Tuesday, June 17, 2014

တရားကပြောသော ဒုက္ခနှင့် ကိုယ်တိုင်သိရမည့် ဒုက္ခ

## ဇာတိပိ ဒုက္ခအစမှ - ဣ မေ ပဉ္စခန္ဓာပိ ဒုက္ခံ
အဆုံးထိ သုခ မရှိ ဒုက္ခသက်သက်မျှသာဟု
မြတ်စွာဘုရား ဟောပြပါသည်။

[] ကျွန်ုပ်တို့ အများစုက အိုလွန်း နာလွန်း
သေခါနီး မှ ဒုက္ခဟုမြင် တတ်ကြပါသည်။
နေထိုင်ကောင်းနေသမျှ စားကောင်းနေသမျှ
စီးပွားဥစ္စာ ပြည့်စုံနေသမျှ ပျော်ရွှင်နေဆဲ
ကာလကို ဒုက္ခဟု မသိမမြင်တတ်ကြပါ။

အမှန်သိထားသင့်သည်က-

[] နေ့ စဉ်မိမိကိုယ်ကို အစာကျွေး ရေချိုး ပြုစု
ဆေးကုပေးနေရခြင်းတို့ ကို အခါမလပ် ပြုလုပ်
ပေးနေရသောဒုက္ခ။

[] ကိုယ်တွင်းမှ ချွေး သွေး သလိပ် နှပ် တံတွေး
ကျင်ကြီး ကျင် ငယ် အပုပ်များ အမြဲတမ်း ယိုစီး
နေသည်ကို သန့် ရှင်း ပြုပြင်ပေးနေရသောဒုက္ခ
( ဝိပရိဏာမ ဒုက္ခ)။

[] ဘယ်လို ပြုပြင်ပေးပေး ဖြည့်ဆီးပေးပေး
မပြည့်နိုင်သောအဖြစ် မကောင်းလာသောအဖြစ်
( သင်္ခါရ ) ဒုက္ခ များကို စုပေါင်းလိုက်ပါက

(၁) ဖြစ်ခြင်း ပျက်ခြင်း ဒုက္ခ ( အနိစ္စ)
(၂) အမြဲတမ်း ဖြစ်ခြင်း ပျက်ခြင်းဖြင့်
မပြတ် နှိပ်စက်တတ်သောဒုက္ခ ( ဒုက္ခ ဒုက္ခ)
(၃) ဘယ်လို ပြုပြင် လုပ်လုပ် မိမိအလိုအတိုင်း
မဖြစ်လာသော ဒုက္ခ ( အနတ္တ)
စသော တရားကပြသော ဒုက္ခကို ဉာဏ်မှာ
မြင် မှ တရားရပါမည်။

[] လူအများက တစ်ခါမွေးပြီး တစ်ခါသေခြင်း
မျှကိုသာ သိနေသမျှ သမုတိ မရဏ က
မလွတ်ပဲ အ သေ များ နေကြပါသည်။

[] ခန္ဓာစဖြစ်သည်နှင့် စက္ကန့် မခြား သေပြီး
ဖြစ် ပျက်နေသောအသေတရားကို ဆက်၍
မြင် နေခြင်းသည် ဓါတု မရဏကို မြင်နေခြင်း
ဖြစ်ပါသည်။

[] သမုတိ မရဏဖြစ်သော တစ်ခါမွေးတစ်ခါသေ
ဟု သိနေသမျှ သဿတ ဒိဋ္ဌိ နှင့် ဥစ္ဆေဒ ဒိဋ္ဌိ
နှစ်ပါးက မလွတ်နိုင်ကြပဲ သံသရာ ရှည်ဦးမည်။

[] ဓါတုမရဏ ကိုသိမှသာ သံသရာ ညွှတ်ကွင်းက
လွတ်ကင်းနိုင်ကြပါမည်။

[] စာတွေ့ အသိကို မိမိတကယ်သိ ဖြစ်စေ
လိုသော ရည်ရွယ်ချက်ဖြင့် ဓမ္မ မိတ်ဆွေ ၏
မှတ်စုမှ ကောက်နှုတ် မျှဝေ လိုက်ရပါ၏။

နောက်ဆုံးတော့လည်း

အချစ်ဆိုတာ---
ဘယ်လောက်ပဲချစ်ချစ်၊
နောက်ဆုံးတော့လည်း----
သောကနဲ့ အဆုံးသတ်ရတာပါပဲ။

(((( ဓမ္မပဒ))))

စူဠသောရောပမသုတ် အနှစ်နှင့်တူသော တရားလေးပါးကိုဟောခြင်း

သာဝတ္ထိပြည် ဇေတ၀န်ကျောင်း၌ မြတ်စွာဘုရား
သီတင်းသုံး နေတော်မူစဉ် ပိင်္ဂလကောစ္ဆ မည်
သော ပုဏ္ဏားသည် ဗုဒ္ဓထံ ရောက်လာပြီး အရှင်
ဂေါတမ ထင်ရှားကျော်စောသော ဂိုဏ်းဆရာကြီး
များဖြစ်ကြသည့် ပုရာဏကဿပ မက္ခလိဂေါသာ
လ အစရှိသောပုဂ္ဂိုလ်တို့သည် မိမိတို့ဝန်ခံသည့်
အတိုင်း တရားထူးကို သိကြပါကုန်သလော ဟု
မေးလျှောက်၏။

ထိုအခါဗုဒ္ဓမြတ်စွာက ပုဏ္ဏားသင်မေးသောမေး
ခွန်းကို ဖြေဆိုခြင်းဖြင့် အကျိုးရှိမည်မဟုတ်။
သင့်အား ငါတရားဟော အံ့။ နာလော့ဟုမိန့်ကြား
တော်မူပြီး အနှစ်ကိုရှာဖွေခြင်း ဥပမာဖြင့် တရား
ကို ဟောကြားတော်မူသည်။

ပုဏ္ဏား ဤသာသနာတော်၌ အချို့သောပုဂ္ဂိုလ်
တို့သည် မွေးခြင်း သေခြင်းအစရှိသော ဆင်းရဲ
အပေါင်းမှ လွတ်မြောက်ရန် ရည်ရွယ်၍ ရဟန်း
ပြုခဲ့ပြီး လာဘ်သပ္ပကာ အကျော်အစောကို ဖြစ်
စေ၏။ ထိုလာဘ်သပ္ပကာ အကျော်အစောဖြင့်
ကျေနပ်နှစ်သိမ့်၍ မိမိကိုယ်ကိုမြှောက်ပင့်၍ သူ
တစ်ပါးကို နှိမ့်ချ၏။ ထို့ထက် သာလွန်သော
တရားတို့ကို ဖြစ်ပေါ်စေရန် လိုလား အားထုတ်
ခြင်းမပြု။

ဥပမာကား အနှစ်ကိုလို၍ ရှာဖွေသူသည်အနှစ်
ရှိသော အပင်ကိုတွေ့သော်လည်း အနှစ်၊ အ
ကာ၊ အခွံ၊ အပွေးတို့ကို ကျော်ဖြတ်ပြီး အခက်
အရွက်ကိုသာ အနှစ်ဟုထင်ကာ ဖြတ်ယူသွား
သကဲ့သို့ဖြစ်၏။

မှတ်ချက်။ ။ ဗုဒ္ဓ၏တပည့်သာဝကဖြစ်ပါလျက်
မဂ်ဖိုလ်ဟူသော အနှစ်ကို အရမယူဘဲ လာဘ်
များမှု၊ အပူဇော်ခံရမှု၊ ကျော်ကြားမှုများ အပေါ်
သာယာ ယစ်မူးပြီး တစ်ဘ၀ ဆုံးသွားရသော
ရဟန်း၊ ရှင်၊ လူများကို ဆိုလိုခြင်းဖြစ်သည်.။

ပုဏ္ဏား၊ ဤသာသနာတော်၌ အချို့သောပုဂ္ဂိုလ်
သည် မွေးခြင်းသေခြင်းစသော ဆင်းရဲအပေါင်း
မှ လွတ်မြောက်ရန် ရည်ရွယ်၍ ရဟန်းပြုပြီး
လာဘ်သပ္ပကာ အကျော်အစောကိုဖြစ်စေ၏။
သို့သော် ထိုလာဘ်သကာ အကျော်အစောဖြင့်
ကျေနပ်နှစ်သိမ့်ခြင်းမရှိဘဲ ထို့ထက်သာလွန်မွန်
မြတ်သော တရားကို မျက်မှောက်ပြုရန် လိုလား
အားထုတ်သဖြင့် အကျင့် သီလဖြင့် ပြည့်စုံခြင်း
သို့ ရောက်၏၊

ထိုအကျင့်သီလဖြင့်ကျေနပ်နှစ်သက်၍ ထို သာ
လွန်မွန်မြတ်သောတရားများကို ရရှိရန် အားမ
ထုတ်။ ဥပမာ အနှစ်ကိုလို၍ ရှာဖွေသူသည်
အနှစ်ရှိသော အပင်ကိုတွေ့သော်လည်း အနှစ်
အကာ အခွံတို့ကိုကျော်ပြီး အပွေးကိုသာအနှစ်
ဟုထင်ယူသွားသကဲ့သို့ဖြစ်၏။

ပုဏ္ဏား ဤသာသနာတော်၌ အချို့သောပုဂ္ဂိုလ်
တို့သည် မွေးခြင်း သေခြင်းစသော ဆင်းရဲအ
ပေါင်းမှ လွတ်မြောက်ရန် ရည်ရွယ်၍ ရဟန်းပြု
ပြီး လာဘ်သပ္ပကာ အကျော်အစောကိုလည်း
ကောင်း၊ သီလနှင့်ပြည့်စုံခြင်းကိုလည်းကောင်း၊
သမာဓိနှင့်ပြည့်စုံခြင်းကိုလည်းကောင်း ရ၏။
သို့သော် ယင်းတို့ဖြင့်ကျေနပ်နှစ်သိမ့်ခြင်းမရှိပဲ
ယင်းတို့ထက်သာလွန်မြင့်မြတ်သောတရားများ
ကို ရရှိရန် ဆက်လက်အားထုတ်သဖြင့် ဒိဗ္ဗ
စက္ခုဉာဏ်အမြင်ကိုရ၏။

ထိုဉာဏ်အမြင်ဖြင့် ကျေနပ်ကာ ထို့ထက်သာ
လွန်သော တရားကို ရရှိရန်ကား ဆက်လက်
အားမထုတ်တော့ချေ။ ဤရဟန်းကား အနှစ်ရှိ
သော သစ်ပင်ကိုတွေ့ပါလျက် အနှစ်ကိုကျော်
ပြီး အကာကိုသာ အနှစ်ဟုထင်ကာ ယူသွား
သူနှင့် ဥပမာတူသည်။

ပုဏ္ဏား ဤသာသနာတော်၌ အချို့သောပုဂ္ဂိုလ်
သည် ဆင်းရဲအပေါင်းမှ လွတ်မြောက်ရန် ရည်
ရွယ်၍ ရဟန်းပြုခဲ့ပြီး လာဘ်သပ္ပကာ အကျော်
အစောကိုလည်းကောင်း သီလသမာဓိနှင့် ဒိဗ္ဗ
စက္ခုဉာဏ်အမြင်ကိုလည်းကောင်းရရှိ၏။

သို့သော် ယင်းတို့ဖြင့်ကျေနပ်နှစ်သိမ့်ခြင်းမရှိ
ဘဲ ယင်းတို့ထက် သာလွန် မြင့်မြတ်သော
တရားများကိုရရှိရန် ဆက်လက်အားထုတ်၏။
ထို့ထက်သာလွန်မြင့်မြတ်သောတရားများကား
ပထမဈာန် အစရှိသော ဈာန် အဆင့်ဆင့်၊ နိ
ရောဓ သမာပတ်နှင့် အာသ၀က္ခယဉာဏ်တို့
ဖြစ်၏။ ဤရဟန်းကား အနှစ်ရှိသော သစ်ပင်
ကိုတွေ့သော် အနှစ်ကိုသာ ထုတ်ယူသွားသူ
နှင့်တူ၏။

ပုဏ္ဏား ဤသို့ဆိုလျှင် ဤသာသနာသည်
လာဘ်သပ္ပကာအကျော်အစောရရှိရန်အတွက်
သာလျှင်မဟုတ်၊ သီလ သမာဓိနှင့် ဈာန်သမာ
ပတ်အဆင့်ဆင့်တို့ကို ရရှိရန်အတွက်မျှလည်း
မဟုတ်၊ မပျက်စီးနိုင်သော စိတ်၏လွတ်မြောက်
မှုအတွက်ဖြစ်၏။ဤစိတ်၏လွတ်မြောက်မှုသည်
ဤသာသနာ၏အနှစ်အသားဖြစ်၏။ နောက်ဆုံး
ပန်းတိုင်ဖြစ်၏။

ဗုဒ္ဓမြတ်စွာက ဤသို့ ဟောတော်မူလေသော်
ပိလိင်္ဂ၀စ္ဆ ပုဏ္ဏားသည် ထိုဟောကြားချက်ကို
လွန်စွာ နှစ်သက်လှသဖြင့် ဗုဒ္ဓအား ကိုးကွယ်
ဆည်းကပ်သူ ဥပါသကာ အဖြစ်သို့ ဆိုက်
ရောက် သွားလေသည်။

မေတ္တာရှင် ရွှေပြည်သာ
လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ ၅၊ ၆။

သဗ္ဗေသင်္ခါရာ အနိစ္စာတရားတော်


စိတ္တာနုပဿနာ ရှုနည်းကို ဟောကြား
သော တရားဖြစ်သည်။ဝင်လေစိတ် ဖြစ်
ပျက်၊ ထွက်လေစိတ် ဖြစ်ပျက်ကို ဉာဏ်
နှင့်လိုက်ပေး ဆိုသောစကားဖြင့် စတင်
ဟောကြားသည်။ ၀င်လေစိတ် ထွက်
လေစိတ် ရှုနေစဉ် ဉာဏ်လိုက်နေစဉ်
ကြားစိတ် ပေါ်လာပါက ကြားစိတ် ဖြစ်
ပျက်ကို ရှု။ ရှုစရာ အခြားစိတ် မရှိလျှင်
ဝင်လေစိတ်၊ ထွက်လေ စိတ်ကို ပြန်
ကောက်။ စိတ်သည် တစ်ချိန်တွင် တစ်
ခုသာ ပေါ်သည်။ ဧကစိတ္တ သမ္ပယုတ္တာ။
ပဉ္စဒွါရ ငါးပေါက်မှာပေါ်သော စိတ်တွေ
ကိုရှု။ မဟုတ်လျှင် မနောဒွါရမှာ ပေါ်
သော စိတ်ကိုရှု။ ဘယ်စိတ်ဖြစ်ဖြစ် ပေါ်
ပြီးပျက်တာပဲ။ စိတ္တာနုပဿနာမှာအပြင်
ကလာသော ဧည့်သည်စိတ် ခြောက်
ယောက်။ မြင်စိတ်၊ ကြားစိတ်၊ စားစိတ်၊
နံစိတ်၊ ဖျားနာ၊ကောင်းစိတ်။ အတွင်းက
လာသော ဧည့်သည်စိတ် ငါးစိတ်။ လော
ဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ အလော
ဘ၊ အဒေါသ အမောဟကို မထည့်ရ။
အမောဟသည် ပညာစေတသိက် ရှုဉာဏ်
ဖြစ်သည်။ ဤတရားတွင် အပြင်ဧည့်သည်
ခြောက်ယောက်၊ အတွင်း ဧည့်သည် ငါး
ယောက်ဟု ဟောသည်။ ဤအမှတ်စဉ် ၁
စာအုပ်အဖွင့်တွင် စိတ္တာနုပဿနာ အကျဉ်း
ကို ပြထားရာတွင်မူ အပြင်ဧည့်သည် ငါး
ယောက် အတွင်းဧည့်သည် ခြောက်ယောက်
ဟုပြထားသည်။ ကွဲလွဲနေသည်။ အိမ်သည်
စိတ်နှစ်ခုမှာ ၀င်လေစိတ်၊ ထွက်လေစိတ်
ဖြစ်ကြောင်းလည်း သတ်မှတ်ပြထားသည်။
စိတ်ကိုရှုလိုက်လျှင် သဗ္ဗေသင်္ခါရာ အနိစ္စာ
ချည်းဖြစ်သည်။ ၄င်းကို ယဒါပညာယ ပဿ
တိ ဆိုသော ပါဠိအရ အကြင်စိတ်တို့၏ ဖြစ်
ပျက်ပုံကို ပညာယ-အမောဟပညာနဲ့ ပဿ
တိ ရှုပေး။ ပေါ်ပလား ဟု ရှင်းရှင်းဆိုထား
သည်။ ဤ ပါဠိသည် ရွတ်ဖို့မဟုတ်၊ အလုပ်
လုပ်ဖို့ အလုပ်စဉ်ကိုပြသော ပါဠိဖြစ်ကြောင်း
လည်း တစ်မူထူးခြားသော အမြင်ကို ဖော်ပြ
ထားပါသည်။ စိတ်တွေဖြစ်ပြီး ပျက်သွားတာ
ကိုပညာက ပဿတိ ရှုလို့ မြင်လိုက်သည်။
ဤအတိုင်း ရှုနေလျှင် အားချိန် နားချိန် မရှိပါ။
သို့မှသာ ကိလေသာ ကြား မထိုးနိုင်ပါ။ ကိ
လေသာ ကြားမထိုးလျှင် မနက်အားထုတ်
ညနေ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရသည်။

ထို့ကြောင့် ကိလေသာကြားမခိုဖို့ အရေးကြီး
သည်။ ကြားထိုးတယ် ဆိုတာ အနိစ္စလက်
လွတ်တာကို ပြောတာ။ သဗ္ဗေသင်္ခါရာ အနိ
စ္စာနှင့် ယဒါပညာယ ပဿတိ ကြားမှတစ်ခု
ခု ကိလေသာဝင်လာလို့ဖြစ်တာဟုဆိုသည်။
ဆရာတော်က ကိလေသာကြား တိုးလာ
လျှင်လည်း ထိုကိလေသာကို ဧဟိပဿိ
ကောနှင့် ရှုရမည်၊ သူက ငါ့ကို ရှုပါဆိုတာကို
ရှုလိုက်လျှင် ကိလေသာကြားမခိုနိုင်ကြောင်း
သွန်သင်ထားသည်။ ထူးခြားသော အမြင်ပင်။
ရှေ့တစ်ဆင့် ၀ိပဿနာရှု၊ ၀ိပဿနာက ကံ
ကိုဖြတ်တာ၊ နိဗ္ဗာန်သွားချင်တဲ့သူ ကံလုပ်နေ
လို့ မဖြစ်ဘူး။ တဏှာစားခွက် မှောက်ထား
ဟု စကားပြင်းပြင်းနှင့် ဆုံးမလမ်းညွှန်ထားပါ
သည်။

ကံနှင့် ဒီဘ၀မှာ ဟိုးဘ၀ကို ရောက်အောင်
လုပ်ထားသည်။ ထောင်ပြောင်းတာဟုပြညွှန်
တော်မူပြီးသစ္စာဉာဏ်နှင့် လုပ်မှသာဝဋ်ကျွတ်
ချင်လို့ လုပ်တာ။ ထိုသို့မဟုတ်ပဲ ဘ၀ သမ္ပတ္တိ
လိုချင်လို့လုပ်တာ ဖြစ်ပါက ရှေ့တိုးပြီးနောက်
ထပ် ထောင်ချခိုင်းတာနှင့် တူကြောင်းဟော
ထားပါသည်။ ၀ိပဿနာအလုပ်မှာ သံသရာ
ဝဋ်ကျွတ်ချင်လျှင် ကံကိုအားမကိုးရကြောင်း
ပြတ်ပြတ်သားသား ပြဆိုတော်မူထားပါသည်။

ဆန်းလွင် ရှင်အာဒိစ္စရံသီ
မိုးကုတ်ဝိပဿနာ အလုပ်စဉ်တရားအနှစ်ချုပ်

တဏှာမူလက တရားကိုးပါး


၁။ လိုချင်မှုတဏှာကို အစွဲပြုပြီး ရှာမှီးခြင်း
ဖြစ်ပေါ်လာသည်။

၂။ ရှာမှီးခြင်းကိုအစွဲပြုပြီး ရခြင်းဖြစ်ပေါ်လာသည်။

၃။ ရခြင်းကိုစွဲပြုပြီး စီမံဆုံးဖြတ်ခြင်းဖြစ်ပေါ်လာသည်။

၎။ စီမံခြင်းကိုအစွဲပြုပြီး မက်မောခြင်း ဆန္ဒရာဂ
ဖြစ်ပေါ်လာသည်။

၅။ မက်မောခြင်းဆန္ဒရာဂကို အစွဲပြုပြီး စွဲလမ်းခြင်း
ဖြစ်ပေါ်လာသည်။

၆။ စွဲလမ်းခြင်းကိုအစွဲပြုပြီး သိုမှီးသိမ်းဆည်းခြင်းဖြစ်
ပေါ်လာသည်။

၇။ သိမ်းဆည်းရခြင်းကိုအစွဲပြုပြီး ၀န်တိုခြင်း မိစ္ဆရိယ
ဖြစ်ဖပ်ါလာသည်။

၈။ ၀န်တိုခြင်းမစ္ဆရိယကိုအစွဲပြုပြီး စောင့်ရှောက်ရခြင်း
ဖြစ်ပေါ်လာသည်။

၉။ စောင့်ရှောက်ရခြင်းကိုအစွဲပြုပြီး တုတ်ကိုင်ရခြင်း၊
ငြင်းခုံရခြင်း၊ နင် နင်ဆိုရခြင်း၊ ကုန်းတိုက်ခြင်း၊ မုသား
ဆိုခြင်းစသော များစွာသော အကုသိုလ်များ ဖြစ်ပွား
လာရသည်။

မေတ္တာရှင် ရွှေပြည်သာ
လူငယ်များအတွက်ဂမ္ဘီရ၀ိပဿနာ
အတွဲ ၈ မှ

မရှက်ရမယ့် မရှက်သင့်တဲ့ အရာလေးပါး

ဓန ဓည ပယောဂေသု
တထာ ဝိဇ္ဇာဂဟေသုစ။
အာဟာရေ ဗျဝဟာရေစ
စတ္တလဇ္ဇော သဒါ ဘဝေ။

ဓန ဓည ပယောဂေသု ။ ဥစ္စာစီးပွားကို တိုးပွားရရှိလေအောင် ကြိုးစားရာတို့၌ လည်းကောင်း။
တထာ။ ထို့အတူ။ ဝိဇ္ဇာဂဟေသုစ။ အတတ်ပညာသင်ကြားဆည်းပူးရာတို့၌ လည်းကောင်း။ အာဟာရေ။ စားသောက်သောအရေး၌ လည်းကောင်း။ ဗျဝဟာရေစ။ ပရိသတ်အလည်တွင် ပြောဆိုခြင်း၌ လည်းကောင်း။ ဧတေသု။ ထိုလေးမျိုးတို့၌။ သဒါ။ အခါခပ်သိမ်း။ စတ္တလဇ္ဇော။ အရှက်ကိုစွန့်အပ်သည်။ ဘဝေ။ ဖြစ်ရာ၏။

စာဏကျနီတိ။ ဒု။ ၁၆၅

ဘ၀တစ်ကွေ့ခဏတွေ့(၃)မှ မှတ်သားစရာ


ပုထုဇဉ်တို့၏ လားရာဂတိသည် မရေမရာ
သွားနေလျှင် ပိုင်းခြားသတ်မှတ်မမြဲတတ်
ချေ။ စိတ်မတည်ငြိမ်တတ်သဖြင့် တဏှာ
တိမ်းညွှတ်ရာရောက်သွားတတ်သည်။
အကုသိုလ်အလေးချိန်များနေလျှင် အကု
သိုလ်တွန်းချရာသို့လည်း ရောက်သွားတတ်
သည်။

ရှေးအခါက ပါဋလိမြို့ ထီးနန်းစိုက်၍အုပ်ချုပ်
သော အဿကမင်းကြီးတွင် ဥပရီမည်သော
အလွန်လှပချောမွေ့သော မိဖုရားခေါင်ကြီး
ရှိသည်။ မြန်မာလို ဒေါ်မြင့်မြင့်ဟုခေါ်ရမည်
ဖြစ်သည်။ ထိုမိဖုရားကြီးမကြာမှီကွယ်လွန်
သွားသည်။ အဿကမင်းကြီးက ချောလွန်း
လှလွန်း ချစ်မြတ်နိုးလွန်းလှသဖြင့် မိဖုရား
ကြီး၏အလောင်းကောင်ကို မီးမရှို့ရက်မြေ
မဲမြှပ်ရက်ဘဲ ဆေးစိမ်ထားကာ နေ့တိုင်းမ
စားနိုင်မသောက်နိုင် အလောင်းကောင်ကို
ကြည့်ကြည့်ပြီး ပူဆွေးငိုကြွေးနေသည်။
မည်သူမျှတရားရအောင် နားချ၍မရ။ နေ့စဉ်
မပြတ် ငိုလာခဲ့ရာ ခုနှစ်ရက်ကြာသွားသည်။

ဘုရားအလောင်းဈာန်အဘိညာဉ်ရရသေ့ကြီး
သည် အဿကမင်းကြီး၏သောက ပရိဒေဝ
မီးကို ငြှိမ်းပေးရန်တန်ခိုးဖြင့် မင်းဥယျာဉ်သို့
ကြွသွား၏။ မိဖုရားကြီးဥပရီကိုမြင်လိုလျှင်
ဥယျာဉ်သို့လာခဲ့ဟု လုလင်တစ်ယောက်မှ
တစ်ဆင့် သတင်းပို့လိုက်သည်။ မိဖုရားကြီး
ကိုမြင်လိုလှသဖြင့် အဿကမင်းကြီးဝမ်း
မြောက်ဝမ်းသာ စိတ်အားတက်ကြွစွာ ဥယျာဉ်
သို့ရောက်လာ၍ ဘုရားလောင်းရသေ့ကိုရှိ
ခိုးကာထိုင်နေပြီး

အရှင်ဘုရား မိဖုရားကြီးရဲ့ဖြစ်ရာအရပ်ကိုသိ
တယ်ဆိုတာ ဟုတ်ပါသလား။

ဟုတ်ပါတယ်မင်းကြီး။

ဘယ်မှာဖြစ်သလဲ ဘုရား။

မိဖုရားကြီးက ရုပ်အဆင်းလှလွန်းတော့ အလှ
မာန်ယစ်ပြီး မေ့လျော့ပေါ့ဆလွန်းလို့ ကောင်းမှု
မပြုမိတာကြောင့် ဒီဥယျာဉ်ထဲမှာပဲ နွားချေးပိုး
မကြီးဖြစ်နေရဲ့ဗျာ။

အာ အရှင်ဘုရား မဖြစ်နိုင်တာဘဲ မယုံနိုင်ပါဘူး။

အဲဒီလိုဆို ခေါ်ပြီး ပြပေးမယ်လေ။

ပြပေးပါဘုရား။

ဘုရားလောင်းက နွားချီးပိုးထိုးကြီး၊ နွားချေးပိုး
မကြီးနှစ်ကောင် အဿကမင်းရဲ့ရှေ့မှာရောက်
လာကြစေဟု တန်ခိုးတော်ဖြင့် ခေါ်လိုက်၏။
ချက်ချင်းပိုးကောင်ကြီးနှစ်ကောင် ရောက်လာ
ကြသည်။

ဟောဒီမှာမင်းကြီး နွားချေးပိုးထိုးကြီးရဲ့နောက်
က လိုက်လာတဲ့ နွားချေးပိုးမကြီးဟာ ဒကာ
တော် ချစ်မြတ်နိုးလှတဲ့ ဥပရီမိဖုရားကြီးပဲ။

တပည့်တော်ရဲ့ မိဖုရားချောကြီး ဒီလိုစက်ဆုပ်
စရာကောင်းတဲ့ နွားချေးပိုးမကြီးဖြစ်နိုင်စရာအ
ကြောင်းမရှိပါ။ မယုံနိုင်ပါဘူးဘုရား။

ဒီလိုဆို စကားအပြောခိုင်းမယ်လေ။

ခိုင်းပါဘုရား။

ဘုရားအလောင်းက တန်ခိုးတော်ဖြင့် ဥပရီ
ဟုခေါ်လိုက်၏။

ဘာပါလဲ အရှင်ဘုရားဟုပြန်ထူးသည်။

သင်က အရင်ဘ၀က ဘယ်သူလဲ။

အဿကမင်းကြီးရဲ့မိဖုရားကြီး ဥပရီပါ
ဘုရား။

ယခုသင်ဟာ အဿကမင်းကြီးနှင့် ပိုးထီး
ကြီးနှစ်ဦးမှာ ဘယ်သူ့ကိုပိုချစ်သလဲ။

အရင်ဘ၀ကခင်ပွန်းထက်ယခုဘ၀ခင်ပွန်း
ကို ပိုချစ်ပါတယ်။ ဘ၀ဟောင်းချုပ်လို့ဘဝ
သစ်ရောက်လာချိန်ကစပြီး အဿကမင်း
ကြီးဟာ ကျွန်ုပ်အတွက်ဘာမျှ အကျိုးမရှိ
တော့ပါ။ ဖြစ်နိုင်လျှင် အဿကမင်းကြီးကို
သတ်ပြီး လည်ချောင်းသွေးနဲ့ ပိုးထီးကြီးရဲ့
ခြေကိုဆေးပေးချင်ပါတယ်။

ဤသို့ပိုးမကြီးဖြေဆိုသံကို အဿကမင်း
ကြီးကြားရသောအခါ စိတ်မချမ်းမသာဖြစ်
သွားပြီး

ဒီလိုမှန်းသိရင်ဘာလို့စိတ်အပင်အပန်းခံ
တော့မှာလဲ။ အစောကြီးကတည်းက အ
လောင်းကောင်ကို လွှင်းပစ်မှာပေါ့ဟုဆို
ကာ အခမ်းအနားဖြင့်သဂြိင်္ုလ်မနေတော့
ဘဲ မိဖုရားကြီးလောင်းကောင်ကို လွှင့်ပစ်
လိုက်လေသည်။

အဿကမင်းကြီးသည် စောစောကအ
ကြောင်းကို မသိသဖြင့် စွဲမိစွဲရာစွဲပြီးမအိပ်
နိုင် မစားနိုင်လောက်အောင် သောကပရိ
ဒေ၀ အပူမီးကြီးစွာလောင်ခဲ့လေသည်။
အကြောင်းမှန်ကိုသိသွားသောအခါ မိဖုရား
ကြီးအပေါ် တပ်မက်မှုကင်းကာ သောက
ပရိဒေ၀မီးငြိမ်းအေးသွားသည်။

မိမိနှင့်ဆက်စပ်သူ သေသွားလျှင် သေသူ
ကို ရည်စူး၍ ကျန်ရစ်သူက ကုသိုလ်ပြုပြီး
အမျှပေးဝေခြင်းသည် မြင့်မြတ်သော လူ့
ကျင့်ဝတ်ပင်ဖြစ်၏။ သေသွားသူအပေါ်
အစွဲအလမ်းကြီးစွာဖြင့် ပူလောင်ရှုပ်ထွေး
စွာ အမျှဝေခြင်းမျိုးသည် အကျိုးမများပါ။
မေတ္တာတရားဖြင့် သန့်ရှင်းအေးမြစွာကူ
ညီချီးမြှောက်သည့် သဘောမျိုးသာဖြစ်ရ
ပါမည်။

သေသွားသူသည် ဒေ၀ မနုဿ နိရယ
ပေတ တိရစ္ဆာန်ဟုသွားရာဘ၀ငါးမျိုးအနက်
ပေတဂတိကို ရောက်မှ အမျှပေး၍ အကျိုး
ခံစားခွင့် ရှိသည်။ မနုဿ(လူ)၊ နိရယ(ငရဲ)
တိရစ္ဆာန်ဘ၀မျိုးသို့ ရောက်သွားလျှင် အမျှ
ပေးသည်ကို ကြားနိုင်မည်မဟုတ်။ ခံစားခွင့်
ရနိုင်မည်မဟုတ်ပါ။ ဒေ၀ နတ်ဗြဟ္မာဘဝ
ရောက်လျှင် သာဓုခေါ်နိုင်သော်လည်း ကျန်
ရစ်သူကပေးလိုက်သော ကုသိုလ်အဖို့ကိုသူ
က မျှော်လင့်လိမ့်မည် မဟုတ်ပါ။ သီလရှိသူ
အား လှူရမည်။ရည်စူးရမည်။ အမျှပေးရ
မည်။ ဘ၀တစ်ပါးရောက်သူသိ၍ သာဓုခေါ်
နိုင်ရမည်။ သို့မှသာအကျိုးခံစားခွင့်ရှိသည်။
နောက်ဆုံးပိတ်မိမိတော့ရပြီးသားပါတည်း။
သေသွားသောသူအပေါ် ကျေးဇူးသိတတ်
သည့်ဂုဏ် အကျိုးလိုလား မေတ္တာထားတတ်
သည့် ဂုဏ်ကလည်း တန်ဖိုးမဖြတ်နိုင်အောင်
ကျန်ရစ်ပေသည်။

ကိုယ့်မှာရှိပြီးသည်ကိုသာ သေပြီးသူအတွက်
အမျှပေးဝေရသည်ဖြစ်သောကြောင့် ရှေးဦးစွာ
မိမိကကုသိုလ်အကောင်းစားရအောင်ပြုရ
မည်။ မိမိ၌နည်းနည်းရှိလျှင် နည်းနည်းသာ
ပေး၍ဖြစ်နိုင်မည်။ များများရှိထားမှ များများ
ပေးနိုင်မည်ဖြစ်သည်။ အညံ့စားရှိထားလျှင်
အညံ့စားကိုသာ ပေးနိုင်၍ အကောင်းစား
ရှိထားမှ အကောင်းစားကိုသာပေးနိုင်မည်
ဖြစ်သည်။ သို့ဖြစ်၍ ကုသိုလ်ကို အကောင်း
ဆုံးဖြစ်အောင်လုပ်တတ်ဖို့ကား ကျန်ရစ်သူ
၏ အရေးအကြီးဆုံးတာဝန်တည်း။

ဒါန သီလ သမထ ၀ိပဿနာဟူသောအထုပ်
ကြီး လေးထုပ်ကို ကောင်းစွာထုပ်ပြီးနောက်
(သို့) သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အ
ကျင့်မြတ်ပေါ်တွင် ဒါနရိက္ခာထုပ်ကို တင်ပြီး
နောက် အမျှပေးကာ တင်ပို့လိုက်ရမည်ဖြစ်
သည်။ ပစ္စည်းသည်ကိုယ်ပိုင်မဟုတ်ဘဲဘုံ
ဆိုင်သာဖြစ်၍ အမျှပေး၍မရပါ။ ဘုံဆိုင်တ
ရားကို ကိုယ်ပိုင်တရားဖြင့်လဲလှည်ပြီးမှအမျှ
ဝေ၍ဖြစ်သည်။

အမျှပေးသည်ကို သိရှိခွင့်ရ၍ ၀မ်းမြောက်ဝမ်း
သာ သာဓုခေါ်လျက်အမျှကိုယူနိုင်လျှင်ဘဝ
တစ်ပါး ပြောင်းသွားသူသည် ကုသိုလ်ပြုသူ
နှင့် ထပ်တူအဖို့ရကာ ချမ်းသာခွင့်ရသွားသည်။
သေလွန်သွားပြီးသူကို ရည်စူး၍ကုသိုလ်ပြုခြင်း
ကို မေတ္တာတရားရှေ့သွားပြု၍ တရားထမင်း
ဝိုင်းကြီးကိုပြင်ပြီး ဧည့်ခံနေသည်ဟုမြင်အောင်
ကြည့်ရှုသုံးသပ်တတ်ဖို့ လိုအပ်လှပေသည်.။
ဘ၀တစ်ကွေ့ခဏတွေ့ခိုက်အကျိုးရှိရှိကူညီ
ပေးခြင်းပင်ဖြစ်ပေသည်။

အားလုံးချမ်းမြေ့ပါစေ။

တိပိဋကယောဆရာတော်

သတိပဋ္ဌာန် လေးပါး

မေး။ ။ အဘယ့်ကြောင့် သတိပဋ္ဌာန် လေးပါးတိတိ ဟောသနည်း။

ဖြေ။ ။ ဝေနေယျတို့၏ အစီးအပွားအား ဤလေးပါးသာ လျော်သောကြောင့် လေးပါးတိတိ ဟောသည်။

ဤသတိစေတသိက်သည် အာရုံရှိသလောက် များ၏။
များသော်လည်း ဝေနေယျတို့၏ အစီးအပွားအား ဤလေးပါးသာ လျော်သည်။

ဝေနေယျသည် -
(၁) ပညာနုံ့၍ တဏှာသဘောရှိသူ တစ်ယောက်၊
(၂) ပညာထက်၍ တဏှာသဘောရှိသူ တစ်ယောက်၊
(၃) ပညာနုံ့၍ ဒိဋ္ဌိသဘောရှိသူ တစ်ယောက်၊
(၄) ပညာထက်၍ ဒိဋ္ဌိသဘောရှိသူ တစ်ယောက်၊
ဤသို့ လေးယောက် ရှိ၏။

ထိုတွင် -
(၁) ကာယာနုပဿနာသည် ပညာနုံ့၍ တဏှာသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။ ဝါ - စင်ကြယ်ကြောင်း ဖြစ်၏။
(၂) ဝေဒနာနုပဿနာသည် ပညာထက်၍ တဏှာသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။
(၃) စိတ္တာနုပဿနာသည် ပညာနုံ့၍ ဒိဋ္ဌိသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။
(၄) ဓမ္မာနုပဿနာသည် ပညာထက်၍ ဒိဋ္ဌိသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။
ဤသို့ ဝေနေယျတို့၏ အစီးအပွားအားလျော်စွာ လေးပါးသာ ဟောသည်။

တနည်း၊
ဤသတိပဋ္ဌာန်လေးပါးသည် သမထအားထုတ်သော ဉာဏ်နုံ့သူတစ်ယောက်, ဉာဏ်ထက်သူတစ်ယောက်၊ ဝိပဿနာအားထုတ်သော ဉာဏ်နုံ့သူတစ်ယောက်, ဉာဏ်ထက်သူတစ်ယောက် ဤလေးယောက်တို့၏ အစဉ်အတိုင်း ဝိသုဒ္ဓိမဂ္ဂဖြစ်၏။
ထို့ကြောင့် လေးပါးသာ ဟောသည်။

တနည်း၊
ဤလေးပါးသည် သုဘဟူ၍, သုခဟူ၍, နိစ္စဟူ၍, အတ္တဟူ၍ ဖောက်ပြန်သော ဝိပလ္လာသလေးပါးကို အစဉ်အတိုင်း ပယ်သည်။
သြဃလေးပါး, ယောဂလေးပါး, အာသဝလေးပါး, ဂန္ထလေးပါး, ဥပါဒါန်လေးပါး, အဂတိလေးပါးတို့ကိုလည်း ပယ်သည်။
အာဟာရလေးပါးကိုလည်း ပိုင်းခြား၍ သိသည်။
ထို့ကြောင့်လည်း လေးပါးသာ ဟောသည်။

တနည်း၊
အောက်မေ့စရာတရား လေးပါးရှိ၏။
နိဗ္ဗာန်ဝင်ပေါက် လေးပေါက် ရှိ၏ဟု ပြလို၍ လေးပါးသာ ဟောသည်။
ဥပမာဖြင့် ဤသို့ သိအပ်၏။
မင်းနေပြည်၏ အရှေ့ဘက်၌ နေသော သူတို့သည် အရှေ့ဘက်၌ ထွက်သော ဘဏ္ဍာကို ယူ၍ အရှေ့ဘက် မြို့တံခါးဖြင့် မင်းနေပြည်သို့ ဝင်ကုန်၏။
တောင်ဘက်၌, အနောက်ဘက်၌, မြောက်ဘက်၌ နေသူတို့လည်း မိမိတို့အရပ်ထွက် ဘဏ္ဍာကို ယူ၍ မိမိတို့ အရပ်တံခါးဖြင့် ဝင်ကုန်၏။
ထို့အတူ ကာယ၌ ရှုသောသူတို့သည် ကာယအာရုံ အဖုံဖုံကို အောက်မေ့၍ ဘာဝနာအာနုဘော်ကို ယူ၍ ရသော အဋ္ဌင်္ဂိကမဂ္ဂင်တံခါးဖြင့် နိဗ္ဗာန်မြို့ကြီးသို့ ဝင်ကုန်၏။
ဝေဒနာ၌, စိတ္တ၌, ဓမ္မတို့၌ ရှုသော သူတို့သည် အသီးအသီး ဝေဒနာ, စိတ္တ, ဓမ္မအာရုံ အဖုံဖုံကို အောက်မေ့၍ ဘာဝနာအာနုဘော်ကို ယူ၍ ရသော အဋ္ဌင်္ဂိကမဂ္ဂင်တံခါးဖြင့် နိဗ္ဗာန်မြို့ကြီးသို့ ဝင်ကုန်၏။

(ညောင်လေးပင်ဆရာတော်၏ “သတိပဋ္ဌာန်အရသာ” မှ

ခန္ဓာကိုသိပုံ

မြင်ဆဲ၌ မြင်တယ်ဟု မှတ်သောသူသည်
မျက်စိကြည်လင်မှု မြင်ရသောအဆင်းရုပ်
ကိုသိ၏။ မြင်၍ကောင်းခြင်း မကောင်းခြင်း
မဆိုး မကောင်းမညီမျှခြင်းတို့ကို ပဓာနပြု
၍ သိသောအခါ၌ ဝေဒနက္ခန္ဓာကိုသိ၏။
မြင်ရသောအဆင်း၌ မှတ်သားခြင်းသဘော
ကို သိသောအခါ၌ သညာကခန္ဓာကိုသိ၏။

စိတ်ထဲ၌အဆင်းနှင့်တွေ့မှုဖဿ၊ မြင်အောင်
စေ့ဆော်တိုက်တွန်းမှု စေတနာ၊ သာယာနှစ်
သက်မှု လောဘ၊ ကြည်ညိုမှု သဒ္ဓါစသော
သဘောတို့ကို သိသောအခါ၌ ၀ိညာဏက္ခ
န္ဓာကိုသိ၏။ ဤသို့ ရုပ်သဘောမျှ ဝေဒနာ
သဘောမျှစသည်ကို သိခြင်းသည် ဣတိ
ရူပံ၊ ဣတိဝေဒနံ၊ ဣတိ သညာ၊ ဣတိ
သင်္ခါရာ၊ ဣတိဝိညာဏံနှင့် အညီပင်တည်း။
ကြားဆဲဏ၌လည်း နည်းတူပင်တည်း။

ကွေးဆဲ၌ ကွေးချင်တယ် ကွေးချင်တယ်ဟု
မှတ်သော သူသည် ကွေးသောအမူအယာ
အားဖြင့် လှုပ်ရှားသော ရူပကခန္ဓာကိုလည်း
သိ၏။ ကွေးချင်သောစိတ် ၀ိညာဏခန္ဓာကို
လည်းသိ၏။ စိတ်ထဲ၌ကွေးမှုနှင့်သိရသကဲ့
သို့ စေတနာစသော သင်္ခါရက္ခန္ဓာတို့ကိုလည်း
သိ၏။ ဝေဒနာ သညာတို့ကား အများအား
ဖြင့် မထင်ရှားဘဲရှိတတ်ကုန်၏။ ထင်ရှား
သောအခါ၌ ကွေးချင်မှု၏ကောင်းခြင်း
မကောင်းခြင်းသဘော ဝေဒနာကိုလည်း
သိ၏။

ကွေးမည်ဟု မှတ်သားမှု သညာက္ခန္ဓာကို
လည်းသိ၏။ ဆန့်ဆဲသွားဆဲ စသည်တို့၌
လည်း နည်းတူပင်တည်း။

ဤသို့သိ၍ နာမရူပပရိစ္ဆေဒဉာဏ်တစ်ဖက်
ကမ်းသို့ရောက်သော် ဖောက်ပြန်တတ်သော
ရုပ်ကား ဤမျှသာတည်း။ ခံစားတတ်သော
ဝေဒနာကား ဤမျှသာတည်း။ မှတ်သား
တတ်သော သညာကားဤမျှသာတည်း။
အမူအရာကြိယာကိုပြုတတ်ပြီးစေတတ်
သော သင်္ခါရကားဤမျှသာတည်းဟု ပိုင်း
ခြားလျက်သိ၏။ ဤသို့သိခြင်းသည်သရုပ်
ခွဲရာ၌သိခြင်းကဲ့သို့ ဂဏာန်းသင်္ချာဖြင့်ရေ
တွက်၍ သိခြင်းကားမဟုတ်ပေ။ ရှုမှတ်
သောဉာဏ်ထဲ၌ ငါးမျိုးကွဲပြားလျက်ထင်
ရှားသော ထိုအရာအလုံးစုံကို ပေါ်တိုင်း
ပေါ်တိုင်း မှတ်သိခဲ့ပြီးသောကြောင့်အလုံး
စုံကိုပင် မှတ်သိပြီ တွေ့မြင်ပြီ ကိုယ်ထဲ၌
မမှတ်သိရ။ မတွေ့မြင်ရသော ရုပ်စသည်
တို့ မရှိကြပြီဟု သဘောကျသည့်အား
လျော်စွာ ဆုံးဖြတ်လျက်သိခြင်းမျှသာ
တည်း။ ဤသို့ဆုံးဖြတ်လျက်သိခြင်းသည်
လည်း ဣတိရူပံ ဣတိဝေဒနံ စသည်နှင့်
အညီပင်တည်း။

ထိုကြောင့် အဋ္ဌကထာ၌ ဣတိ ရူပန္တိ ဣဒံ
ရူပံ ဧတ္ထကံ ရူပံ၊ နဣတော ပရံ ရူပံ၊ အတ္ထီ
တိ သဘာဝတော ရူပံ ဇာနာတိ၊ ဝေဒနာ
ဒီသုပိ ဧသောဝ နယော၊ ဣတိရူပံဟူရာ၌
ဤကားရုပ်တည်း။ ရုပ်သည် ဤမျှသာတည်း။
ဤထက်အလွန်ရုပ်မရှိပြီဟု သဘာဝလက္ခ
ဏာအားဖြင့် ရုပ်ကိုသိ၏။ ဝေဒနာစသည်
တို့၌လည်း နည်းတူပင်တည်းဟု ဖွင့်ပြ၏။

ရုပ်၏ သမုဒယကိုသိပုံ
မြင်ဆဲစသည်၌ မြင်တယ်။ ကွေးတယ်စ
သည်ဖြင့် မျက်စိကြည့်ရှုမှမြင်ရသော အဆင်း
ရွေ့လျားမှုစသောရုပ်တို့ကို ဖြတ်ခနဲဖြတ်ခနဲ
ပေါ်လာ၏။ ရိပ်ခနဲ ရိပ်ခနဲကွယ်ပျောက်ကုန်
ဆုံးသွားကြသည်ဟု သိ၏။ ဤသို့သိခြင်း
သမုဒယ နိဗ္ဗတ္တိလက္ခဏာဟုခေါ်သောဖြစ်မှု၊
ဝယ၀ိပရိနာမလက္ခဏာဟုခေါ်သောပျက်မှု
တို့ကို မျက်မှောက်ပြုသော ဥဒယဗ္ဗယဉာဏ်
မည်၏။

ဗလပုထုဇဉ်အပေါင်းသည် ရုပ်နာမ်တို့ကို
ချမ်းသာသည် ကောင်းသည် တင့်တယ်သည်
ဟုသာ ထင်၏။ ဆင်းရဲ မကောင်း မတင့်တယ်
ဟုကား မသိနိုင် မထင်နိုင်။ ဖြစ်ထိုက်သောရုပ်
နာမ်တို့၏ အလျဉ်းမဖြစ်ပေါ်လာဘဲ ချုပ်ခြင်း၊
ကင်းခြင်းကိုလည်း ချမ်းသာသည်ကောင်းသည်
ဟူ၍ မသိနိုင်။ မထင်နိုင်။ ဤမသိခြင်းသည်
အ၀ိဇ္ဇာမည်၏။

ရှေးဘ၀၌ကံကိုပြုစဉ်က ဤမသိမှုမကင်းသေး
၍ ရုပ်တို့၌ သာယာတောင့်တမှုသည်လည်းဖြစ်
ခဲ့၏။ ထို့ကြောင့် သာယာနှစ်သက်သောရုပ်နာမ်
တို့အားကောင်းစားစေရန် အမှုတစ်စုံတစ်ရာကို
ပြုခဲ့၏။ ဤပြုမှုသည် ကုသိုလ် အကုသုလ်ကံ
ပင်တည်း။ ယခုဘ၀၏အကြောင်းကိုသာဆိုလို
လျှင် ကုသိုလ်ကံကိုသာ ယူအပ်၏။ ၀ိပဿနာ
ရှုသောသူသည် ရှေးအဖို့ကပင် ဒိဋ္ဌေစ ဥဇုကာ
ဟူသည်နှင့်အညီ ကံကြောင့် ကောင်းကျိုးမ
ကောင်းကျိုးဖြစ်ရသည်ဟု သုတဖြင့်ယုံကြည်
သိမြင်ပြီးဖြစ်၏။

ဝိပဿနာရှုသောအခါ၌ ရုပ်နာမ်တို့၏အကြောင်း
များစွာနှင့် ဖြစ်မှုပျက်မှုတို့ကို မျက်မှောက်သိမြင်
ရပြန်၏။ ထို့ကြောင့် ဒိဋ္ဌ သုတ ရောစပ်လျက်ဤ
ဆိုလတ္တံ့သောနည်းဖြင့်လည်း သဘောကျနိုင်သိ
နိုင်လေ၏။ ရှေးဘ၀ကမသိမှုမကင်းသေး၍ ဤ
ရုပ်ဖြစ်သည်။ မသိမှုကင်းလျှင်ကား မဖြစ်နိုင်ဟူ
၍လည်းကောင်း ပြုခဲ့သောအမှုကံရှိ၍ ဤရုပ်ဖြစ်
သည်။ မရှိလျှင်ကားမဖြစ်နိုင်ဟူ၍လည်းကောင်း
ယခုဘ၀စားသောက်အပ်သော အစာအာဟာရ
ရှိ၍ ဤရုပ်ဖြစ်သည် မရှိလျှင်ကားမဖြစ်နိုင်ဟူ၍
လည်းကောင်း ဆင်ခြင်၍သိ၏။

ဤသိခြင်းသည် အ၀ိဇ္ဇာ သမုဒယော၊ ရူပသမုဒ
ယော၊ အ၀ိဇ္ဇာနိရောဓေါ ရူပနိရောဓေါ စသောပဋိ
သမ္ဘိဒါမဂ်နှင့်အညီ သမုဒယဖြစ်ကြောင်းတရား၊
ဝယနိရောဓ ချုပ်ပျက်ကြောင်း မဖြစ်နိုင်ကြောင်း
ကင်းငြိမ်းကြောင်းတရားတို့ကို အနုမာနအားဖြင့်
မှန်းဆ၍သိသော ဥဒယဗ္ဗယဉာဏ်ပင်တည်း။
ကွေးချင်မှု စိတ်ရှိ၍ ကွေးမှု လှုပ်ရှားမှုဖြစ်သည်။
မရှိလျှင်ကား မဖြစ်နိုင်။ ဤသို့စသည်ဖြင့်သိခြင်း
ကိုလည်းကောင်း။

အေးမှု ပူမှု ဥတုရှိ၍ အေးရုပ်ပူရုပ်ဖြစ်သည်။ မရှိ
လျှင်ကား မဖြစ်နိုင်ဟု သိခြင်းကိုလည်းကောင်း၊
ယခုဘ၀ အကြောင်းကိုသိမှုအဖြစ်ဖြင့် သဘော
တူသောကြောင့် အာဟာရ သမုဒယော၊ ရူပသမု
ဒယော အာဟာရ နိရောဓါ၊ ရူပနိရောဓောဟူသော
ပါဌ်ဖြင့်ပင် ပြသည်ဟု မဟာဋီကာ၌ဆို၏။ ဆိုခဲ့
သောနည်းဖြင့် ရုပ်၏ဖြစ်မှုပျက်မှု၊ ဖြစ်ကြောင့်း
ပျက်ကြောင်းတို့ကို သိခြင်းသည် ဣတိ ရူပ
သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂမော ဟူ
သော ပါဠိနှင့် အညီပင်တည်း။

မဟာစည်ဝိပဿနာရှုနည်းကျမ်း
ပထမတွဲ၊ ၄၂၀- ၄၂၃

မဃလုလင်


ဟိုးရှေးရှေးတုန်းက မစလ ဆိုတဲ့ ရွာကလေး
တစ်ရွာရှိတယ်ကွယ့်။ အဲဒီရွာမှာ ရပ်ရွာသန့်
ရှင်းရေး အဖွဲ့တစ်ခုကိုဖွဲ့စည်းထားကြတယ်။
အဖွဲ့ဝင်ပေါင်း ၃၃ယောက်ရှိသတဲ့။ အဖွဲ့ခေါင်း
ဆောင် နာမည်က ကိုမာဃတဲ့။ အဖွဲ့စည်းမျည်း
ကတော့ ၇ ချက်ရှိပါတယ်။ အဖွဲ့ဝင်တိုင်းဟာ
၁။ မိဘနှစ်ပါးကို လုပ်ကျွေးရမယ်။
၂။ ကိုယ့်ထက်ကြီးသူကို ရိုသေလေးစားရမယ်။
၃။ စကားပြောတဲ့အခါ မလိမ်မညာဘဲ မှန်မှန်
ကန်ကန်ပြောရမယ်။
၎။ ညီညွတ်ရေးပျက်ပြားမယ့် သွေးခွဲစကားများ
ကိုရှောင်ရှားရမယ်။
၅။ ဆဲရေးတိုင်းထွာ ရိုင်းစိုင်းတဲ့စကားများကို
မပြောရဘဲ ပြေပြေပြစ်ပြစ် ယဉ်ယဉ်ကျေးကျေး
ပြောရမယ်။
၆။ ယောက်ျားမပီသတဲ့ သ၀န်တို သ၀န်ကြောင်
စိတ်များကို ဖယ်ရှားရမယ်။
၇။ တစ်ဦးအပြစ်ကို တစ်ဦးက သည်းခံ၍ခိုက်ရန်
ဒေါသ မဖြစ်ဘဲ ချစ်ချစ်ခင်ခင်လက်တွဲနေထိုင်ရ
မယ်။

ဒါဟာ မစလရွာ ရပ်ရွာသန့်ရှင်းရေးအဖွဲ့ရဲ့စည်း
မျဉ်း ၇ ချက်ဖြစ်ပါတယ်။ ဒီစည်းမျဉ်း ၇ ချက်ကို
အကဲခတ်ခြင်းဖြင့် ဒီအဖွဲ့ဝင်တွေရဲ့ရည်ရွယ်ချက်
နဲ့စိတ်နေသဘောထားကို ခန့်မှန်းနိုင်ကြပါလိမ့်
မယ်။

ဒီ အဖွဲ့ဝင် ၃၃ ယောက်တို့ဟာ နေ့စဉ် အချိန်
တစ်ချိန်ထားပြီး လမ်းပြင်ခြင်း မြက်ရှင်းခြင်း
တံတားပြင် တံတားဆောက်ခြင်း၊ ရေတွင်းရေ
ကန်တူးခြင်း၊ သောက်ရေအိုးစင်များ တည်
ဆောက်ခြင်း ဥယျာဉ်ပန်ြးံခံများစိုက်ပျိုးခြင်း၊ ခရီး
သွားတို့တည်းခိုဖို့ သာလာယံဖရပ်များတည်
ဆောက်ခြင်း လယ်ရိတ် ကောက်စိုက်စတဲ့လုပ်
ငန်းတွေမှာ ၀င်ရောက်လုပ်အားပေးခြင်း ရပ်ရွာ
သာရေး နာရေးကိစ္စရပ်များကို ဦးထမ်းပဲ့ရွက်
ညီညီညွတ်ညွတ် ဆောင်ရွက်ကြခြင်းစတဲ့လုပ်
ငန်းများအပြင် စုပေါင်းဒါနပြုခြင်း စုပေါင်းသီလ
ဆောက်တည်ခြင်း စုပေါင်းမေတ္တာဘာဝနာပွား
ခြင်းလုပ်ငန်းများကို ပြုလုပ်ကြတယ်။ သူတို့ရဲ့
လုပ်ဆောင်ချက်များကြောင့် မစလရွာလေး
ဟာ အင်မတန်ညီညွတ်ပြီး သွေးစည်းပြီးသာ
သာယာယာရှိလှတဲ့ ရွာသာယာကလေးတစ်
ရွာဖြစ်နေပါတယ်။ ဒါကို အားလုံးသဘောတူ
ကျေနပ်လို့ သာဓုတခေါ်ခေါ်ရှိနေကြပေမယ့်
သူကြီးကတော့ မကျေနပ်ဘူး။ ဘာဖြစ်လို့လဲ
ဆိုတော့ ကိုမာဃတို့အဖွဲ့ပေါ်လာမှမကောင်း
တဲ့ ရာဇ၀တ်အမှုများ ပပျောက်သွားတဲ့အတွက်
သူ့အဖို့ လာဘ်စားဖို့အကွက်ပိတ်သွားလို့ပါပဲ။

တစ်နေ့တော့ ဘုရင်ထံသွားပြီး မစလရွာမှာ
ကိုမာဃအမှူးပြုတဲ့ သူပုန်အဖွဲ့ပေါ်ပေါက်နေ
ကြောင်း ကုန်းချောသတဲ့။ ဘုရင်ကလည်း
အဟုတ်မှတ်ပြီး ကိုမာဃတို့အဖွဲ့သားအား
လုံးကို ဖမ်းခိုင်းကာမင်းရင်ပြင်မှာ ဆင်နဲ့
အနင်းခိုင်းတယ်။ အဲဒီအခါမှာ ခေါင်းဆောင်
ကောင်းပီသတဲ့ ကိုမာက သူ့လူတွေကို ငါ့ညီ
တို့ကုန်းတိုက်တဲ့ သူကြီး သတ်ခိုင်းတဲ့ဘုရင်
သတ်မယ့်ဆင်အပေါ်မှာ မေတ္တာမပျက်ကြနဲ့။
မေတ္တာပွားကြလို့ သြ၀ါဒပေးသတဲ့။ သူတို့ရဲ့
မေတ္တာ သူတို့ရဲ့သီလ သူတို့ရဲ့မှန်ကန်တဲ့
လုပ်ဆောင်ချက်များကြောင့် ဆင်ဟာမနင်း
ဘဲ ကျော်လွှားသွားသတဲ့။ နောက်ဆုံးကျ
တော့ အဖြစ်မှန်ကို ဘုရင်သိပြီး ကိုမာဃကို
သူကြီးသစ်ခန့်လို့ သူတို့အဖွဲ့ကို ဘုရင်မင်း
မြတ်ကပါ အားပေးချီးမြှောက်ရတယ်။ အမှန်
တရားဆိုတာ တစ်နေ့ပေါ်လာစမြဲပါ။ ဒါကြောင့်
ကိုမာဃတို့ရဲ့ စည်းမျဉ်း ၇ ချက်ကို လိုက်နာ
ပြီး ရပ်ရေးရွာရေးစတဲ့ ပရဟိတလုပ်ငန်းတွေ
ကို စနစ်တကျစင်စင်ကြယ်ကြယ်ဆောင်ရွက်
နိုင်မယ့် အနာဂါတ် လူငယ်များဖြစ်ကြပါစေ
လို့ ဆန္ဒပြုရင်း ............။

သာကီနွယ်
ဓမ္မဗျူဟာ
အတွဲ ၄၄၊ အမှတ် ၇။

သတိဖြစ်ပေါ်ခြင်း၏ အကြောင်းကား မည်မျှနည်း။


အရှင် နာဂသေနဘုရား၊ အဘယ်မျှသော
အကြောင်းတို့ကြောင့် သတိဖြစ်ပေါ်လာပါ
သနည်း။

မင်းမြတ် တစ်ဆယ့်ခုနှစ်ပါးသောအကြောင်း
ကြောင့် သတိဖြစ်ပေါ်လာပေ၏။

မင်းမြတ်၊ အမြဲ သိမှတ်သောအားဖြင့်လည်း
ကောင်း၊ အခြားသူတို့က လှုံ့ဆော်ပေးသော
အားဖြင့်လည်းကောင်း၊ ထင်ရှားရှိသောအာရုံ
ကို သိခြင်းအားဖြင့်လည်းကောင်း၊ အကျိုးစီး
ပွားရှိသည်ကို သိသောအားဖြင့်လည်းကောင်း
အကျိုးစီးပွား မရှိသည်ကို သိသောအားဖြင့်
လည်းကောင်း၊ သဘောတူသောအာရုံအားဖြင့်
လည်းကောင်း၊ သဘောမတူသော အာရုံအား
ဖြင့်လည်းကောင်း၊ စကားသံကို ကြားသိသော
အားဖြင့်လည်းကောင်း၊မှတ်ကြောင်းအင်္ဂါလက္ခ
ဏာအားဖြင့်လည်းကောင်း၊သူတစ်ပါးတို့သတိ
ပေးသောအားဖြင့် လည်းကောင်း၊ အက္ခရာ
အရေးအသားအားဖြင့် လည်းကောင်း အရေ
အတွက်အားဖြင့်လည်းကောင်း၊ နှုတ်ငုံဆောင်
ထားသော အားဖြင့်လည်းကောင်း၊ ကမ္မဋ္ဌာန်း
ဘာဝနာအားဖြင့်လည်းကောင်း၊ ပေ ပုရပိုက်
စာအုပ်တို့ကိုဖတ်ရှုခြင်းအားဖြင့်လည်းကောင်း၊
အနီး၌ချထားခြင်းအားဖြင့်လည်းကောင်း၊ သုံး
ဆောင်ခံစားခြင်းအားဖြင့်လည်းကောင်း သတိ
ဖြစ်ပေါ်လာပေ၏။

၁။ အမြဲသိမှတ်သောအားဖြင့် သတိဖြစ်ပုံကား
အရှင်အာနန္ဒာနှင့် ခုဇ္ဇုတ္တရာ ဥပါသိကာမတို့
သည် ပိဋကတ်သုံးပုံကို အောက်မေ့သကဲ့သို့
တည်း။ ဇာတိဿရဉာဏ်ရသူတို့သည် ဘဝ
ဟောင်းကို အောက်မေ့နိုင်သကဲ့သို့တည်း။

၂။ အခြားသူတို့ လှုံ့ဆော်ပေးသောအားဖြင့်
သတိဖြစ်ပုံကား သတိမေ့တတ်သူကိုသတိရ
အောင် အစဉ်အမြဲသတိပေးနေရခြင်းတည်း။

၃။ ထင်ရှားသောအာရုံကို သိသောအားဖြင့်သတိ
ဖြစ်ပုံကားမင်းအဖြစ်ဖြင့်အဘိသိက်ခံရခြင်းတည်း။
သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်ခြင်းတည်း။

၎။ အကျိုးစီးပွားရှိသည်ကိုသိသောအားဖြင့်သတိ
ဖြစ်ပုံကား အကျိုးစီးပွားဖြစ်ထွန်းရာအရပ်ကိုသတိ
ရခြင်းတည်း။

၅။ အကျိုးစီးပွားမရှိသည်ကိုသိသောအားဖြင့်သတိ
ဖြစ်ပုံကား ဆင်းရဲဒုက္ခရောက်ခဲ့ရာအရပ်ကို သတိ
ရခြင်းတည်း။

၆။ သဘောတူသောအားဖြင့် သတိဖြစ်ပုံကား အမိ၊
အဖစသည်တို့နှင့်တူသောသူကို တွေ့မြင်သောအခါ
အမိအဖစသည်ကို သတိရခြင်းတည်း။

၇။ သဘောမတူသော အာရုံအားဖြင့် သတိဖြစ်ပုံကား
လူတစ်ယောက်စီ၏ အဆင်းအသံ စသည်ကွဲပြားပုံကို
သတိရခြင်းတည်း။

၈။ စကားသံကို ကြားသိသောအားဖြင့်သတိဖြစ်
ပုံကား သတိမေ့လျော့တတ်သူသည် သတိပေး
သူ၏စကားသံကို ကြားရ၍သတိရလာခြင်းတည်း။

၉။ မှတ်ကြောင်းအင်္ဂါလက္ခဏာအားဖြင့် သတိဖြစ်
ပုံကား နွားတို့၏ ခြေ လက် အင်္ဂါ ဗွေစသည်တို့ဖြင့်
မှတ်သား၍ သိခြင်းတည်း။

၁၀။ သူတစ်ပါးတို့ သတိပေးသောအားဖြင့်သတိ
ဖြစ်ပုံကား အချင်း သတိထားလော့။ အချင်း သတိ
ထားလော့ ဟု သူတစ်ပါးတို့က တဖွဖွသတိပေး၍
သတိရခြင်းတည်း။

၁၁။ အက္ခရာအရေးအသားအားဖြင့် သတိဖြစ်ပုံကား
အက္ခရာအရေးအသားကို သင်ကြားတတ်မြောက်
ထားသဖြင့် အက္ခရာများကို နေသားတကျရေးတတ်
ခြင်းတည်း။

၁၂။ အရေအတွက်အားဖြင့် သတိဖြစ်ပုံကား ဂဏန်း
သင်္ချာအတတ်ကို တတ်မြောက်ထားသောကြောင့်
များပြားလှသောကိန်းဂဏာန်းတို့ကိုတွက်ချက်နိုင်ခြင်း
တည်း။

၁၃။ နှုတ်ငုံဆောင်သောအားဖြင့် သတိရပုံကား
နှုတ်ငုံဆောင်၍ သင်ကြားထားပြီးသူတို့သည်ကျမ်း
ပေါင်းများစွာကို အလွတ်ပြန်ဆိုနိုင်ခြင်းတည်း။

၁၄။ ကမ္မဋ္ဌာန်းစီးဖြန်းသောအားဖြင့် သတိဖြစ်ပုံကား
သမထကမ္မဋ္ဌာန်းပွားများ၍ အဘိညာဉ်ရရှိပြီးသူသည်
ရှေးရှေးဘ၀များစွာကို သတိရခြင်းတည်း။

၁၅။ ပေ၊ ပုရပိုက်၊ စာအုပ်တို့ကိုဖတ်ရှု၍ သတိဖြစ်
ပုံကား မင်းတို့သည် တရားစစ်ဆေးရာ၌ မေ့လျော့
သော ဥပဒေအချက်အလက်တို့ကို ပေ၊ ပုရပိုက်၊
စာအုပ်တို့မှ ကြည့်ရှု၍ သတိရခြင်းတည်း။

၁၆။ အနီး၌ချထားခြင်းဖြင့် သတိဖြစ်ပုံကား အနီး၌
ချထားသော ဥစ္စာဘဏ္ဍာကို သတိရခြင်းတည်း။

၁၇။ သုံးဆောင်ခံစားဖူးခြင်းဖြင့် သတိဖြစ်ပုံကား
မိမိတွေ့ကြုံခံစားဖူးသော အာရုံခြောက်ပါးတို့ကို
သတိရခြင်းတည်း။

မင်းမြတ်၊ တစ်ဆယ့်ခုနှစ်ပါးသော ဤအကြောင်းတို့
ကြောင့် သတိဖြစ်ပေါ်လာပေ၏။

အရှင်ဘုရား၊ သင့်လျော်လှပါပေ၏။

မိလိန္ဒပဥှာ

ဝိပဿနာရှုချင်အောင် စိတ်ကိုအားပေးနည်း


ဝိပဿနာ ရှုနေသော အို သူတော်ကောင်း-သင်မမေ့နဲ့၊ မပျင်းနဲ့။ မေ့လျော့ ပျင်းရိနေလျှင်
သင်သည် သံသရာမှ ထွက်မြောက်နိုင်လိမ့်မည် မဟုတ်။ မလွတ်မြောက်နိုင်လျှင် တရံတခါ၌
ငရဲသို့ ကျရောက်လိမ့်ဦးမည်။ ရှေးကလဲ ခံစားခဲ့ရလှလေပြီ။

"ငရဲဒုက္ခ နှင့်ကြုံတွေ့နေစဉ်မှာ မျက်ရည်ကြီးငယ် ကျ၍ ဘယ်လိုပင် ငိုကြွေး
တောင့်တနေသော်လည်း သင်သည် ဤ ၀ိပဿနာ အလုပ်ကို အားထုတ်ခွင့် ရမည်မဟုတ်ပေ။ ယခုလို
အခါသည်သာလျှင် အားထုတ်ခွင့်ရသောအခါ ပေတည်း။ သို့ဖြစ်၍ သင်မပျင်းပါနဲ့။ မမေ့ပါနဲ့။
ဝိပဿနာ အလုပ်ကို ထက်သန်စွာ အားထုတ်ပါလော့"

ဤသို့သော အဓိပ္ပါယ်ကိုပင် ရည်၍ ပေးတော်မူခဲ့သော အောက်ပါ ဘုရား အဆုံးအမတော် ကို
ရိုသေစွာ လိုက်နာပါလော့။

ဈာယ(တုဝံ) ဘိက္ခု မာ ပမာဒေါ၊
မာ တေ ကမာဂုစေ ရမေဿု စိတ္တံ၊
မာ လေဟဂုဠံ ဂိလီပမတ္တော၊
မာကန္ဒိ ဒုခ မိဒန္တိ ဒယှမာနော။
(ဓမ္မပဒ ၃၇၁- ဂါထာ)
ဘာသာပြန်

ရဟန်း။ -သင်သည်။ မနားမဆုတ် အားထုတ်ညီညာ ရှုမှတ်ပါလော့။ မေ့၍ မနေလေလင့်။
သင်၏စိတ်ကို
ငါးပါးအာရုံ ကာမဂုဏ် ထဲ၌၊ မွေ့လျော် နှစ်ခြိုက် ပျော်ပိုက်၍ မနေစေလင့်။
မေ့မေ့လျော့လျော့ ပေါ့တော့တော့ နေမိသောကြောင့် တရံတခါ ငရဲရွာသို့
ရောက်လတ်၍ မီးလျှံ
တဟုန်းဟုန်းနှင့် သံတုံးသံခဲကို အလိုမကျဘဲ မမျိုရပါစေလင့်။ ငရဲမီး တပြောင်ပြောင်
အပူလောင်ခံရသည် ဖြစ်၍ ဒီဟာက ဆင်းရဲလှပါတကား ဟူ၍ ဟစ်အော် ယောင်ယမ်းလျက် မမြည်တမ်း
မငိုကြွေးရပါစေလင့်။

တိရစ္ဆာန်ဘုံ တွင် ပိုက်ကွန် မြှုံး စသည်ဖြင့် မိနေစဉ်ကာလ၌လည်း အားထုတ်ခွင့်
မရနိုင်။ အဖျား၌ သံချွန်တပ်သော နှင်တံ၊ ရိုးရိုးနှင်တံတို့ဖြင့် ထိုးဆွ
ရိုက်နှက်ခံရလျက် ရထားဝန် လှည်းဝန်တို့ကို ရုန်းဆောင်နေရသော မြင်းနွားကျွဲ
ဖြစ်စဉ်၌လည်း အားထုတ်ခွင့် မရနိုင်။

ပြိတ္တာဘုံ တွင် အနှစ်သိန်းပေါင်းများစွာ ကာလပတ်လုံး ဆာလောင်ငတ်မွတ်နေစဉ်၌လည်း
အားထုတ်ခွင့် မရနိုင်။ ကာလကဥ္ဒိက အသုရကာယ် ဘုံတွင် အရိုးအရေမျှဖြင့်
အတောင် ခုနစ်ဆယ်
ရှစ်ဆယ် ပမာဏ ခန္ဓာကိုယ်ရှိလျက် မစားရ မသောက်ရလဲ လေနေပူ စသည်တို့ဖြင့်
ပင်ပန်းဆင်းရဲနေစဉ်၌လည်း အားထုတ်ခွင့် မရနိုင်။ ထိုတိရစ္ဆာန် ပြိတ္တာ
အသူရကာယ်တို့သည်
အားထုတ်သော်လည်း ၀ိပဿနာ ဥာဏ်၊ မဂ်ဖိုလ်ဥာဏ် တို့ကို မရနိုင်ကုန်။

အို သူတော်ကောင်း- လူဖြစ်နေစဉ် ယခုအခါသည်သာလျှင် ၀ိပဿနာ အလုပ်ကို အားထုတ်နိုင်သည့်
အခါပေတည်း။ သို့ဖြစ်၍ သင်မပျင်းနဲ့၊ မမေ့နဲ့၊ အားထုတ်ပါလော့။

ဤသည်ကား အပါယ်ဘေးကို ဆင်ခြင်၍ စိတ်ကို အားပေးပုံတည်း။

မဟာစည်ဆရာတော်(၀ိပဿနာရှုနည်းအကျဉ်းချုပ်-စာ၈
 

ဉာဏ်နှောရင် သံယောဇဉ်က ကိုယ့်ဆရာ”

သံယောဇဉ်ဆိုတာ
ပူလောင်ပေမယ့်
အဲ့ဒီ ပူလောင်မှုကို
သေချာသတိပြုပြီး
ဥာဏ်နဲ့ ဆင်ခြင်သုံးသပ်
သင်ခန်းစာ ယူတတ်မယ်
ဆိုရင်တော့..

“သံယောဇဉ်ကြီးလေ
သံဝေဂပိုရလေ”
ဖြစ်သွားနိုင်ပါတယ်။

သံယောဇဉ်ရဲ့ အပြစ်ကိုမြင်မှ
သံယောဇဉ်နှောင်ကြိုးတွေကို
ဖြတ်တောက်ဖျက်ဆီး ပစ်နိုင်မှာ
မဟုတ်လား။

အပူပေးတဲ့ သံယောဇဉ်ဟာ
အယူတတ်တဲ့
ဉာဏ်သမားအတွက်တော့
အမှန်တရားသိကြောင်း ဆရာကောင်းတစ်ဦးပါပဲ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

ကိုယ်ရှူး ကိုယ်ပတ်

တစ်ခါတုန်းက အလွန်ပါးနပ်တဲ့ ရှေ့နေတစ်ဦး
ရှိပါတယ်။အမှုလိုက်ရာမှာ အောင်မြင်တဲ့သူပါ။

တစ်နေ့တော့ အချုပ်ကျနေတဲ့သူအတွက်
အမှုလာအပ်ပါတယ်။ အမှုက လိမ်လည်မှုပါ။

ရှေ့နေက တရားခံကို
"အမှုကနေလွတ်အောင် လိုက်ပေးမယ်။
ဒါပေမယ့် ရှေ့နေလိုက်ခ ကောင်းကောင်း
ပေးရမယ်။ သဘောတူလား"

တရားခံက
"စိတ်ချပါဆရာ။ အားကိုးပါတယ်။
အမှုကသာ လွတ်ပါစေ။ ထိုက်ထိုက်တန်တန်
အမှုလိုက်ခပေးပါ့မယ်"

ရှေ့နေ
"ကောင်းပြီလေ။ တရားသူကြီး အမှုစစ်တဲ့အခါ
ဘာမေးမေး (အာ ဘား ဘား) လို့ပဲဖြေပါ"

 တရားခွင်တွင် တရားသူကြီးက တရားခံကို
"မောင်မင်း နံမယ် ဘယ်သူလဲ"

တရားခံ
"အာ ဘား ဘား"

တရားသူကြီး
"မောင်မင်း ကောင်းကောင်းဖြေပါ။
တရားရုံးကို မရိုသေ မလေးစားမှု
ပြစ်မှုတွေ ပိုတိုးသွားမယ်"

တရားခံ
"အာ ဘား ဘား"

"မောင်မင်းဖခင်နံမယ်ဘယ်သူလဲ"
"အာ ဘား ဘား"

"မောင်မင်း အသက်ဘယ်လောက်လဲ"
"အာ ဘား ဘား"

"မောင်မင်း လိမ်လည်မှု ကျူးလွန်သလား"
"အာ ဘား ဘား"

"မောင်မင်း ကျုပ်ဘယ်သူလဲ သိလား"
"အာ ဘား ဘား"

"မောင်မင်း ဒီလူကိုရောသိလား"
"အာ ဘား ဘား"

"အော် တော်တော်ခက်ပါလား"
"အာ ဘား ဘား"

တရားသူကြီးက တရားခံကို စကားမပြောတတ်သူ
အ, နေသူဖြစ်၍ လိမ်လည်ခြင်း မဖြစ်နိုင်ဟု
ဆုံးဖြတ်ကာ အမှုမှ လွှတ်လိုက်၏၊


ရှေ့နေက တရားခံကို
"ကဲ အမှုက ကွင်းလုံးကျွတ်လွတ်ပြီ။
ပြောထားတဲ့အတိုင်း ရှေ့နေလိုက်ခ
ထိုက်ထိုက်တန်တန် ပေးပေတော့"

တရားခံ
"အာ ဘား ဘား"

"ဟိတ်ကောင် နောက်မနေနဲ့"
"အာ ဘား ဘား"

"ဒီကောင်ကွာ ...€¥#£&"
"အာ ဘား ဘား"

"သေပါတော့ကွာ"
"အာ ဘား ဘား"

အကာလိကော

ဆွမ်းတော်ရေချမ်း ပန်းလှူဒါန်းသော်
စိတ်ဝမ်းကြည်လင် သောကစင်၏။

ပုံတော်ညွတ်တွား ဂုဏ်တော်ပွားသော်
ခွန်အားပြည့်တင်း ကြောက်စိတ်ကင်း၏။

သတ်ခိုးရှောင်မှု ကာမေသုနှင့်
မုသား သူရာ ရှောင်ကြဉ်ပါ၍
ကျန်းမာကြည်လန်း စိတ်အေးချမ်း၏။

ဘာဝနာမှု
မှတ်ရှုမပျက် သတိဆက်က
အမျက်ဒေါသ ကင်းစင်ပ၍
လောကချမ်းသာ လင်းလက်ဖြာ၏။

သန္နိဋ္ဌိက ဂုဏ်ရသသည်
ခဏချက်ချင်း လက်ငင်းစွမ်းပြ
သိလိုက်ရသည် .....
အကာလိကော မြန်မကြာ
လက်တွေ့ စမ်းကြည့်လိုက်စမ်းပါ။

ရတနာမွန် မဂ္ဂဇင်း
မောင်ကံတင်(သကြား)
ထုတ်ဖော်တင်ပြပါသည်
ဓမ္မမိတ်ဆွေအပေါင်း
အစဉ်ချမ်းမြေ့ သာယာကြပါစေ။

ကျေးဇူးတင်လိုက်ပါ။

သင့် ကိုမုန်းနေသူတွေကို
ကျေးဇူးတင်လိုက်ပါ။
သူတို့ကြောင့်
သင် ဟာပိုပြီး
ကြံခိုင် လာရတာလေ။

သင့်ကို ချစ်နေသူတွေကို
ကျေးဇူးတင်လိုက်ပါ။
သူတို့ကြောင့်
သင့်နှလုံးသားပိုပြီး
သန်မာလာရတာလေ။

သင့်ကို ဂရုစိုက်သူတွေကို
ကျေးဇူးတင်လိုက်ပါ။
သူတို့ကြောင့်
သင့် ဘဝ နွေးထွေး
လုံခြုံခဲ့ရတယ်လေ။

သင့်ကို ထားခဲ့သူတွေကို
ကျေးဇူးတင် လိုက်ပါ။
သူတို့ကြောင့်
ဘယ်အရာကမှ
သင် နဲ့ အမြဲအတူ
မရှိနိုင် ဘူးဆိုတာကို
နားလည်သဘောပေါက်
ခဲ့ရတာလေ။

သင့်ဘဝထဲ
ရောက်လာသူတွေကို
ကျေးဇူးတင် လိုက်ပါ။
သူတို့ကြောင့်
သင်ဘယ်လို လူလည်းဆိုတာ
ပိုပြီးပေါ်လွင် လာရတာလေ။

ဒါကြောင့်
အရာရာကို ကျေးဇူးတင်ပြီး
နေ့သစ်ကို ပျော်ပျော်သာ
ဖြတ်ကျော်လိုက်ပါ။

ဒီနေ့က
ဘယ်လိုအရောင်ပဲရှိနေပါစေ။ သေချာတာတစ်ခုကတော့
တစ်ခါပဲ ဒီနေ့မှာ
နေရမယ်ဆိုတာကိုပါ။

     ငြိမ်းလဲ့ Page မှ ကူးယူသည်။

သံသရာကို မီးပုံကြီးလို မြင်ရမယ်

လောကသံသရာကြီးဟာ
ဘေးတွေရန်တွေ အများကြီးပဲ။
မိမိတို့ သိတဲ့ ဘေးရန်အန္တရာယ်တွေထက်
မသိတဲ့ ဘေးရန်အန္တရာယ်တွေက
အများကြီးပါ။
မိမိခန္ဓာကိုယ်ထဲမှာ ရောဂါတွေ
ဖြစ်နေတာတော်တော်နဲ့ မသိပါဘူး။
နောက်မှ သိတာ။

ဥစ္စာပစ္စည်းကျတော့
ရန်သူမျိုးငါးပါးက နှိပ်စက်တယ်။
မိမိတို့ ခန္ဓာကိုယ်ကြီးကျတော့
( ၉၆ )ပါးသော ရောဂါဝေဒနာတွေက
အမျိုးမျိုးနှိပ်စက်တယ်။

မိမိတို့ စိတ်ကိုကျတော့
ကိလေသာတွေက နှိပ်စက်နေတယ်။
စိတ်ကောင်းစိတ်မြတ်တွေ
ရှိပါလျက်သားနဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို
ရအောင် မလုပ်နိုင်ဘူး။

လောဘ ဒေါသ မောဟက
အမြဲတမ်းနှောင့်ယှက်နေတယ်။
ဒါကြောင့်လောကသံသရာကြီးဟာ
အန္တရာယ်တွေ အင်မတန်ကိုမှ များပါတယ်။

သံသရာကို မီးပုံကြီးလို မြင်ရမယ်။
ဟောဒီသံသရာကြီးဟာ လူသတ်ကွင်းပဲ။
၃၁ - ဘုံဟာ လူသတ်ကွင်း။
အမြဲတမ်း အသတ်ခံနေရတဲ့ နေရာဟာ
၃၁ - ဘုံပဲ။

၃၁ - ဘုံကို ဇရာကလည်း နှိပ်စက်တယ်။
ဗျာဓိကလည်း နှိပ်စက်တယ်။
မရဏကလည်း နှိပ်စက်တယ်။
ဝဋ်ကြွေးတွေကလည်း နှိပ်စက်တယ်။
ကိလေသာတွေကလည်း နှိပ်စက်တယ်။
ခန္ဓာမှန်သမျှကို ဝိုင်းပြီး နှိပ်စက်နေတယ်။

ကိုယ့်ရင်ထဲက လောဘ ဒေါသ မောဟက
ကိုယ့်ပြန်နှိပ်စက်တယ်။
" သံကိုသံဖျက် သံချေးတက် "
ဒီသံက ဖြစ်တဲ့ သံချေးက ဒီသံကို ပြန်ပြီး
ဖျက်ဆီးတတ်သလို……

ကိုယ့်ရင်ထဲက လောဘ ဒေါသ မောဟ
တွေက ဒီခန္ဓာကိုယ်ကိုပဲ ……
ညစ်နွမ်းအောင် ပျက်စီးအောင်
အပါယ်ကျအောင် ပြန်လုပ်တယ်။
အတိတ်အတိတ်က ပါလာတဲ့
ဝဋ်ကြွေးတွေကလည်း မညှာဘူး။
အတင်းနှိပ်စက်နေတယ်။ ကျိုးအောင်
ကန်းအောင် သေအောင် နှိပ်စက်တယ်။

ဇရာ ဗျာဓိ မရဏကလည်း နှိပ်စက်တယ်။
ခန္ဓာရထားတဲ့သူ မှန်သမျှဟာ
တစ်နေ့ကျသေရတာပဲ။

ဒါကြောင့်မို့ ခန္ဓာရထားတဲ့
ပုဂ္ဂိုလ်မှန်သမျှဟာ ……
သတ်ကွင်းထဲ ရောက်နေသလိုပဲ။
သတ်ကွင်းထဲ ရောက်ရင် ဟိုဘက်ကပစ်
ဒီဘက်ကပစ် ရှေ့ကပစ် နောက်ကပစ်
ရှောင်လို့ကို မရဘူး။

ဆေးတွေဘယ်လောက်ကောင်းကောင်း
တန်ခိုးတွေ ဘယ်လောက်ရှိရှိ
နောက်ဆုံးကျ သေရမှာပဲ။

အဲဒီလို ခန္ဓာရဲ့ အပြစ်
သံသရာရဲ့ အပြစ်ကို
ဘာလို့ မမြင်တာလဲဆိုတော့ ……
ကုသိုလ်တွေ လုပ်တဲ့အချိန်မှာ
ဒိဋ္ဌိတွေ တဏှာတွေ ဦးစီးတာများလို့ပဲ။

ဗုဒ္ဓဘာသာတွေ လှူတဲ့အခါ
တရားနာတဲ့ပုဂ္ဂိုလ် တရားမနာတဲ့
ပုဂ္ဂိုလ်ရှိတယ်။

တရားနာတဲ့အခါမှာ မှတ်မှတ်သားသား
နာတဲ့ပုဂ္ဂိုလ်ရှိတယ်။ ပေါ့ပေါ့ဆဆ နာတဲ့
ပုဂ္ဂိုလ်ရှိတယ်။
တရားမနာတဲ့ ပုဂ္ဂိုလ်က ဘာမျှ မသိဘူးပေါ့။
ပေါ့ပေါ့ဆဆနာတဲ့ ပုဂ္ဂိုလ်ကလည်း
သေသေချာချာ မသိဘူး။

တရားလည်းနာတယ်။
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေက သိတယ်။
မလွှဲမရှောင်သာလို့ လုပ်နေတဲ့အလုပ်ကို
ဘဝဝဋ်ကြွေးအရ လုပ်နေရသော်လည်းပဲ
မပျော်မွေ့ဘူး။
သံသရာကို ငြီးငွေ့တယ်။
ခန္ဓာကို ငြီးငွေ့တယ်။
ခန္ဓာအပြစ် သံသရာအပြစ်ကို မြင်တယ်။

လုပ်ငန်းနဲ့ စိတ်ဓာတ်မတူပါဘူး။
လုပ်ငန်းက ဘဝပေး အခြေအနေအရ
မလွှဲသာမရှောင်သာတဲ့ အလုပ်တွေ
လုပ်နေရသော်လည်းပဲ စိတ်က
နိဗ္ဗာန်ကို အမြဲတမ်း ရည်ရွယ်နေတယ်။

၃၁-ဘုံ သံသရာထဲမှာဘဲ
ပျော်ပျော်ရွှင်ရွှင်ရွှင်နဲ့ ကျင်လည်နေတာ
မဟုတ်ဘူး။
မက်မက်မောမောနဲ့ ကျင်လည်နေတာ
မဟုတ်ဘူး။

ကျားတွေ ဆင်တွေ မြွေကြီးတွေ
ကင်းခြေများကြီးတွေ အမျိုးမျိုးရှိတဲ့
တောကြီးထဲကို ……
မလွှဲမရှောင်သာလို့
ကြောက်ကြောက်လန့်လန့်နဲ့
ဖြတ်သန်းသွားရတဲ့သဘော။

အန္တရာယ်တွေ များလွန်းလို့ တောထဲမှာ
နေကို မနေချင်တဲ့ သဘော။
၃၁-ဘုံကိုလည်း အဲဒီလို မြင်တယ်။

ဥာဏ်ပညာမဦးစီးတဲ့ပုဂ္ဂိုလ်တွေက
၃၁-ဘုံမှာ………
ရောက်ရာဘဝ ရရာအာရုံတွေနဲ့
ပျော်နေကြတာပဲ။ဘဝကို
ပန်းတိုင်အနေနဲ့ မြင်တယ်။

ဘဝလွတ်မြောက်ရေးကို ထည့်ကိုမစဉ်းစားတော့ဘူး။
ဘဝကောင်း ဘဝမြတ် ကောင်းသထက်ကောင်း
မြတ်သထက်မြတ် အဲဒါဆို သူ့ရဲ့
ဘဝကမ်းကုန်နေပြီ။

ဘဝကောင်းဘဝမြတ်ရရင် ပြီးပြီပဲ။
သူလုပ်သမျှ ကုသိုလ်တွေက
ဘဝကောင်းဘဝမြတ်ရဖို့ပဲ။
အဓိက ဒါပါပဲ။ လူအများစုဟာလည်း
အဲဒီလိုပဲ မြင်ကြတာပဲ။

ဘဝကို သာယာဖွယ်
မြတ်နိုးဖွယ်လို့ထင်တယ်။
ဘဝကို ပျော်ရွှင်ဖွယ်လို့ပဲထင်တယ်။

ပျော်စရာ ရွှင်စရာတွေရဲ့နောက်မှာ
မချိမဆံ့ ဒုက္ခရောက်နေတာကိုတော့
မမြင်ဘူး။
ကိုယ့်ဆွေကိုယ့်မျိုးတွေ
ကိုယ့်မျက်စိရှေ့မှာတွင်
သေသေသွားကြတာအများကြီး။
ဘယ်ရောက်သွားမှန်မသိဘူး။
များသောအားဖြင့်တော့ အပါယ်လေးပါး
ရောက်သွားကြတာပါပဲ။
မေ့လျော့ပေါ့ဆနေကြတဲ့
ပုဂ္ဂိုလ်ကြီးများရဲ့ ဆုံစည်းရာပေါ့ဗျာ။

ဒါကြောင့်မို့
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီးက
……

" ခင်ဗျားတို့ လုပ်နေတာ အကုန်လုံး
အလွဲအချော်တွေချည်းပဲ" လို့
မိန့်တော်မူတာ။

သံသရာလည်ကြောင်းတွေပဲ
လုပ်နေတာ မလွဲဘဲ နေပါ့မလား။
လူတစ်သိန်းတစ်ယောက် သုဂတိမရောက်တဲ့။
အများစုက အပါယ်လေးပါးရောက်တာပဲ။

အပါယ်လေးပါးကို
တစ်ကြိမ်ကျသွားပြီဆိုရင်လည်း
အကုသိုလ်ကံဟောင်းတွေက……
ဆက်ကာဆက်ကာ အကျိုးပေးတော့တာ။
သုဂတိဘုံကို ပြန်ရောက်ဖို့ ခဲယဉ်းသွားပြီ။

ဒါကြောင့်မို့ အပါယ်လေးပါး
ကျစေနိုင်တဲ့ အကုသိုလ်တွေ
မလုပ်မိအောင် ရှောင်ရမယ်။

မြစိမ်းတောင်ဆရာတော်အရှင်ဇာနေယျ ။

" လွတ်မြောက်မှုချမ်းသာကို ရှာဖွေခြင်းနှင့်
အလုပ်ပေးတရားတော်များ "မှ
ကောက်နုတ်ထားပါသည်။

"မင်းကွန်းဆရာတော်ကြီး၏ သာသနာ့အနွယ်လေးများအပေါ် မေတ္တာထွားပုံ"


တစ်နေ့ပေါ့ကွယ်
မင်းကွန်းရွာဘုရားပွဲ
ပွဲသဘင်ထဲတိုးဝင်ကာနွဲဖို့စောင့်ဆိုင်း
ကိုရင်လေးများ၏စာအံသံထိုင်းဖျ
ည(၁၀)နာရီတော့ခလေပြီ

တို့ဖခင်ထေရ်မော်စဉ်းစား
ကိုရင်လေးများစာအံသံဆိတ်ငြိမ်သွား
ပွဲများသွားကြည့်လေရော့သလား
စုံစမ်းဦးမှပဲပေါ့

လူခြေတိတ်ဆိတ်
မှောင်ရိပ်မှာခို
သင်္ကန်းကိုခေါင်းမြီးခြုံ
မူလအသံကိုဖျောက်ကာမြုံထား
အသံမြှင့်ကာကျောင်းပေါ်ဆီကြားစေသား
အော်လိုက်သည်က ဒီစကားပေါ့
“ဟေ့ ကောင်တွေ ပွဲသွားကြည့်ရအောင်ဟေ့"တဲ့

ဒီတော့---
ကိုရင်တစ်ပါးကပြန်ပြောတဲ့စကား
“ဟေ့ကောင် တိုးတိုးပြောကွ မင်းအဖေကြီးကမအိပ်သေးဘူး"ဆိုပဲ

ဒီတော့မှ တို့ဖခင်ကျော်
မေတ္တာဖော်ကာ အတွေးမိ
ကိုရင်လေးများအပေါ်အချစ်အတိ
“ကြည့်ချင်လျက်ပါနဲ့ငါ့ကိုကြောက်လို့
တိတ်ဆိတ်ဘိ
ငါအအိပ်ကိုစောင့်နေမိကြ
ခြင်ထောင်ထဲဝင်မီးမှိတ်ကာ အိပ်ချင်ယောင်ဆောင်မှ"တဲ့

သြော်--- မေတ္တာအဆံ
နားလည်မှု၏ရင်ခုန်သံ
စာနာဖေးမမှု၏ပီတိအနှံ
ကြည်ညိုစရာထေရ်ဖခင်၏
ဂုဏ်ပုဒ်များစွာကျန်ခဲ့ပါပေါ့

အကာနဲ့အနှစ်
အရွယ်နဲ့စစ်ယူ
သစ်ပင်ကိုနမူနာထူထား
အနှစ်မရှိခင် အသုံးမဝင်ဘူးဆိုပြီးခုတ်ကာသတ်လှဲတော့
ဘယ်မှာအနှစ်ရလိမ့်

အကာ မှနေ အနှစ်
စောင့်ရချိမ့်အချိန်များကိုစစ်
အနှစ်ပြည့်ချိန်ဖြစ်တော့
တန်ဖိုးဝင်အဖိုးမဖြတ်နိုင်သော
အလှသစ်လိမ့်မပေါ့

ဒီစကားကလည်းထေရ်ဖခင်မိန့်ခြွေသောစကား
မေတ္တာအားကရုဏာထွားမုဒိတာများ
အလှစစ်သောစကားများကိုစာစီဖွဲ့
ဖတ်မကောင်းလျှင်တော့မိမိအပေါ်အပြစ်ဖွဲ့ထား
သာသနာတော်ကိုကြည်ညိုတတ်စေဖို့စာချွန်လွှာပါး
အားလုံးသောသူတော်ကောင်းများတို့၊၊

( အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက် မင်းကွန်း)

သည်းခံစိတ်

တစ်ခါက လင်မယား စုံတွဲတစ်တွဲရှိပါတယ်။
ဒီလိုနဲ့နေလာကြရင်း အသက်အရွယ်တွေ
တဖြည်းဖြည်းကြီးရင့်လာလိုက်တာ အဘိုးကြီး၊ အဘွားကြီးအရွယ်ရောက်လာကြပါတယ်။

ထူးဆန်းတာက အမယ်အိုမှာ
သူတို့လက်ထပ်ကတည်းကထင်းရှုးသေတ္တာ
လေးတစ်လုံးရှိပါတယ်။ အဖိုးအိုဖြစ်သူက
အဲဒီ ထင်းရှုးသတ္တာထဲမှာ ဘာရှိလဲလို့
မေးတိုင်း အမယ်အိုက တစ်နေ့တော့
အဖိုးအိုသိအောင် သူမ ဖွင့်ပြပါ့မယ်
လို့ကတိပေးပြီး ဒီလိုနဲ့ပဲ အဖိုးအိုကို
ဖွင့်မပြောခဲ့ပါဘူ့း့။

တစ်နေ့တော့ အမယ်အိုဟာ
ကင်ဆာရောဂါကြောင့် ဆရာဝန်ကတောင် လက်လျော့ရတဲ့အခြေအနေ
ရောက်လာပါတယ်။ ဒီလိုနဲ့ အိပ်ယာထဲမှာ
လှဲလျောင်းနေရင်း ယောကျာင်္းဖြစ်သူ
အဖိုးအိုကို သူမရဲ့သေတ္တာလေးကို
ကုတင်အောက်ကနေယူခိုင်းလိုက်ပါတယ်။
ဒါနဲ့ အဖိုးအိုက သေတ္တာလေးကို
အမယ်အိုလက်ထဲ ထည့်ပေးလိုက်ပါတယ်။

'' ကဲ့ရှင့့်သိချင်နေတဲ့
ဒီသေတ္တာလေးကို ဖွင့်ကြည့်လိုက်ပါတော့''

အဖိုးက အဲ့သေတ္တာလေးကို ဖွင့်လိုက်တဲ့အခါ
လက်လုပ်အရုပ်ကလေးနှစ်ရုပ်နဲ့
ပေါင် ၃၀၁၀၀ တိတိထွက်လာပါတယ့်
ဒါနဲ့ အဖိုးအိုက အမယ်အိုရဲ့လက်ကို
ဖွဖွလေးကိုင်ရင့်း့

'' ဒီပိုက်ဆံတွေက
ဘယ်လိုလုပ်ရတာလဲရှင်မရယ့်
ပြီးတော့ ဒီအရုပ်ကလေးနှစ်ရုပ်ရဲ့
အဓိပ္ပါယ်ကကော ''

အဖိုးအိုက အဲ့ဒီလိုမေးတော့
အမယ်အိုက ဒီလိုပြန်ဖြေပါတယ့်

'' ရှင်နဲ့ လက်ထပ်တဲ့နေ့က ကွုန်မရဲ့အမေက
ကွုန်မကိုဆုံးမတယ့်
ဒီမှာသမီးတဲ့ အိမ်ထောင်တစ်ခုဟာ
ထူထောင်ပြီးယင် တစ်သက်လုံးခိုင်မြဲဖို့ဆိုတာ မလွယ်ပါဘူးတဲ့ ဒီလိုခိုင်မြဲဖို့ဆိုတာ နှစ်ဦးသား စိတ်ကတောက်ကဆဖြစ်တဲ့အခါ
ဘာမဟုတ်တဲ့ပြဿနာလေးနဲ့
အိမ်ထောင်ကွဲတက်တယ် သမီး တဲ့
အဲ့လို မဖြစ်အောင် သမီးတို့
စိတ်ဆိုးစိတ်ကောက်ဖြစ်တိုင်း ဟော့ဒီ
အရုပ်လေး တွေလုပ်ပြီး
စိတ်ဖြေပါသမီးရယ်တဲ့ ''

အမယ်အိုရဲ့စကားလည်းဆုံးရော
အဖိုအိုရင်ထဲမှာ လှိုက်ခနဲဖြစ်သွားပါတယ့်

ဒါနဲ့အမယ်အိုရဲ့လက်လေးကို
တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း
အဖိုးအိုက ပြန်မေးမိတယ့်

'' ဒါဆို ဒီသေတ္တာလေးထဲက
အရုပ်နှစ်ရုပ်ပဲရှိတယ်ဆိုတော့
ကိုယ်တို့လင်မယားသက်တမ်းမှာ စိတ်ဆိုးစိတ်ကောက်ရန်ဖြစ်ခဲ့တာ
နှစ်ကြိမ်ပဲ ရှိတာပေါ့နော့်
နောက်ပြီး ဒီပိုက်ဆံတွေကကော
ဘယ်လိုလုပ်ရတာလဲဟင် ''

ဒါနဲ့ အဖွားအိုက ပြန်ဖြေလိုက်ပါတယ့်

'' ဖေကြီးရယ့်ကွုန်မမရှိတော့တဲ့နောက်ပိုင်း
ဒီငွေတွေနဲ့ရင်းနှီးလုပ်ကိုင် စားသောက်ပါနော် အင့်း့တကယ်တော့ ဒီပိုက်ဆံတွေဟာ
အရုပ်ကလေးတွေ ရောင်းရတဲ့ ပိုက်ဆံတွေပါပဲရှင် ''

(ဘာမဟုတ်တဲ့ပြဿနာလေးနဲ့ကမ္ဘာပေါ်မှာ
ရှိတဲ့ လင်မယားတိုင်းမကွဲကြ စေလိုပါ့

ကဲ့
ဒီပုံပြင်လေးထဲကအမယ်အိုလို
သည်းခံစိတ်မွေးကြပါစို့နော်)

သြော် အတော်ကြာ

တရားစာပေတွေ Blog Post ပေါ်မတင်တာအတော်ကြာသွားပြီ မဖွင့်ပဲပြစ်ထားတာကြာလို့ဖြစ်မယ် ပက်စ်ဝက်တွေမေ့လို့ Recovery ပြန်လုပ်လိုက်ရတယ် အခုတော့ ပက်စ်ဝက် အသစ်နဲ့ပေါ့ ကဲ
အခုကစပြီး တရားစာပေ ဖြန့်ချီပါပြီ ခင်များ