Saturday, March 23, 2013
အဘိဓမ္မာ
{မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ရေးသားတော်မူခဲ့သော အနာဂတ်သာသနာရေး ကျမ်း (၁၉၉၅ ခုထုတ်) မှ ကောက်နုတ်ပါသည်။} ယခုခေတ်သည် သဘာဝကို လိုက်စားနေသော ပညာခေတ် ဖြစ်၏။ ထိုကဲ့သို့ အစစ် အမှန်သဘာဝ သည် အဘိဓမ္မာ တရားတော် ၌ အစုံအလင် ပါဝင်၏။ အဘိဓမ္မာ ၏ အပြင်ဘက်၌ အစစ်အမှန်ကို မည်မျှ လောက်ပင် စိစစ် ရှာဖွေ ကြသော်လည်း တွေ့ရ လိမ့်မည်မဟုတ်။ ထိုစကားကို ရှင်းပြပါဦးမည်၊ ”အဆင်း တစ်ခုကို ကြည့်ရှုသည်” ဟု ဆိုရာ၌ မျက်လုံးအိမ် အတွင်းဝယ် စက္ခု အကြည်ဓာတ်ကို ထို အဆင်း အာရုံက ပထမဆုံး ဓာတ်ခိုက်၏။ ထိုကဲ့သို့ ဓာတ်ခိုက်သည် နှင့် တစ်ပြိုင်နက် ထိုအာရုံကို ဆင်ခြင်သော အာဝဇ္ဇန ခေါ် စိတ်တစ်ခု အလွန် လျင်မြန်စွာ ဖြစ်၍ ပျက်သွား၏။ ထို့နောက် တစ်ဆက်တည်းပင် ထိုအာရုံကို မြင်သိ-သိသော စက္ခုဝိဥာဏ ခေါ် စိတ်တစ်ခု အလွန် လျင်မြန်စွာ ဖြစ်၍ ပျက်ပြန်၏။
ထို့နောက် ဆက်၍ ဆက်၍ ထိုအာရုံကို ခံယူသော သမ္ပဋိစ္ဆန စိတ်၊ စုံစမ်းသော သန္တီရဏစိတ်၊ ဆုံးဖြတ်သော ဝေါဋ္ဌဗ္ဗနစိတ်၊ အာရုံ၏ အရသာ ကို ခံစားသော( အလွန်လည်း အရှိန် အဟုန်ပြင်းသော) ဇ၀န ခေါ် စိတ် ၇ ကြိမ်၊ ထိုအာရုံကို ဆက်၍ အာရုံပြုသော တဒါရမ္မဏ ခေါ်စိတ်၂ကြိမ် ဖြစ်၍ပျက်၏။ ဤမျှသော စိတ်အစဉ်ဖြစ်ရုံမျှ ဖြင့် ငါမြင်၏ ဟု ဆိုရလောက်အောင် စိတ်မစုံသေး၊ ဆက်၍ စိတ်အစဉ် ၃တန်း၊ ၄ တန်း ဖြစ်ရသေး၏။ စိတ်အစဉ် ဖြစ်ရသော်လည်း ကြာသည်ဟု မမှတ်ထိုက်။ လက်ဖျောက် တစ်ချက်တီး အချိန်မှာ ကုဋ္ဋေများစွာ စိတ်တွေ ဖြစ်၍ ပျက်နိုင်သောကြောင့် ချက်ချင်း မြင်ရသည်ဟုပင် ဆိုနိုင်သည်။
နာမ်ကလာပ်စည်း ။ ။ စိတ်တစ်ခု တစ်ခု ဖြစ်ရာ၌ စိတ်သက်သက် ဖြစ်သည် မဟုတ်။ စိတ်နှင့် အတူ ဖြစ်၍ အတူ ပျက်ကြသော စေတသိက် ခေါ် တရားစုလည်း ပါဝင်ကြ သေးသည်။ ထိုတရားများကား အာရုံကို ဓာတ်သဘော အလိုက် ထိခိုက်သော ဖဿ၊ အာရုံ အရသာကို ခံစားသော ဝေဒနာ၊ အာရုံကို မှတ်သားသော သညာ၊ တွဲဖက် တရားများကို ဆိုင်ရာ ကိစ္စများ၌ ဆောင်ရွက်ဖို့ရာ လှုံ့ဆော်သော စေတနာ၊ အာရုံ၌ တစ်ခဏမျှ ဖြစ်စေ ငြိမ်သက်စွာ တည်တံ့ နေသော ဧကဂ္ဂတာ( သမာဓိ)၊ ထိုတရား တို့၏ အသက်ဟုခေါ်ရသော ဇီဝိတိနြေ္ဒ၊ ထိုအာရုံကို နှလုံးသွင်းသော မနသိကာရ ဟု အနည်းဆုံးအား ဖြင့် ဤတရား ၇ပါး သည်လည်း အမြဲ ပါနေပေသည်။ ဤသို့ စိတ် စေတသိက် တို့ အစုလိုက် အစုလိုက် ဖြစ်ခြင်းကို နာမ် ကလာပ် ဟုခေါ်ကြစို့။ {နာမ =နာမ်၊ ကလာပ=အစု}
ရုပ်ကလာပ်စည်း။ ။ ဗုဒ္ဓ ရှင်တော်သည် ရုပ်အကြောင်းကို ဟောပြတော် မူရာ၌လည်း ဤ ဓာတ်သည် ခက်မာခြင်း သဘောရှိ၏။ ပထ၀ီ ဓာတ်ဟု ခေါ်၏။ ဤဓာတ်သည် စေးဖွဲ့ခြင်း သဘော ယိုစီးခြင်း သဘော ရှိ၏။ အာပေါဓာတ်ဟု ခေါ်၏။ ဤဓာတ်သည် အငွေ့ သဘောရှိ၏။ (အပူရုပ်၌ – အပူငွေ့၊ အအေးရုပ်၌ အအေးငွေ့ ရှိ၏။)တေဇောဓာတ်ဟု ခေါ်၏။ ဤဓာတ်သည် ထောက်ကန်ခြင်း တွန်းဖိခြင်း သဘောရှိ၏။ ၀ါယောဓာတ်ဟု ခေါ်၏။ ဤဓာတ်သည် အဆင်းအေ၇ာင် သဘောရှိ၏။ဝဏ္ဏ ဓာတ်ဟု ခေါ်။ ဤဓာတ်သည် အနံ့သဘောရှိ၏။ ဂန္ဓဓာတ် ဟုခေါ်သည်။ ဤ ဓာတ်သည် အရသာ သဘောရှိ၏။ ရသဓာတ် ဟုခေါ်၏။ ဤဓာတ်သည် အဆီ အနှစ်တည်း ၊ သြဇာဓာတ်ဟုခေါ်၏။ ဤပြခဲ့သော ရုပ်ရှစ်ခု အပေါင်းသည် အနည်းဆုံး ရုပ်ကလာပ် တစ်ခု ဖြစ်၏။ သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ အလွန် ကောင်းသော မှန်ပြောင်း ဖြင့်သာ မြင်နိုင်သော အသေးဆုံး ဆိုရသော အဏုမြူ ထက်ပင် သေးငယ်၍ ပရမာဏုမြူ ဟု ခေါ်ရသော ရုပ်မှုန့်ကလေး၌ သော်မှ ရှစ်ခုရှစ်ခု ပေါင်းစုနေသော ရုပ်ကလာပ် ကလေးတွေ အတော် များများ စုဝေး တည်နေ ပါသည်။ ရုပ်တုံးရုပ်ခဲက ကြီးကျယ်လေ ထို ရုပ်ကလာပ် မှုန့်ကလေးတွေ များလေဖြစ်၏။
အဘိဓမ္မာ အရေးကြီးပုံ။ ။ နာမ်အစု ရုပ် အစုကို သူ့ကလာပ်နှင့်သူ ခွဲစိတ်၍ ပြသထားသည့် အပြင် တစ်စုနှင့်တစ်စု ရှေ့နောက် ဖြစ်ရာ- အချင်းချင်း ကျေးဇူးပြုသွားကြပုံကိုလည်းကောင်း၊ သူတို့ဖြစ်ခိုက်၌ အချင်းချင်း ကျေးဇူး ပြုနေကြပုံကို လည်းကောင်း အဘိဓမ္မာ၌ ဟောပြ ထားတော် မူ၏။ လက်တွေ့ စဉ်းစားလေ့ ရှိကြသော ယခုခေတ်ဝယ် ထို အဘိဓမ္မာ သဘော အတိုင်း မမှန်နိုင်ဟု ပယ်လှန် နိုင်မည့် သူကို တွေ့စမ်း ချင်ပါသည်။ ဘုန်းကြီးတို့ အယူအဆ၌ ကား ထိုမျှလောက် အသေးစိတ်၍ ခွဲခြမ်း စိတ်ဖြာ ပြီးလျှင် ဤ သဘောသည် ဖသ ဤသဘောသည် ဝေဒနာ စသည်ဖြင့် သိနိုင်သူကို မဆိုထားဘိ၊ ဗုဒ္ဓ မပေါ်ထွန်း ခဲ့ပါလျှင် ဖဿ ဝေဒနာ စသော နာမည်မျိုး ကိုမျှ တပ်ပြနိုင်သူ မရှိဟု ယူဆပါသည်။ ဘုန်းကြီးတို့ သည် ရုပ်ဓာတ်ကို လက်တွေ့ ခွဲကြည့်ဖို့ရာ လက်နက် ကိရိယာ အပြည့်အစုံ မရကြ သေး၍ မခွဲနိုင် သော်လည်း လူတစ်ယောက်၏ စိတ်နေ စိတ်ထားကိုကား စကားပြောပုံ ပြုကျင့် နေထိုင်ပုံကို ထောက်ထား၍ ထိုအချိန်မှာ မည်သည့် နာမ် ကလာပ် ဖြစ်နေသည် ဟု အဘိဓမ္မာ အလေ့ အကျင့် အရ အတော် မှန်အောင် မှန်းဆ နိုင်ကြပါ၏။ တရားအားထုတ်၍ တရားပေါက် နေသူ( ပရစိတ္တ ၀ိဇာနန ဥာဏ် ရနေသူ တို့ကား) ထို့ထက်ပင် သေချာအောင် သိနိုင်ကြ ပါသည်။ မိမိ၏ စိတ်ထားကို စဉ်းစားသော အခါ၌ကား အလွန်သေချာ စွာသိ၍ မကောင်းသော နာမ်ကလာပ်ကို နောက်ထပ် မဖြစ်အောင် လည်း ချုပ်တည်းနိုင်၊ ကောင်းသော နာမ်ကလာပ်ကို တိုးတက် အောင်လည်း ပြုပြင်နိုင်ကြပေသည်။
ယခု အချိန်အခါ သည် “ဖန်ဆင်းသူရှိ၏” ဟူသော ရှေးကျသည့် ၀ါဒကို မသုံးစွဲ ကြတော့ဘဲ လက်တွေ့ကိုသာ လိုက်စားချိန် ဖြစ်၏။ ထို့ကြောင့် အလွန် သေချာ ကျနသော( မလွဲနိုင်သော) အဘိဓမ္မာ ၏ သဘာဝများကို အထက်တန်း လောကီကျောင်းများ ၌ သင်ပြသင့် ကြပေသည်။ ဘုန်းကြီးကျောင်း များ၌လည်း အရကျက်ရုံ မဟုတ်ဘဲ လက်တွေ့သင်၍ ကမ္ဘာကို ပြဖို့ရန် ကြိုးစား သင့်ကြပြီ။
သစ္စာလေးပါး အဖြေ
၁)ဒုက္ခသစ္စာ အဖြေ
မြင်ဆဲ၊ ကြားဆဲ စသည်၌ ထင်ရှားသော ရုပ်နာမ် အပေါင်းကို ဥပါဒါနက္ခန္ဓာ ဟုခေါ်သည်။ တဏှာဖြင့် ဒိဋ္ဌိဖြင့် စွဲလန်းနိုင်သောကြောင့် ခေါ်ဆိုရခြင်းဖြစ်သည်။ ဥပါဒါနက္ခာဟု ခေါ်သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဥာဉ်တို့ကို သက္ကာယ ဟုခေါ်သည်။ သက္ကာယ ဟူသည်မှာ ထင်ရှားရှိသော ရုပ်နာမ် အပေါင်းပင်ဖြစ်သည်။ သက္ကာယ ဆိုတဲ့ ရုပ်နာမ် အပေါင်းကို ဒုက္ခသစ္စာ- ဆင်းရဲ အစစ်အမှန်ဟူ၍ ခေါ်သည်။ (လိုရင်းကား ရုပ်နာမ် အပေါင်းသည်ပင် ဒုက္ခသစ္စာဖြစ်ပေသည်။)
၂)သမုဒယသစ္စာ အဖြေ(ဤ အပိုဒ်မှာ မူလအတိုင်း ကူးထားခြင်း ဖြစ်ပါသည်)
နှစ်သက်သာယာ ပြီးဆာနေတဲ့ တဏှာဟာ သက္ကာယ ခေါ်တဲ့ ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းပါဘဲ လို့ သိစေလိုတာပါဘဲ ။ တဏှာဆိုတဲ့ ပါဠိက ဆာတယ်လို့ အနက်ရှိတယ်။ ဆာတယ်ဆိုတာ စားချင်ပြီးဆာတာ သောက်ချင်ပြီးဆာတာ မျိုးပါဘဲ။ နှစ်သက်သာယာတာလဲ ဆာတဲ့ သဘောဘဲ။ လိုချင်တာ တောင့်တရတာ..၊ ရချင်တာ ခံစားချင်တာတွေ လဲ ဆာတဲ့ သဘောပဲ၊ ယခုလူတွေဟာ အကောင်းတွေကို မြင်ရလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ မြင်ချင်နေတာပဲ၊ ကြားလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ ကြားချင်နေတာပဲ၊ နံလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ နံချင်နေတာပဲ၊ စားလို့လဲအားမရဘူး၊ ထပ်ကာထပ်ကာ စားချင်နေတာပဲ၊ တွေ့ထိလို့လဲ အားမရဘူး။ ထပ်ကာထပ်ကာ တွေ့ထိပြီး ခံစား ချင်နေတာပဲ၊ အာရုံကောင်းတွေကို စိတ်ကူးကြံစည်လို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ ကြံချင်နေတာပဲ၊ အဲဒီလို အားမရနိုင်တာဟာ ဆာတဲ့ သဘောပဲ။ (လိုရင်းကား တဏှာသည် သမုဒယ သစ္စာပင်တည်း)
၃)နိရောဓသစ္စာ အဖြေ (မူရင်း အတိုင်းကူးယူဖော်ပြပါသည်၊ လင့်လည်းပေးထားသည်၊ ကြည့်ရှူနိုင်ပါသည်)
နိရောဓ သစ္စာဆိုတဲ့ နိဗ္ဗာန်တရားက အသိခက်တယ်၊ အပြောရလည်းခက်တယ်၊ မိမိတို့ သန္တန်မှာ ရှိနေတဲ့ ရုပ်နာမ်များလို မိမိတို့ မျက်မှောက် မှာရှိနေတဲ့ ရုပ်ဝတ္ထုများလို သိဖို့လည်း မလွယ်ဘူး၊ ပြောဖို့လည်း မလွယ်ဘူး၊ သက္ကာယ နိရောဓောဆိုတာကို ဒဲ့ဒိုးပြောမယ်ဆိုရင် ဥပါဒါနက္ခန္ဓာဆိုတဲ့ ရုပ်နာမ်တို့၏ ချုပ်ခြင်း ကင်းငြိမ်းခြင်းလို့ ပြောရမှာပဲ၊ ဒါပေမဲ့ အဲဒီရုပ်နာမ်တွေ ချုပ်တာကလည်း ဖြစ်ပြီးတော့ ချုပ်ပျက်သွားတာမျိုးကို ဆိုလိုတာ မဟုတ်ဘူး၊ ဖြစ်နေကျ ရုပ်နာမ်တွေ အကြောင်းမရှိလို့ လုံးလုံး မဖြစ်ဘဲ ချုပ်ခြင်း ကင်းငြိမ်းခြင်းကိုသာ ဆိုလိုတယ် ဒါကြောင့် ဒီမှာ အကြောင်းဖြစ်တဲ့ သမုဒယ တဏှာ၏ ချုပ်ခြင်းဖြင့် ဖော်ပြထားတာပါပဲ။ ( ထေရီမ ဖြေဆိုတော်မူထားသော တိုက်ရိုက် အဖြေမှာကား တဏှာချုပ်ခြင်း ပင်ဖြစ်ပါသည်။)
၎)မဂ္ဂသစ္စာအဖြေ
သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးသည်ပင် သက္ကာယချုပ်ခြင်း သို့ရောက်သော အကျင့်ဟု ခေါ်သည်။
သမ္မာဒိဋ္ဌိ- မှန်စွာ မြင်ခြင်း။
သမ္မာသင်္ကပ္ပ-မှန်စွာကြံခြင်း။
သမ္မာဝါစာ- မှန်စွာပြောခြင်း။
သမ္မာကမ္မန္တ-မှန်စွာပြုခြင်း
သမ္မာအာဇီဝ-မှန်စွာ အသက်မွေးခြင်း။
သမ္မာဝါယာမ- မှန်စွာအားထုတ်ခြင်း။
သမ္မာသတိ- မှန်စွာ အမှတ်ရခြင်း။
သမ္မာသမာဓိ- မှန်စွာ စူးစိုက်တည်ကြည်ခြင်း။
ဝိပဿနာရှုခြင်း၏အကျိုးနှင့်အကျင့်လမ်းကိုဆင်ခြင်ခြင်း
အကျိုးကိုဆင်ခြင်ပါ
ဤ၀ိပဿနာ အလုပ်ဖြင့် မဂ်ဖိုလ် နိဗ္ဗာန် ကိုရ၏. အပါယ်ဆင်းရဲ သံသရာ ဆင်းရဲတို့မှ လွတ်ကင်း ထွက်မြောက်၏။ ဤမျှ ကြီးကျယ်သော အကျိုးကို ပေါ့ရော့ ပျင်းရိစွာ အားထုတ်၍ ဘယ်မှာ ရနိုင်ပါမည်နည်း။ လောက၌ ငွေတရာ တစ်ထောင် ရဖို့ဆိုလျှင်ပင် ခဲယဉ်းစွာ အားထုတ်ရသည် မဟုတ်ပါလော။ ၇- ရက် ၁၅- ရက် တစ်လ စသည်ဖြင့် ပြည့်စုံစွာ အားထုတ်၍ ဆင်းရဲခပ်သိမ်း ငြိမ်းမည့် လုပ်ငန်းကို အဘယ်ကြောင့် အားတက်သရော မလုပ်နိုင်ပါအံ့နည်း။
တစ်နေ့ အပင်ပန်းခံ၍ လုပ်သည့်အတွက် တစ်သက်လုံးချမ်းသာမည်ဆိုလျှင် သာ၍ပင် စိတ်ပါလက်ပါ လုပ်ထိုက်၏။၁၅ ရက် တစ်လ စသည် အပင်ပန်းခံ၍ အားထုတ်ခြင်းဖြင့် သံသရာတလျှောက်လုံးတွင် တွေ့ကြုံသွားရမည့် ဆင်းရဲဟူသမျှမှ လွတ်ကင်း ထွက်မြောက်နိုင်စေသည့် ၀ိပဿနာ အလုပ်မျိုးကို အဘယ့်ကြောင့် လောကီအလုပ်ထက် အပင်ပန်းခံ၍ အားမထုတ်နိုင်ဘဲ ရှိအံ့နည်း။
အိုသူတော်ကောင်း မဂ်ဖိုလ်နိဗ္ဗာန်ဟူသော အလွန်ကြီးမားတဲ့ အကျိုးကို ရစေနိုင်တဲ့ ၀ိပဿနာ အလုပ်ကို ပြင်းထန်စွာ အားထုတ်ပါလော့။
အကျင့်လမ်းကိုဆင်ခြင်ပါ
ဤ၀ိပဿနာသည် သာမန်ပုဂ္ဂိုလ်တို့ သွားနိုင်သော လမ်းခရီးမဟုတ်ပေ။ ခပ်သိမ်းသော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့သာ သွားနိုင်သောလမ်း ဖြစ်ပေသည်။
ပျင်းရိသော လူညံ့တို့သည် ဤလမ်းကို မသွားနိုင်ကုန်။ ဤလမ်းကို သွားသောသူသည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့၏ ဂုဏ်ထူး အကျင့်ထူးနှင့် တစိတ်တပိုင်းအားဖြင့် ပြည့်စုံနေပေ၏။
အို…သူတော်ကောင်း ဘုရားစသော ပုဂ္ဂိုလ်မြတ်တို့၏ ဂုဏ်အကျင့်ကို ယူရာ၌ အဘယ့်ကြောင့် ပေါ့လျော့နေပါသနည်း။ ထိုပုဂ္ဂိုလ်မြတ်တို့၏ သွားရိုးလမ်းကို ခရီးတွင်အောင် ထက်သန်စွာနှင့် ကြိုးစား၍သာ သွားပါလော့။
ဥပေက္ခ္ခာဝေဒနာကိုရှုမှတ်ပြီးဖြစ်ပုံအဆုံးအဖြတ်
မထင်ရှားတဲ့တရား
ကဲဥပေက္ခာဝေဒနာကို ပြောကြစို့၊ ဥပေက္ခာ ဆိုတာကတော့ ဒုက္ခဝေဒနာလို အနေဆိုး အခံခက်တာလဲ မဟုတ်ဘူး။ သုခဝေဒနာ လို အားရ၀မ်းသာ လောက်အောင် ထူးထူးခြားခြားကြီး ကောင်းတာလဲ မဟုတ်ဘူး။ မဆိုးမကောင်း အလယ်အလတ် နေရုံမျှဖြစ်နေတဲ့ ခံစားမှုတစ်မျိုးပဲ။
ဒါကြောင့် သူ့ကို အဒုက္ခ မသုခလို့လဲ ခေါ်တယ်။ မဆင်းရဲ မချမ်းသာ မဆိုးမကောင်း ခံစားမှုလို့ဆိုလိုတယ်။ သူက သိမ်မွေ့တယ်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ တွေလောက် မထင်ရှားဘူး။
သုခဆိုတဲ့ ချမ်းသာမှု ဖြစ်လာရင် အင်မတန် ထင်ရှားတယ်။ “ကောင်းလိုက်တာ ကောင်းလိုက်တာ“နဲ့ ပါးစပ်က ထုတ်ပြောရသည့် တိုင်အောင် ထင်ရှားတယ်။ ဒုက္ခဆိုတဲ့ ဆင်းရဲက သာပြီးထင်ရှားသေး။ သူဖြစ်လာတယ်ဆိုရင် “အလိုလေး အမယ်လေး“နဲ့ ညည်းညူရသည့် တိုင်အောင် ကို ထင်ရှားနေတယ်။ ဥပေက္ခာကတော့ အဲဒါတွေလောက် မထင်ရှားဘူး။ ဒါကြောင့် သူ့ကို အသိခက်တယ်လို့ ကျမ်းဂန်များက ဆိုထားပေတာပဲ။
မိဂပဒ၀လဉ္စ
ဒါပေမဲ့ ယောဂီမှာတော့ ပေါ်တိုင်း ပေါ်တိုင်း ရုပ်နာမ်တွေကို မပြတ်ရှုနေတဲ့ အတွက် သုခ ဒုက္ခ တွေရဲ့ အကြား အကြားမှာ ရှုမှတ်ပြီး သိရတဲ့ သာမန်နေသာမှုကလေးတွေဟာ မဆိုးမကောင်း ဥပေက္ခာတွေပဲလို့ ဒီလိုတော့ ထင်ရှားသိရပါတယ်။
ဥပမာအားဖြင့် သမင်ခြေရာခံတဲ့ တောမုဆိုးဟာ ကျောက်ဖျာဆီအထိ တည့်တည့်လာတဲ့ သမင်ခြေရာကိုလည်း တစ်ဖက်မှ တွေ့ပြီးတော့ ဟိုတစ်ဖက်မှာ ကျောက်ဖျာဆီကသွားတဲ့ သမင်ခြေရာကိုလဲ တွေ့မယ်ဆိုရင် အလယ်က ကျောက်ဖျာပေါ်မှာ သမင်ခြေရာကို မတွေ့ရပေမဲ့ သမင်ဟာ ဟိုဘက်ဒီဘက် ခြေရာနှစ်ခုရဲ့ အလယ်စပ်ကြား အဲဒီကျောက်ဖျာပေါ်ကပဲ ဖြတ်သွားတယ် လို့ သိရပါတယ်။
ဒီလိုပါပဲ။ ယောဂီများလည်း အစက သုခဝေဒနာကိုပဲ ဖြစ်ဖြစ် ဒုက္ခဝေဒနာကိုပဲဖြစ်ဖြစ် စူးစိုက်ပြီး မပြတ် မှတ်နေရတယ်။ ဒီလို မှတ်နေရင်း အဲဒီ သုခဝေဒနာက ပျောက်သွားတယ်။ အဲဒီအခါမှာ ကောင်းတယ်ဆိုးတယ် လို့ မဆိုလောက်တဲ့ သာမန်နေသာရုံမျှ စိတ်အသိတွေကို ရှုမှတ်နေရပြန်တယ်။
အတန်ကြာတော့မှ သုခဖြစ်ဖြစ် ဒုက္ခဖြစ်ဖြစ် ထင်ရှားပေါ်လာပြန်တယ်။ ဒီတော့ အဲဒီသုခ ဒုက္ခတွေကို မှတ်ရပြန်တယ်။ ဒီလိုမှတ်နေရတဲ့ ယောဂီဟာ ထင်ရှားတွေ့ရတဲ့ သုခ ဖြစ်ဖြစ် ဒုက္ခဖြစ်ဖြစ် ထင်ရှားပေါ်လာပြန်တယ်။ ဒီတော့ အဲဒီ သုခ ဒုက္ခ တွေကို မှတ်ရပြန်တယ်။
ဒီလိုမှတ်နေရတဲ့ ယောဂီဟာ ထင်ရှားတွေ့ရတဲ့ “သုခ ဒုက္ခ ဝေဒနာတွေရဲ့ စပ်ကြားမှာ မကောင်းမဆိုး ရိုးရိုး နေသာရုံမျှ ဖြစ်နေခဲ့တာတွေဟာ ဥပေက္ခာဝေဒနာ တွေပဲ” လို့ သိရတယ်။ ဒီလိုသိတာဟာ ဟို သမင်ခြေရာခံတဲ့ မုဆိုးရဲ့ သိပုံနဲ့ တူတဲ့အတွက် “မိဂပဒ၀လဉ္စ” နည်းအရ သိတာလို့ ကျမ်းဂန်များမှာ ဆိုထားပါတယ်။
ဒါကြောင့် ဒီဥပေက္ခာကိုတော့ တမင်ရှာပြီး ရှုနေဖို့ မလိုတော့ဘူး။ သုခ ဒုက္ခဝေဒနာတွေ ပျောက်သွားတဲ့ အခါမှာ ပေါ်လာတဲ့ မကောင်းမဆိုး ရိုးရိုးအသိစိတ် တွေကို ရှုမှတ်နေရုံနဲ့ ဒီဥပေက္ခာကိုလည်း ရှုပြီး သိပြီး ဖြစ်သွားတော့တာပဲ။
မဟာစည်ဆရာတော်(ဝေဒနာနုပဿနာတရားတော် ဒုတိယပိုင်း စာ ၈-၉)
ဝိပဿနာရှုချင်အောင်စိတ်ကိုအားပေးနည်း
ဝိပဿနာ ရှုနေသော အို သူတော်ကောင်း-သင်မမေ့နဲ့၊ မပျင်းနဲ့။ မေ့လျော့ ပျင်းရိနေလျှင် သင်သည် သံသရာမှ ထွက်မြောက်နိုင်လိမ့်မည် မဟုတ်။ မလွတ်မြောက်နိုင်လျှင် တရံတခါ၌ ငရဲသို့ ကျရောက်လိမ့်ဦးမည်။ ရှေးကလဲ ခံစားခဲ့ရလှလေပြီ။ “ငရဲဒုက္ခ နှင့်ကြုံတွေ့နေစဉ်မှာ မျက်ရည်ကြီးငယ် ကျ၍ ဘယ်လိုပင် ငိုကြွေး တောင့်တနေသော်လည်း သင်သည် ဤ ၀ိပဿနာ အလုပ်ကို အားထုတ်ခွင့် ရမည်မဟုတ်ပေ။ ယခုလို အခါသည်သာလျှင် အားထုတ်ခွင့်ရသောအခါ ပေတည်း။ သို့ဖြစ်၍ သင်မပျင်းပါနဲ့။ မမေ့ပါနဲ့။ ၀ိပဿနာ အလုပ်ကို ထက်သန်စွာ အားထုတ်ပါလော့”
ဤသို့သော အဓိပ္ပါယ်ကိုပင် ရည်၍ ပေးတော်မူခဲ့သော အောက်ပါ ဘုရား အဆုံးအမတော် ကို ရိုသေစွာ လိုက်နာပါလော့။
ဈာယ(တုဝံ) ဘိက္ခု မာ ပမာဒေါ၊
မာ တေ ကမာဂုစေ ရမေဿု စိတ္တံ၊
မာ လေဟဂုဠံ ဂိလီပမတ္တော၊
မာကန္ဒိ ဒုခ မိဒန္တိ ဒယှမာနော။
(ဓမ္မပဒ ၃၇၁- ဂါထာ)
(ဘာသာပြန်)
ရဟန်း။ -သင်သည်။ မနားမဆုတ် အားထုတ်ညီညာ ရှုမှတ်ပါလော့။ မေ့၍ မနေလေလင့်။ သင်၏စိတ်ကို ငါးပါးအာရုံ ကာမဂုဏ် ထဲ၌၊ မွေ့လျော် နှစ်ခြိုက် ပျော်ပိုက်၍ မနေစေလင့်။ မေ့မေ့လျော့လျော့ ပေါ့တော့တော့ နေမိသောကြောင့် တရံတခါ ငရဲရွာသို့ ရောက်လတ်၍ မီးလျှံ တဟုန်းဟုန်းနှင့် သံတုံးသံခဲကို အလိုမကျဘဲ မမျိုရပါစေလင့်။ ငရဲမီး တပြောင်ပြောင် အပူလောင်ခံရသည် ဖြစ်၍ ဒီဟာက ဆင်းရဲလှပါတကား ဟူ၍ ဟစ်အော် ယောင်ယမ်းလျက် မမြည်တမ်း မငိုကြွေးရပါစေလင့်။
အပါယ်လေးပါး၌တရားအားထုတ်ခွင့်မရ
တိရစ္ဆာန်ဘုံ တွင် ပိုက်ကွန် မြှုံး စသည်ဖြင့် မိနေစဉ်ကာလ၌လည်း အားထုတ်ခွင့် မရနိုင်။ အဖျား၌ သံချွန်တပ်သော နှင်တံ၊ ရိုးရိုးနှင်တံတို့ဖြင့် ထိုးဆွ ရိုက်နှက်ခံရလျက် ရထားဝန် လှည်းဝန်တို့ကို ရုန်းဆောင်နေရသော မြင်းနွားကျွဲ ဖြစ်စဉ်၌လည်း အားထုတ်ခွင့် မရနိုင်။
ပြိတ္တာဘုံ တွင် အနှစ်သိန်းပေါင်းများစွာ ကာလပတ်လုံး ဆာလောင်ငတ်မွတ်နေစဉ်၌လည်း အားထုတ်ခွင့် မရနိုင်။ ကာလကဥ္ဒိက အသုရကာယ် ဘုံတွင် အရိုးအရေမျှဖြင့် အတောင် ခုနစ်ဆယ် ရှစ်ဆယ် ပမာဏ ခန္ဓာကိုယ်ရှိလျက် မစားရ မသောက်ရလဲ လေနေပူ စသည်တို့ဖြင့် ပင်ပန်းဆင်းရဲနေစဉ်၌လည်း အားထုတ်ခွင့် မရနိုင်။ ထိုတိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့သည် အားထုတ်သော်လည်း ၀ိပဿနာ ဥာဏ်၊ မဂ်ဖိုလ်ဥာဏ် တို့ကို မရနိုင်ကုန်။
အို သူတော်ကောင်း- လူဖြစ်နေစဉ် ယခုအခါသည်သာလျှင် ၀ိပဿနာ အလုပ်ကို အားထုတ်နိုင်သည့် အခါပေတည်း။ သို့ဖြစ်၍ သင်မပျင်းနဲ့၊ မမေ့နဲ့၊ အားထုတ်ပါလော့။
ဤသည်ကား အပါယ်ဘေးကို ဆင်ခြင်၍ စိတ်ကို အားပေးပုံတည်း။
မဟာစည်ဆရာတော်(၀ိပဿနာရှုနည်းအကျဉ်းချုပ်-စာ၈)
Sunday, March 10, 2013
HOW THE MONKEY SAVED HIS TROOP.
A
MANGO-TREE grew on the bank of a great river. The fruit fell from some of the branches of this tree into the river, and from other branches it fell on the ground.
Every night a troop of Monkeys gathered the fruit that lay on the ground and climbed up into the tree to get the mangoes, which were like large, juicy peaches.
One day the king of the country stood on the bank of this same river, but many miles below where the mango-tree grew. The king was watching the fishermen with their nets.
As they drew in their nets, the fishermen found not only fishes but a strange fruit. They went to the king with the strange fruit. "What is this?" asked the king.
"We do not know, O King," they said.
"Call the foresters," said the king, "They will know what it is."
[43] So they called the foresters and they said that it was a mango.
"Is it good to eat?" asked the king.
The foresters said it was very good. So the king cut the mango and giving some to the princes, he ate some of it himself. He liked it very much, and they all liked it.
Then the king said to the foresters, "Where does the mango-tree grow?"
[44] The foresters told him that it grew on the river bank many miles farther up the river.
"Let us go and see the tree and get some mangoes," said the king.
So he had many rafts joined together, and they went up the river until they came to the place where the mango-tree grew.
The foresters said, "O King, this is the mango-tree."
"We will land here," said the king, and they did so. The king and all the men with him gathered the mangoes that lay on the ground under the tree. They all liked them so well that the king said, "Let us stay here to-night, and gather more fruit in the morning." So they had their supper under the trees, and then lay down to sleep.
When all was quiet, the Chief of the Monkeys came with his troop. All the mangoes on the ground had been eaten, so the monkeys jumped from branch to branch, picking and eating mangoes, and chattering to one another. They made so much noise that they woke up the king. He called his archers saying: "Stand under the mango-tree and shoot the Monkeys as they come down to the ground to get away. Then in the morning we shall have Monkey's flesh as well as mangoes to eat."
The Monkeys saw the archers standing around with their [46] arrows ready to shoot. Fearing death, the Monkeys ran to their Chief, saying: "O Chief, the archers stand around the tree ready to shoot us! What shall we do?" They shook with fear.
The Chief said: "Do not fear; I will save you. Stay where you are until I call you."
The Monkeys were comforted, for he had always helped them whenever they had needed help.
Then the Chief of the Monkeys ran out on the branch of the mango-tree that hung out over the river. The long branches of the tree across the river did not quite meet the branch he stood on. The Chief said to himself: "If the Monkeys try to jump across from this tree to that, some of them will fall into the water and drown. I must save them, but how am I to do it? I know what I shall do. I shall make a bridge of my back."
So the Chief reached across and took hold of the longest branch of the tree across the river. He called, "Come, Monkeys; run out on this branch, step on my back, and then run along the branch of the other tree."
The Monkeys did as the Chief told them to do. They ran along the branch, stepped on his back, then ran along the branch of the other tree. They swung themselves down to the ground, and away they went back to their home.
[47] The king saw all that was done by the Chief and his troop. "That big Monkey," said the king to his archers, "saved the whole troop. I will see to it he is taken care of the rest of his life."
And the king kept his promise.
Saturday, March 2, 2013
အကျင့်ကောင်း (၇) ရပ်
(၁) တာဝန်ယူစိတ် (Be Proactive)
ပြဿနာတစ်ခုဖြစ်လာရင် ငါဘာမှားနေသလဲ ဆိုတာက စ စဉ်းစားပါမယ်။
ပြီးမှ ကျန်တာတွေကို ဖြန့်တွေးမယ်။
ကိုယ့်ကိုယ်တော့ လွတ်စေ၊ သူများကိုတော့ တရားခံ၊
ဒါမျိုးမလုပ်ဘူး။ ကိုယ့်ကိုယ်ကို တာဝန်ယူတဲ့စိတ်ပါ။
(၂) ပစ်ကွင်းကို ချိန်ပစ် (Begin with the end in mind)
ငါဘာဖြစ်ချင်လဲ၊ ငါ့ရည်မှန်းချက်ဘာလဲဆိုတာကို ပထမဆုံးပိုင်ဖြတ်တယ်။
မစ်ရှင် (Mission) စိတ်ဓာတ်ဖြစ်ပါတယ်။
(၃) အရေးကြီးတာ အရင်လုပ် (Put first thing first)
ကြုံသလို ကျဘမ်းမလုပ်ဘူး၊
အစီအစဉ်ရှိရှိနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဆောက်ရွက်တတ်တယ်။
(၄) သူမနာ ကိုယ်မနာ ဆက်ဆံရေး (Think Win-Win)
ကိုယ်နိုင်စေ သူရှုံးစေ သဘောမထားပါ၊
နှစ်ဦးနှစ်ဖက် အကျိုးရှိစေမဲ့ ကြားအဖြေကို နှလုံးသွင်းပါတယ်။
(၅) နားလည်မှုရှိပါ (Seek first to understand, Then to be understood)
ပထမဆုံး သူများကို နားလည်အောင် ကြိုးစားပါ။
ကိုယ့်ကိုလဲ သူများက နားလည်အောင် တံးခါးဖွင့်ထားတယ်။
(၆) လက်တွဲကြိုးပမ်း (Synergize)
ငါတကောမလုပ်ဘူး၊ အများနဲ့ လက်တွဲကြိုးပမ်းနိုင်ဘို့ အားထုတ်တယ်။
(၇) ကိုယ့်ကိုယ်ကို ပြန် သ (Sharpen the saw)
စိတ်တံခါးကို ပိတ်မထားဘူး။
အတွေးသစ် အမြင်သစ်တွေအတွက် အမြဲတံခါးဖွင့်ထားတယ်၊
ကိုယ့်အသိ ကိုယ့်အကျင့်ကို အမြဲချွန်မြနေစေဖို့ မပြတ် သ နေပါတယ်။
ဒီအကျင့်တွေ သင့်မှာ ရှိနေပြီဆိုရင် ဘ၀တိုက်ပွဲမှာ အောင်ပွဲအလီလီရမှာ သေချာသလောက်ဖြစ်ပါပြီ။
အမေအို
ခြေတစ်လုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့ ကျွန်တော်လေလွင့်နေခဲ့ သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတ လည်း တိုးခဲ့သည်။ ကမ္ဘာ့ရွာ တစ်ဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ်မြေကအမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့ သည်။
လွန်ခဲ့သောနှစ်(၂၀)က မွေးရပ်မြေ ရထားဘူတာမှအစပြုလို့ ကမ္ဘာကြီးကိုစူးစမ်းဖို့ ကျွန်တော်ခြေ လှမ်း စခဲ့သည်။ နှစ်ပေါင်း(၂၀)အတွင်း ပီကင်းမှရှန်ဟိုင်း၊ ကွမ်တုန်မှဟောင်ကောင်၊ နယူးယောက်ခ်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတဆင့် လန်ဒန်မှဆစ်ဒ်နီသို့ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော်ရောက်ခဲ့ဖူးသော နိုင်ငံများ (၂၀) ကျော်ခဲ့သည်။ နေရာသစ် တစ်ခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော်ပြောင်းလဲနိုင်ခဲ့ဖူး သည်။ သို့သော် စိတ်ထဲတွင် အမေ့ကိုလွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။
ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏အေးချမ်းသောအသံသည် ဘ၀၏စိန်ခေါ်မှုများကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အား ပိုဖြစ်စေခဲ့သည်။ အမေ့၏အသံမှာ တစ်နှစ်ထက်တစ်နှစ် ပိုအိုစာသွားခဲ့သည်။ အမေ့နှင့် ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အမေ့ကိုစိတ်မပူဖို့၊ နေရာတကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း ထပ်တလဲလဲပြောသည်။ ကျွန်တော် စိတ်မကောင်းဖြစ်မိသည်။ အမေကျွန်တော့်ကို လွမ်းနေပြီ တွေ့ချင်နေပြီဖြစ်ကြောင်း ကျွန်တော် သိလိုက်ပါသည်။
အမေ (၇၅) နှစ်ရှိပါပြီ။ ကျွန်တော် လက်ဘေးက အလုပ်တွေကိုချ၊ စိတ်ထဲက အစီအစဉ်တွေ ကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း ဘာမှမလုပ် ဘာမှ မတွေးဘဲ အမေ့အနားတွင်နေမည်။ ကျွန်တော်ပြန်လာခဲ့မည့်အကြောင်း အမေကို ဖုန်းဆက် အကြောင်း ကြားပြီးနောက် အမေစတင် အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ် တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားအစာများမှတ်၊ ကျွန်တော် ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက် တုန်း အဆင်သင့်ဝတ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေ ရှုပ်နေခဲ့သည် ဆိုသည် ကို နောက်မှ ကျွန်တော်သိခဲ့ရသည်။
အသက် (၇၅) နှစ် ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်ရင်မောတတ်တဲ့အမေ ကျွန်တော် ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။
အမေနှင့်တွေ့သည့်အခါ အမေ့ကို ပြေးပြီးဖက်လိုက်မည်ဟု စိတ်ကူးနှင့်လေယာဉ်ပေါ်တွင် ကြည်နှုးနေမိသည်။ တကယ်တမ်း အမေနှင့်တွေ့သောအခါ ကျွန်တော်ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင် ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့် တူနေသည်။ မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့။ အမေတော်တော် အိုစာသွားခဲ့ပါလား ။
အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေစတင် ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော်မကြိုက်တော့ကြောင်း အမေကို မပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက်၊ ပေါ့တစ်ခွက် အရသာများအရင်နှင့် မတူတော့။ ကျွန်တော်အတွက် ပြင်ဆင်ထားသောအိပ်ရာခင်းမှာလည်း ဂွမ်းစစ်စစ်စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူကြီးများကို ခြုံအိပ်ရသောအကျင့် ကျွန်တော်မှာ မရှိတော့။
ဂွမ်းစောင်အစား သိုးမွေးစောင် နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကိုကျွန်တော် မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေကိုလွမ်းလို့ တွေ့ချင်လို့ပဲလေ။
အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များရှုပ်နေသောကြောင့် အမေနှင့် စကားကောင်းကောင်း မပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူဖြစ်အင်များ၊ လူ့ဘ၀အကြောင်းများကို ထပ်သလဲလဲ ပြောနေ တော့သည်။ ထိုအကြောင်းများသည် လွန်ခဲ့သော(၁၀)နှစ်ခန့်က အမေအပ်ကြောင်းထပ်အောင် ပြော ခဲ့သောစကားများဖြစ်သည်။ ထိုအကြောင်းအရာနှင့် ကျွန်တော့်၏ဘ၀နှင့် အလုပ်အကြောင်းကို ခိုင်း နှိုင်းပြီး ပြောတော့သည်။ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်လာလျှင် ထိုအကြောင်း အရာများ သည် ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ပြောမိလျှင် အမေသည် တွေတွေလေးနှင့် တစ်နေရာရာ ကို ငေးကြည့်နေတတ်သည်။
မျက်စိများမှုန်ဝါးလာပြီ ဖြစ်သောကြောင့် အမေဟင်းချက်ရာတွင် သန့်ရှင်းမှုကိုဦးစား မ ပေးတော့ကြောင်း ကျွန်တော်သတိပြုလာမိသည်။ အမေချက်သောဟင်းထဲတွင် တစ်ခါတစ်ရံ ပိုးကောင် များ၊ ယင်ကောင်များ ပါလာတတ်သလို၊ ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ကျလျှင်လည်း ပြန်ကောက် ထည့်လာတတ်သည်။ အခြေအနေများသည် ယခင်ကနှင့် မတူတော့။
အိမ်တွင်မချက်စားဘဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန် လျှင် အမေသည် “ငါလှုပ်ရှားနိုင်သေးတယ်။ ငါမအိုသေး” ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။
ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်းလိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့ မရောက်နိုင်ခဲ့။ အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော်အယူအဆ များသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီ ဟုအမေထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့် အညီ တိုးတက်နေ ပြီဖြစ်ကြောင်းကို ကျွန်တော်အားမနာစွာ အမေ့ကိုပြောဖြစ်ခဲ့သည်။
နောက်ပိုင်း အမေနှင့်ပြောဖြစ်သော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး စကား လမ်းကြောင်းလွဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော် စိတ်မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီး ပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး
တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။ ခွင့်တစ်လပြည့်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်က သေတ္တာဟောင်းတစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော်အား ပေးလေသည်။ ထိုသတင်းစာဖြတ်ပိုင်းများမှာ ကျွန်တော် ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ဖူးသမျှနိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တော်ကို ပြရန်
ထိုဖြတ်ပိုင်းများကို ဂရုတစိုက်ညှပ်ပြီး အမေသိမ်းထားခြင်းဖြစ်သည်။ ကျွန်တော်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့်အတူ ယူဆောင်သွားစေလိုသည်။ မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ၊ သတင်းစာတစ်မျက်နှာချင်းကို ကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှခက်ခက်ခဲခဲ ညှပ်ခဲ့သည် ဆိုသည်ကို ကျွန်တော်အသိ။ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော် ယူမသွားချင်ပေ။
ကျွန်တော်တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေး တစ်ခု လွှင့်ကျသွားသည်။
ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။ “ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျွန်တော့် ကိုပြပါလား” အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်း သို့ ထွက်သွားလိုက်သည်။ ကျွန်တော်ချက်ချင်း ဖတ်ကြည့်လိုက်မိသည်။ “ငါအိုသွားတဲ့အခါ”ဟုခေါင်းစဉ်တပ်ထား သော ၂၀၀၄ နှစ် ၁၂ လပိုင်း ၆ရက်နေ့က ဆောင်းပါးလေး ဖြစ်သည်။ ဆောင်းပါးလေးမှာ
“ငါအိုသွားတဲ့အခါ”
ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊
ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊
ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊
ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ
ကျေးဇူးပြုပြီး နားထောင်ပေးပါ၊
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည
ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊
ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊
ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ
ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ
ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊
လမ်းလျောက်သင်စ အရွယ်တုန်းက
တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကို
ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက
ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊
နားလည်ပေးပါ အားပေးပါ၊
အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို
အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။
အချစ်နဲ့အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။
အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော် သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်းများကို ထည့်လိုက်သည်။ ကျန်သော ဖြတ်ပိုင်းများက ကျွန်တော်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါ သော ဖြတ်ပိုင်းလေးမှာ ကျွန်တော် ဘယ်နေရာ ရောက်ရောက် ကျွန်တော် အပါးအမြဲမခွာတော့။ ယခုထက်ထိ ထိုမှန်ဘောင် သွင်းထားသော ဖြတ်ပိုင်းလေးမှာ ကျွန်တော်စာကြည့် စားပွဲပေါ်တွင် ရှိနေသည်။
ကျွန်တော်လို့ဘ၀တူ အမိမြေကိုခွဲပြီး အမေနှင့် ဝေးနေသူများ အတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်။
အမြဲဖုန်းမဆက်နိုင်သော်လည်း အခါကြီး ရက်ကြီးများတွင် အမေ့ကိုဖုန်းဆက်ပြီး သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သော ဟင်းများကို စားချင်ကြောင်း...............
မျောက်တစ်အုပ်နဲ့ဦးထုပ်သည်
 (ကောင်းသန့်)
တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ
သူ့အိမ်ကထွက်ပြီး ဈေးကို သွားရောင်းတယ်။
ဦးထုပ်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး
အလယ်က၀ါးလုံးနဲ့ လျှိုပြီး ထမ်းလာတယ်။
နေပူလို့ ဦးထုပ်တစ်လုံးကို သူဆောင်းထားတယ်။
လမ်းတစ်ဝတ်မှာ ညောင်ပင်ကြီးတစ်ပင်အောက် သူရောက်လာတယ်။
ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး။
ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်။
ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်။
ခြင်းတောင်းကြီးကို ပစ်ချပြီး ညောင်ပင်ကြီးကို မှီနားလိုက်တယ်။
ခြေပစ်လက်ပစ် အနားယူရင်း သူအိပ်ပျော်သွားတယ်။
အိပ်ယာက နိုးလို့ ကြည့်လိုက်တော့
သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တွေ တစ်လုံးမှမရှိတော့ဘူး။
သူ့ရင်ဘတ်မှာ ကပ်ထားတဲ့ သူ့ဦးထုပ်ပဲကျန်တော့တယ်။
ဦးထုပ်တွေ ဘယ်ပျောက်သွားသလဲလိုက်ရှာတော့
ညောင်ပင်ပေါ်က မျောက်တစ်အုပ်ရဲ့ခေါင်းတွေပေါ်ရောက်ကုန်တယ်။
အဲဒီဦးထုပ်တွေ သူပြန်ရအောင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး အကြံထုတ်တယ်။
သူက အားတဲ့အချိန်မှာ အမြဲစာဖတ်တဲ့အကျင့်ရှိတော့
ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး စဉ်းစားဖြေရှင်းတတ်တယ်။
နာရီဝက်လောက်စဉ်းစားပြီး သူအကြံရသွားတယ်။
သူ့လက်ထဲက ဦးထုပ်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီး
မျောက်တွေမြင်သာတဲ့နေရာကို ထွက်လိုက်တယ်။
မျောက်တွေမြင်လောက်ပြီထင်တော့မှ ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်ပြတယ်။
မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ်။
ဒါနဲ့ပူလွန်းလို့ ဦးထုပ်တောင်မကိုင်ချင်တဲ့ပုံစံနဲ့
သူက ဦးထုပ်ကို မြေကြီးပေါ်ကို ပစ်ချလိုက်တယ်။
မျောက်တွေကလည်း သူလုပ်တာမြင်ပြီး သူတို့လက်ထဲက ဦးထုပ်တွေကို ပစ်ချလိုက်ကြတယ်။
ဒီတော့မှ သူဟာ မျောက်တွေပစ်ချတဲ့ဦးထုပ်တွေ
အလျင်အမြန်ကောက်ပြီး ခြင်းထဲထည့်လိုက်တော့တယ်။
ဒီနည်းနဲ့ မျောက်တွေလက်ထဲက ဦးထုပ်အားလုံးကို သူပြန်ရလိုက်သတဲ့။
နောင်နှစ်ပေါင်း (၂၀) ကြာတဲ့အခါ စောစောက ဦးထုပ်သည်ကြီးရဲ့ 
မြေးကလေးက ဦးထုပ်အရောင်းထွက်သတဲ့။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ညောင်ပင်ကြီးအောက်ရောက်တော့
ဦးထုပ်တောင်းကိုချပြီး အနားယူပြန်သတဲ့။
ခြေပစ်လက်ပစ်နားရင်း အိပ်ပျော်သွားတယ်။
အိပ်ရာက နိုးတော့ခြင်းထဲက ဦးထုပ်တွေမရှိတော့ဘူး။
ညောင်ပင်ပေါ်က မျောက်တွေခေါင်းပေါ်ရောက်နေတယ်။
ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီး
သူ့အဘိုးနည်းအတိုင်း ဦးထုပ်တွေပြန်ရအောင် ကြိုးစားတယ်။
သူက ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်တယ်။ မျောက်တွေကလည်း သူ့လိုလိုက်လုပ်တယ်။
သူက ဦးထုပ်တွေနဲ့ ယပ်ခတ်ပြပြန်တယ်။
မျောက်တွေကလည်း သူတို့ဦးထုပ်တွေနဲ့ ယပ်ခတ်ကြပြန်တယ်။
နောက်ဆုံးမှာ သူကလက်ထဲက ဦးထုပ်ကိုလွှင့်ပစ်လိုက်တယ်။
ပြီးတော့ သူ့လိုဦးထုပ်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်။
ဘယ်မျောက်မှ ဦးထုပ်ကို ပစ်မချကြတော့ဘူး။ လက်ထဲမှာ အသေဆုပ်ကိုင်ထားကြတယ်။
သူလည်းအံ့သြငေးမောကြည့်နေတုန်း မျောက်တစ်ကောင်က
သူပစ်ချလိုက်တဲ့ဦးထုပ်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့။
သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကို စကားတစ်ခွန်းပြောသွားတယ်။
´´မင်းမှာ အဘိုးရှိသလို ဒို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ´´ တဲ့။
အခက်အခဲတစ်ခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း
ဖြေရှင်းဖို့ တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ…။
အတွေးသစ်ဂျာနယ်- အတွဲ(၁၀)၊ အမှတ်စဉ်(၄၅၀)မှ ကူးယူ မျှဝေခြင်းဖြစ်ပါသည်။
စကြ၀တေးမင်းဖြစ်ချင်သူ
ဟိုရှေးရှေးတုန်းက အာဏာစက် မရောက်နိုင်တဲ့နေရာမှာ
လူဆိုးသူခိုးတေလေဂျပိုးတွေနေတဲ့
အလွန့်အလွန်ကို ကြီးမားတဲ့ နေရာတခုရှိသတဲ့။
အဲ့ဒီနေရာမှာ ဘုရင်မရှိတဲ့အခါကျတော့ ခုဏကောင်တွေ အားလုံးပေါင်းပြီး
ဘုရင်တယောက်ကို ရွေးလိုက်ကြတော့တာပေါ့။
အဲ့ဒီလိုနဲ့ အမိုက်ဆုံးနဲ့ ညဏ်ပညာမရှိဆုံးတကောင်က ဘုရင်ဖြစ်လာပါလေရော့လား
သူလည်း ဘုရင်ဖြစ်ရော တတိုင်းပြည်လုံးမှာရှိတဲ့ ပစ္စည်းမှန်သမျှကို
ငါးမူးနဲ့ပဲ ရောင်းခိုင်းတော့တယ်။
သူ့ဟာသူ အပြင်မှာ ဘယ်လောက်ပဲ ဈေးများများ သူ့နိုင်ငံမှာတော့ ငါးမူးပဲ
ထမင်းတစ်ပွဲကို ၈၀၀ကျပ် လောက်တန်လဲ သူ့နိုင်ငံမှာတော့ ငါးမူး ပဲပေးရတယ်။
တနေ့ မှာတော့ ဒေသန္တရ ဗဟုသုတ ရှာဖို့ထွက်လာတဲ့ တက္ကသီလ က ဆရာနဲ့ 
သူ့ရဲ့ အထူးချွန်ဆုံး တပည့် လည်ရင်းပတ်ရင်းနဲ့  အဲ့ဒီနိုင်ငံ ရောက်လာကြတာပေါ့။
ဆရာတော့ အဲ့ဒီဒေသကို သိပ်သဘောမတွေ့ ဘူးပေါ့။
သူ့တပည့်ကတော့ မတရားသဘောကျတယ်
အရာအားလုံး ငါးမူးကိုး၊ နော်။
သူ့မှာ က ပိုက်ဆံ ၈သိန်းတောင်ပါလာတာဆိုတော့
တသက်လုံးနေလို့ရတယ်လို့ ပြောလို့ ရတာပေါ့။
ပြန်မယ့် အချိန်လည်းရောက်ရော တပည့်ဖြစ်တဲ့သူက မပြန်ချင်တော့ဘူး။
ဆရာက ပြောတယ်
ဒီမှာ ငါ့တပည့် စဉ်းစားညဏ် မရှိတဲ့သူ အုပ်ချူပ်တဲ့ တိုင်းပြည်မှာ မနေ သင့်ဘူးတို့ ဘာတို့ပေါ့လေ။
တပည့်ကတော့ “နိုး” ပါ
အနော် ကဒီနေရာမှာနေရင် တသက်လုံး ထိုင်စားနေလို့ရတယ် ဆရာကြီးရေ
ပညာသင်တာက အဲ့သလိုနေဖို့ပဲလေတို့ ဘာတို့ ပြန်ပြောပြီးတော့
နေချင်ကြောင်းကို ထိုင်ပြောနေတော့ ဆရာ ဖြစ်သူ လက်လျှော့ရတာပေါ့
ဆရာပြန်ခါနီး သူ့တပည့်ကို ဂါထာတစ်ပုဒ် သင်ပေးလိုက်တယ်
တပည့်ကြီးရေ တကယ်လို့ ဆင်းရဲ ဒုက္ခတွေ့ နေရရင် ဒီဂါထာကို တစ်ခါရွက်လိုက်၊
ဆရာရောက်လာမယ်လို့ ပြော ပြီးတော့ ပြန်သွားပါလေရော။
တပည့်ကလည်း ဟုတ်ကဲ့ခင်ဗျား လို့ ပြောပြီး အဲ့ဒီ နိုင်ငံမှာ နေခဲ့တော့တာပေါ့
ပြီးတော့ ငါးမူးတန် အစားအစာတွေ စားရင်နဲ့ မတရားကြီးကို ၀လာတယ်
ဝတာမှ တကယ်ကို အကြီးအကျယ် ၀လာတာ.
တစ်ရက်မှာ အဲ့ ဒီနိုင်ငံမှာ သူခိုးတယောက် သေဆုံးသွားတယ်
ဘာလို့လည်းဆိုတော့ အမတ်ချူပ်ကြီးရဲ့ နေအိမ်ကို
အုတ်တံတိုင်းအပြင်ဘက်ကနေပြီးတော့ မြောင်းဖောက်ပြီး ၀င်တာ
အုတ်တံတိုင်း ပြို ကျလို့ ခေါင်းပြားပြီး သေသွားတယ်။
သူခိုးမိန်းမက မကျေနပ်ဘူး။ ဘုရင်ကြီးကို သွားတိုင်တယ်
အိုဘယ့် ရေရှင် မြေရှင် ခြံစည်းရိုးပိုင်ရှင် ဘ၀ရှင် အမိုက်တကာထိပ်ခေါင် ကိုယ်တော်မြတ်ကြီးဘုရား
အကျွန်မျိုး ချစ်လင် မတော်မတရား သေဆုံးခြင်းကို တရားမျှတမှု ရှိစေတော်မူပါ
သူ့ခမျာ၊ မယားကျွေးရန် စီးပွားရှာခြင်းသာဖြစ်ပေသည်၊
မရှိသောကြောင့် ခိုးမိခြင်းကို အပြစ်ဟု မဆိုသင့်ပါအရှင်မင်းကြီးဘုရား ပေါ့။
ဘုရင်ကလည်း တရားမျှတမှုဆိုတာကြီးကို မြတ်နိုးတတ်သလိုလို ဖြစ်လာတယ်။
အဲ့ဒါနဲ့  အမတ်ချူပ်ကြီးကို သေဒဏ်ပေးလိုက်တယ်။ သေဒဏ်ဆိုတာက ကြိုးပေးသတ်စေပေါ့
အမတ်ချုပ်ကြီးကအယူခံဝင်တယ်၊
အရှင်မင်းကြီး ထိုအခြင်းအရာမှာ ပန်းရံဆရာနှင့်သာ သက်ဆိုင်ပါသည်။
ဒါနဲ့ ပန်းရံဆရာ ကြိုးပေးခံလိုက်ရရော။
ပန်းရံကလည်း လျှောက်ပြန်တယ်
မှန်လှပါဘုရား အကျွန်နှင့် လားလားမျှသက်ဆိုက်ခြင်းမရှိပါ၊
ဘိလပ်မြေရောစပ်သူ အလုပ်သမား အသုံးမကျမှုကြောင့် ဖြစ်ပါသည်။
ဘိလပ်မြေရောစပ်သူ ထိုအလုပ်သမားအားယခုချက်ချင်းပင် သေဒဏ်ပေး၍
တရားမျှတမှုကို တည်ဆောက်အံ့။
မောင်အလုပ်သမားကလည်းလျှောက်တင်ပြန်တယ်
ဘ၀ရှင်မင်းတရားကြီးခင်ဗျား။ ရေထမ်းသမား ရေပို ဖြည့်ထားသောကြောင့်ဖြစ်ပါသည်။
ရေထမ်းသမားအားသေဒဏ်
သူလည်းမခေပါဘူး။ လျှောက်လိုက်တာကတော့
အရှင်မင်းကြီး အကျွန်ရေဖြည့်ခြင်းမှာ ပုံမှန်သာဖြစ်ပါသည်
အိုးကြီးနေပါသောကြောင့် ရေပို ထည့်မိခြင်းဖြစ်ပါသည်။
အိုးထိန်းသည်အားသေဒဏ်ပေးစေ
သူကထပ်လျှောက်တင်ပြန်တယ်
အကျွန်လက်က ပုံမှန်လက်ပါခင်ညား။ ပုံမှန်အတိုင်းဆိုရင် ရေအိုးကြီးစရာ အကြောင်းမရှိပါဘူး
ဒါပေမယ့် အဲ့ဒီနေ့ က အိုးလုပ်နေတုန်း အင်မတန်တောင့်ဖြောင့်တဲ့ အမျိုးသမီး
အကျွန်ရှေ့က ခဏခဏ ဖြတ်သွား ဖြတ်လာလုပ်ပါတယ်၊
ထိုအမျိုးသမီးအား ငေးကြည့်မိသောကြောင့် အိုးကြီးရခြင်းဖြစ်ပါသည်
လာထား
ဖြတ်လျှောက်သော ထိုအမျိုးသမီးအား သေဒဏ်
အမျိုးသမီးက ထပ်လျှောက် ပြန်တယ်
မှန်လှပါ ကရုဏာ ကြီးမားလွန်းပြီး အစွန်းရောက်မိုက်ခြင်းတရားဖြင့်
နိုင်ငံတော်ကို သာယာဝပြောလှစေသူ ဘ၀ရှင်မင်းတရားကြီးရှင်၊
အကျွန်မျိုးမ ဖြတ်လျှောက်ခြင်းမှာ ဒိုဘီအား အ၀တ်အပ်ထား၍
လျှော်ပြီး မပြီး သွားရောင်စစ်စေးခြင်းသာ ဖြစ်ပါသည်၊
မပြီးသောကြောင့် အကြိမ်ကြိမ် သွားမေးရခြင်း ဖြစ်ပါသည်
ဒီလိုနဲ့ပဲ ဒိုဘီကို လှမ်းခေါ်လိုက်တယ်
ဘုရင်ကြီး မိန့်တော်မုပုံ က
မောင်မင်း၊ အသင်အ၀တ်အစားကို အချိန်မှီ မလျှော်ဖွပ်နိုင်သောကြောင့်
ထိုမိန်းမအကြိမ်ကြိမ်ဖြတ်ရလေသည်၊
ငေးမိသော အိုးထိန်းသည် ကြောင့် ထိုအိုးသည် နဂိုအရွယ်အစားထက် ကြီးမားလာတော့သည်၊
ရေ ဖြည့်သော လုလင်က ရေပို ဖြည့်မိလေရာ
ဘိလပ်မြေရောစပ်သောသူက ရေများများ လောင်း၍ အင်္ဂတေ ပျော့သွားသည်
ထို့ကြောင့်ပင် ပန်းရံဆရာတည်ဆောက်သော အမတ်ချူပ်ကြီးနေအိမ်
အုတ်တံတိုင်း ပြို ကျ၍ သူခိုးသေဆုံးရလေသည်။
ငါကိုယ်တော်မြတ်၏ သေချာတိကျသော ဆက်ဆပ်တွေးခေါ်မှုကြောင့်
အသင်တရားခံ ပြေးမလွှတ်တော့ချေ။
အသင်၏ထင်ရှား ကြီးမားလွန်းလှသော ပြစ်ချက်အတွက် သေဒဏ် ဏ်ဏ်ဏ်။
ကံဆိုးချင်တော့ ကြိုးကွင်းက အသေကြီး။
အလျှော့အတင်းလုပ်လို့ မရဘူး
ဒိုဘီက အရမ်းပိန်လွန်းတဲ့အခါကြတော့ ဘယ်လိုမှ စွပ်လို့ မရဘူး
ဘုရင်ကြီးက အသိညဏ် ကြီးမားစွာနဲ့ မိန့်တော်မူတယ်။
ဒီကောင့်ခေါင်းက မတော်ဘူး။ တော်တဲ့ ကောင်ကို ရအောင်ရှာ ပြီး ကြိုးပေးလိုက်ပေါ့။
ဒီလိုနဲ့ မင်းချင်းတို့ ရှာလိုက်ကြတော့ ခုဏက တပည့်ကလေးကို သွားတွေ့တယ်။
သူက အရမ်းဝနေတော့ ကြိုးကွင်းနဲ့ ကွက်တိဖြစ်နေတာကိုး။
သူ့ကို သေဒဏ် ချလိုက်ရော။
တပည့်က ဆရာပေးတဲ့ ဂါထာကို မန်းမုတ်လိုက်တယ်ဆိုရင်ပဲ ဆရာ ချက်ချင်းရောက်လာတယ်။
ဆရာတပည့် နှစ်ယောက်က တယောက်ကိုတယောက် အချက်ပြပြီး
ကြိုးကွင်းထဲ သူဝင်မယ် ငါဝင်မယ်လို့ 
လုနေလိုက်ကြတာမှ မသတ်ရုံတမယ်ပဲ လို့ကို ထင်ရတယ်
ဘုရင်ကြီးအံ့သြတာပေါ့။
ဘယ့်နှယ် သူများတွေက သေဖို့ ကြောက်နေတဲ့အချိန်မှာ
ဒီနှစ်ကောင် ကြိုးကွင်းကို ပြိုင်လုနေရတာတုန်း။
ဘုရင်ကြီးက မေးလိုက်တာပေါ့။
ဘာ လို့ လည်းပေါ့နော်။
ဆရာက ဖြေတယ်။
မှန်လှပါ တရားသဖြင့် လောကပါလနတ်မင်းအား အစဉ် ပြုံးရွှင်စေတော်မူသော
အိုဘယ့်သမာသမတ် အရှင်မင်းကြီးခင်ဗျား။
အကျွန်က တက္ကသီလမှ ဆရာတည်း၊
ဗေဒင်သုံးပုံကို အရည်ကြို သောက်ခဲ့သူလည်း ဖြစ်ချေတော့သည်တမုံ
ယနေ့ နက္ခတ် ၊ဂြိုလ် ၊ပက်ကျိ နှင့် ခွေးချီးတို၏ တည်နေရာအား
သေချာတိုင်းတာ၍ စစ်ဆေးကြည့်ရာ
ယနေ့ သေသောသူသည် မလွှဲဧက မုချအမှန် စကြ၀တေးမင်း ဖြစ်လတ္တံ့။
သို့ဖြစ်ပါ၍ ကြိုးကွင်းလုနေခြင်း ဖြစ်ပါသည်။
ဘုရင်က အံကြိတ်ပြီး ရှေ့တိုးလာတယ်၊
သယ်............ငါ ကိုယ်တော်မြတ်ရှိရက်နဲ့ သည်ငမိုက်သားတွေ
စကြ၀တေးမင်းဆုကို ယူစရာအကြောင်းမရှိ၊
နင်တို့ ဖယ်ကြကွယ်ရို့ ........ဟူသတည်း...........။
foreverfriends မှကူးယူဖော်ပြပါသည်။
မြန်မာနိုင်ငံမှထေရ၀ါသံဃာ.ဂိုဏ်းကြီး ( ၉ ) ဂိုဏ်း
မြတ်စွာဘုရားရှင်ဟောကြားတော်မူအပ်သောသုတ်၊ ၀ိနည်း၊ အဘိဓမ္မာဟုဆိုအပ်သော ပိဋကတ်သုံးပုံ တွင် သုတ်နှင့်အဘိဓမ္မာမပါ၊ ၀ိနည်းတော်အပိုင်းတွင်သာ အနက်အဓိပ္ပါယ်ဖွင့်ဆို လိုက်နာမှု၌သာ အနည်းငယ် ကွဲလွဲမှုရှိကာကွဲပြားသွားကြသည့် သံဃာတော်များသည်မိမိတို့၏ ဆရာအစဉ်အဆက်အားဖြင့် ဂိုဏ်းများ အဖြစ်တည်ရှိကာ ယနေ့မြန်မာနိုင်ငံတွင် ( ၉ ) ဂိုဏ်း ရှိနေသည်ကို တွေ့ရှိရပါသည်။ ထိုသံဃာ့ဂိုဏ်းကြီးများ အမည်နှင်.ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို တင်ပြရလျှင်.....
( ၁ ) သုဓမ္မာဂိုဏ်း
တာဝတိသာနတ်ပြည်တွင် သိကြားမင်းသည်သုဓမ္မာဇရပ်တော်၌မှုခင်းများကို စီစဉ်ဆုံးဖြတ်လေ့ ရှိသည်။ ဤ အစဉ်အလာအရ မြန်မာဘုရင်များလက်ထက်တော်က သာသနာရေးဆိုင်ရာမှုခင်းများကို ဆရာတော် ကြီးများစုဝေးဆုံးဖြတ်ရာ၌ ထိုနေရာဌာနကို "သုဓမ္မာ " ဟုခေါ်သည်။ ယင်းအစည်းအဝေးသို့ တက်ရောက် ခွင့်ရသော ဆရာတော်များကို သုဓမ္မာဝင်ဟုခေါ်သည်။ သံဃာ့ဂိုဏ်းများ မကွဲမပြား တစ်စည်းတစ်လုံးတည်း ရှိစဉ်က မြန်မာနိုင်ငံတွင်သံဃာအားလုံးသည် သုဓမ္မာဝင်ဆရာတော်ကြီးများ၏ အုပ်ချူပ်မှုအောက်တွင် ရှိနေကြသည်။ ထိုသို့ရှိနေရာမှ မင်းတုန်းမင်းကြီးလက်ထက်တွင် ' ရွှေကျင် ' ဂိုဏ်းခွဲထွက်သွားသောအခါ ရွှေကျင်ဂိုဏ်းဝင်မဟုတ်သောသံဃာများကိုသုဓမ္မာဂိုဏ်းဝင်အဖြစ်ခေါ်ဆိုကြသည်။
( ၂ ) ရွှေကျင်ဂိုဏ်း
မင်းတုန်းမင်းကြီးသည် ၀ိနည်းသိက္ခာအလွန်လေးစား၍ အကျင့်ပဋိပတ်နှင့်ပြည့်စုံသော ရွှေကျင်ဆရာတော် ဘုရားကြီး ဦးဇာဂရကို အလွန်တရာကြည်ညို၍ သာသနာပိုင်အဖြစ်တင်မြှောက်လိုသော်လည်း တောင်နန်း မိဖုရားခေါင်စင်္ကြာဒေ၀ီ၏ ဆန္ဒကိုမလွန်ဆန်နိုင်သဖြင့် မောင်းထောင်ဆရာတော်ကို သာသနာပိုင် တင်မြှောက်ခဲ့ရသည်။ အခါတစ်ပါးရွှေကျင်ဆရာတော်ဘုရားက သာသနာပိုင် ဆရာတော်ထံ သွားရောက်ရာ စကားမပြောဆိုပဲနေခဲ့သဖြင့် ဆရာတော်မှ မိမိအားမလိုလားဟု သဘောပိုက်တော်မူခဲ့သည်။ ယင်းနောက် ၁၂၁၄ ခုနှစ်တွင် ရွှေကျင်ဆရာတော်ကို သုဓမ္မာဆရာတော်များအမိန့်ဖြင့် သုဓမ္မာသို့ ကြွရန်ဆင့်ဆိုရာ မကြွဘဲနေသဖြင့် သုဓမ္မာဆရာတော်များက အတင်းအကြပ်ခေါ်ဆိုရန်စီမံရာတွင် မင်းတုန်းမင်းကြီးက ရွှေကျင်ဆရာတော်အား သုဓမ္မာသို့ ဆင့်ခေါ်ခွင့်မရှိ၊ ရွှေကျင်ဆရာတော်လွတ်လပ်စွာ သီတင်းသုံးနိုင်သည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။
ထိုအချိန်မှစ၍ ရွှေကျင်ဆရာတော်ဘုရားကြီးဦးဇာဂရ၏တပည့် သံဃာတော်အဆက်ဆက်တို့ကို
ရွှေကျင်ဂိုဏ်းဝင်ဟု ခေါ်ဆိုကြသည်။
( ၃ ) ဒွါရဂိုဏ်း (၃) ဂိုဏ်း
သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင်ပဲခူးတိုင်းအုတ်ဖိုမြို့မှ ဆရာတော်အရှင်ဥက္ကံသ၀ိမာလာသည် ရေသိမ်၌ ရဟန်းခံခြင်းကို အကြောင်းပြု၍ အင်္ဂလိပ်အစိုးရလက်အောက်ရှိ သုဓမ္မာဂိုဏ်းဝင်ဆရာတော်များနှင့် အငြင်းပွားခဲ့သည်။ အုတ်ဖိုဆရာတော်သည်မိမိတပည့်ရဟန်းများနှင့် သီးခြားဂိုဏ်းခွဲခဲ့သည်။ ဘုရားရှိခိုးရာ၌ ကာယကံ၊ ၀စီကံ၊ မနောကံဟူ၍ ရှိခိုးခြင်းမပြုရ၊ ကာယဒွါရ၊ ၀စီဒွါရ၊ မနောဒွါရဟုဒွါရဖြင့် ရှိခိုးမှမှန်ကန်သည်ဟု အုတ်ဖိုဆရာတော်ကဆုံးဖြတ်သည်။ ( ယခုတော့ ထိုသို့ဘုရားရှိခိုးသည်ကို မတွေ့ရ တော့ပါ။ တစ်နိုင်ငံလုံးနီးပါး ကာယကံ၊ ၀စီကံ၊ မနောကံဖြင့်သာ ရှိခိုးကြသည်။)
ဇိနတ္တပကာနီကျမ်းပြုကျီးသဲလေးထပ်ဆရာတော် (သုဓမ္မာဂိုဏ်း) က ကံဖြင့် ရှိခိုးမှမှန်ကန်ကြောင်း ငြင်းခုံကြသည်။ ထို့ကြောင့် အောက်မြန်မာနိုင်ငံ၌ အုတ်ဖိုဆရာတော်၏ဂိုဏ်းကို ဒွါရဂိုဏ်း
ဟုခေါ်ကြသည်။ သုဓမ္မာဂိုဏ်းကိုမူ ကံဂိုဏ်းဟုခေါ်ကြသည်။ နောက်ပိုင်းတွင်မူ ကံဂိုဏ်းဟုမခေါ်တော့ပဲ သုဓမ္မာဂိုဏ်းဟုပင် ပြန်လည်ခေါ်ကြသည်။
ယင်းဒွါရဂိုဏ်းသည် (က) အနောက်ချောင်းဒွါရ၊ (ခ) မဟာဒွါရ၊ (ဂ) မူလဒွါရ ဟူ၍ (၃) မျိုး
ထပ်၍ ကွဲသွားကြပြန်သည်။
( က ) အနောက်ချောင်းဒွါရဂိုဏ်း
ဒွါရဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးလက်ထက်မှာပင် ငါးသိုင်းချောင်းရေတံခွန်ကျောင်းတိုက် ဆရာတော် ကြီးကို အခြားသောဒွါရဂိုဏ်းဝင်ကျောင်းတိုက်ကြီး (၆) တိုက်မှ သံဃာတော်များက ပထမပါရာဇိက (မာတုဂါမဖြင့် ဖောက်ပြန်သည့်အမှု) ဖြင့် စွပ်စွဲကြသည်။ ဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးသည် အစွပ်စွဲခံရသည့် ဆရာတော်ကြီးဘက်မှရပ်တည်ခဲ့သဖြင့် ကျောင်း(၆) ကျောင်းမှ သံဃာတော်များသည် သီးခြားဂိုဏ်းတည်ထောင်ကြသည်။ " င၀န်မြစ်" ကို အနောက်ချောင်းဟု ထိုဒေသတွင်ခေါ်ကြသည်။ ယင်းအနောက်ချောင်းကို အစွဲပြု၍ ရေကြည်၊ငါးသိုင်းချောင်းတစ်ဝိုက်ရှိ အဆိုပါဒွါရဂိုဏ်းကို အနောက်ချောင်းဒွါရဂိုဏ်းဟုခေါ်ကြသည်။
(ခ) မဟာဒွါရဂိုဏ်း
ဒွါရဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးသည် ဗေဒင်ကျမ်းတတ်ကျွမ်းလှသည်ဟုဆိုသည်။ ယခု လက်ရှိအများ လက်ခံသတ်မှတ်ထားသော လပြည့်လကွယ်နေ့များသည် ဗေဒင်နည်းအရ တွက်ချက်ရာ၌ အမှန်တကယ် လမပြည့်သေး၊ လမကွယ်သေး၊ လပြည်.ကျော်တစ်ရက်ရောက်မှလပြည့်သည်။ လဆန်းတစ်ရက်ရောက်မှ လကွယ်သည်ဟု ဆို၍ (၁၅) ရက်တစ်ကြီမ်လပြည့်၊ လကွယ်သိမ်ဝင်၍ သံဃဥပုသ်ပြုခြင်းကို ဆောင်ရွက်သည်။ အခြားသောသုဓမ္မာဂိုဏ်းဝင်နှင့် ရွှေကျင်ဂိုဏ်းဝင်သံဃာများသည် လပြည့်၊ လကွယ်နေ့များ၌ သိမ်ဝင်ဥပုသ်ပြုကြသော်လည်း ဒွါရဆရာတော်ကြီးနှင့် တပည့်များသည် လပြည်.ကျော် (၁) ရက်နေ့နှင့်လဆန်း (၁) ရက်နေ့ရောက်မှသာ သိမ်ဝင်ဥပုသ်ပြုကြသည်။ အုတ်ဖိုဆရာတော်ကြီး ၁၂၆၇ ခုနှစ်တွင် ပျံလွန်တော်မူပြီးနောက်ပိုင်းတွင် ၁၂၈၀ ပြည့်နှစ်၌ ဒွါရဂိုဏ်းဝင်သံဃာတော်များသည် (ရာဇပဓာနံ) ဟူသော မြတ်စွာဘုရား၏အမိန့်တော်အရ လပြည့်လကွယ်ကိစ္စကို အစိုးရမင်းတို့၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်ဟူသော ဒေသနာအရဒွါရဂိုဏ်းဝင်သံဃာတော်အများစုသည် အများနည်းတူ လပြည့်နေ့နှင့် လကွယ်နေ့များတွင် သိမ်ဝင်ဥပုသ်ပြုကြပါသည်။ ယင်းဒွါရဂိုဏ်းမှာ အခြားသော ဒွါရဂိုဏ်းများထက် သံဃာအရေအတွက်များပြားသောကြောင့် မဟာဒွါရဂိုဏ်းဟုခေါ်ကြသည်။ ဤဂိုဏ်း၏ အမည်အပြည့်အစုံမှာ (ဓမ္မာနုဓမ္မမဟာဒွါရနိကာယဂိုဏ်း) ဖြစ်ပါသည်။
ဓမ္မာနုဓမ္မ = တရားအတိုင်းလိုက်နာသော
မဟာ = သံဃာများပြားသော
ဒွါရ = ဘုရားရှိခိုးရာ၌ (ဒွါရဖြင်.ရှိခိုးသော)၊
နိကာယ = သံဃာ.အစုအဝေး (ဖြစ်သည်။)
(ဂ) မူလဒွါရဂိုဏ်း
အုတ်ဖိုဆရာတော်ကြီးပျံလွန်တော်မူပြီးနောက် မဟာဒွါရဂိုဏ်းဝင်သံဃာများသည် လပြည့်လကွယ်ကိစ္စကို အခြားဂိုဏ်းသံဃာများနှင့်အတူ ပြန်လည်လက်ခံကြသော်လည်း အချို.သောဒွါရဂိုဏ်းသံဃာများမှာ အုတ်ဖိုဆရာတော်ကြီးချမှတ်ခဲ့သည့်မူအတိုင်း လပြည့်ကျော်(၁)ရက်နှင့်လဆန်း(၁)ရက်တို့တွင် သိမ်ဝင်ဥပုသ်ပြုမြဲပြုကြ၏။ ထိုသို့ မူလအတိုင်းရှိသည့်ဒွါရဂိုဏ်းကို မူလဒွါရဟုခေါ်ဆိုကြသည်။
မူလဒွါရဟူသောအမည်၏ရှေ.တွင် ' ဓမ္မ၀ိနယာနုလောမ ' ဟုထပ်ဆင့်ဝိသေသနပြုထားသည်။ ( ဓမ္မ + ၀ိနယ + အနုလောမ ) သုတ္တံ၊ အဘိဓမ္မာတရားတော်နှင့်လည်းကောင်း၊ ၀ိနည်းနှင့်လည်းကောင်း လျော်ညီသောဂိုဏ်းဟုဆိုလို၍အမည်အပြည့်အစုံမှာ ' ဓမ္မ၀ိနယာနုလောမူလဒွါရနိကာယ ' ဂိုဏ်းဟု ခေါ်ဆိုကြသည်။
( ၆ ) ဝေဠုဝန်နိကာယဂိုဏ်း
ရန်ကုန်မြို.၊ ဗဟန်းရပ်ကွက်၊ သီလရှင်ကျောင်းအတွင်းရှိဝါးကျောင်း၌ နေထိုင်သောကြောင့် ယင်းဆရာတော်ကို ဝေဠုဝန်ဆရာတော်ဟုခေါ်ဆိုကြသည်။ ယင်းဆရာတော်သည် ဗဟန်းဝေဠုဝန်ကျောင်း တိုက်ကို တည်ထောင်ပြီးနောက် အင်းလျားဝေဠုဝန်ကျောင်းတိုက်၊ စမ်းချောင်းဝေဠုဝန်ကျောင်းတိုက်၊ ပုသိမ်နှင့်မြန်အောင်မြို.များရှိ ဝေဠုဝန်ကျောင်းတိုက်များကို တည်ထောင်ခဲ့သည်။ ယင်း၏တပည့်သံဃာ များကို ဝေဠုဝန်ဂိုဏ်းဟုခေါ်ဆိုကြသည်။ ဒွါရဂိုဏ်းနှင့် ပေါင်းသင်းဆက်ဆံသဖြင့် ' ဝေဠုဝန်ဒွါရဂိုဏ်း ' ဟုလည်းခေါ်ဆိုကြသည်။
( ၇ ) စတုဘုမ္မိက မဟာသတိပဌာန်ငှက်တွင်းဂိုဏ်း
စစ်ကိုင်းမြို.၏အနောက်ဘက် မင်းဝန်တောင်တန်း၌ ပုဇဉ်းထိုးငှက်များ တွင်းတူးရာမှ လိုဏ်ဂူဖြစ်လာပြီး ယင်းငှက်တွင်းများရှိသောနေရာ၌ တည်ရှိသောဘုန်းကြီးကျောင်းကို ငှက်တွင်းချောင်ဟု ခေါ်ဆိုကြသည်။ ယင်းငှက်တွင်းချောင်ဆရာတော်ဦးပဏ္ဍ၀သည် မင်းတုန်းမင်းလက်ထက်၌ မဟာသတိပဌာန်သုတ်တော်လာ (၃၂)ကောဌာာသကမ္မဌာန်းကို ကြိုးပမ်းအားထုတ်ပြီးဟောကြားပြသသည်။
ထို.အပြင် အစဉ်အလာအားဖြင့် ကာမ၊ ရူပ၊ အရူပ ဟူသော (ဘုံ ၃ ပါး )ကို ဟောပြောလေ့ရှိရာမှ နိဗ္ဗာန်ကိုပင် ဘုံတစ်ခုအနေဖြင့် ထည့်သွင်း၍ ဘုံ (၄) ပါးရှိသည်ဟု ဟောပြောခဲ့ခြင်းကြောင့် စတုဘုမ္မိက ( စတု = လေး ၊ ဘုမ္မိက = နေရာ/ တည်ရာဌာန ဘုံရှိခြင်း ) ဟု အမည်တစ်ခုထပ်ဆင့်တိုးခဲ့သည်။ ထို့ကြောင့် ဤဂိုဏ်းကို စတုဘုမ္မိကမဟာသတိပဌာန်ငှက်တွင်းဂိုဏ်း ဟုခေါ်ဆိုကြသည်။
( ဂ ) ဂဏ၀ိမုတ်ကူးတို. ဂိုဏ်း
ထားဝယ်မြို.နယ်၊ ကူးတို့ရွာဆရာတော် ဦးက္ကုန္ဒ၀ံသသည် တောရဆောက်တည်၍ တရားကျင့်သုံးလျက် ရှိသည်။ သုဓမ္မာဂိုဏ်းချူပ်၊ဂိုဏ်းအုပ်၊ဂိုဏ်းထောက်များက မကြာခဏ ဆင့်ခေါ်သဖြင့် ယင်းသို့ဆင့်ခေါ် ခံရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် မန္တလေး၊ သုဓမ္မာသာသနာပိုင်ထံ မေတ္တာစာတင်သွင်းခဲ့သည်။ သာသနာပိုင် ပခန်းဆရာတော်က ၁၂၅၈ ခုနှစ်တွင် ယင်းတောရကျောင်းဆရာတော်ကြီးကိုဆင့်ခေါ်ခြင်းမပြုနိုင်စေရန် သုဓမ္မာဂိုဏ်းမှ အလွတ် ' ဂဏ၀ိမုတ္တိ ' ( ဂဏ = ဂိုဏ်း ၊ ၀ိမုတ္တိ = လွတ်ခြင်း ) ဟု စာချွန်တော်အမိန့် ထုတ်ပြန်ပေးခဲ့သည်။
ထို့ကြောင့် ယင်းဆရာတော်ကြီး၏တပည့်အစဉ်အဆက်တို့ကို ' ဂဏ၀ိမုတ္တိ ကူးတို့ ' ဂိုဏ်းဟုခေါ်ဆိုကြသည်။ သုဓမ္မာဂိုဏ်းမှ အလွတ်ဖြစ်သောကူးတို့ရွာမှဆရာတော်ကြီး၏ တပည့်သံဃာများဟုဆိုလိုသည်။ မူလ ဆရာတော်ကြီးကတော့ တောရဆောက်တည်လို့ ကင်းလွတ်ခွင့်ရတယ်။ အခုတပည့်တွေကရော ဆရာတော်ကြီးကဲ့သို့ အားလုံးပဲတောရဆောက်တည်ကြသလား၊ မဆောက်တည်တဲ့ ရဟန်းတွေကို ကင်းလွတ်ခွင့်ပေးသင့်သလား၊ စဉ်းစားစရာပါပဲ..
( ၉ ) ဓမ္မယုတ္တိနိကာယ မဟာရင်ဂိုဏ်း
မဟာရင်ဆရာတော်သည် ၁၂၀၃ ခုနှစ်တွင် ယိုးဒယားနိုင်ငံ၌ မွေးဖွားခဲ့၍ ငယ်မည်မှာ " ဦးရင် " ဖြစ်သည်။ ယိုးဒယားနိုင်ငံ ' ဓမ္မယုတ္တိနိကာယ ' ( တမယွတ် ) ဂိုဏ်း၌ ရဟန်းပြု၍ ပါဠိစာပေများကို မဟာအဆင့်အတန်းအောင်မြင်သည်အထိ စာပေသင်ကြားတတ်မြောက်ခဲ့သည်။ ထိုအခါဦးရင်အမည်ကို မဟာဘွဲ့နှင့်ပေါင်းစပ်၍ မဟာရင်ဖြစ်လာသည်။
မဟာရင်အမည်ရှိဆရာတော်ကြီးသည် မော်လမြိုင်မြို.နယ် ' ကတိုး ' ရွာ၌ ကျောင်းတိုက်တည်၍ စာပေပို့ချသည်။ ယင်း၏တပည့်သံဃာများကို ' မဟာရင်ဂိုဏ်း ' ဟုခေါ်ဆိုကြသည်။ ယိုးဒယားနိုင်ငံရှိမူလပင်မဂိုဏ်း၏အမည်ကို ပူးတွဲ၍ ' ဓမ္မယုတ္တိ နိကာယ မဟာရင်ဂိုဏ်း ဟုခေါ်ဆိုကြသည်။
ဓမ္မ = တရားတော်ကို ၊
ယုတ္တိ = အထောက်အထားပြုသော ၊
နိကာယ = သံဃာအစုအဝေး ။
ဟူ၍ဖြစ်ပါသည်။
အထက်ပါနိုင်ငံတော်အသိအမှတ်ပြုသံဃာ့ဂိုဏ်းကြီး ( ၉ ) ဂိုဏ်းတို့သည် ဘုရားဟောပိဋကတ် ( ၃ ) ပုံ အနက်သုတ်နှင့်အဘိဓမ္မာတို့တွင် အယူအဆတူမျှကြသော်လည်း စောင့်ထိန်းလိုက်နာအပ်သည့် ၀ိနည်းပိုင်း ဆိုင်ရာတို့တွင် အလေးအပေါ့အတိမ်အနက်စသည်ဖြင့် ကွဲလွဲမှုရှိကြသည်ကို အကြောင်းပြု၍ ကွဲပြား နေကြခြင်းသာဖြစ်ပါသည်။
အထက်ပါသံဃာ့ဂိုဏ်းများ ပေါ်ပေါက်ရခြင်းအကြောင်းကို သုံးသပ်ရသော် သီလသမာဓိနှင့်ပြည့်စုံပြီး စာပေကျမ်းဂန် တတ်ကျွမ်းကာ နောက်လိုက်တပည့်သံဃာများပြားသော ဆရာတော်ကြီးများ၏ ဓမ္မ၀ိနယနှင့် ထိုစဉ်ကာလသံဃာထုနှင့် မင်းအစိုးရအပေါ်ပုဂ္ဂလိကအမြင်ဖြင့် မိမိယုံကြည်ယူဆချက်အတိုင်း စိုက် တမတ်မတ်ကျင့်သုံးပြီး အခြားသောသံဃာများနှင့် မဆက်စပ်ပဲ သီးခြားနေခဲ့ခြင်းက စတင်ခဲ့သည်ကို တွေ့
ရသည်။ ညှိနှိုင်း၍မရလောက်အောင်ကြီးမားသည့် သဘောထားကွဲလွဲမှုမရှိခဲ့သည်မှာ ထင်ရှားသည်။ အခြားသောဘာသာများနှင့် နှိုင်းယှဉ်လေ့လာနိုင်သော ယခုခေတ်ကြီးတွင် ထေရ၀ါဒအစစ်အမှန်ဟု ကြွေး ကြော်နေသောမိမိတို့နိုင်ငံအနေဖြင့် ယခုကဲ့သို့ သံဃာ့ဂိုဏ်းများအများအပြားရှိနေခြင်းကား မကောင်းပေ၊
ထို.ကြောင်.ပင်လျှင် မြန်မာပြည်၏ရှင်မဟာဗုဒ္ဒဃောသဟုပင် ဂုဏ်ပြုခေါ်တွင်ရသည့် တောင်မြို. (အမရပူရ မဟာဂန္ဓာရုံ) ဆရာတော်အရှင်ဇနကာဘိဝံသက သံဃအစည်းအဝေးတစ်ခုတွင် အဆိုပါဂိုဏ်းများ အားလုံး ဖျက်သိမ်းပြီး ထေရ၀ါဒစစ်စစ်သံဃာဟုသာ သတ်မှတ်ရန် အဆိုတင်သွင်းခဲ့ဖူးကြောင်း မှတ်သား ကြည်ညိုခဲ့ ရဖူးပါသည်။
ခေတ်အမြင်ရှိလှသောဆရာတော်၏ ဥာဏ်တော်ကိုသာ ကြည်ညိုဦခိုက်ရပါသည်။ သို.သော်.... ထိုစဉ်က အကြောင်းကြောင်းများကြောင့် ဆရာတော်ဘုရား၏ရည်မှန်းချက် မအောင်မြင်ခဲ့ရပေ၊ တစ်ချိန်သောအခါ တွင်ကား ဆရာတော်မျှော်မှန်းသကဲ့သို့ ဖြစ်လာနိုင်ပါစေဟုသာ မျှော်လင့်ဆုတောင်းမိပါသည်။
အပ္ပမာဒမဂ္ဂဇင်းတွင်ဖော်ပြပါရှိသောဆောင်းပါးရှင် ငှက်တောင်ပျံ(ဇင်းကျိုက်)၏ "သင်္ဂါယနာနှင့် ထေရ၀ါဒ သံဃဂိုဏ်းကြီးများ" ဆောင်းပါးကိုပြန်လည်မွမ်းမံတင်ပြပါသည်။ သီးခြားခွင့်မတောင်းနိုင်သည်ကို နားလည်ခွင့်လွတ်နိုင်မည်ဟုမျှော်လင့်ပါသည်။
(icenandaw.ning) မှ ကူးယူဖော်ပြသည်။