Tuesday, June 17, 2014

သတိပဋ္ဌာန် လေးပါး

မေး။ ။ အဘယ့်ကြောင့် သတိပဋ္ဌာန် လေးပါးတိတိ ဟောသနည်း။

ဖြေ။ ။ ဝေနေယျတို့၏ အစီးအပွားအား ဤလေးပါးသာ လျော်သောကြောင့် လေးပါးတိတိ ဟောသည်။

ဤသတိစေတသိက်သည် အာရုံရှိသလောက် များ၏။
များသော်လည်း ဝေနေယျတို့၏ အစီးအပွားအား ဤလေးပါးသာ လျော်သည်။

ဝေနေယျသည် -
(၁) ပညာနုံ့၍ တဏှာသဘောရှိသူ တစ်ယောက်၊
(၂) ပညာထက်၍ တဏှာသဘောရှိသူ တစ်ယောက်၊
(၃) ပညာနုံ့၍ ဒိဋ္ဌိသဘောရှိသူ တစ်ယောက်၊
(၄) ပညာထက်၍ ဒိဋ္ဌိသဘောရှိသူ တစ်ယောက်၊
ဤသို့ လေးယောက် ရှိ၏။

ထိုတွင် -
(၁) ကာယာနုပဿနာသည် ပညာနုံ့၍ တဏှာသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။ ဝါ - စင်ကြယ်ကြောင်း ဖြစ်၏။
(၂) ဝေဒနာနုပဿနာသည် ပညာထက်၍ တဏှာသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။
(၃) စိတ္တာနုပဿနာသည် ပညာနုံ့၍ ဒိဋ္ဌိသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။
(၄) ဓမ္မာနုပဿနာသည် ပညာထက်၍ ဒိဋ္ဌိသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။
ဤသို့ ဝေနေယျတို့၏ အစီးအပွားအားလျော်စွာ လေးပါးသာ ဟောသည်။

တနည်း၊
ဤသတိပဋ္ဌာန်လေးပါးသည် သမထအားထုတ်သော ဉာဏ်နုံ့သူတစ်ယောက်, ဉာဏ်ထက်သူတစ်ယောက်၊ ဝိပဿနာအားထုတ်သော ဉာဏ်နုံ့သူတစ်ယောက်, ဉာဏ်ထက်သူတစ်ယောက် ဤလေးယောက်တို့၏ အစဉ်အတိုင်း ဝိသုဒ္ဓိမဂ္ဂဖြစ်၏။
ထို့ကြောင့် လေးပါးသာ ဟောသည်။

တနည်း၊
ဤလေးပါးသည် သုဘဟူ၍, သုခဟူ၍, နိစ္စဟူ၍, အတ္တဟူ၍ ဖောက်ပြန်သော ဝိပလ္လာသလေးပါးကို အစဉ်အတိုင်း ပယ်သည်။
သြဃလေးပါး, ယောဂလေးပါး, အာသဝလေးပါး, ဂန္ထလေးပါး, ဥပါဒါန်လေးပါး, အဂတိလေးပါးတို့ကိုလည်း ပယ်သည်။
အာဟာရလေးပါးကိုလည်း ပိုင်းခြား၍ သိသည်။
ထို့ကြောင့်လည်း လေးပါးသာ ဟောသည်။

တနည်း၊
အောက်မေ့စရာတရား လေးပါးရှိ၏။
နိဗ္ဗာန်ဝင်ပေါက် လေးပေါက် ရှိ၏ဟု ပြလို၍ လေးပါးသာ ဟောသည်။
ဥပမာဖြင့် ဤသို့ သိအပ်၏။
မင်းနေပြည်၏ အရှေ့ဘက်၌ နေသော သူတို့သည် အရှေ့ဘက်၌ ထွက်သော ဘဏ္ဍာကို ယူ၍ အရှေ့ဘက် မြို့တံခါးဖြင့် မင်းနေပြည်သို့ ဝင်ကုန်၏။
တောင်ဘက်၌, အနောက်ဘက်၌, မြောက်ဘက်၌ နေသူတို့လည်း မိမိတို့အရပ်ထွက် ဘဏ္ဍာကို ယူ၍ မိမိတို့ အရပ်တံခါးဖြင့် ဝင်ကုန်၏။
ထို့အတူ ကာယ၌ ရှုသောသူတို့သည် ကာယအာရုံ အဖုံဖုံကို အောက်မေ့၍ ဘာဝနာအာနုဘော်ကို ယူ၍ ရသော အဋ္ဌင်္ဂိကမဂ္ဂင်တံခါးဖြင့် နိဗ္ဗာန်မြို့ကြီးသို့ ဝင်ကုန်၏။
ဝေဒနာ၌, စိတ္တ၌, ဓမ္မတို့၌ ရှုသော သူတို့သည် အသီးအသီး ဝေဒနာ, စိတ္တ, ဓမ္မအာရုံ အဖုံဖုံကို အောက်မေ့၍ ဘာဝနာအာနုဘော်ကို ယူ၍ ရသော အဋ္ဌင်္ဂိကမဂ္ဂင်တံခါးဖြင့် နိဗ္ဗာန်မြို့ကြီးသို့ ဝင်ကုန်၏။

(ညောင်လေးပင်ဆရာတော်၏ “သတိပဋ္ဌာန်အရသာ” မှ

No comments: