးကွယ်လာခဲ့ကြသည်။ လက်တွေ့မျက်မြင်ဘ၀ လောက်ကိုသာ မကြည့်တော့ဘဲ အနာဂတ်ဘ၀ကိုလည်း ပတ်ဝန်းကျင် သဘာဝ ဖြစ်ရပ်များ၏ စေ့ဆော်မှုကြောင့် ရှုမြင်သုံးသပ်လာခဲ့ကြသည်။ ငြိမ်းချမ်းမှုကို တကယ်ပေးနိုင်သည့် အစွမ်းသတ္တိ ရှိမရှိကိုလည်း အကဲဖြတ်ခဲ့ကြ၏။ ဤသို့ဖြင့် ကိုးကွယ်မှု သမိုင်းကြောင်းသည် ပြောင်းလဲလာသည်။ ကိုးကွယ်မှုများသည် ဒေသတစ်ခုနှင့် တစ်ခု မတူကြတော့ဘဲ ဘာသာတရားအဖြစ် ပြောင်းလဲလာသည်။
ဖွင့်ဆိုချက်များ
ဘာသာတရား၏ သဘာဝနှင့် အဓိပ္ပာယ်ကို ပညာရှင်တို့သည်လည်း မိမိတို့ စရိုက်ဝသီအတိုင်း အမျိုးအမျိုး ရှုမြင်ကြသကဲ့သို့ ခြားနားများပြားသော ထင်ကြေးများကိုလည်း ပေးကြလေသည်။ အယ်လ်ဒပ်စ် ဟပ်စလေ (Aldous Huxley) ၏ အဆိုအရ ဘာသာတရားဟူသည် အဓိကအားဖြင့် ပညာရေးစနစ်တစ်ခုဖြစ်ပြီး ယင်းဖြင့် လူသားတို့သည် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးပေါ်တွင်လည်းကောင်း၊ မိမိတို့လှုပ်ရှားကျင်လည်နေရသော လူမှုအဖွဲ့အစည်းပေါ်တွင်လည်းကောင်း လိုလားနှစ်သက်အပ်သော အပြောင်းအလဲများ ပိုင်ဆိုင်ရရှိစေရန် မိမိတို့ကိုယ်ကို ပထမလေ့ကျင့်နိုင်သည်။ ဒုတိယအဆင့်တွင် သိမြင်မှတ်သားမူဆိုင်ရာ သတိစွမ်းရည်ကို မြှင့်တင်နိုင်ပြီး၊ ဤသို့ဖြင့် နေထိုင်ရာ သဘာဝစင်္ကြာဝဠာနှင့် သူတို့အကြား ကူးလူးဆက်ဆံမှုများ၏ လုံလောက်ပြည့်စုံမှုကို တည်ဆောက်ဖန်တီးနိုင်ပေသည်။
ဒေါက်တာရာဓ ခရစ်ရှနန် (Dr.Radhakrishnan) ကဲ့သို့ ခေတ်သစ်အိန္ဒိယ အတွေးအခေါ်ရှင်များက `ဘာသာတရားဟူသည် လိုက်နာကျင့်သုံးမှုဆိုင်ရာ ကျမ်းစာအစုအဝေးကို ခေါ်ဆိုခြင်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံတစ်ရပ်သာဖြစ်သည်´ဟု ဖွင့်ဆို တင်ပြကြ၏။ သူတို့ဆိုလိုသော ဘာသာရေးအတွေ့အကြုံဟူသည်လည်း `လူနှင့်နတ်ဝိညာဉ်တို့၏ ပူးကပ်တည်ရှိမှု´အား သိမြင် နားလည်မှုအပေါ် အခြေခံသည်ဟု ဆို၏။ စာရေးဆရာကြီး အိပ်ခ်ျ ဂျီဝဲလ် (H. G. Wells) ကလည်း `ဘာသာတရားဟူသည် ကျွန်ုပ်တို့၏ စာရိတ္တကျင့်ဝတ်ကို အဆုံးအဖြတ်ပေးသော ပညာရေးဗဟိုချက်မဖြစ်သည်ဟု ဆို၏။ ဂျာမန်ဒဿနပညာရှင် ကန့် (Kant) ၏ အဆိုအရ `ဘာသာတရားဟူသည် သွေဖည်၍မရသော၊ မမှိတ်မသုန် လက်ခံကျင့်သုံးရမည်ဖြစ်သော ဥပဒေတရားများကဲ့သို့ ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများကို နာလည်လက်ခံမှုတစ်ရပ်ဖြစ်သည်´ဟူလို။
ဗုဒ္ဓဂေါတမ၏ ဘာသာတရားကို ဘ၀နေထိုင်မှုလမ်းစဉ်တစ်ရပ်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ `မကောင်းမှုဟူသမျှကို ရှောင်ကျဉ်ခြင်း၊ ကုသိုလ်ကောင်းမှုများကို ပွားများအောင် အားထုတ်ပြီး ဘ၀ကို ပျိုးထောင်မြှင့်တင်ခြင်း နှင့် ကိလေသာ အညစ်အကြေးမှ ကင်းဝေးစေလျက် မြင့်မြတ်ဖြူစင်စေသော စိတ်နှလုံးကို အစဉ်ထိန်းသိမ်းခြင်း´ (ဓမ္မပဒ၊ ၁၈၃) ဟူ၍ဖြစ်သည်။
ခြားနားချက်
ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များအတွက် ဘာသာတရား၏ အဓိပ္ပာယ်ကို အလွန်ကျယ်ပြန့်စွာဖွင့်ဆိုနိုင်ရကား ဘာသာတရားဟူသည် စာရိတ္တကျင့်ဝတ်နှင့် တွေခေါ်မြော်မြင်မှုဆိုင်ရာ ဆုံးမသြ၀ါဒများ၏ သိုအောင်းခိုမှီးရာ ပဓာနကိုယ်ထည်ဖြစ်ပြီး၊ ထိုကဲ့သို့သော အဆုံးအမများကို ယုံကြည်မှုသဒ္ဓါတရားဖြင့် လိုက်နာကျင့်သုံးခြင်းဖြစ်ပေသည်။ ဤအဓိပ္ပာယ်ရှုထောင့်မှ ကြည့်လျှင် ဗုဒ္ဓ၏အဆုံးအမကို ဘာသာတရားဟု ခေါ်ဝေါ်သတ်မှတ်နိုင်ပေရာသည်။ သို့ရာတွင် ဗုဒ္ဓဘာသာသည် ယခင်ပြဆိုခဲ့သော အထွေထွေယေဘုယျ ဖွင့်ဆိုချက်များနှင့်ကား တိတိပပ မကိုက်ညီလှချေ။ အကြောင်းမူကား ဗုဒ္ဓဘာသာသည် အခြားသော ဘာသာအယူဝါဒများနှင့် များစွာသော ခံယူချက်တို့တွင် တူညီမှု မရှိသောကြောင့်ဖြစ်သည်။
ထိုဘာသာအုပ်စု(၇)မျိုးတို့တွင်
(၁) ဟိန္ဒူဘာသာ၏ အယူဝါဒ ဗြာဟ္မဏတို့ ဟောကြားထားအပ်သော “ဝေဒကျမ်းစာ”လာ အဆိုအမိန့်များကို လက်ခံလိုက်နာ ကျင့်သုံး၏။ သက်ရှိ၊ သက်မဲ့အရာအားလုံး ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင် မဟာဗြဟ္မာ” ထာဝရ ဘုရားသခင်ကို ယုံကြည် သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။
(၂) ဗုဒ္ဓဘာသာ၏ အယူဝါဒများ ဗုဒ္ဓနှင့် ဗုဒ္ဓသားတော်တို့ ဟောကြားအပ်သော “ပိဋကတ်ကျမ်းစာ”လာ အဆို အမိန့်များကို လိုက်နာ ကျင့်သုံး၏။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာရတနာသုံးပါးကို အသိအမှတ်ပြုဆည်းကပ်ကိုးကွယ်၏။ သို့ရာတွင် “မိမိသည်သာမိမိ၏ ဘုရားသခင်ဖန်ဆင်းရှင်” ဟု အလေးအနက်ယုံကြည်။
(၃) ခရစ်ယာန်ဘာသာ၏ အယူဝါဒမှာ တမန်တော်ယေရှုခရစ်နှင့် ယင်း၏ သာဝကတို့ ဟောကြားထားအပ်သော “သမ္မာကျမ်းစာ” လာ အဆိုအမိန့်များကို လက်ခံ၊ လိုက်နာကျင့်သုံး၏။ သက်ရှိသက်မဲ့အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင် ယေဟိုးဝါး” ထာဝရ ဘုရားသခင်ကို ယုံကြည်သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။
(၄) အစ္စလာမ်ဘာသာ၏အယူဝါဒမှာ တမန်တော်မိုဟာမက်နှင့် ယင်း၏သာဝကတို့ ဟောကြားထားအပ်သော “ကိုရ်အာန်ကျမ်းစာ” လာ အဆို အမိန့်များကို လက်ခံ လိုက်နာ ကျင့်သုံး၏။ သက်ရှိ၊ သက်မဲ့အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင် အလ္လာ” ထာဝရ ဘုရားသခင်ကို ယုံကြည် သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။
ဘာသာကြီး(၄)မျိုးတွင် ဗုဒ္ဓဘာသာတစ်ခုသည်သာ “မိမိမှတပါး အခြားဖန်ဆင်းရှင် ထာဝရဘုရားမရှိ” ဟု အတိအလင်းငြင်းဆို၏။ ကြွင်းဘာသာကြီး(၃)မျိုးကား “အတ္တ၀ါဒ” များချည်းဖြစ်၍ “မိမိမှတပါး အခြားဖန်ဆင်းရှင် ထာဝရဘုရားသခင်ရှိ၏” ဟု လက်ခံ၏။ ဗုဒ္ဓဘာသာတစ်ခုတည်းကသာ တိရစ္ဆာန်လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ခြင်းကို “မကောင်းမှုအကုသိုလ်အလုပ်” ဟု အတိအလင်းရှုတ်ချ၏။
ခရစ်ယာန်ဘာသာကား ထိုကိစ္စကို ချီးလည်းမချီးမွမ်း၊ ရှုတ်လည်းမရှုတ်ချ၊ ရေငုံနှုတ်ပိတ်နေ၏။ ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာများက ထိုကိစ္စကို “ကောင်းမှုကုသိုလ်အလုပ်” ဟု ချီးမွမ်း၏။
(၅) ဘာသာငယ်လေးများတွင် (က) ဂျိမ်းဘာသာ၏ အယူဝါဒမှာ မဟာဝီရနှင့် ယင်း၏သာဝကများ ဟောကြားထားအပ်သော “အဟိံသ” ကျမ်းစာလာ အဆို အမိန့်များကို လက်ခံ လိုက်နာ ကျင့်သုံး၏။ ဂျိမ်းဘုရား မဟာဝီရကို သဗ္ဗညုဗုဒ္ဓ အဖြစ် ယုံကြည် သတ်မှတ် ဆည်းကပ်ကိုးကွယ်၏။
(ခ) ဆစ်ဘာသာ၏အယူဝါဒမှာ ဂုရုနာနတ်က ပြုပြင်ဟောကြားထားသော “ဝေဒကျမ်းစာ”လာ အဆိုအမိန့်များကို လက်ခံလိုက်နာ ကျင့်သုံး၏။ ဟိန္ဒူဘာသာခွဲ တစ်ခုဖြစ်၍ သက်ရှိသက်မဲ့အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင်မဟာဗြဟ္မာ” ထာဝရ ဘုရားသခင်ကိုပင် ယုံကြည်သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။ အမှာ။ ။ အခြားဘာသာ ငယ်လေးများ၏ အကြောင်းကိုကား အသေးစိတ် မမှတ်မိတော့၍ မောင်အံ့(မဟာဝိဇ္ဇာ) ရေးသားသော ဗုဒ္ဓဘာသာ ရေးသားသော (၂၅၀၀) ခရီး စာအုပ်တွင် ဖတ်ရှုလေ့လာ မှတ်သားကြပါဟု အကြံပြုပါ ရစေ။
(၆) နတ်တင်၊ နတ်ပသ၏ အယူဝါဒမှာ ပါးစပ်ရာဇ၀င်ဆရာတို့အစဉ်အဆက်ပြောကြားလေ့ရှိသော ဒဏ္ဏာရီပုံပြင်လာ နတ်သမိုင်း ဆိုင်ရာအဆို အမိန့်များကို လက်ခံ လိုက်နာ ကျင့် သုံး၏။ နတ်ဒေ၀တာ အမျိုးမျိုးကို အားကိုးရာ အစစ်ကယ်တင်ရှင်များအဖြစ် ယုံကြည် သတ်မှတ်ကိုးကွယ်၏၊။
(၇) ဘာသာမဲ့ဘာသာ၏ အယူဝါဒမှာ ဘုရားမဲ့၊ တရားမဲ့၊ သံဃာမဲ့၊ ဘာသာမဲ့၊ ရုပ်ဝါဒီ သိပံသုတေသီတို့၏ အဆိုအမိန့်များကို လက်ခံလိုက်နာကျင့်သုံး၏။ ထိုရုပ်ဝါဒီ သိပံသုတေသီဆိုသူများကိုပင် အမှန်တရား ဖော်ထုတ်နိုင်စွမ်းရှိသော အာဇာနည် သူရဲကောင်းများ အဖြစ် ယုံကြည် သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။ ဘာသာမဲ့ဘာသာ၏ အဓိကအားနည်းချက်မှာ တစ်ခေတ်တစ်ချိန်က အမှန်တရားအဖြစ် အတိအလင်း ထုတ်ဖော်ထားသော “သီအိုရီ” တစ်ခုသည် နောင် တစ်ခေတ် နောင် တစ်ချိန်တွင် အမှားအဖြစ် အတိအလင်းပင် ၀န်ခံကြရ ပြန်ခြင်း ဖြစ်၏။