Tuesday, June 17, 2014

သံသရာကို မီးပုံကြီးလို မြင်ရမယ်

လောကသံသရာကြီးဟာ
ဘေးတွေရန်တွေ အများကြီးပဲ။
မိမိတို့ သိတဲ့ ဘေးရန်အန္တရာယ်တွေထက်
မသိတဲ့ ဘေးရန်အန္တရာယ်တွေက
အများကြီးပါ။
မိမိခန္ဓာကိုယ်ထဲမှာ ရောဂါတွေ
ဖြစ်နေတာတော်တော်နဲ့ မသိပါဘူး။
နောက်မှ သိတာ။

ဥစ္စာပစ္စည်းကျတော့
ရန်သူမျိုးငါးပါးက နှိပ်စက်တယ်။
မိမိတို့ ခန္ဓာကိုယ်ကြီးကျတော့
( ၉၆ )ပါးသော ရောဂါဝေဒနာတွေက
အမျိုးမျိုးနှိပ်စက်တယ်။

မိမိတို့ စိတ်ကိုကျတော့
ကိလေသာတွေက နှိပ်စက်နေတယ်။
စိတ်ကောင်းစိတ်မြတ်တွေ
ရှိပါလျက်သားနဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို
ရအောင် မလုပ်နိုင်ဘူး။

လောဘ ဒေါသ မောဟက
အမြဲတမ်းနှောင့်ယှက်နေတယ်။
ဒါကြောင့်လောကသံသရာကြီးဟာ
အန္တရာယ်တွေ အင်မတန်ကိုမှ များပါတယ်။

သံသရာကို မီးပုံကြီးလို မြင်ရမယ်။
ဟောဒီသံသရာကြီးဟာ လူသတ်ကွင်းပဲ။
၃၁ - ဘုံဟာ လူသတ်ကွင်း။
အမြဲတမ်း အသတ်ခံနေရတဲ့ နေရာဟာ
၃၁ - ဘုံပဲ။

၃၁ - ဘုံကို ဇရာကလည်း နှိပ်စက်တယ်။
ဗျာဓိကလည်း နှိပ်စက်တယ်။
မရဏကလည်း နှိပ်စက်တယ်။
ဝဋ်ကြွေးတွေကလည်း နှိပ်စက်တယ်။
ကိလေသာတွေကလည်း နှိပ်စက်တယ်။
ခန္ဓာမှန်သမျှကို ဝိုင်းပြီး နှိပ်စက်နေတယ်။

ကိုယ့်ရင်ထဲက လောဘ ဒေါသ မောဟက
ကိုယ့်ပြန်နှိပ်စက်တယ်။
" သံကိုသံဖျက် သံချေးတက် "
ဒီသံက ဖြစ်တဲ့ သံချေးက ဒီသံကို ပြန်ပြီး
ဖျက်ဆီးတတ်သလို……

ကိုယ့်ရင်ထဲက လောဘ ဒေါသ မောဟ
တွေက ဒီခန္ဓာကိုယ်ကိုပဲ ……
ညစ်နွမ်းအောင် ပျက်စီးအောင်
အပါယ်ကျအောင် ပြန်လုပ်တယ်။
အတိတ်အတိတ်က ပါလာတဲ့
ဝဋ်ကြွေးတွေကလည်း မညှာဘူး။
အတင်းနှိပ်စက်နေတယ်။ ကျိုးအောင်
ကန်းအောင် သေအောင် နှိပ်စက်တယ်။

ဇရာ ဗျာဓိ မရဏကလည်း နှိပ်စက်တယ်။
ခန္ဓာရထားတဲ့သူ မှန်သမျှဟာ
တစ်နေ့ကျသေရတာပဲ။

ဒါကြောင့်မို့ ခန္ဓာရထားတဲ့
ပုဂ္ဂိုလ်မှန်သမျှဟာ ……
သတ်ကွင်းထဲ ရောက်နေသလိုပဲ။
သတ်ကွင်းထဲ ရောက်ရင် ဟိုဘက်ကပစ်
ဒီဘက်ကပစ် ရှေ့ကပစ် နောက်ကပစ်
ရှောင်လို့ကို မရဘူး။

ဆေးတွေဘယ်လောက်ကောင်းကောင်း
တန်ခိုးတွေ ဘယ်လောက်ရှိရှိ
နောက်ဆုံးကျ သေရမှာပဲ။

အဲဒီလို ခန္ဓာရဲ့ အပြစ်
သံသရာရဲ့ အပြစ်ကို
ဘာလို့ မမြင်တာလဲဆိုတော့ ……
ကုသိုလ်တွေ လုပ်တဲ့အချိန်မှာ
ဒိဋ္ဌိတွေ တဏှာတွေ ဦးစီးတာများလို့ပဲ။

ဗုဒ္ဓဘာသာတွေ လှူတဲ့အခါ
တရားနာတဲ့ပုဂ္ဂိုလ် တရားမနာတဲ့
ပုဂ္ဂိုလ်ရှိတယ်။

တရားနာတဲ့အခါမှာ မှတ်မှတ်သားသား
နာတဲ့ပုဂ္ဂိုလ်ရှိတယ်။ ပေါ့ပေါ့ဆဆ နာတဲ့
ပုဂ္ဂိုလ်ရှိတယ်။
တရားမနာတဲ့ ပုဂ္ဂိုလ်က ဘာမျှ မသိဘူးပေါ့။
ပေါ့ပေါ့ဆဆနာတဲ့ ပုဂ္ဂိုလ်ကလည်း
သေသေချာချာ မသိဘူး။

တရားလည်းနာတယ်။
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေက သိတယ်။
မလွှဲမရှောင်သာလို့ လုပ်နေတဲ့အလုပ်ကို
ဘဝဝဋ်ကြွေးအရ လုပ်နေရသော်လည်းပဲ
မပျော်မွေ့ဘူး။
သံသရာကို ငြီးငွေ့တယ်။
ခန္ဓာကို ငြီးငွေ့တယ်။
ခန္ဓာအပြစ် သံသရာအပြစ်ကို မြင်တယ်။

လုပ်ငန်းနဲ့ စိတ်ဓာတ်မတူပါဘူး။
လုပ်ငန်းက ဘဝပေး အခြေအနေအရ
မလွှဲသာမရှောင်သာတဲ့ အလုပ်တွေ
လုပ်နေရသော်လည်းပဲ စိတ်က
နိဗ္ဗာန်ကို အမြဲတမ်း ရည်ရွယ်နေတယ်။

၃၁-ဘုံ သံသရာထဲမှာဘဲ
ပျော်ပျော်ရွှင်ရွှင်ရွှင်နဲ့ ကျင်လည်နေတာ
မဟုတ်ဘူး။
မက်မက်မောမောနဲ့ ကျင်လည်နေတာ
မဟုတ်ဘူး။

ကျားတွေ ဆင်တွေ မြွေကြီးတွေ
ကင်းခြေများကြီးတွေ အမျိုးမျိုးရှိတဲ့
တောကြီးထဲကို ……
မလွှဲမရှောင်သာလို့
ကြောက်ကြောက်လန့်လန့်နဲ့
ဖြတ်သန်းသွားရတဲ့သဘော။

အန္တရာယ်တွေ များလွန်းလို့ တောထဲမှာ
နေကို မနေချင်တဲ့ သဘော။
၃၁-ဘုံကိုလည်း အဲဒီလို မြင်တယ်။

ဥာဏ်ပညာမဦးစီးတဲ့ပုဂ္ဂိုလ်တွေက
၃၁-ဘုံမှာ………
ရောက်ရာဘဝ ရရာအာရုံတွေနဲ့
ပျော်နေကြတာပဲ။ဘဝကို
ပန်းတိုင်အနေနဲ့ မြင်တယ်။

ဘဝလွတ်မြောက်ရေးကို ထည့်ကိုမစဉ်းစားတော့ဘူး။
ဘဝကောင်း ဘဝမြတ် ကောင်းသထက်ကောင်း
မြတ်သထက်မြတ် အဲဒါဆို သူ့ရဲ့
ဘဝကမ်းကုန်နေပြီ။

ဘဝကောင်းဘဝမြတ်ရရင် ပြီးပြီပဲ။
သူလုပ်သမျှ ကုသိုလ်တွေက
ဘဝကောင်းဘဝမြတ်ရဖို့ပဲ။
အဓိက ဒါပါပဲ။ လူအများစုဟာလည်း
အဲဒီလိုပဲ မြင်ကြတာပဲ။

ဘဝကို သာယာဖွယ်
မြတ်နိုးဖွယ်လို့ထင်တယ်။
ဘဝကို ပျော်ရွှင်ဖွယ်လို့ပဲထင်တယ်။

ပျော်စရာ ရွှင်စရာတွေရဲ့နောက်မှာ
မချိမဆံ့ ဒုက္ခရောက်နေတာကိုတော့
မမြင်ဘူး။
ကိုယ့်ဆွေကိုယ့်မျိုးတွေ
ကိုယ့်မျက်စိရှေ့မှာတွင်
သေသေသွားကြတာအများကြီး။
ဘယ်ရောက်သွားမှန်မသိဘူး။
များသောအားဖြင့်တော့ အပါယ်လေးပါး
ရောက်သွားကြတာပါပဲ။
မေ့လျော့ပေါ့ဆနေကြတဲ့
ပုဂ္ဂိုလ်ကြီးများရဲ့ ဆုံစည်းရာပေါ့ဗျာ။

ဒါကြောင့်မို့
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီးက
……

" ခင်ဗျားတို့ လုပ်နေတာ အကုန်လုံး
အလွဲအချော်တွေချည်းပဲ" လို့
မိန့်တော်မူတာ။

သံသရာလည်ကြောင်းတွေပဲ
လုပ်နေတာ မလွဲဘဲ နေပါ့မလား။
လူတစ်သိန်းတစ်ယောက် သုဂတိမရောက်တဲ့။
အများစုက အပါယ်လေးပါးရောက်တာပဲ။

အပါယ်လေးပါးကို
တစ်ကြိမ်ကျသွားပြီဆိုရင်လည်း
အကုသိုလ်ကံဟောင်းတွေက……
ဆက်ကာဆက်ကာ အကျိုးပေးတော့တာ။
သုဂတိဘုံကို ပြန်ရောက်ဖို့ ခဲယဉ်းသွားပြီ။

ဒါကြောင့်မို့ အပါယ်လေးပါး
ကျစေနိုင်တဲ့ အကုသိုလ်တွေ
မလုပ်မိအောင် ရှောင်ရမယ်။

မြစိမ်းတောင်ဆရာတော်အရှင်ဇာနေယျ ။

" လွတ်မြောက်မှုချမ်းသာကို ရှာဖွေခြင်းနှင့်
အလုပ်ပေးတရားတော်များ "မှ
ကောက်နုတ်ထားပါသည်။

No comments: