Saturday, August 31, 2013

သံဝေဂ

ပျိုရွယ်စဉ်ခါ၊ လိုရာပါလျက်
ငါတကြွကြွ။
အိုကာလ၌၊ ထလည်းမနိုင်၊
ထိုင်လည်းမကောင်း၊ လျောင်းလဲမသာ၊
လိုမပါဘူး။
ဇရာဤ၀ဋ်၊ ကင်းမလွတ်နိုင်၊
မချွတ်သေအောင် ၊အမြဲဆောင်၏။
သားချောင်သွေးခန်း၊ ရွေ့ရွေ့မြန်း၍၊
မလန်းမလူ၊ ဇရာဟူသည်၊
ဆံဖြူသွားကျွတ်၊ တွတွရွတ်လျက်၊
ယွင်းချွတ်ပျက်ပြို၊ နေ့တိုင်းအိုသည်၊
ဤကိုယ်ပျောက်လိမ့် မနှေးတည်း.....
(မန်လည်ဆရာတော်)
အကျင့်မပါရင် အသိတွေ သေနေတတ်တယ်။ အသိကို အကျင့်နဲ့ အသက်သွင်းပေးမှ တရားရှင်သန်မယ်။

(ယောဆရာတော်ဘုရားကြီး)

*****ဓမ္မရတနာ ဆိုသည်မှာ*****


ဗုဒ္ဓ၊ ဓမ္မ၊ သံဃ စတဲ့ ရတနာ သုံးပါးသည် ဗုဒ္ဓဘာသာဝင်တိုင်း ဆည်းကပ်ကိုးကွယ်ရာ၊ ကြည်ညိုပူဇော်ရာ၊ အမြတ်တနိုးထားရာ ရတနာသုံးပါး မဟုတ်ပါလော။ အဘယ့်ကြောင့် ရတနာနှင့် နှိုင်းယှဉ်ရသနည်း ဟု ဆိုလာလျှင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃတို့၏ ကျေးဇူးဂုဏ်တို့အား တန်ဘိုး မဖြတ်နိုင် သောကြောင့်ပင်တည်း။
ဓမ္မ ဆိုသည်မှာ လောကကြီးတွင် တည်ရှိနေသော အမှန်တရား၊ သဘာဝတရား ဖြစ်သည်။ မြတ်စွာဘုရား မပွင့်ခင်ကတည်းကလည်း ရှိခဲ့သည်။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှာလည်း ရှိခဲ့သည်။ မြတ်စွာ ဘုရား ပရိနိဗ္ဗာန် စံပြီးနောက်ပိုင်းတွင်လည်း ရှိနေသည်။ အချိန်တိုင်း၊ အမြဲတမ်း မှန်ကန်နေသော တရားသည် ဓမ္မပင် ဖြစ်ပေတော့သည်။
ရတနာကို ရတနာမှန်း မသိသောသူတို့သည် အဖိုးအနဂ္ဃ ထိုက်တန်လှသော ရတနာပုံအပေါ်သို့ ရောက်နေသော်ငြားလည်း ရတနာတို့၏ တန်ဖိုးကို မသိသဖြင့် မည်သို့ ထုတ်ယူသုံးစွဲခြင်းငှာ မစွမ်းနိုင် သကဲ့သို့ သံသရာ ၀ဋ်ဒုက္ခ ဆင်းရဲတွင်းမှ လွတ်ကင်းရာ နိဗ္ဗာန်လမ်းကို ပြညွှန်သော မြတ်ဗုဒ္ဓ၏ ဓမ္မတန်ဖိုးကို မသိကြကုန်သော သူတို့သည်လည်း ဗုဒ္ဓသာသနာတော်၏ အနှစ်သာရ တန်ဖိုးကို ထုတ်ယူသုံးစွဲ၊ ကျင့်ကြံအားထုတ်ခြင်းငှာ စွမ်းဆောင် နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဓမ္မတန်ဖိုးကို ရတနာကဲ့သို့ အဖိုးတန်မှန်း သိသော ပုဂ္ဂိုလ်များသာလျှင် အဖိုးမဖြတ်နိုင်သော အေးချမ်းရာ နိဗ္ဗာန်ကို မသွေဖီ ရောက်ရှိကြပေတော့မည်.....
*********

ဗုဒ္ဓဘာသာဝင်တို့၏ အဓိက ကျင့်စဉ်

ဗုဒ္ဓဘာသာဝင်များ၏ အဓိက အခြေခံကျင့်စဉ်မှာ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) ဖြစ်သည်။ ထိုအခြေခံကျင့်စဉ်ကို ဘုရားရှင်သည် ဗာရာဏသီပြည် မိဂဒါဝုန်၌ ဟောကြားသည့် ပထမဦးဆုံး တရားတော်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

ထိုလမ်းစဉ်သည် ကာမဂုဏ်အာရုံများကိုလည်း လိုက်စားမှု မပြု။ ခန္ဓာကိုယ်ကိုလည်း နှိပ်စက် ညှင်းပန်းမှု မပြုရသည့် အချက်ရှစ်ချက် ပါဝင်သော လမ်းစဉ် ဖြစ်သည်။

ထိုလမ်းစဉ်ကို လောက သံသရာမှ လွတ်မြောက်ရေးအတွက်သာ အလေးထား၍ ဟောကြားထားသော်လည်း နေ့စဉ်ဘဝအတွက်လည်း ဆွဲယူ အသုံးပြုနိုင်သည်။


အလယ်အလတ်ဟူသော စကားလုံးကို မျှတမှု၊ အစွန်းမရောက်မှု ဟူသော အဓိပ္ပာယ်နှင့် နေ့စဉ်ဘဝအတွက် အသုံးပြုပါက အရာရာတွင် အလွန်အကျွံ မဖြစ်စေဘဲ သင့်တင့်မျှတ ပျော်ရွှင်ချမ်းမြေ့စွာ ပြုမူနေထိုင်သွားနိုင်ပါလိမ့်မည်။

အစားအသောက် အနေအထိုင် အပျော်အပါး စသည်များကို လူ့သဘာဝအရ မကင်းနိုင်သဖြင့် ပြုလုပ်သော်လည်း အလွန်အကျွံ မဖြစ်ဖို့ အရေးကြီး၏။ အလယ်အလတ် မျှတဖို့ အရေးကြီး၏။ မျှတစွာ သုံးဆောင်ခံစားလျှင် ပျော်ရွှင်မှု သုခကို ရနိုင်မည် ဖြစ်၏။

မဇ္ဈိမပဋိပဒါ ကျင့်ရှစ်ဖြာ (အလယ်အလတ်လမ်းစဉ်)

ဘုရားရှင်ဟောကြားထားသည့် အလယ်အလတ်လမ်းစဉ်မှာ -
- သမ္မာဝါစာ
- သမ္မာကမ္မန္တ
- သမ္မာအာဇီဝ
- သမ္မာဝါယာမ
- သမ္မာသတိ
- သမ္မာသမာဓိ
- သမ္မာသင်္ကပ္ပ
- သမ္မာဒိဋ္ဌိ ဆိုသည့် အချက်ရှစ်ချက် ပါသည့် လမ်းစဉ် ဖြစ်သည်။
ထိုရှစ်ပါးကို အကျဉ်းချုပ်က သီလ၊ သမာဓိ၊ ပညာ ဆိုသည့် ဗုဒ္ဓဘာသာဝင်များ၏ အခြေခံ အဓိကအချက်များကို တွေ့ရမည် ဖြစ်သည်။
ဘုရားရှင်သည် အဓိကအချက်သုံးချက်ကိုပင် အခြေခံ၍ လေးဆယ့်ငါးနှစ် ကာလပတ်လုံး တရားဒေသနာအမျိုးမျိုးကို ဒေသအသီးသီးတွင် ပုဂ္ဂိုလ်သတ္တဝါများ၏ စိတ်အခြေအနေကို ကြည့်၍ ဟောကြားခဲ့၏။
အလယ်အလတ်လမ်းစဉ်တွင် အချက်ရှစ်ချက်သာ ပါဝင်သော်လည်း ထိုရှစ်ချက်၏ အနက်အဓိပ္ပာယ်ကို အသေးစိတ် လေ့လာကြည့်က မည်မျှကျယ်ဝန်းကြောင်းကို ဖော်ပြပါအတိုင်း တွေ့နိုင်သည်။

သမ္မာဝါစာ
သမ္မာဝါစာ (ကောင်းမွန် မှန်ကန်သော စကား) ဆိုသည်မှာ -

(၁) မဟုတ်မမှန်သော စကားကို မပြောဆိုဘဲ မှန်ကန်သော စကားကို ပြောဆိုခြင်း။

(၂) တယောက်နှင့်တယောက် အထင်အမြင်လွဲအောင်၊ ခင်မင်မှုပျက်ပြားအောင်၊ ရန်ငြိုးဖွဲ့အောင် အတို့အထောင် ကုန်းချောစကားကို မပြောဆိုဘဲ အချင်းချင်း အဆင်ပြေအောင်၊ ခင်မင်မှုတိုးပွားအောင် ပြောဆိုခြင်း။

(၃) ရုန့်ရင်းကြမ်းတမ်းသောစကား၊ ရိုင်းစိုင်းသောစကား၊ ဆဲရေးတိုင်းထွာသောစကားများကို မပြောဆိုဘဲ ယဉ်ကျေးသိမ်းမွေ့သောစကားကို ပြောဆိုခြင်း။

(၄) အနှစ်သာရ မရှိသော ရောက်တတ်ရာရာ စကားများကို မပြောဆိုဘဲ မိမိသူတပါး နှစ်ဦးသားတို့ အကျိုးရှိမည့် စကားကို ပြောဆိုခြင်းတို့ ဖြစ်သည်။

သမ္မာကမ္မန္တ

သမ္မာကမ္မန္တ (ကောင်းမွန် မှန်ကန်သော ပြုလုပ်မှု) ဆိုသည်မှာ -

(၁) သူတပါးအသက်ကို မသတ်ဘဲ သတ္တဝါများ၏ အသက်ဘေးအန္တရာယ်ကို ကာကွယ်စောင့်ရှောက်ခြင်း။

(၂) သူတပါးပိုင် ပစ္စည်းဥစ္စာကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ မတရား သိမ်းပိုက်ခြင်း စသည်တို့ကို မပြုလုပ်ဘဲ သူတပါး၏ စည်းစိမ်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်ပေးခြင်း။

(၃) လင်ရှိမယား၊ မယားရှိလင်၊ အိမ်ထောင်ရှင်များနှင့် လိင်ဆက်ဆံမှု မပြု။ သူတပါး၏ သားပျို သမီးပျိုများကို အတည်တကျ လက်ထပ်ပေါင်းသင်းလိုစိတ် မရှိဘဲ အပျော်သက်သက်ဖြင့် လိင်ဆက်ဆံမှု မပြုဘဲ မိမိ၏ ဇနီးမယား လင်ယောက်ျားနှင့် သစ္စာရှိရှိ ပေါင်းသင်းနေထိုင်ခြင်းတို့ ဖြစ်သည်။

သမ္မာအာဇီဝ

သမ္မာအာဇီဝ (ကောင်းမွန် မှန်ကန်သည့် အသက်မွေးမှု) ဆိုသည်မှာ -

အဆိပ်၊ လက်နက်၊ သေအရက်၊ မူးယစ်ဆေးဝါး၊ ငါး တိရစ္ဆာန်အသားတို့ကို ရောင်းဝယ်ဖောက်ကားခြင်း၊ လူကို ရောင်းကုန်အဖြစ် သတ်မှတ်၍ စီးပွားရှာခြင်းတို့ မလုပ်ဘဲ သူတပါးတို့ကို မထိခိုက်စေမည့် စီးပွားရေးဖြင့် အသက်မွေးခြင်း ဖြစ်သည်။

အထက်ပါ အလယ်အလတ်လမ်းစဉ် သုံးပါးသည် အကျင့်သီလနှင့် ပတ်သက်သည့် လမ်းစဉ်များ ဖြစ်သည်။

ထိုလမ်းစဉ်သုံးပါးကို လေ့လာကြည့်လျှင် သူ့အသက် မသတ်ရ၊ သူ့ဥစ္စာ မခိုးရ၊ သူတပါး သားမယားနှင့် လိင်ဖောက်ပြန်မှု မပြုရ၊ လိမ်ညာ မပြောရ၊ သေအရက် ရောင်းဝယ်ဖောက်ကား သောက်စားမှု မပြုရ ဆိုသည့် ငါးပါးသီလတွင် ပါသည့် အချက်များကိုလည်း တွေ့ရမည် ဖြစ်သည်။

ထိုအကျင့်သီလနှင့်ဆိုင်သည့် ကျင့်ဝတ်များကို လူတိုင်း အတိအကျ လိုက်နာကျင့်သုံးလျှင်ပင် လူတိုင်း ဘေးရန်ကင်းကွာ စိတ်ချမ်းသာ၍ လောကကို သာယာ ချမ်းမြေ့မှုဖြင့် အလှဆင်နိုင်ပါလိမ့်မည်။

သမ္မာဝါယာမ

သမ္မာဝါယာမ (မှန်ကန်သည့် အားထုတ်မှု) ဆိုသည်မှာ -

(၁) မကောင်းသည့်အမှုများ (သူတပါး၏ အသက်ကို သတ်မှု၊ သူတပါးပစ္စည်းဥစ္စာ ခိုးယူ ဖျက်ဆီးမှု၊ သူတပါး ဇနီးမယား လင်ယောက်ျားနှင့် လိင်ဆက်ဆံမှု၊ သူတပါး သားပျို သမီးပျိုများကို ဖျက်ဆီးမှု၊ မမှန်မကန် ပြောဆိုမှု၊ အချင်းချင်း စိတ်ဝမ်းကွဲအောင် ပြောဆိုမှု၊ ရိုင်းစိုင်းကြမ်းတမ်းသည့် စကားကို ပြောဆိုမှု၊ အကျိုးမရှိ ရောက်တတ်ရာရာ စကားများကို ပြောဆိုမှု၊ သူတပါး တရားသဖြင့် ကြီးပွားချမ်းသာနေသည်ကို မကြားလို မမြင်လိုမှု၊ သူတပါး၏ ဘဝစည်းစိမ်ကို ဖျက်ဆီးလိုစိတ်ရှိမှု)ကို မပြုလုပ် မပြောဆို မကြံစည်မိအောင် အားထုတ်ခြင်း။

(၂) ထိုမကောင်းမှုများကို ပြုလုပ်မိခဲ့သော်လည်း အမှားကို ပြုပြင်ရန် သင်ခန်းစာယူရုံမျှလောက် မဟုတ်ဘဲ ပြန်လှန်တွေးတော ပူပန်မနေမိစေရန် အားထုတ်ခြင်း။

(၃) ကောင်းသည့်အမှုများ (ပေးကမ်းစွန့်ကြဲမှု၊ ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားမှု၊ စိတ်ဓာတ်မြင့်မြတ်ဖြူစင်အောင် ကြိုးစားမှု၊ မိမိထက် အသက် ဂုဏ်သိက္ခာကြီးသူတို့ကို ရိုသေလေးစားမှု၊ သူတပါးတို့အား ကူညီစောင့်ရှောက်မှု၊ မိမိကောင်းမှုပြုသည်ကို သူတပါးတို့အား ပြောကြား၍ ဝမ်းသာအတုယူစေမှု၊ သူတပါးတို့ ကောင်းမှုပြုသည်ကို ဝမ်းသာအတုယူမှု၊ တရားပေစာ နာကြား ဖတ်ရှု၍ ဗဟုသုတ ရယူ ပြုမူကျင့်ကြံမှု၊ မိမိသိပြီးသား တရားများကို သူတပါးတို့အား ပြောကြား၍ သိစေ ကျင့်ကြံစေမှု၊ မိမိ၏ အယူအဆ သံသယတို့ကို စာပေလေ့လာခြင်း မေးမြန်းခြင်းဖြင့် မှန်ကန်စေမှု) ကို ပြုလုပ်ရန် ကြိုးစားခြင်း။

(၄) ပြုလုပ်ပြီးသော ကောင်းမှုများကို သတိရ၍ နောက်ထပ်တဖန် ပြုလုပ်ရန် ကြိုးစားခြင်း တို့ ဖြစ်သည်။

သမ္မာသတိ

သမ္မာသတိ (မှန်သော အမှတ်သတိရှိမှု) ဆိုသည်မှာ -

မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပျက်လှုပ်ရှားနေမှု၊ အကောင်းအဆိုး စသည့် အမျိုးမျိုး ခံစားမှု၊ စိတ်၏ ဖြစ်ပျက်လှုပ်ရှားမှု အခြေအနေ၊ မြင်မှုကြားမှု စသည့် သဘာဝ အခြေအနေများကို စောင့်ကြပ် ကြည့်ရှု သတိပြုနေခြင်း ဖြစ်သည်။

သမ္မာသမာဓိ

သမ္မာသမာဓိ (မှန်သော တည်ငြိမ်မှု) ဆိုသည်မှာ -

သမထ ဝိပဿနာတရားကို ရှုမှတ် အားထုတ်သည့်အခါ ရှုမှတ်သည့် တရားအပေါ်တွင် စိတ်တည်ငြိမ်နေခြင်း ဖြစ်သည်။ ထိုသို့ စိတ်တည်ငြိမ်နေသည့်အခါ ကာမဂုဏ်အာရုံများနှင့်ပတ်သက်သည့် ကြံစည်မှု၊ သူတပါးကို ထိခိုက်နစ်နာစေမည့် တွေးကြံမှု၊ ကိုယ်စိတ်နှစ်ပါး ထိုင်းမှိုင်းလေးလံမှု၊ စိတ်မငြိမ်မသက် လှုပ်ရှားမှု၊ ယုံမှားတွေးတောမှုများ စိတ်ထဲတွင် မရှိတော့ဘဲ စိတ်သည် ကြည်လင်နေသည်။

စိတ်ကြည်လင်ရာမှ အဆင့်ဆင့် တက်ပြီး ဝမ်းသာမှု၊ စိတ်ချမ်းသာမှုများ ဖြစ်လာသည်။

စိတ်တည်ငြိမ် အားကောင်းလာသည့်အခါ စိတ်ထဲတွင် ဝမ်းနည်းဝမ်းသာ ချမ်းသာဆင်းရဲဆိုသည့် သဘောတရားများကို ခံစားမှု မရှိတော့ဘဲ ရှုမှတ်သည့် အာရုံအပေါ်တွင်သာ စိတ်သည် အသိတရားလေးနှင့် တည်ရှိနေခြင်း ဖြစ်သည်။

အထက်ပါ အလယ်အလတ်လမ်းစဉ် သုံးခုသည် လောကုတ္တရာရေးရာပိုင်းတွင် သမာဓိဆိုသည့် အပိုင်းနှင့် ဆက်စပ်နေသည်။

သို့သော် ထိုလမ်းစဉ်များကို နေ့စဉ်ဘဝ လူ့လောကနယ်ပယ်တွင်လည်း အသုံးချ၍ ရနိုင်ပါသည်။

မိမိ၏ နေ့စဉ်ဘဝတွင် မိမိဘာလုပ်နေသည်ကို သိနေရမည်။

မိမိသူတပါး နှစ်ဦးသားတို့အတွက် ကောင်းတာ လုပ်နေတာလား၊ မကောင်းတာ လုပ်နေတာလား ဆိုသည်ကို သိနေရသလို အကျိုးရှိ,မရှိကိုလည်း သတိပြုမိဖို့ လိုသည်။

မိမိ၏ အပြောအဆို အနေအထိုင် အပြုအမူ အကြံအစည်များကို သတိနှင့် စောင့်ကြည့်၍ အပြစ်မရှိ ကောင်းမည့် အကျိုးဖြစ်ထွန်းမည့် အလုပ်များကို လုပ်ဆောင်ရပါမည်။

ဤသို့ ပြုလုပ်လျှင် အရာရာတွင် အမှားနည်း၍ မိမိအတွက် အောင်မြင်မှု ရသကဲ့သို့ အခြားသူများကိုလည်း ထိခိုက်နစ်နာစေမည် မဟုတ်သဖြင့် သာယာချမ်းမြေ့သည့် လူ့အဖွဲ့အစည်းကို ဖြစ်စေပါလိမ့်မည်။

လောဘဖြစ်စရာ ဒေါသဖြစ်စရာ စသည့် မကောင်းသော အာရုံများကို အမှတ်ရနေခြင်းမျိုး (မိစ္ဆာသတိ) မဖြစ်စေဘဲ မိမိပြုလုပ်ခဲ့သည့် သူတပါးအကျိုး သည်ပိုး ဆောင်ရွက်ခဲ့သည်များကို သတိရနေလျှင်လည်း သမ္မာသတိ ဖြစ်နေပါသည်။

မိမိပြောဆို ပြုလုပ်သည့် ကိစ္စများတွင် တည်ကြည်မှု ခိုင်မာမှု ရှိရပါမည်။ ခုတမျိုး တော်ကြာတမျိုး အမျိုးမျိုး ပြောင်းလဲ၍ သစ္စာမရှိ ကတိမတည်သည့် အဖြစ်ကို မရောက်စေရပါ။

ထို့ပြင် ဟိုယောင်ယောင် သည်စပ်စပ် ယောင်ခြောက်ဆယ်အဖြစ်မျိုး မရောက်စေဘဲ အကျိုးရှိမည့် အလုပ်ကို စွဲစွဲမြဲမြဲ အောင်မြင်အောင် လုပ်ဆောင်ရမည်။

ဤနေရာတွင် မိမိ၏ ကိုယ်ကျိုးကိုသာ ကြည့်ပြီး တရားသောနည်းဖြင့် အသက်မွေး ရှင်သန်နေသည့်သူများကို ထိခိုက်နစ်နာစေမည့်အလုပ်၊ မိမိနှင့်သူတပါး နှစ်ဦးသားတို့အတွက် အကျိုးမရှိ မကောင်းသည့် အလုပ်များကို စွဲလမ်းလုပ်ဆောင်နေခြင်းမျိုး (မိစ္ဆာသမာဓိ) မဖြစ်အောင် ရှောင်ကြဉ်မည်ဆိုလျှင် ကောင်းသော တည်ကြည်မှုမျိုး ဖြစ်နေပါမည်။

သမ္မာသင်္ကပ္ပ

သမ္မာသင်္ကပ္ပ (မှန်သော ကြံစည်မှု) ဆိုသည်မှာ -

ရှုမှတ်နေသည့် ကမ္မဋ္ဌာန်းအာရုံအပေါ်ကို အမှတ်သတိလေး ကပ်ရောက်နေစေရန် တွန်းတင်ပေးနေသည့်သဘော ဖြစ်သည်။

ထို့အပြင် ကာမဂုဏ်အာရုံများကို သုံးဆောင် ခံစားဖို့ မစဉ်းစား၊ သူတပါး၏ စည်းစိမ်ဥစ္စာကို ပျက်စီးအောင် မည်သို့ လုပ်ရမည်ကိုလည်း မတွေးတော၊ သူတပါးကို ကိုယ်ရောစိတ်ပါ ထိခိုက်နစ်နာအောင် ကြံဆောင်ခြင်းလည်း မပြုဘဲ မိမိအောက် အစစ အရာရာ နိမ့်ကျသူများ ဆင်းရဲနွမ်းပါးသူများကို မည်သို့ ကူညီထောက်ပံ့ရမည်နည်းဟု မိမိသူတပါး နှစ်ဦးသားတို့အတွက် ကိုယ်ရောစိတ်ပါ ချမ်းသာအောင် စိတ်ကူး ကြံဆောင်ခြင်း ဖြစ်သည်။

သမ္မာဒိဋ္ဌိ

သမ္မာဒိဋ္ဌိ (မှန်သော အမြင်) ဆိုသည်မှာ -

ရုပ်တရား နာမ်တရားများ၏ သဘော သဘာဝနှင့် အဖြစ်အပျက် အဆက်အစပ်တို့ကို ကိုယ်တွေ့ မှန်ကန်စွာ သိနားလည်ခြင်း ဖြစ်သည်။

ထိုသို့ သိနားလည်သည့်အခါ အရာရာတွင် တပ်မက်ခြင်း ကင်း၍ ဆင်းရဲခြင်းမှလည်း အပြီး လွတ်မြောက်ပါတော့သည်။

နေ့စဉ်ဘဝ၌လည်း မည်သည့်ကိစ္စမျိုးတွင်မဆို ချစ်ခြင်း မုန်းခြင်း မသိနားမလည်ခြင်း ကြောက်ရွံ့ခြင်းများကို အခြေခံ၍ မှားယွင်း ဘက်လိုက်မှု မရှိဘဲ အကျိုးသင့် အကြောင်းသင့် မှန်ကန်စွာ ရှုမြင်သုံးသပ် ကျင့်သုံးနိုင်ရပါမည်။

အရာရာတွင် ကိုယ်ချင်းစာမှု၊ ခွင့်လွှတ်နားလည်မှု၊ သည်းခံမှုများနှင့် ရှုမြင်နိုင်လျှင် တယောက်နှင့်တယောက် အထင်အမြင်လွဲခြင်း၊ အပြစ်တင်ခြင်း၊ မကျေနပ်ခြင်း၊ ပြန်လှန်ပုတ်ခတ်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်းများ ဖြစ်မလာနိုင်သည့်အတွက် လူတိုင်း စိတ်ဆင်းရဲခြင်း ကင်းဝေး၍ ချမ်းသာသုခကို အပြည့်အဝ ရရှိနိုင်ပါမည်။

ထို့ကြောင့် အလယ်အလတ်လမ်းစဉ် (ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံ အဓိကကျင့်စဉ်)ကို မိမိတို့ကိုယ်တိုင်လည်း နားလည်အောင် အသေအချာ လေ့လာ၍ အတိအကျ လိုက်နာကျင့်သုံး၊ အခြားသူများကိုလည်း လိုက်နာကျင့်သုံးစေရန် ပြောပြတိုက်တွန်းပေးခြင်းဖြင့် လောက သံသရာ နှစ်ဖြာသောဌာနတို့၌ အေးငြိမ်းမှုကို ရယူနိုင်ကြပါစေဟု ဆန္ဒပြုရပါတော့သည်။ ။


အရှင်ပညာသီဟ (လောကချမ်းသာစာစောင်)

ဘဝဆိုတာ

ဘဝဆိုတာ စာအုပ်တစ်အုပ်လိုပါပဲ ....
တချို့အခန်းတွေက ဝမ်းနည်းကြေကွဲဖွယ်ရာ ...
တချို့အခန်းတွေကျပြန်တော့ ပျော်ရွှင်ကြည်နူစရာ ...
အခန်းတချို့မှာ သည်းထိတ်ရင်ဖို ...
ဒါပေမယ့် ....
လှန်မဖတ်ခဲ့ဘူဆိုရင်တော့ ရှေ့အခန်းမှာ သင့်အတွက် ဘာရှိနေတယ်ဆိုတာ
သိခွင့်ရှိလိမ့်မှာ မဟုတ်ဘူး ....။

Friday, August 30, 2013

သံဝေဂသြဝါဒကထာ လင်္ကာများ

  • ဆိုးပင်ပျိုးက၊ ဆိုးကျိုးရ၊ လောကဓမ္မတာ။
  • ပူရုပ်ဖြစ်လာ၊ အေးရုပ်မှာ၊ သေချာ ပျက်ပေသည်။
  • အေးရုပ်ဖြစ်လာ၊ ပူရုပ်မှာ၊ သေချာ ပျက်ပေသည်။
  • မီးတောက်သေရာ၊ မီးရောင်ဝါ၊ မကွာ ပျက်စီး၏။
  • ထို့တူမခြား၊ ရုပ်ပျက်ငြား၊ ဓာတ်သား နာမ်ပျက်၏။
  • ‘ဇရာ’‘ဗျာဓိ’၊ ‘ဘော’‘ဉာတိ’၊ ပါရိဇုည လေး။ (ပါရိဇုည = ပျက်စီးခြင်း)
  • နုနယ်ရုပ်ဆင်း၊ ပျိုမျစ်ခြင်းကား၊ အိုခြင်းနောက်ဆုံး ရှိချေ။
  • ခန္ဓကိုယ်ဆိုး၊ ဤရုပ်မျိုးကား၊ တိုး၍ မပျို၊ အိုသာ အိုခဲ့။
  • ရောဂါကင်းရှင်း၊ ကျန်းမာခြင်းကား၊ နာခြင်းနောက်ဆုံး ရှိချေ၏။
  • ဝိညာဉ်တင်းလင်း၊ သက်ရှင်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏။
  • ပုခက်နှင့်ပေ၊ ဝေးလေလေ၊ နီးလေ သင်္ချိုင်းပေတကား။

ချမ်းသာနိုင်ပါစေ


အိုခြင်းရှိရာ ဤခန္ဓာ အိုတာမလွန်နိုင်။
နာခြင်းရှိရာ ဤခန္ဓာ နာတာမလွန်နိုင်။
သေခြင်းရှိရာ ဤခန္ဓာ သေတာမလွန်နိုင်။
အိုနာသေရာ လွတ်အောင်မှာ ပွားကြမဂ္ဂင်နိုင်။
မဂ္ဂင်ပွားမှ လွန်နိုင်ကြ ဘ၀ချမ်းသာနိုင်။

သတိရှိ၍သိရမည့်အရာလေးမျိုး


လှုပ်ရှာမူရာ ဖြစ်တိုင်းမှာ မှန်စွာသတိရှိ၍ သိရမည်။
ကြံစည်တွေးရာ ကြံတိုင်းမှာ မှန်စွာသတိရှိ၍ သိရမည်။
ကောင်းဆိုလတ်ပါ ခံစာတာ မှန်စွာသတိရှိ၍ သိရမည်။
သဘောမှုရာ ဖြစ်တိုင်းမှာ မှန်စွာသတိရှိ၍ သိရမည်။

ကိုယ့်ကိစ္စပဲကိုယ်လုပ်




လားတစ်ကောင် ဟာ စားကျက်ခင်းမှာ မြက်စားနေတုန်း ၀ံပုလွေတစ်ကောင် က ကိုက်စားဖို့ လာတာကို မြင်တွေ့လိုက်တယ်. . . ဒါကြောင့် သူဟာ ခြေထောက် နာချင်ယောင်ဆောင်လိုက်တယ်. . .

ဝံပုလွေက အနီးကို ရောက်လာပြီးနောက် "ဘာကြောင့် သင့်ခြေထောက်မှာ ဒဏ်ရာ ရရှိနေသလဲလို့ မေးတာပေါ့. . လားက ခြံစည်းရိုးတစ်ခုကို ခုန်တုန်း က ဆူးစူးတာပါ. . .ပြီးတော့ အကြံပေးလိုက်တယ်. . . သူ့ကို မစားမီ ဒီဆူးကို နှုတ်ပေးဖို့ပါ. . . ဒါမှ ၀ံပုလွေစားတဲ့ အခါမှာ လည်ချောင်း မှာ ဆူး မစူးနိုင်တော့ဘူးတဲ့. . "

ငနဲ့ က လှည့်ကွက်ထဲ ၀င်လာပါရော. . ဒါနဲ့ လားရဲ့ ခြေထောက်ကို ငုံ့ကြည့်လိုက်တယ်. . . .၀ံပုလွေက သူ့ခြေထောက်ကို အသေအချာကြည့်ရှုနေတုန်း လားက ၀ံပုလွေရဲ့ ပါးစပ်ကို ကန်ကျောက်လိုက်လို့ သွားတွေ ကျိုးကုန်တယ်. . .

ဒီတော့မှ ၀ံပုလွေက ၀မ်းနည်းစွာ ရေရွတ်လိုက်တယ်. . .



"ငါ့အပြစ်နဲ့ ငါ ခံလိုက်ရတာပဲ. . ငါ့အဖေ က သားကောင်တွေကို ဖမ်းယူစားသောက်ဖို့ သင်ပေးခဲ့တယ်. . . အဖေရဲ့ ညွှန်ကြားမှုမှာ ငါဟာ မဆီမဆိုင်တာကို လုပ်ဖို့ဆိုတာ မပါဘူး . . . " တဲ့

(ကိုယ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စမှာ ၀င်ရောယှက်ရင် ဒုက္ခ တွေ့ကြုံတတ်တယ်. . )
        ဖက်ဖူးတဲ့ပုံပြင်လေးမို့ မျှဝေပေးလိုက်ပါတယ်

ဝါခေါင်လပြည့်နေ့  ( မေတ္တာအခါတော်နေ့  )

ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ ဗုဒ္ဓဘာသာဝင်တို့က သတ်မှတ်ကြပါတယ်၊ ဘာကြောင့်လဲဆိုတော့ ရဟန်းသံဃာတော်များသည် တစ်နှစ်တွင်သုံးလ ဝါဆိုတော်မူကြသည်။ “ဝါဆိုသည်“ ဟုဆိုရာ၌ အကြောင်းကြီးငယ်မရှိဘဲ မိမိတို့ သီတင်းသုံးရာအရပ်မှထွက်ခွါကြွသွားခြင်းမပြု
သည်ကိုဆိုသည်။ ထိုသုံးလကာလသည်ပင်“ဝါတွင်း“ မည်ပေသည်။ ပရိယတ်နှင့်ပဋိပတ် သာသနာတို့ အလို့ငှါ အပြည့်အ၀ အားထုတ်ကြိုးကုတ်ခွင့်
ရကြသည့် အခါသမယလည်းဖြစ်သည်။ ဝါခေါင်လသည် ဝါတွင်းသုံးလ၏ အလယ်ခေါင်ကျသောလဖြစ်သည်။ မေတ္တာအခါတော်နေ့သည် ဝါခေါင်လပြည့်နေ့ ဖြစ်သည်။လွန်လေပြီးသော နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာနီးပါးခန့်က ဘုရားရှင်ကိုယ်တော်မြတ်ကြီး သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ် ရဟန်းတော်ငါးရာကို အကြောင်းပြုပြီးတော့ မေတ္တသုတ်တော်ကိုဟောတော်
မူခဲ့ပါတယ်။ဒါကြောင့် မေတ္တသုတ်စတင်ပေါ်ပေါက်ရာနေ့ဖြစ်သော ၀ါခေါင်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်များက မေတ္တာအခါတော်နေ့လို့  သတ်မှတ်ခဲ့ကြပါတယ်။အခါတစ်ပါး၌ ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဌာန်းတောင်း၍ ဟိမဝန္တာနှင့် တစ်စပ်တည်း တည်ရှိသော တောအုပ်တစ်ခုတွင် တရား အားထုတ်၍ နေကြလေရာ ရဟန်းတော်တို့၏ သီလ သမာဓိ ပညာဂုဏ်တို့ကြောင့် နတ်တို့သည် သစ်ပင်များပေါ်တွင် မနေနိုင်ကြတော့ဘဲ မြေပြင်၌ ဆင်းသက်၍ အချိန်ကြာမြင့်စွာ နေကြရသောကြောင့် သည်းမခံနိုင်တော့သဖြင့် ညဥ့်အခါတွင် ရဟန်းတော်များအား အမျိုးမျိုး ခြောက်လှန့်ပြီး ရောဂါအန္တရာယ် ထူပြောအောင် သမာဓိမရအောင် အမျိုးမျိုး ဖန်တီးကြလေရာ ရဟန်းငါးရာတို့လည်း ဤအရပ်သည် ပဋိရူပဒေသ မဟုတ်ဟု တိုင်ပင်ကြပြီး မြတ်စွာဘုရားထံ သွားရောက်ကာ အကျိုးအကြောင်း လျှောက်ထားရာမှ မြတ်စွာဘုရားက ကိုယ်ခံအဖြစ် မေတ္တသုတ် ဒေသနာတော်ကို ချီးမြှင့်တော်မူလိုက်ရာ မေတ္တသုတ် တန်ခိုးကြောင့် နတ်များက မခြောက်လှန့်တော့သည့်အပြင် ချစ်ခင်မြတ်နိုး အကြည်ညိုတိုးပြီး ဝတ်ကြီးဝတ်ငယ်များဖြင့် စောင့်ရှောက် ကူညီကြသောကြောင့် ရဟန်းငါးရာတို့သည် တစ်ဝါတွင်းဖြင့် အားလုံး ရဟန္တာ ဖြစ်တော်မူခဲ့လေသည်။
ဤ မေတ္တသုတ်တော်သည် ဗုဒ္ဓဘာသာရေး နယ်ပယ်တွင် အလွန် ခေတ်စား လူသိများသော သုတ်တော် ဖြစ်ခဲ့သော်လည်း မေတ္တသုတ်၏ သရုပ်ကို ထုတ်နုတ်ပြီး လေ့လာသူ ကျင့်ကြံသူကား နည်းပါးသယောင်ရှိ၏ဟု ယူဆပေသည်။ အများအားဖြင့် မေတ္တာပို့ခြင်းကို မြတ်မြတ်နိုးနိုး ပြုကြသော်လည်း မေတ္တသုတ်ကို အနက် အဓိပ္ပာယ်နှင့် တကွ အသေးစိတ် ကြည့်ရှု သုံးသပ်ရန်ကား မေ့လျော့နေတတ်ကြလေရာ “ လယ်ထွန်သွား နွားမေ့ “ ဟူသကဲ့သို့ ဆိုဖွယ်ရာ ဖြစ်နေလေသည်။ မေတ္တာဘာဝနာကို ပွားများသူတို့သည် မေတ္တသုတ်ကို စနစ်တကျ လေ့လာ၍ ထို သုတ်တော်က ညွှန်ကြားချက်များကို အတတ်နိုင်ဆုံး ကြိုးစား ဖြည့်ဆည်းဖို့ လိုအပ်လှပေသည်။
မေတ္တသုတ်တော်တွင် မေတ္တာဘာဝနာ ပွားသူတို့ လိုက်နာရမည့် မေတ္တာမူ ၁၅-ချက်သည် အလွန်နှစ်သက် မြတ်နိုး ကျင့်ကြံဖွယ်ကောင်းသည့်အပြင် စနစ်တကျ မေတ္တာပို့သနည်းများ၊ မေတ္တာပို့သူ၏ စိတ်ထားပုံထားနည်း၊ မေတ္တာဘာဝနာ၏ အပိုင်းအခြား၊ မေတ္တာပွားသူ၏ ရည်ရွယ်ချက်၊ မေတ္တာကြောင့် ဈာန်ရနိုင်ပုံ၊ ထိုဈာန်တွင် ယစ်မူးမနေဘဲ ထိုဈာန်ကို အခြေခံထား၍ ဝိပဿနာတရားဖြင့် မဂ်ပေါက်ဖိုလ်ဝင် ကျင့်စဉ်များကို အတိုဆုံး အကျဉ်းဆုံး အလွယ်ဆုံး နည်းများဖြင့် လမ်းညွှန်တော်မူထားလေသည်။ ထို့ကြောင့်လည်း ထိုစဉ်က ရဟန်းတော် ငါးရာတို့သည် ဤမေတ္တာသုတ်၏ ညွှန်ကြားချက်အတိုင်း မေတ္တာကို အခြေခံ၍ ဝိပဿနာဉာဏ်စဉ်ဖြင့် နိဗ္ဗာန်သို့ စံဝင်နိုင်ခဲ့ခြင်း ဖြစ်လေရာ ဤမျှ တန်ဖိုးကြီးမားလှသော သုတ်တော်ကို ကျွန်ုပ်တို့သည် အဘယ့်ကြောင့် ပေါ့ပေါ့တန်တန် သဘောထားနေကြပါသနည်း၊ ဗုဒ္ဓဘာသာရေးနယ်ပယ်တွင် “ ကရဏိယာ “ ဟူသော မေတ္တသုတ်သံသည် အစဉ်ထာဝရ ပဲ့တင်ဟည်းနေသည်မှာ မှန်သော်လည်း သုံးစွဲသူတို့၏ စနစ်မကျမှုကြောင့် ယနေ့ “ ကရဏိယာ “ သည် တန်ဖိုးရှိသင့်သလောက် မရှိဖြစ်နေသည်မှာ မေတ္တသုတ်နှင့် မကင်းသော ရဟန်းရှင်လူတိုင်း၏ တာဝန် ဖြစ်လေသည်။

မေတ္တာဆိုတာ
မေတ္တာကို အဘိဓမ္မာက အဒေါသ လို့ ပြောပါတယ်။ မေတ္တာတရားကို ဒီကနေ့ လူအများစု နားလည်နေကြတာက ချစ်ခြင်းလို့ နားလည်နေကြတာပါ။တကယ်စင်စစ်တော့ ချစ်တယ်ဆိုတဲ့ စကားထက် ဒေါသကင်းတယ်ဆိုတဲ့ စကားက ပိုပြီးတော့ မှန်ပါတယ်။
 ဘာအကြောင်းကြောင့်မှ ဘယ်သူ့ကိုယ်မှ မမုန်းဘူး၊ ဘာအကြောင်းကြောင့်မှ စိတ်မဆိုးဘူး၊ ဘယ်သူ့ကိုယ်မှ မမုန်း
တီးအောင် အမျက်မထွက်အောင် စိတ်ကိုထိန်းသိမ်းလေ့ကျင့်တာကို မေတ္တာဘာဝနာ။
ဒေါသကင်းသွားအောင် ကင်းမသွားခဲ့ရင်တောင်မှ ဒေါသကိုထိန်းထားနိုင်အောင် သောင်းကျန်နေတဲ့ဒေါသကိုနှိပ်ကွပ်
နိုင်အောင် ထိန်းချုပ်ထားနိုင်ကြလို့ရှိရင် လူသားတိုင်းရဲ့ နှလုံးသားတိုင်းဟာ တကယ့်ငြိမ်းချမ်းမှုတွေ ရရှိကြမှာပါ။
လူတိုင်းလူတိုင်းရဲ့ နှလုံးသားထဲမှာ ငြိမ်းချမ်းမှုတကယ်ရအောင် ဘာလုပ်ရမလဲဆိုရင် ပူလောင်ခြင်းရဲ့အကြောင်းအ
ရင်းဖြစ်တဲ့ ဒီဒေါသကို ထိန်းသိမ်းကြရမှာ။ နှိပ်ကွပ်ကြရမှာ။ ပိုပြီးတော့ တတ်နိုင်မယ်ဆိုရင် အကြွင်းမဲ့ ပယ်နှုတ်ကြရမှာပါ။
ဒေါသကို မပယ်နှုတ်နိုင်တဲ့ အတွက်ကြောင့် ကာယကံပြစ်မှု ၀စီကံပြစ်မှု ကာယကံပြစ်မှုဝစီကံပြစ်မှုမရောက်တောင်မှ မနောကံပြစ်မှုတွေ ရောက်ရောက်ပြီးတော့ သတ္တ၀ါတွေ ဒုက္ခဖြစ်ကြရတယ်။

မေတ္တာဂုဏ်ရည်(၅)မျိုး
- မေတ္တာစိတ်ဟူသည်
၁. ကျယ်ကျယ်ပြန့်ပြန့်ထားရှိအပ်သောစိတ်၊
၂.အထက်တန်းကျသောစိတ်၊
၃.ပိုင်ခြားကန့်သတ်ချတ်မရှိသောစိတ်၊
၎.ဒေါသကင်းသောစိတ် (၀ါ) ရန်လိုမူကင်းသောစိတ်၊
၅.ဖျတ်စီးလိုခြင်းကင်းသောစိတ်ဖြစ်သည်။

မေတ္တာ၏အကျိုးကျေးဇူးများ
စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး  သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ  ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။
မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်၊ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။
မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရသတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။
နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေလုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။
 မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း
တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို မေတ္တာဘာဝနာလို့ ဆိုနိုင်ပါတယ်။
အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာပွားတယ်လို့ ဆိုနိုင်ပါတယ်။
စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။
ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..
“အဝေရာ ဟောန္တု
အဗျာပဇ္ဇာ ဟောန္တု
အနီဃာ ဟောန္တု
သုခီအတ္တာနံ ပရိဟရန္တုလို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။
မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက် ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။ ဒါ့ကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။
ကြိုတင်သိထားရမယ့် အချက်တွေကတော့..
၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်
၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊
ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။
၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို
မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။ နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။
၎။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။ မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။
၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲ ပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။
၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။
၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး အကြိမ်များများကို
ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။ နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊ ဒီလိုအတွေ့အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲ စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။
၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄မျိုးထဲမှ အလျဉ်းသင့်သလို တစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။ လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။ (တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)
၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့ မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။
(အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)
၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့
(၁) မုန်းသူ
(၂) အလွန်ချစ်သူ
(၃) မချစ်မမုန်းသူနှင့်
(၄) ရန်သူတို့ ဖြစ်တယ်။
အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။
အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။
အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။
ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။ မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။
၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို) မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။ သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။

မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း)
မိမိကိုယ်ကိုပဲ မေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ် ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားရတာ အားရကျေနပ်ထားရင် သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်လည်ရှာသော်လည်း မိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင် မိန့်တော်မူထားပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာ မေတ္တာကမ္မဋ္ဌာန်းမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။
ပြီးမှ သက်တော်ထင်ရှားရှိပြီး မေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ် ကျေးဇူးကြီးမားတဲ့ ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။ မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို မိမိအနား မျက်နှာချင်းဆိုင်ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ် မေတ္တာပွားရပါမယ်။
မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကို ပြောင်းရမယ်၊ အကယ်၍ မေတ္တာပွားရတာ အခက်အခဲရှိလာရင်တော့ မိမိကိုယ်ကိုပဲ မေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပြောင်းယူပါ။
တခါတရံ အချို့ပုဂ္ဂိုလ်ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန် ကွက်ကွက်ကွင်းကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်း အချို့ပုဂ္ဂိုလ်တွေမှာကျတော့ အခက်အခဲရှိနေတာလည်း ကြုံရတတ်တယ်။ အဲဒီအခါကျရင် လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။
မေတ္တာစိတ် ညီညွှတ်မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်း ပွားနိုင်ပါပြီ။
မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင် မိမိစိတ်ထဲမှာ တခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊ အဲဒီမေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က စုပြုံစူးစိုက် နစ်နေတယ်၊ အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုး စိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင်ငိုက်မြည်း ပျင်းရိတဲ့စိတ်၊ စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ် သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့ နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။ မေတ္တာအင်အား ကောင်းသထက်ကောင်းအောင် လေ့ကျင့်လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိ အသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။
တခြား ဘာအာရုံခံမှ မရှိဘဲ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပကတိ ကျန်းမာစေလိုတဲ့စိတ် ပျော်ရွှင်ချမ်းသာ ပြည့်စုံစေလိုတဲ့စိတ်တွေ အလိုလိုဖြစ်နေတာဟာ တမင်တကာစိတ်ကူးကြံဆပြီး ဖြစ်နေတဲ့ စိတ်အဆင့်မျိုး မဟုတ်တော့ဘူး။
ဝီရိယသန်သန် တိုး၍ ကြိုးစားလေ့ကျင့်ပွားများတဲ့ ယောဂီများဟာ မိနစ်ပိုင်းမှ နာရီပိုင်းထိ ကြည်လင်ချမ်းမြေ့တဲ့ မေတ္တာစိတ်နဲ့ နေနိုင်လာပါတယ်။ အိပ်ငိုက်တာမဟုတ်ဘူး၊ စိတ်က ကြည်လင်သန့်စင်နေတယ်။
မိမိရည်မှန်းထားတဲ့ အချိန်နာရီးကာလတလျှောက်လုံး ဘာစိတ်မှမရှိဘူး၊ မေတ္တာစိတ်မျှပဲ ရှိတော့တယ်။
မေတ္တာစိတ်မျှပဲ ရှိနေတာ အချိန်ကြာလာရင်တော့ တခါတရံ ငါ့မှာ ဘာစိတ်တွေ ဖြစ်နေပါလိမ့်မလဲလို့လည်း တစ်ချက်တစ်ချက် စစ်ဆေးမိရက်သားဖြစ်နေတယ်။ ဒီလို (၀ိတက်)၀င်လာခိုက်တော့ မေတ္တာစိတ်အစဉ် ခဏပျက်တယ်၊ ဒါပေမယ့် ပြန်ပြီး ထူထောင်ရတာ ဘာမှ မပင်ပန်းဘူး၊ ကြောင့်ကြစိုက်ရတယ်လို့တောင် ပြောလို့မရဘူး။
အဲဒီလို အချိန်တွေ တော်တော်ကြာသွားပြီး မေတ္တာစိတ်မှအပ ကျန်တဲ့စိတ်တွေ မဖြစ်တောကို သိရလို့လည်း ယောဂီသဘောကျမိတတ်တယ်။ အဲဒီအခါမှာတော့ မိမိစိတ်ကိုမိမိ လှိုက်လှိုက်လှဲလှဲ ကြည်ညိုတယ်ဆိုတဲ့သဘောကို ယောဂီကိုယ်တိုင် သဘောကျနိုင်ပါပြီ။
လူပုဂ္ဂိုလ်များကို ကျေပွန်အောင် မေတ္တာပွားပြီးပြီဆိုရင်တော့ ဦးစွာ
- မိမိထိုင်နေတဲ့ အခန်းရဲ့ မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။
- မိမိထိုင်ရာမှ အရှေ့ကနေပြီး မေတ္တာ စ ပွားတာ လွယ်ကူပါတယ်။ ဒါကို အထပ်ထပ်ပွားလို့ ကျေပွန်ရင်..
- အိမ်ဝန်းရဲ့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။
- ပြီးရင် ရပ်ကွက်ကျေးရွာနယ်နိမိတ်ထိ မေတ္တာပွားရပါမယ်။
- အဲဒီနောက် မြို့နယ်၊ ခရိုင်၊ တိုင်းနယ်၊ ပြည်နယ်၊ နိုင်ငံနယ်နိမိတ်အထိ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။
- ဆက်ပြီးတော့ ကမ္ဘာကနေ အန္တစင်္ကြာဝဠာထိအောင် စိတ်ကို မြှင့်မြှင့်ပြီးတော့ ချဲ့ချဲ့ပြီးတော့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရမယ်။
- အလေ့အကျင့်ရလာတဲ့အခါမှာတော့ အရပ်မျက်နှာဘောင်တွေ မရှိတော့ဘဲ စက်ဝန်းကြီးအတိုင်း မေတ္တာလှိုင်းများ ချဲ့ချဲ့ပြီး သွားနေတယ်လို
ခံစားရတတ်ပါတယ်။
- အဲဒီအ၀န်းက ရံခါ လင်းနေတယ်၊ ရံခါ ဖွေးနေတယ်လို့လည်း ထင်ရတတ်ပါတယ်။ မိမိကိုယ်ကနေ မေတ္တာလှိုင်းများ ပို့တဲ့ဆီကို အမှန်တကယ်ရောက်နေပြီလို့လည်း ခံစားရတတ်ပါတယ်။
- အထူးသတိပြုဖို့လိုတာကတော့ မိမိရဲ့မေတ္တာကြောင့် ရန်သူငုပ်လျှိုပြိုလဲစေရမယ်၊ ရန်သူ ဒုက္ခရောက်ရမယ်၊ ငါ့မေတ္တာစူးရင် သင်ရူးပြီလို့ မတွေးကြံရဘူး၊ မရည်ရွယ်ရဘူး၊ ဒီလို စိတ်သဘောထားနှင့် မေတ္တာပို့ရင်တော့ မေတ္တာမဖြစ်နိုင်တော့ပါဘူး၊ မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသအာဃာတတွေ ရန်ငြိုးတွေသာ
ဖြစ်ဖွယ်ရှိတယ်။ ပို့တဲ့သူဆီကို မေတ္တာရောက်မှာ မဟုတ်တော့တဲ့ပြင် မိမိမှာပဲ ပူလောင်ပင်ပန်းစေတဲ့ အကုသိုလ်ကိလေသာစိတ်တွေဖြစ်ပြီး ပင်ပမ်းဖွယ်ပဲ
ရှိပါတယ်။ မေတ္တာရဲ့ငြိမ်းအေးချမ်းသာမှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။
နေ့စဉ်ဘ၀ထဲ၌ လုပ်ရင်းကိုင်ရင်း ပွားများခြင်း
မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေ ပွားနေခြင်းဖြစ်ပါတယ်။ အလေ့အကျင့်ရလာတဲ့အခါကျတော့ နေ့စဉ်ဘ၀ထဲကို မေတ္တာရောက်ရှိနေပါပြီ။ ဒီလိုရောက်လာဖို့ အထောက်အကူဖြစ်နိုင်ဖို့နည်းလမ်းကတော့ လူတစ်ယောက်ကို တွေ့ရင် မိမိက ဦးစွာ မေတ္တာပို့ပါ။ တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ သွားတဲ့ အလေ့အကျင့်လုပ်ပါ။ အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။ မေတ္တာပို့ရင်းပဲ အိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ နိုးနိုင်ဖို့ လေ့ကျင့်ပေးပါ။ စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကို မေတ္တာပွားပြီးမှစားပါ၊ တစ်ယောက်ယောက်ကို သတိရရင်လည်း မေတ္တာအရင်ပွားပါအုံး။
ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာ မေတ္တာစိတ်ဖြစ်အောင် လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။ စိတ်ထဲ သူ့အလိုလိုပဲ ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။ ဆင်းရဲဒုက္ခရောက်သူကို တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ သနားကရုဏာစိတ်တွေ ရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။
မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။
မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကို ပွားများဖြန့်ဖြူးပို့သ မှီဝဲနေတဲ့ ရဟန်းကို ဈာန်မှ မဆိတ်သုဉ်းသောရဟန်း၊ ပြည်သူ့ဆွမ်းကို အကျိုးရှိအောင် ဘုဉ်းပေးသုံးဆောင်သောရဟန်းဆိုပြီး အထူးချီးမွမ်းတော်မူပါတယ်။
ထင်ရှားတဲ့သာဓကအနေနှင့်တော့ ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စ၀ဂ္ဂီငါးပါးနှင့် ဘုရားရှင်ရဲ့မေတ္တာတော်ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။
“မြတ်စွာဘုရားရှင်သည် ထိုပဉ္စ၀ဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသော သတ္တ၀ါတို့အပေါ်၌ မည်သည့်သတ္တ၀ါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့် သိမ်းကျုံးဖြန့်လွှမ်းထားနိုင်သော မေတ္တာစိတ်ဓာတ်တော်ကို အကျဉ်းချုံး ရုံးစု၍ သီးသန့်ပိုင်းခြား သတ်မှတ်သောအားဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာဖြန့်ပို့တော်မူ၏။ ဘုရားရှင်မေတ္တာဓာတ် ထိခိုက်ခြင်းကြောင့် ထိုပဉ္စ၀ဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင် (သိဒ္ဓတ္ထလာလျှင် ခရီးဦးအကြိုမပြုတော့ဘူးဟူသော)မိမိတို့ မူလကတိအတိုင်း မရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်းစသော အမှုကိစ္စအားလုံးကို ပြုမိကြလေပြီ” ဒါက မေတ္တာရဲ့သာဓကပါပဲ။
နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌ ဖြန့်လွှမ်းပို့နိုင်တဲ့ မေတ္တာစိတ်ဓာတ်ကို နာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်းတော်မူပါတယ်။ နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာ ဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။
မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့.. မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခု မစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊ တရားတို့မည်သည် ပုဂ္ဂိုလ်သတ္တ၀ါ၊ အချိန်ကာလ၊ နေရပ်ဒေသဟူ၍ မရှိကောင်းပါဘူး။ အရင်လည်း စွမ်းတယ်၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။ ဘုရားရှင်ဟောတော်မူတဲ့ တရားတော်မှန်သမျှဟာ.. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲ အစွမ်းထက်လှပါတယ်။ ကျင့်ကြံအားထုတ်နေသူတွေ ရှိသရွေ့လည်း သာသနာဟာ မကွယ်ပျောက်ပါဘူး။ ဒါကို သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်ထားမှ ထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။ နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်း ဘ၀သံသရာမှာ အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်
အဲဒါကြောင့် ပူလောင်းခြင်းဒေါသရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အေးမြတဲ့မေတ္တာရေချမ်းကို အားရပါးရ တ၀ကြီး တစ်သက်တာထာဝရ သောက်လိုက်ကြပါစို့ .....
ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ.....
 
  • ကဏ္ဍစုံပြခန်းဆီမှ

မြန်မာ့ယဉ်ကျေးမှု

 

မြန်မာ့ယဉ်ကျေးမှု
သည် ဗုဒ္ဓဘာသာယဉ်ကျေးမှု ပင်ဖြစ်သည်။ မြန်မာလူမျိုးများသည် ယဉ်ကျေးသိမ်မွေ့သော လောကဝတ်ကို တန်ဖိုးထားတတ်ကြသည်။ လူအများရှေ့တွင်အမျက်ထွက်ခြင်း သို့မဟုတ်ချစ်မြတ်နိုးမှုမှ ပေါ်ပေါက်လာသည့် ပိုလွန်းသည့်ရင်တွင်းခံစားမှု ဖော်ထုတ်ခြင်း ကိုမနှစ်သက်ကြပါ။ လူကြီးသူမ၊ မြင့်မြတ်သော ပုဂ္ဂိုလ် နှင့် ရဟန်းသံဃာများကို ရိုသေလေးစာစွာ ဆက်ဆံပြောဆိုတတ်ကြသည်။ ပစ္စည်းတစ်ခုခုကိုဖြစ်စေ အရာဝတ္ထု တစ်ခုခုကိုဖြစ်စေ သက်ကြီးရွယ်အို (ကိုယ့်ထက်အသက်ကြီးသူ) များ၏ခေါင်းပေါ်မှ ဖြတ်ကျော် ၍ပေးခြင်းကို ရိုင်းစိုင်းသည်ဟုယူဆကြသည်။ အခမ်းအနားများတွင် ဘိုးဘွား မိဘ နှင့် ဆရာသမားများ ကိုလက်အုပ်မိုး၍ရှိခိုး ကန်တော့ကာအရိုအသေပေးလေ့ ရှိသည်။ ထို့အပြင် ဘုရား၊ ကျောင်း၊ ကန်နှင့် ရဟန်းသံဃာများရှေ့တွင်လည်း လက်အုပ်မိုး၍ ယဉ်ကျေးစွာ အရိုအသေပေး ရှိခိုးကန်တော့လေ့ရှိသည်။

cultureI


မြန်မာလူမျိုးတို့သည် ဣုနြေ္ဒသိက္ခာ နှင့် လူနေမှုစရိုက်တို့ကိုအထူးသတိပြုနေထိုင်ကြသည်။ အရမ်းလည်း အားနာ တတ်ကြပါတယ်။ ဥပမာ - ဧည့်သည်တစ်ယောက်ယောက်အား ဘာသုံးဆောင်မလဲဟု မေးသောအခါ ဧည့်သည်မှ “ဘာပဲဖြစ်ဖြစ် ရပါတယ်” ဟု အမြဲလိုလိုပင်ဖြေတတ်ကြပါတယ်။ ယင်းမှာ မရှိနိုင်သောအရာအား အိမ်ရှင်ထံမှ တောင်းဆိုမိခြင်းမှ အလိုလျှောက်ရှောင်ကျဉ်နိုင်ရန်ဖြစ်ပါတယ်။

 

လူသူရှေ့တွင် ဒေါသထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ စိတ်လိုက်မန်ပါလုပ်ခြင်းများကို မသင့်လျော်ဟုယူဆ ကြပါသည်။ ထို့အပြင် မြန်မာလူမျိုးများသည် အလွန်ခင်မင်ဖွယ်ကောင်းပြီး မိတ်ဆွေအပေါင်းအသင်းကိုလည်း ခင်တွယ်တတ်ကြပါသည်။ မြန်မာလူမျိုးများနှင့် အခြားသောဗုဒ္ဓဘာသာဝင်တို့သည် ခန္ဓာကိုယ်၏ ထိပ်ဆုံးပိုင်းဖြစ်သော ဦးခေါင်းကို ကိုင်တွယ်ပုတ်ခတ်ခြင်းရှောင်ကျဉ်ကြသည်။ ထို့အပြင် ကလေး ငယ်များ၏ဦးခေါင်းကို ပုတ်ခတ်ခြင်းသည် ကလေးငယ်၏ ကျန်းမာရေးကိုထိခိုက်နိုင်စေခြင်းကြောင့် ငယ်ရွယ်သူများ၏ဦးခေါင်းကို ပုတ်ခတ်ခြင်းမှလည်းရှောင်ကျဉ်ကြသည်။ ခြေထောက်ဖြင့်ညွှန်ပြ စေခြင်းလည်းမသင့်လျော်ပါ။ ဘုရား၊ ကျောင်းကန် များ၏ ပရိဝုဏ် သို့မဟုတ် သူတစ်ပါးအိမ် အတွင်းသို့ ဝင်ရောက်ရာတွင်လည်း မိမိတို့၏ ဖိနပ်၊ ခြေအိပ်စသည်တို့ကို ချွတ်ပြီးမှဝင်ရောက်ရန်သင့်လျော်သည်။

Wednesday, August 28, 2013

မိဘဂုဏ်ကျေးဇူး အထူးသိစရာ သံဝေဂလင်္ကာ

ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း စာအုပ်ထဲတွင် ကျွန်တော်ဖတ်လိုက်ရသည့် မိဘများ ဂုဏ်ကျေးဇူးကို မသိဘဲ တာဝန်ပျက်ကွက်သူများကို သတိသံဝေဂ ရစေရန် မြတ်စွာဘုရားကိုင်တော်တိုင် စီမံပေးတော်မူ ခဲ့သော ကဗျာလေးတစ်ပုဒ် ဖြစ်ပါသည်။ ထိုသံဝေ ကဗျာလေးမှာ-

  • သူတို့လေးယောက် ဖွားမြောက်လာကတည်းက ငါ ၀မ်းမြောက်၏။ သူတို့ တစ်စတစ်စ လူလားမြောက်လာသည်ကို ငါ နှစ်လို၏။ သို့ပါလျက် သူတို့က မယားနှင့် အလိုတူ အလိုပါပြုကာ ငါ့ကို အိမ်မှ နှင်ထုတ်ကြ၏။ ၀က်ကို ခွေးတွေ ဟောင်သကဲ့သို့ပင် ဖြစ်၏။
  • မိုက်ရိုင်းယုတ်မာလှသော မြေဖုတ်ဘီလူးတို့သည် သားယောင်ဆောင်၍ ငါ့နား ကပ်လာကြ၏။ ဖေဖေ ဖေဖေဟု ပလီပလာ ဆိုလာကြ၏။ ထိုသို့ ပလီခဲ့သူတို့ကပင် သေခါနီးသော ဖခင်ကြီးကို ရက်ရက်စက်စက် စွန့်ပစ်ကြကုန်၏။
  • ခိုင်းစေ၍ မရနိုင်တော့သော မြင်းအိုကြီးကို စားခွက်မှ ဆွဲထုတ်ကြသကဲ့သို့ သားဆိုးသားမိုက်တို့ ဖခင်အိုကြီးမှာလည်း အိမ်မှ နှင်ထုတ်ခံထားရသဖြင့် အိမ်တကာလည်၍ တောင်းစားနေရ၏။
  • ငါလက်ထဲက တောင်ဝှေးသည် အဘစကား နားမထောင်သော သားလေးယောက်ထက် မြတ်ပါသေး၏။ ဤတောင်ဝှေးသည် နွားဆိုးတို့ကိုလည်း ကာကွယ်ပေး၏။ ခွေးဆိုးတို့ကိုလည်း တာဆီးပေး၏။ ညအခါ မှောင်မိုက်ထဲဝယ် သူ့ကို ရှေ့ကထား၍ သွားရ၏။ ကျင်းတွေ ချိုင့်တွေ ရှိသောအခါ ထောက်ရာတည်ရာ ရ၏။ မတော်တဆ လဲကျသွားရာမှာလည်း သည်တောင်ဝှေးကိုပင် ထောက်၍ ပြန်ထခဲ့ရပေသည်။
ဤသို့ အနက်အဓိပ္ပာယ်ရှိသော ကဗျာလေးပုဒ်ကို ဘုရားရှင်ကိုယ်တော်တိုင် စီကုံးတော်မူကာ ပုဏ္ဏားအိုကြီးတစ်ယောက်အား နှုတ်တိုက်ချ၍ သင်ပေးတော်မူရ၏။ အသက်အရွယ် အိုရသည့်အထဲတွင် စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေသဖြင့် ပုဏ္ဏားကြီးမှာ အသိဥာဏ် ထိုင်းမှိုင်းနေရှာ၏။ သည်ကဗျာလေးပုဒ်ကိုပင် ရက်ပေါင်းများစွာ သင်ယူရ၏။ ပုဏ္ဏားအိုကြီး နှုတ်တိုက်ရသည်အထိ ဘုရားရှင်ကလည်း အခေါက်ခေါက် အခါခါ ချပေးတော်မူရပေသည်။
အမှန်တော့ ပုဏ္ဏားကြီးသည် သူဌေးကြီးတစ်ဦး ဖြစ်ခဲ့၏။ ရှိရှိသမျှ ငွေနှင့်ပစ္စည်းများကို သားလေးယောက်ကို မသေခင် အမွေပေးမိသဖြင့် အတိဒုက္ခ ရောက်ခဲ့ရ၏။ မယားစကား နားထောင်၍ သားလေးယောက်လုံးက သူ့ကို တစ်ယောက်ပြီး တစ်ယောက် နှင်ထုတ်လိုက်၍ အိမ်တကာလည်၍ တောင်းစားနေရ၏။ ဤတွင် ကြံရာမရရှာသော ပုဏ္ဏားကြီးသည် ဘုရားရှင်ထံ ရောက်လာ၍ ကံကောင်းသွားပေသည်။
ဘုရားရှင် သင်ပေးလိုက်သော ကဗျာလင်္ကာများကို နှုတ်တိုက်ရအောင် သင်ယူကာ ပုဏ္ဏားအိုကြီးသည် ကောင်းကောင်းကြီး အသုံးချနိုင်ခဲ့၏။ သားလေးယောက်လုံး စုံညီသောအခါ ဤကဗျာ လင်္ကာလေးများကို ရွက်ဆို ပြလိုက်ခြင်းဖြင့် သားလေးယောက်လုံး အထိတ်တလန့်ဖြစ်ကာ ဖခင်ကြီးကို ပြုစုလုပ်ကျွေး ကြရပေတော့သည်။
(ဓမ္မပဒ အဌကထာ၊ နာဂ၀ဂ်၊ ပုဏ္ဏားအိုကြီးနှင့် သားများဝတ္တု)

မိဘကျေးဇူး မြင်းမိုရ်ဦးကို အထူးကျေအောင် ဆပ်ကြပါ…

မိဘတို့၏ကျေးဇူးတရားကို ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သော မြင်းမိုရ် တောင်နှင့် ဥပမာကပ် ဂုဏ်နှိုင်းအပ်လည်း ဤမျှမြင့်ဆို ထိုမြင်းမိုရ်မှာ နွားချိုခန့်သာရှိတော့ သည်ဟု ဗုဒ္ဓမြတ်ဘုရား ဟောကြားခဲ့၏။ မိဘများသည် ဗြဟ္မာအလား စိတ်ထားပိုင်ရှင်များ လည်းဖြစ်ကြသည်။။ ကိုယ်ဝန်တည်ရာ ရှိလာသောအခါ ရောဂါကင်းပါစေ၊ အင်္ဂါခြေလက် ပြည့်စုံပါစေဟု သန္ဓေသားအား မေတ္တာပို့၏။ မွေးဖွားလာလို့ ငိုသံကြားကလည်း ကရုဏာ တရား ဖြစ်ပွားကြ၏။ သားသမီးများ လမ်းလျှောက်ပြေးလွှား ကစားကြ၍ ထိုထိုအတတ် မွန်မြတ်သည့်ပုံ တွေ့ကြုံပြန်တော့ မုဒိတာတရား ဖြစ်ပွားကြ၏။ ကိုယ့်ခြေကိုယ့်လက် မားမား ရပ်၍ အိမ်ယာခွဲကာ စီးပွားရှာနိုင်လို့ မိဘအကူ မယူရဘဲ နေသည့်အခါကျပြန်တော့လည်း သားသမီးတို့အပေါ်၌ ဥပေက္ခာတရား ပွားများကြသည့် မိဘတို့၏ ကျေးဇူးမှာကား လွန်စွာ များပြား ကြီးမားလှပါသည်။


မိဘတို့၌ ဆပ်လို့မကုန်နိုင်သော ဂုဏ်တော်များ ရှိသောကြောင့် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များ အဖြစ် အမြဲဂါရ၀ ရိုသေကြရမည်ဖြစ်သည်။ မိဘမေတ္တာ သီတာရေစင်ပမာ အေးမြသည်သာ ဖြစ်သောကြောင့် သားသမီးတို့အတွက်ဆိုလျှင် အဆန်မရှိ အစုန်သာလျှင်ရှိသော မေတ္တာရှင် များဖြစ်ကြသည်။ ဖ၀ါးလက်နှစ်လုံး ဖခုံးလက်နှစ်သစ်မှ အစပြု၍ လူဖြစ်အောင် ကျွေးမွေးခဲ့ ကြပြီးလျှင် ငါးအင်သောဝတ္တရား မပျက်ပြားရအောင်လည်း ဆောင်ရွက်ပေးခဲ့ကြသည်။ လူဘုံ အလယ် ဂုဏ်အငယ်ဘို့ ပညာရည်နို့ သောက်စို့နိုင်ရန်လည်း မိဘတို့ကပဲ ဆောင်ရွက်ပေး ခဲ့ကြသည်။ “တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိသည်၊ သားဆိုးသမီးဆိုးကိုတော့ ပစ်ရိုး ထုံးစံမရှိ”သည့်မိဘများပင် မဟုတ်ပါလော။

အနန္တကျေးဇူးရှင် ထိုမိခင်ဖခင်တို့၏ ကျေးဇူးတရားကို ဘယ်သောအခါမှ မမေ့အပ်။ အခွင့်သင့် တိုင်း မိမိတတ်နိုင်သမျှ မှန်စွာကျေးဇူးဆပ်ရပါမည်။ မဆပ်နိုင်ဘူး ထားလိုက်ဦး၊ ကျေးဇူး မကန်းမိဘို့ အရေးကြီးသည်။ ကျေးဇူးကန်းမိလျှင် ယခုဘ၀မှာတင် ဒုက္ခပင်လယ်ဝေကြရမည့် အပြင် မဂ်ဖိုလ်မှလည်း ဖီလာဖြစ်သွားနိုင်ပေသည်။ မိဘနှစ်ပါးက သားသမီးဆယ်ကိုးယောက် ကို ကျွေးမွေးထားနိုင်သော်လည်း သားသမီးဆယ်ကိုးယောက်က မိဘနှစ်ပါးကို မကျွေးမွေးနိုင် သည်မှာ အဘယ့်ကြောင့်နည်း။ ကျေးဇူးတရားကို မသိမှုနှင့်သတိတရား မေ့လျော့နေမှုကြောင့် ပင်ဖြစ်သည်။ လောက၌ ရခဲလှသော သူနှစ်ဦးသည်ရှိ၏။ ထိုသူတို့မှာ-
(၁) ရှေးဦးစွာ ကျေးဇူးပြုတတ်သောသူနှင့်
(၂) သူ့ကျေးဇူးကိုသိပြီး ပြန်လည်ကျေအောင်ဆပ်နိုင်သောသူတို့ဖြစ်ကြသည်။
ရခဲပြီးမွန်မြတ်သည့်သူဖြစ်အောင် မိဘကျေးဇူးကိုသိပြီး ကျေပြွန်အောင်ဆပ်နိုင်ဘို့် သတိတရား မမေ့လျော့ဘဲ ရိုသေလေးမြတ်စွာ ပေးဆပ်ကြရပါမည်။

ထိုသို့မဟုတ်ဘဲ သားသမီးယုတ်တို့မှာကား မိဘဆီမှ အမွေရလမ်းမမြင်လျှင် ထံပါးနီးရပ် မကပ်ကြဘဲ ရှောင်တတ်ကြ၏။ ထို့ကြောင့် “မိဘကိုပင်၊ ဥစ္စာမြင်မှ၊ ခင်မင်မြတ်လေး၊ သားတို့ ကျွေး၏၊ သမီးတို့မွေး၏၊ ပဲရွေးမရှိ၊ မိဘတို့အား၊ သမီးသားသည်၊ ထံပါးနီးရပ်၊ မကပ်တုန်လျင်း၊ ရှောင်ကြခွင်း၏။”ဟူ၍ ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီးက ရေးစပ်တော်မူ ခဲ့ခြင်းဖြစ်ပေသည်။်။ မိဘတို့၌ ဥစ္စာရှိလျှင် မသေခင်ကပင် အမွေခွဲချင်ကြသည့် သားသမီးများ လည်း ရှိကြပေသည်။ မိဘတို့ သေသွားလို့ အမွေမညီကြလျှင် ညီအစ်ကို မောင်နှမချင်း ရုံးတက်ကာ သူ့ထက်ငါအပြိုင်ပြု အမွေလုကြသည်လည်းရှိသည်။ မည်မျှသံဝေဂရစရာ ကောင်းလိုက်သနည်း။ အမွေယူ မှားနေကြသည်။ သားသမီးတို့မည်သည် မိဘတို့၏ ကောင်းမှု အမွေများကို ဆက်လက်ခံယူကျင့်သုံးရမည်သာဖြစ်၏။ ဤမျှတင်မဟုတ်သေး၊ မိဘတို့ဂုဏ် တိုးပွားရေးကို အလေးထားကာ ထိန်းသိမ်းစောင့်ရှောက်ပေးရမည်ဖြစ်သည်။ သားသမီးအမျိုး အစား(၃)မျိုးရှိ၏။ ၎င်းတို့မှာ-
(၁) အတိဇာတ- မိဘထက်သီလ၊ သမာ၊ ပညာစသော ဂုဏ်ကျေးဇူး လွန်မြတ်သောသူ။
(၂) အနုဇာတ- မိဘနှင့် ဂုဏ်ကျေးဇူး တူမျှသောသူ။
(၃) အ၀ဇာတ- မိဘအောက် ဂုဏ်ကျေးဇူး နိမ့်ညံ့သောသူတို့ ဖြစ်ကြပေသည်။

မိဘတို့၏ မွေးကျွေးဟောင်းကို ပြန်လည်ကျေးဇူးဆပ်သည့်လမ်းစဉ်မှာ ဘုရားရှင်ကိုယ်တော် တိုင် ဖြည့်ကျင့်တော်မူခဲ့သော အလွန်ထူးမွန်မြတ်သည့် ပါရမီကုသိုလ်ထူးကြီးပင်ဖြစ်သည်။ ဘုရားအလောင်းတော်များသည် ယင်းကုသိုလ်တော်မြတ်ကို သတိဉာဏ်ကပ်၍ ဘ၀ အသင်္ချေအနန္တ ဖြည့်ကျင့်တော်မူခဲ့ကြခြင်းဖြစ်သည်။ မဟာနန္ဒိယမျောက်မင်းဘ၀ ဖြစ်စဉ် အခါက ဖခင်မျောက်မင်း မရှိသည့်နောက် စိုးစံအုပ်ချုပ် မင်းလုပ်ခဲ့သည်။ မင်းဖြစ်သည့် အလျောက် စားသောက်ဖွယ်ရာ အဖြာဖြာနှင့် ချောသက်လျာမိဖုရားများ ရှိပင်ငြားသော်လည်း မိခင်အို မျက်မမြင်ကိုသာ ပြုစုလုပ်ကျွေးရန် စည်းစိမ်အများ စွန့်ထားခဲ့၏။ တစ်နေ့တွင် မုဆိုး တစ်ယောက် တောလည်ရောက်လာပြီး မိခင်အိုကြီးကို ပစ်မည်လုပ်တော့ “မိခင်အိုကြီးအား ချမ်းသာထား၍ ကျွန်ုပ်အားသာ သတ်ယူပါ”ဟု အသေခံကာ ကျေးဇူးဆပ်ခဲ့လေသည်။ သုဝဏ္ဏ သာမ လုလင်ဘ၀မှာလည်း မျက်မမြင်မိဘများကို လုပ်ကျွေး၍အသက်မွေးနေစဉ် ဘုရင်မင်း တရား တောလည်သွားရာ သုဝဏ္ဏသာမအား သမင်ထင်ကာ အမြင်မှား၍ လေးနှင့်ပစ်ခွင်း လိုက်သည်တွင် မိဘလုပ်ကျွေးသည့်သားမြတ်ဖြစ်သောကြောင့် သိကြားမင်းမနေသာတော့ဘဲ လူ့ပြည်ဆင်းကာ ဆေးကုသပေးရန် မိဘများလိုရာဆု မေးသည့်အခါ “သားရွှေအိုး ထမ်းလာတာကို မြင်လိုပါကြောင်း” ဆုတောင်းလိုက်သဖြင့် မျက်မမြင်မိဘများ စက္ခုနှစ်ကွင်း အလင်းရစေခဲ့သည်မှာလည်း မိဘကိုလုပ်ကျွေးသော အလောင်းတော်၏ ဂုဏ်ကျေးဇူးကြောင့် ပင် ဖြစ်ပေသည်။

“မြတ်စွာဘုရား ဘုန်းကံကြီးမားပေစွတကား”ဟူ၍ အပေါ်ယံသာ ကြည်ညိုကာမနေနှင့်။ ကြီးမားစေသော အကြောင်းတရားများကလည်း ထိုကဲ့သို့ မိဘကျေးဇူးကိုသိပြီး လုပ်ကျွေးခဲ့ သော ဘ၀များမှာ အသင်္ချေအနန္တပင် မဟုတ်ပါလော။ ယခုခေတ်၌ ဘုန်းကံကြီးမားသူ နည်းပါး သည်မှာ မိဘကျေးဇူးတရားကိုမေ့ပြီး ပျော်တပြုံးပြုံး မော်မဆုံးနိုင်ဘဲ ငါးအာရုံအင်အစု ခင်မှုနှင့် နေ့ကုန်နေကြလို့သာဖြစ်သည်။ ခေတ်ပညာတတ်ကျွမ်းလာတော့ အိုကြီးချက်မ ဘာမျှမသိလှ သည့် မိဘတွေပါလားဟူ၍လည်း ကဲ့ရဲ့ကာအပြစ်ဆို အညစ်ပိုတတ်ကြသည့် သားသမီးများ လည်းရှိကြသည်။ အမည်နောက်မှာ ဆယ်ဘွဲ့ချိတ်ထားသော်လည်း မိဘကို စော်ကားသော သားသမီးများမှာ အဟိတ်တိရိစ္ဆာန်လိုသာဖြစ်ပေသည်။ ကျောင်းကသင်ပေးထားသော အတတ်ကား သညာသိ၊ နှလုံးသားမှလာသော အသိကား ပညာသိ ဖြစ်လေသောကြောင့် ပါရမီထိုက်သည့် ကုသိုလ်များမှာ ပညာသိဖြင့်လုပ်မှရ၏။

ထိုသို့အသိ ပညာရှိကား မိဘကျေးဇူး မဆိုထားနှင့်၊ “တစ်လုတ်စားဘူး သူ့ကျေးဇူး”ပင် မြဲစွာသတိကပ် ပေးဆပ်တတ်ကြသည်။ လူလားမြောက်အောင် အသက်နှင့်ရင်း မွေးပေးခဲ့ပြီး အလုတ်ပေါင်းများစွာ ကျွေးဘူးထားသော မိဘကျေးဇူးမှာကား ဆိုဖွယ်ရာမရှိတော့ပြီ။ ထို့ ကြောင့် ဘုရားရှင်ထုံး နှလုံးမူပြီး လမ်းညွှန်ပေးထားသည့်အတိုင်း လောကီလောကုတ္တရာ နည်းရှစ်ဖြာဖြင့် မိဘတို့၏ ဂုဏ်ကျေးဇူးကို အခါအခွင့် မလင့်စေဘဲ အမြန်မှန်စွာ ပေးဆပ်ပါလေ။

လောကီနည်းဖြင့် ကျေးဇူးဆပ်နည်း
(၁) စားရေးအတွက် ထောက်ပံ့ခြင်း။
(၂) ၀တ်ရေးအတွက် ထောက်ပံ့ခြင်း။
(၃) နေရေးအတွက် ထောက်ပံ့ခြင်း။
(၄) ကျန်းမာရေးအတွက် ထောက်ပံ့ခြင်း။

လောကုတ္တရာနည်းဖြင့် ကျေးဇူးဆပ်နည်း
(၁) ဘုရား၊ တရား၊ သံဃာစသော ရတနာမြတ်သုံးပါးတို့အပေါ်၌ သဒ္ဓါတရားမရှိသည့် မိဘတို့ကို သဒ္ဓါတရားရှိအောင် တရားဟောပေးခြင်း။
(၂) ကိုယ်ကျင့်သီလကောင်း မရှိသောမိဘများအား သီလရှိအောင် တရားဟောပေးခြင်း။
(၃) စွန့်လွှတ်ပေးကမ်း မလှူဒါန်းကြသော မိဘများကို စွန့်လွှတ်စာဂ အာစာရနှင့် ပြည့်စုံအောင် တရားဟောပေးခြင်း။
(၄) အမှန်အမှား မပိုင်းခြားတတ်ဘဲ ပညာဉာဏ် နည်းပါးသောမိဘများအား ပညာရှိ အောင် တရားဟောပေးခြင်း။
(တရားဓမ္မ မဟောတတ်ကလည်း တခြားနည်းများဖြင့် ဆောင်ရွက်ပေးကြရပါမည်။)

မိဘကျေးဇူး လွန်စွာကြီးလှသောကြောင့် လောကီနည်း တစ်နည်းတည်းဖြင့်တော့ အသက်ရာ တိုင် ပေးဆပ်နိုင်သော်လည်း မိဘကျေးဇူး မကျေနိုင်ပေ။ ၎င်းကို ကိုးခန်းပျို့လင်္ကာမှာ “မိကို လက်ယာ၊ ဖကိုလက်ဝဲ၊ ကိုင်ချီဆွဲလျက်၊ ပခုံးထက်ဝယ်၊ အသက်ရာတိုင်၊ မမုန်းနိုင်ဘဲ၊ သုံးတိုင်ဝတ်တွား၊ လုပ်ကျွေးငြားလည်း၊ မွေးဖွားသိုက်ကျူး၊ ရှိတင်ဘူးသည့်၊ ကျေးဇူးဂုဏ်ပြိုင်၊ မဆပ်နိုင်ခဲ့။” ဟူ၍ ရေးစပ်ထားပေသည်။ ထို့ကြောင့် မိဘကျေးဇူး မြင်းမိုရ်ဦးကို အထူးကျေ အောင် ဆပ်ကြရန်မှာ လောကီနည်း တစ်ခုတည်းဖြင့် မလုံလောက်၊ လောကုတ်နည်းဖြင့်ပါ ပြီးမြောက်အောင် ဆောင်ရွက်ပေးကြရပါမည်။ ဤနည်းဖြင့် ဆပ်လျှင်ကား ကျေးဇူးကျေသည့် လမ်းစဉ်ဖြစ်ကြောင်း “မိဘကျေးဇူး၊ ကြွေးအထူးကို၊ ကြည်နူးတုံ့ကာ၊ ဆပ်လိုပါမူ၊ သဒ္ဓါကင်းပ၊ သီလမဖြူ၊ အလှူမပေး၊ ကင်းဝေးသုတ၊ မိနှင့်ဖကို၊ ဖြောင့်ဖြချိုသာ၊ စေတနာဖြင့်၊ သဒ္ဓါစာသား၊ မြတ်တရားနှင့်၊ စုံငြားလေအောင်၊ ကျိုးအားဆောင်ကာ၊ များမြောင်ထေထေ၊ ကျေးဇူးကျေမည်၊ ဆပ်လေသူတို့၊ လမ်းစဉ်တည်း။”ဟူ၍ ရှေးပညာရှိတို့က ဗုဒ္ဓမြတ်ဘုရား မြွက်ကြားခဲ့သည့် အတိုင်း ကိုးကားကာ ရေးသားတော်မူခဲ့ကြပေသည်။

ထို့ကြောင့်နောက်ဆုံး နိဂုံးချုပ်ရပါလျှင် “မိဘနှစ်ဖြာ၊ ရှိနေပါလည်း၊ ကျေးဇူးမသိ၊ မဆပ်ဘိက၊ တစ်သက်လုံးလုံး၊ လူဖြစ်ရှုံး၏။”ဆိုသည့် ပညာရှိတို့ သတိပေးထားရာအတိုင်း မိမိကိုယ်ကို သတိဖြစ်စေခြင်းငှာလည်းကောင်း၊ စာရှုသူ ဓမ္မချစ်ခင် သူတော်စင်တို့အားလည်း သတိတရား ပွားများစေခြင်းငှာလည်းကောင်း ဤဓမ္မဆောင်းပါးဖြင့် ပါရမီဒါန ပြုလိုက်ရပါသည်။ စာရှုသူ ပရိတ်သတ်အားလုံး အပူခပ်သိမ်း ဒုက္ခငြိမ်း၍ သန္တိဓါတ်မြတ် ကိန်းနိုင်ကြပါစေသတည်း။

မိဘကျေးဇူး ဆပ်စေလို


လောကကြီးမှာ ကိုယ့်အပေါ်ကို အကောင်းနိုင်ဆုံးက မိဘ လေ။ မိဘကို မသေခင်ကျွေးပါ သေမှ ငို မနေပါနဲ့ ဆိုတာ အရမ်းမှန်တာပဲ။ ဖခင် တယောက်လုံး သေဆုံးသွားမှ သေခြင်းတရားကို သဘောပေါက်မိတယ်။ သေမယ်ဆိုတာ ကြိုသိခဲ့ရင် ဆိုးမိုက်ခဲ့မှာ မဟုတ်ပါဘူး။ လူတိုင်း ဘယ်သူအရင် သေမယ်။ ဘယ် အချိန်မှာ သေမယ်။ ဘယ်နေရာမှာ သေမယ်။ ဘာကြောင့် သေမယ် ဆိုတာ ဘယ်သူမှ ကြို မသိနိုင်ကြပါဘူး။ လောကကြီးမှာ မိဘကျေးဇူး မဆပ်နိုင်သေးရင် နေပါ ကျေးဇူး မကန်း ကြရင် တော်တော်ကောင်းနေပါပြီ။ ကျေးဇူးကန်းမိလို့ မိဘ မရှိတော့မှ နောင်တ ရ နေရင် ကိုယ့် ဘ၀ တခုလုံး အညွန့်ကျိုးသွားပါပြီ။ လောကကြီးမှာ အစားထိုးလို့ မရနိုင်တာ မိဘလေ။ ကျန်တာတွေက အစားထိုးလို့ရပါတယ်။ မိဘနဲ့ ပတ်သက်တဲ့ ကုသိုလ်လေးတွေကို သံသရာအထိ သယ် မသွား ပဲ ဘ၀ ကို နောင်တ မရှိ ဖြတ်သန်းစေချင်ပါတယ်။ လူတိုင်း မိဘကျေးဇူး ဆပ်နိုင်တဲ့ သားကောင်းရတနာ၊ သမီးကောင်းရတနာ တွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုပါတယ်။

မိဘမေတ္တာသားလိမ္မာ

သာဝတ္ထိပြည် သာဝတ္ထိမြို့မှာ အသပြာရှစ်သိန်း ချမ်းသာတဲ့ ပုဏ္ဏားလင်မယား ရှိပါတယ်။ သူတို့မှာ သားလေးယောက် ဖွားမြင်ပါတယ်။ အချိန်တန် အရွယ်ရောက်တော့ သားတစ်ဦးစီကို မိဘတို့ ၀တ္တရားနဲ့အညီ ငွေအသပြာ တစ်သိန်းစီ ပေးပြီးအိမ်ထောင် ရက်သားချ ပေးလိုက်တယ်။ ဒီလိုနဲ့ တစ်နေ့ ပုဏ္ဏားမ ကွယ်လွန်သွား တဲ့အခါ ပုဏ္ဏားကြီးမှာ ငွေအသြာ လေးသိန်းနဲ့ တစ်ဦးတည်း ကျန်နေခဲ့တယ်။ ဒီအခါမှာ သားလေးယောက်နဲ့ ချွေးမလေးယောက်က ငါတို့အဖေက အထီးကျန်နေပြီ သူသာနောက်မိန်းမ ထပ်ယူရင် အခုကျန်နေတဲ့ ငွေအသပြာ လေးသိန်း ငါတို့ရမှာ မဟုတ်ဘူး ၊ အဖေကို အခုလိုသေးမရှိ ပြုစုလုပ်ကျွေးရင် ဒီအသပြာတွေ ရနိုင်တယ်ဆိုပြီး တိုင်ပင်ပြီး ပုဏ္ဏားကြီးကို လုပ်ကျွေးကြပါတယ်။ စိတ်ထဲက မိဘကျေးဇူးကို သိတတ်လို့ ပြုစုတာ မဟုတ်ဘဲ ပုဏ္ဏားကြီးဧ။် အသပြာ မျက်နှာကြောင့်သာ လုပ်ကျွေးကြတာပါ။

ဒီလိုနဲ့ ပုဏ္ဏားကြီး ယုံလောက်တဲ့ တစ်နေ့မှာ သားတွေက ပြောပါတယ်။ အဖေ.. အဖေက အသက်ကြီးပြီ စီးပွားရေးလဲ မလုပ်နိုင်တော့ဘူး။ အဖေကိုလည်း တစ်ယောက်ထဲ ထားရတာ စိတ်မချဘူး၊ ဒီတော့ သားလောက်အိမ်မှာ တယောက်တလှည့် လိုက်နေပါ။ အဖေပိုင်တဲ့ အသပြာ လေးသိန်းကိုလဲ သားတို့ စီးအပွားအတွက် ခွဲဝေပေးပါလို့ ဖခင်ပုဏ္ဏားဆီမှာ အမွေတောင်းပါတယ်။ ပုဏ္ဏားကြီးကလည်း အော်..ငါ့သားတွေချွေးမတွေက တော်လိုက်၊လိမ္မာလိုက်တာ။ င့ါအပေါ်မှာလဲ အင်မတန် လိမ္မာရေးခြားရှိပြီး ပြုစုကြတယ် ဆိုပြီးသူ့မှာ ကျန်နေတဲ့ ငွေလေးသိန်းကို တစ်ယောက် တစ်သိန်းစီ သားလေး ယောက်ကို ခွဲဝေပေးပါတယ်။ ပုဏ္ဏားလည်းပဲ သားတွေအိမ်မှာ လိုက်နေပါတယ်။

အမွေတွေရပြီး တစ်လလောက် ကြာတော့ သားကြီးကဆူပူ ချွေးမက ငြူစူတော့ သားလတ်အိမ်ကို သွားနေခဲ့ပါတယ်။ သားလတ်ကဆူပူ မိန်းမက ငြူစူပြန်တော့ နောက်သားတစ်ယောက် အိမ်ကိုပြောင်းနေရ ပြန်ပါတယ်။ နေစရာ အားကိုးစရာ မရှိတော့ ဆွေမျိုးတွေကလည်း လက်မခံ ကြပြန်ဘူး။ ဒီလိုနဲ့ အိမ်အဆင့်ဆင့် ပြောင်းပြီးနေ ခဲ့ရာမှာ နောက်ဆုံး အားကိုးစရာ နေစရာ မရှိတော့ ပုဏ္ဏားအဖိုးအိုကြီး လေလွင့်ပြီး မြို့တကာ ရွာတကာ မှာတောင်းရမ်း စားသောက်ပြီး နေခဲ့ရပါတယ်။

တစ်နေ့မှာ ပုဏ္ဏားကြီး စဉ်းစားတယ်။ သာဝတ္ထိမြို့မှာ လူတွေကို ကြင်နာသနားတတ်၊ အားကိုးစရာ ပေးတတ်တဲ့ ရဟန်းဂေါတမ ရှိတာပဲ။ ငါလည်း အားကိုးစရာများ ရလိုရငြား သွားဦးမှပဲ လို့ဆိုပြီး မြတ်စွာဘုရားထံ ရောက်ရှိလို့ လာခဲ့ပါတယ်။ မြတ်စွာဘုရားထံ ရောက်တော့ ပုဏ္ဏားအဖိုးကြီးက သူ့ဘ၀ဇာတ်ကို ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။ ဒီတော့ မြတ်စွာဘုရားက ပုဏ္ဏားကြီးကို သနားသွားပြီး ဂါထာလေးပုဒ် သင်ပေးလိုက်ပါတယ်။

ပုဏ္ဏား၊ သင် ဒီဂါထာလေးပုဒ်ကို အရဆောင်ထားပါ။ ပုဏ္ဏားပွဲလမ်းသဘင် အစည်းအဝေး ကျင်းပတဲ့အခါ ပုဏ္ဏားများစွာ တတ်ရောက်လာ ပါလိမ့်မယ်။ သင့်သားလေးယောက်လဲ ဒီအစည်းအဝေးပွဲမှာ တတ်ရောက်လာပါမယ်။ အဲဒီအခါ သင်ဒီဂါထာလေးပုဒ်ကို ပရိသတ်ရှေ့မှာ ဆိုပြလိုက်ပါလို့ ဟောကြားလိုက်ပါတယ်။ ပုဏ္ဏားလည်း အစည်းအဝေးပွဲ ရောက်ရှိလာတဲ့ အခါကြတော့ အို..ပရိသတ်အပေါင်း ပုဏ္ဏားတို့ အကျွန်ုပ် အကြောင်းကို ခဏလောက် ပြောခွင့်ပြုပါ။ အကျွန်ုပ်ကို ရဟန်းဂေါတမ သင်ပေးလိုက်တဲ့ ဂါထာလေးပုဒ်ကို ဆိုခွင့်ပြုပါလို့ ခွင့်တောင်းပြီး ဂါထာလေးပုဒ်ကို ပြောပြပါတယ်။

နံပါတ်တစ်ဂါထာရဲ့ အဓိပ္ပာယ်ကတော့ အကျွန်ုပ်မှာ သားလေးယောက် ဖွားမြင်ပါတယ်။ ဒီသားတွေကို မိဘတို့ ၀တ္ထရားနဲ့ အညီပြုစု စောင့်ရှောက် ခဲ့သော်လည်း ငါအသက်အရွယ် ကြီးလာတော့ ခွေး၊နွား၊၀က်တို့ကို နှင်ထုတ်သလို ငါ့အားမောင်းထုတ်တယ်။ ငါ့သားတွေဟာ ခွေးထက်မိုက်တဲ့ သားတွေပါတကား။

နံပါတ်နှစ် ဂါထာရဲ့ အဓိပ္ပာယ်ကတော့ ငါ့မှာအသပြာ ရှိတုန်းတော့ ငါ့အားချိုသာစွာ ဆက်ဆံတယ်။ မိဘဆီက အမွေတောင်း ပြီးတဲ့အခါကျ နောက်ထပ် ရလမ်းမမြင်တော့ ငါ့အား ငေါက်ငမ်းဆူပူ လိုက်ကြတာ ငါ့သားလေးယောက်ကို သရဲစီး ဘီလူးစီးနေတဲ့ သူများလို့တောင် ထင်မိပါတယ်။

နံပါတ်သုံး ဂါထာရဲ့ အဓိပ္ပာယ်ကတော့ အသက်အရွယ် အိုမင်းကြီးရင့်တဲ့ ငါ့အား နွားအို ကျွဲအိုကြီးတွေကို ခိုင်းမကောင်းလို့ အစာရေစာ မကျွေးဘဲ ချောင်ထိုးထားသည့် တရစ္ဆာန်လို ပစ်ထားကြပါတယ်။ အားကိုးစရာ မရှိတဲ့ ငါ့မှာ မြို့တကာ လှည့်လည်ပြီး တောင်းရမ်းစား သောက်ရတဲ့ ဘ၀ရောက် နေရပါတယ်။

နံပါတ်လေး ဂါထာရဲ့ အဓိပ္ပာယ်ကတော့ အို...ပရိတ်သတ် အပေါင်းပုဏ္ဏားတို့ ငါ့မှာ လမ်းလျှောက်လျှင် အားကိုးစရာ တောင်ဝှေးတစ်ချောင်းရှိပါတယ်။ ဤတောင်ဝှေးသည် ငါလမ်းလျှောက်လျှင် ခွေးဟောင်ခြင်း၊ နွားမောင်းခြင်း၊ချုံထဲမကျ ရောက်အောင်နှင့် ခလုတ်ကန် သင်းများကို ကူညီရှင်းလင်း ပေးပါတယ်။ ငါဧ။်ရင်မှ ပေါက်ဖွားလာသော ရင်နှင့်သည်းချာ သားလေးယောက် ရှိသော်လည်း ဖခင်ဖြစ်သူ ငါ့အပေါ်မှာ စော်ကားမိုက်ရိုင်း လိုက်ပုံများ တောင်ဝှေးလောက်တောင် အားမကိုး ရပါတကားလို့ ပုဏ္ဏား အဖိုးအိုက ပရိသတ်တွေကို ရင်ဖွင့်ပြပါတယ်။

ဒီအခါမှာ ပရိသတ်တွေက ပုဏ္ဏားကြီးကို သနားလာ ကြပါတယ်။ အဲဒီခေတ်က ဗြဟ္မဏ ၀ါဒမှာ မိဘဆီက အမွေယူပြီး ပြန်လည်မပြုစု မလုပ်ကျွေး ဘူးဆိုရင် အဲဒီသူကို သတ်တဲ့ဥပဒေ ရှိပါတယ်။ ဒီတော့ သားလေးယောက်က ပုဏ္ဏားကြီးဆီလာပြီး အဖေ သားတို့ကို ခွင့်လွတ်ပါ၊ သားတို့ မှားပါပြီလို့ မျက်ရည်စက်လက် နဲ့အသနားခံ ၀န်ချတောင်းပန် ကြပါတယ်။ သားဆိုးသမီးဆိုးတွေကို ပစ်ရိုးထုံးစံ မရှိတဲ့ မိဘဖြစ်တဲ့ ပုဏ္ဏားကြီးက မကြည့်ရက်တော့ သတ်မယ် လုပ်နေတဲ့ ပုဏ္ဏား ပရိသတ် များကိုလည်း ပုဏ္ဏားအဖိုးကြီးမှ ကျွန်ုပ်ဧ။် သားများဟာ တကြိမ်တခါ မှားကြတာမို့ ခွင့်လွတ်ပေးပါရန် တောင်းပန်ပေးပါတယ်။

ဒီအခါမှာ ပုဏ္ဏားများက အဖကို လုပ်ကျွေးပါ။ နောက်တခါ ဒီလိုမျိုး ထပ်ဖြစ်ရင် အသင်တို့ကို သတ်ရပါ လိမ့်မည်လို့ ပြောဆိုသတိ ပေးလိုက်ပါတယ်။ ဒီမှာ သားလေးယောက်က ပုဏ္ဏားအဖိုးကြီးကို အိမ်ပြန်ခေါ် သွားပါတယ်။ ရေမိုးချိုးပေး၊ အမွေးနံသာတွေ လိမ်းကျံပေးပြီး ခြေဆုပ်လက်နယ် ပြုလုပ်ပေးပါပြီး ဇနီးမယား၊ သားသမီးတွေကို ဖခင်ဖြစ်သူ ပုဏ္ဏားကြီးအား လုပ်ကျွေးပြုစုဖို့ သေသေချာချာ မှာကြားကြပါတယ်။

နေ့စဉ် သားတစ်ယောက်ဆီက ဆွမ်းအုပ်တအုပ်ပို့တော့ ဆွမ်းအုပ်လေးအုပ်နဲ့ ချမ်းသာနေတဲ့ ပုဏ္ဏားကြီးက စဉ်းစားတယ်။ ငါအခုလို စိတ်ချမ်းသာ လူချမ်းသာ ဖြစ်သာ ရဟန်းဂေါတမရဲ့ ကျေးဇူးတော် ကြောင့်ဆိုပြီး မြတ်စွာဘုရားကို ဆွမ်းအုပ်နှစ်အုပ် ဆပ်ကပ်လှူ တန်းပါတယ်။

တစ်နေ့ သားကြီးဖြစ်သူက အလှူအတန်း လုပ်ချင်တော့ ဖခင်ပုဏ္ဏားနဲ့ တိုင်ပင်တယ်။ ဒီတော့ ပုဏ္ဏားက ဗြဟ္မဏတွေကို မလှူချင်ဘူး အဖေကတော့ မြတ်စွာဘုရား ဂေါတမကိုသာ လှူချင်ပါတယ် လို့ဆိုတော့ မြတ်စွာဘုရားကို ဆွမ်းကပ်လှူဒါန်း ကြပါတယ်။ ပုဏ္ဏားက အရှင်ဘုရားရဲ့ ကျေးဇူးတော်ကြောင့် ယခုတပည့်တော်ရဲ့ သားလေးယောက်ဟာ လိမ္မာသိတတ်ပြီး ပြုစုလုပ်ကျွေးခြင်းကြောင့် တပြည့်တော်ဟာ ယခုဆိုရင်ဖြင့် ချမ်းသာစွာ နေရပါတယ်လို့ ဘုရားအား လျှောက်ထားပါတယ်။

သားလေးယောက်နဲ့ ချွေးမလေးယောက်ကိုလည်း မြတ်စွာဘုရားက ချစ်သားတို့ အသင်တို့သည် မိဘကို ပြုစုလုပ်ကျွေးခြင်းဖြင့် ကောင်းမြတ်သော မင်္ဂလာအမှုကို ပြုလုပ်လေသည် ဆိုပြီး မိဘကို ပြုစုလုပ်ကျွေးတဲ့ တရားတော်ကို ဟောကြားတော် မူပြန်ပါတယ်။ နောက်ဆုံးမှာ ပုဏ္ဏားအဖိုးကြီးနဲ့ သားသမီးချွေးမတို့ အရိယာ သောတပန် ဖြစ်ကုန်ကြပါတယ်။

လောကမှာ ဘယ်နေရာ၊ ဘယ်ဒေသ ရောက်ရောက် ဘယ်အရွယ်ပဲ ရောက်ရောက် မမေ့သင့် အမေ့အပ်တဲ့ အရာငါးမျိုး ရှိပါတယ်။ အဲဒါကတော့ ဘယ်အရာနှင့်မျှ နှိုင်းယှဉ်လို့ မရတဲ့ အနန္တအနန္တ ငါးပါးဖြစ်ပါတယ်။ အဲဒီကျေးဇူးတွေကို အခါအခွင့် သင့်ရင်သင့်သလို ဆပ်ရပါမယ်။ မိဘဆရာ သမားတွေရဲ့ ဂုဏ်ကျေးဇူးဟာ နှိုင်းမရအောင် ကြီးမားလွန်းပါတယ်။ လောကမှာ ကျေးဇူးဆပ်လို့ မကျေနိုင်တာ အဖေနဲ့ အမေရဲ့ ကျေးဇူးတွေပါ။ ဘယ်သားသမီးကမျှ ကျေအောင်မဆပ် နိုင်ကြသေးပါဘူး။ ဒါကြောင့် မြတ်စွာဘုရားက မိဘကျေးဇူးကို တရားနှင့်သာ ကျေအောင်ဆပ်လို့ ရပါတယ်လို့ ဟောကြားထားပါတယ်။

သဒ္ဒါတရား၊ သီလတရား၊ ဒါနတရား၊ ပညာအရာမှာ အားနည်းနေတဲ့ မိဘတွေကို သဒ္ဒါတရား တွေရှိလာအောင် သီလတရားတွေ ရှိလာအောင်၊ ဒါနတရားတွေ ရှိလာအောင်၊ ပညာဥာဏ် အရာမှာ အားနည်းနေတဲ့ မိဘတွေကို တရားနဲ့ ဆုံဆည်းနိုင်အောင် သားသမီးတွေက စီစဉ်ဆောင်ရွက် ကျေးဇူးဆပ် ပေးသင့်ပါတယ်။

မြေးမြစ်တွေကို ထိန်းခိုင်းပြီး အိမ်မှာပဲ အချိန်ကုန် မနေစေဘဲ မိဘတွေကို ကျောင်းကန်ဘုရား သွားနိုင်လာအောင် ၊သွားချင်လာအောင်၊ တရားရှာ ရမယ့်အရွယ်မှာ တရားနဲ့ပုတီးနဲ့ နေနိုင်အောင် သားသမီးတွေက စီမံဆောင်ရွက် ပေးရင်ဖြင့် မိဘတွေကို သဒ္ဒါနဲ့ ကျေးဇူးဆပ် တယ်လို့ မြတ်စွာဘုရားက ဟောကြားပါတယ်။

ကိုယ်ကျင့်သီလ နည်းနေတဲ့ အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ အမေမိဘ၊ ဥပုတ် မစောင့်နိုင်တဲ့ အမေမိဘတွေကို ဥပုတ်စောင့်နိုင်အောင် သီလတွေ လုံခြုံနိုင်အောင် စောင့်နိုင်ဖို့ သားသမီးတွေက ကျောင်းကန်ဘုရား ပို့ပေးပြီး သီလစောင့် တည်နိုင်အောင် စီမံဆောင်ရွက်ကာ သီလနှင့် ကျေးဇူးဆပ်လို့ ရပါတယ်လို့ မြတ်စွာဘုရားက ဟောကြားပါတယ်။

အသက်အရွယ် ကြီးလာတဲ့ မိဘတွေက သားသမီးကို ပြန်အားကိုး ရပါတယ်။ ဒီတော့ သားသမီးတွေက အမေမိဘကို မပေးကမ်း ဘူးဆိုရင် မိဘတွေက လှူစရာ တန်းစရာ မရှိကြတော့ ဒါနလုပ်လို့ မရပါဘူး။ဒီတော့ သားသမီးတွေက မိဘလက်ထဲကို လှူဖို့ တန်းဖို့ အတွက် ဘယ်နေရာမှာဖြင့် ကျောင်းဆောက်နေပါတယ် ဘယ်နေရာမှာဖြင့် ဘုရားတည် နေပါတယ် ဆိုပြီး အမေ အဖေ တို့အတွက် သံသရာ ရိက္ခာထုတ် ထုတ်ကြပါ ဆိုပြီးမိဘအတွက် နေ့စဉ်ဒါန ပြုတတ်အောင် ပြုနိုင်အောင် လှူနိုင်၊ တန်းနိုင်အေင် ပုံမှန်ကုသိုလ် ကောင်းမှုတွေ လုပ်နိုင်အောင် သားသမီးက ဆောင်ရွက်ပေးရင်ဖြင့် စာဂ(ဒါန)နှင့် ကျေးဇူးဆပ်ခြင်း ဖြစ်ပါတယ်လို့ ဟောကြားပါတယ်။


ကျောင်းကန်ဘုရား မသွားနိုင်တဲ့ မိဘ၊ တရားအားမထုတ်ရသေးတဲ့ မိဘတွေကို ကျောင်းကန်ဘုရား ပို့ပြီးတော့ အမေ၊အဖေ ဘယ်နေရာမှာ တရားပွဲ ရှိပါတယ် အမေတို့ အဖေတို့ တရားသွားနာပါ ဆိုပြီး သားသမီးတွေကသေသေချာချာ လိုက်ပို့ပေးရမယ်။ တရားစခန်းပွဲ ရှိတယ်ဆိုလျှင်လည်း မိဘတွေ အေးအေးဆေးဆေး တရားအား ထုတ်နိုင်အောင် စီမံဆောင်ရွက် ပေးရင်ဖြင့် ပညာနဲ့ ကျေးဇူးဆပ် ခြင်းဖြစ်ပါတယ် လို့ဟောကြားပါတယ်။

မိဘတွေကို သဒ္ဒါ၊သီလ၊စာဂ၊ပညာ ဆိုတဲ့လေးမျိုးနဲ့ ဆပ်ရင်ဖြင့် မိဘကျေးဇူး ကျေပါတယ်လို့ မြတ်စွာဘုရားက ဟောကြားထားတာပါ။ မိဘအသက် ရှိစဉ်မှာ ပစ်ထားကြပြီး သေသွားမှ မျက်ရည်ကျပြ မနေပါနဲ့။ အဲဒါဆို တန်ဖိုးမရှိတဲ့ သားသမီးတွေ ဖြစ်သွားပါလိမ့်မယ်။ မိဘကျေးဇူးကို မဆပ်နိုင်ရင် နေပါ၊ ကျေးဇူးတော့ မကန်းသင့်ပါ။ ဒါကြောင့် အဖကို လက်ဝဲပုခုံးပေါ်တင် အမိကို လက်ယာပုခုံးခေါ် တင်ပြီးလုပ်ကျွေး ပြုစုတာတောင် မိဘကျေးဇူးကို ကျေအောင်မဆပ်နိုင် သေးပါဘူးတဲ့။

ယူဇနာ နှစ်သိန်းလေးသောင်း ထုတည်ရှိတဲ့ မဟာပထ၀ီမြေကြီး ဘယ်လောက်ပင် ထူပါတယ် ပြောပြော မိဘဂုဏ်ကျေးဇူးနဲ့ နှိုင်းယှဉ်ရင် ၀ါးရွက်လောက်ပဲ ရှိပါတယ်။ ယူဇနာ ရှစ်သောင်းလေးထောင် အမြင့်ဆောင်တဲ့ မြင့်မိုရ်တောင်လည်း မိဘကျေးဇူးနှင့် နှိုင်းစာလျှင် နွားဦးချိုလောက်ပဲ ရှိပါတယ်။စကြာဠာ အနန္တ ဘယ်လောက်ပင် ကျယ်ကျယ် မိဘမေတ္တာ ကျေးဇူးများနှင့် နှိုင်းယှဉ်လျှင် အပ်နဖားပေါက် လောက်လေးပဲ ရှိပါတယ်။ ဘယ်၍ဘယ်မျှ ရှိတယ်လို့ သမုဒ္ဒရာလေးစင်းမှ စီးဆင်းတဲ့ ရေများကို တိုင်းတာလို့ မရသလိုပဲ သမုဒ္ဒရာမှာ စီးဆင်းတဲ့ ရေများကို မိဘကျေးဇူးများနှင့် နှိုင်းယှဉ်လျှင်လည်း မိုးရေစက် တစ်ပေါက်လောက်ပင် ရှိပါတယ်တဲ့။

မိဘနှစ်ဖြာ၊ရှိလေရာ
ဘယ်ခါ မမေ့အပ်
အခွင့်သင့်ကာ တတ်နိုင်ရာ
မှန်စွာကျေးဇူးဆပ်
မဆပ်နိုင်ဘူး ထားလိုက်ဦး၊
ကျေးဇူး မကန်းအပ်။
မဆပ်ခြင်းထက် ကျေးစွပ်ချက်
ဆထက်ဆိုးသည်မှတ်။

လို့ဆိုတဲ့ မိဘမေတ္တာ သားလိမ္မာ တရားတော်ကို နာကြားပြီး ပြန်လည်ရေးသား လိုက်ပါတယ်။မိဘကို လုပ်ကျွေးသော သူသည် ပစ္စုပ္ပန်မှာလည်း အသက်ရှည် ကျန်းမာပြီး သွားလေရာမှာ မျက်နှာပွင့်ပါတယ်၊ ဘေးအန္တာရယ်ဆိုးများ ကျရောက်ခြင်းမှလည်း ကင်းဝေးစေပါတယ်။လူ၊နတ် ချစ်ခင်ပြီး သာဝတ္တံနတ်ပြည်က သိကြားမင်းကတောင် နေ့စဉ်ရှစ်ခိုး ရပါတယ်နော်။


လူသားတိုင်း မိဘဆီက မျှော်ကိုးပြီး ကျေးဇူးဆပ်တာ မဖြစ်စေဘဲ မိဘဧ။် ဂုဏ်ကျေးဇူးကို သိမြင်ပြီး ကျေးဇူးဆပ်နိုင်လို့ သားလိမ္မာ သမီးလိမ္မာ ဘ၀ကို ပိုင်ဆိုင်ရရှိ နိုင်ကြပါစေ။တကယ်တော့ ဒီပို့စ်လေးကို မက်မက်ရဲ့ ရင်ထဲမှာ နေ့စဉ်နေ့တိုင်း ကျရောက်နေတဲ့ အမေများနေ့ အဖေများနေ့ ကိုရည်မှန်းပြီး နာကြားခဲ့ရတဲ့ တရားတော်ကို ပြန်လည်ရေးသား ပေးလိုက်တာပါ။

မိဘမေတ္တာ...

(၁) ရာထောင်ကုဋေ သင်္ချေမက
အေးမြလှသည့် မိဘမေတ္တာ စန်းသီတာကြောင့်
ရင်မှာသောက ကင်းစင်ပလျှက်
ချမ်းမြနှလုံး ရွှင်ကြည်ပြုံး၏။


(၂) မိဘမေတ္တာ စန်းရေပြာကြောင့်
ရင်မှာဒေါသ ပြေလျော့ကျ၍
စန်းတလနှန်း ရွှင်ကြည်ပြုံး၏။
(၃) မိဘမေတ္တာ စန်းရေသာကြောင့်
ရင်နှစ်မျက်ရှု့ သားရွှေဥ
ဗဟုသုတ ပညာရ၍
ဘဝတန်ခွန် လူရည်ချွန်၏။


(၄) မိဘနှစ်ဖြာ ထူးမေတ္တာကြောင့်
မိဘချစ်သား ကျင့်ကြံပွား၍
ပညာပြည့်ဝ နှလုံးနှလျှက်
လောကအလယ် ဂုဏ်တင့်တယ်၏။
(၄) မိဘမေတ္တာ စေတနာကြောင့်
သည်းချာသားလှ ထက်တန်းကျ၍
လူဘုံအလယ် ဂုဏ်မြင့်ကြွယ်၏။
(၅) မိဘမေတ္တာ အကျင်နာကြောင့်
သည်းချာပုတ္တ စိတ်ထားလှ၍
ရွှင်ပြနှလှံး ပီတိဖုံး၏။
(၆) နှိင်းမဲ့ကမ္ဘာ မိဘနှစ်ဖြာ ရွှေမေတ္တာကြောင့်
အရိုင်းကြမ္မာ လှိုင်းပမာ
ဝိုင်းကာကြုံပြန် လောကဓံကို
တွန်းလှန်ကျော်လွှား ခေါင်းကားမငိုက်
စရိုက်မပြောင်း အကျင့်ကောင်းဖြင့်
ဘက်စုံဝိုင်းနှံ ဒေါသမာန်လည်း
သည်းခံခွင့်လွှတ်နိုင်ခဲ့ပါ၏။
(၇) သြော်…မိဘမေတ္တာ စန်းရေပြာက
တရွာတကျေး အနေဝေးလည်း
သားလေးကျန်းမာ စိတ်ချမ်းသာရေး
မေတ္တာထွေးယှက် ပေးပို့လျှက်ပင် ထာဝစဉ်။
(၈) သြော်… မိဘမေတ္တာ စန်းသီတာ
မိဘမေတ္တာ စန်းရေပြာ
မိဘမေတ္တာ အကျင်နာ
ဘယ်ခါခန်းခြောက်နိုင်ပါအံ့နည်း။
(၉) မိဘမေတ္တာ နှိုင်းဖွယ်ရာ
ဒီကမ္ဘာမှာ ဘယ်မှာ ရှိနိုင်ပါအံ့နည်း။
(၁၀) မိဘမေတ္တာ ရတနာ
ဒီကမ္ဘာမှာ ဘယ်မှာ အစားထိုးနိုင်ပါအံ့နည်း။
(၁၁) သြော်…မပြယ်ချစ်ကြွေး ရစ်နှောင်ထွေးဖက်
ပုခုံးထက်ဝယ် တင်လျှက်လုပ်ကျွေး
ပြုစုပေးလည်း တင်ခဲ့ကျေးဇူး
မြင့်မိုရ်ဦးကို အထူးပင်ဆပ်၍
မကုန်နိုင်ပါပေတကား။


(၁၂) ကြင်ကြင်နာနာ မေတ္တာထွေးဖက်
တွယ်တာယှက်သန်း မေတ္တာလမ်းသို့
ဖြောင့်တန်းမတ်စွာ လှမ်းလိုပါ၏။


စိတ်လက်ပျော်ရွှင် ရွှေရင်ခွင်ဖြင့်
နေ့စဉ်ဦးခိုက် ရှိခိုးလိုက်ပါ၏။


(မေ့သားလှ-ဇလဂ္ဂ)

Tuesday, August 27, 2013

သံဝေဂ မေးခွန်းများ




အသင်...အသက်ကြီးနေပြီ သဘောထား မကြီးနိုင်သေးဘူးလား?

အသင်...ဆံပင်တွေ ဖြူနေပြီ စိတ်ထားမဖြူနိုင်သေးဘူးလား?

အသင်...ဆံပင်တွေကျွတ်နေပြီ အကျွတ်တရား မရနိုင်သေးဘူးလား?

အသင်...ထိပ်ပြောင်နေပြီ ကိလေသာ ပြောင်အောင် မလုပ်နိုင်သေးဘူးလား?

အသင်...မျက်စိ မှူန်နေပြီ တရားအတွက် စမ်းတ၀ါးဝါး ဖြစ်နေတုံး ပဲလား?

အသင်... နားထိုင်းနေပြီ တရားနာဖို့ ထိုင်းမှိုင်းနေတုံးပဲလား?

အသင်...အသက် ရှူသံချို့ တဲ့နေပြီ အာနာ ပါန လုပ်ဖို့ ချို့ တဲ့နေတုံး ပဲလား?

အသင်...လျှာထူနေပြီ မကောင်းမှုမှာ ထူပူနေတုံးပဲလား?

အသင်...သွား ကျိုးနေပြီ မာန်မာန မကျိုးနိုင်သေးဘူးလား?

အသင်...ပါးစပ် ရွဲ့ နေပြီ ကုသိုလ် ကို အရွဲ့တိုက်နေတုံးပဲလား?

အသင်...အသံပြာနေပြီ ခုထိ ဗျာ များနေတုံးပဲလား?

အသင်...လက်တွေ တုန်နေပြီ ပုတီး ကိုင်ဖို့  ချီတုံချတုံ ဖြစ်နေတုံးပဲလား?

အသင်...ခြေထောက်တွေ ယိုင်နေပြီ အမှားဘက်ကို ယိုင်နေတုံးပဲလား?

အသင်...အသားအရေတွေ တွန့် နေပြီ ကုသိုလ် လုပ်ဖို့ တွန့်နေတုံးပဲလား?

အသင်...ခါးကိုင်းနေပြီ ရတနာ သုံးပါးကို မကိုင်းရှိုင်း နိုင်သေးဘူးလား?

အသင်...စိတ်တွေဝေနေပြီ ၀ိပဿနာလုပ်ဖို့  တွေဝေနေတုံးပဲလား?


အရှင် သုခမိန္ဒ
တက္ကသီလ မဟာဓမ္မာစရိယ
MA(Buddhism)(Sri Lanka)

ဆင်းရဲပြီး ဒုက္ခရောက်နေသူများ ဘယ်လိုကုသိုလ်မျိုး ပြုသင့်ပါသလဲ



Q.အရှင်ဘုရား…ဆင်းရဲနွမ်းပါးပြီး ဆေးဖိုးဝါးခ မတတ်နိုင်သူများ၊ ကျန်းမာရေးမကောင်းလို့ အလုပ်မလုပ်နိုင် စားဝတ်နေရေးပါ ဒုက္ခရောက်ရသူများ ဘယ်လို ကုသိုလ်မျိုး ပြုသင့်ပါသလဲဘုရား။
(အေးအေး)
...
A.အဲဒီလိုအခြေအနေမျိုးမှာ လုပ်နိုင်တဲ့ကုသိုလ်မျိုးကို လုပ်ဖို့လိုပါတယ်။ ဗုဒ္ဓစာပေမှာ ပုညကြိယ၀တ္တုဆယ်မျိုး (ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်တဲ့ကုသိုလ်ဆယ်မျိုး) ရှိကြောင်းဖော်ပြထားပါတယ်။ အဲဒီဆယ်မျိုးကတော့…
 

၁။ ဒါန = ပေးကမ်းလှူဒါန်းခြင်း
၂။ သီလ = ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလဆောက်တည်ခြင်း
၃။ ဘာဝနာ = တရားဓမ္မကျင့်ကြံအားထုတ်ခြင်
၎။ အပစာယာန = အသက်သိက္ခာ ဂုဏ်ဝါကြီးသူအား အရိုအသေပြုခြင်း
၅။ ဝေယျာဝစ္စ = သူများကုသိုလ်ကောင်းမှု၌ ကူညီဆောင်ရွက်လုပ်ကိုင်ပေးခြင်း
၆။ ပတ္တိဒါန = မိမိရသော၊ မိမိလုပ်သော ကုသိုလ်ကောင်းမှုကို အမျှပေးဝေခြင်း
၇။ ပတ္တာနုမောဒနာ = မိမိသို့ရောက်လာသော ကုသိုလ်အဖို့ တစ်နည်းအားဖြင့် သူများပြုသော ကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ယူခြင်း
၈။ ဓမ္မဿဝန = တရားနာယူခြင်း
၉။ ဓမ္မဒေသနာ = လာဘ်လာဘကို မငဲ့ဘဲ တရားဟောပြောခြင်း
၁၀။ ဒိဋ္ဌိဇုကမ္မ = အယူဝါဒကို ဖြောင့်မတ်မှန်ကန်စွာ ပြုခြင်း
တို့ဖြစ်ပါတယ်။


         ဒီဆယ်မျိုးထဲက မိမိတို့လုပ်နိုင်တဲ့ကုသိုလ်မျိုးကို လုပ်နေပါကလည်း ကုသိုလ်ဖြစ်နေပြီး ဘာမှမလုပ်တာထက်စာရင် အများကြီးအကျိုးကြီးပါတယ်။ ကုသိုလ်ဆိုတာ လုပ်တတ်ရင် ယူတတ်ရင် ရပါတယ်။ လှူစရာမရှိလို့ ကုသိုလ်မရဘူးဆိုတာ မရှိပါဘူး။ ဒါနလုပ်မှသာ ကုသိုလ်ဖြစ်တာမဟုတ်ပါဘူး။ ဒီမှာ ဖော်ပြထားတဲ့ ဆယ်မျိုးထဲမှာ လုပ်လို့ရတဲ့ကုသိုလ်တွေ အများကြီးပါ။ မိမိတို့လုပ်နိုင်တဲ့ လုပ်လို့ရတဲ့ ကုသိုလ်မျိုး ကြိုးစားပြီး လုပ်နေမယ်ဆိုရင် အဆိုးထဲကအကောင်းဆိုသလို ကုသိုလ်တရား တိုးပွားနေမှာပါ။
=========================
စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

" မနာပဒါယီ " ဆိုဒ်မှကူးယူဖော်ပြခြင်းဖြင့် ဓမ္မဒါနပြုပါသည်။

Monday, August 26, 2013

မိထွေးတော်ဂေါတမီ

348dhamma

မိထွေးတော်ဂေါတမီသည် ဘိက္ခုနီရဟန်းမသာသနာတော်ကို စတင်ဖော်ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။ အမျိုးသမီးများ ဘိက္ခုနီသာသနာတော်သို့ ၀င်ရောက်ရန်အတွက် ရှေ့ဆောင်လမ်းပြအဖြစ် ကြိုးစားခဲ့သူ တစ်ဦးလည်းဖြစ်သည်။ နောက်ဆုံး ရဟန်းမဘ၀တွင် သိက္ခာဝါအကြီးဆုံး(ရတ္တညူမဟတ္တ) အရာ၌ ဧတဒဂ်ရခဲ့သည်။ မဟာပဇာပတိဂေါတမီ ထေရီမကြီး၏ ကြိုးစားမူကြောင့် သာသနာတော်သို့ အမျိုးသမီးများ များစွာဝင်ရောက်ခဲ့ကြပြီး အကျွတ်တရားရသူ တရားဖြန့်ပွားသူ သာသနာပြု
အမျိုးသမီးများစွာ ပေါ်ထွန်းခဲ့သည်။ သာသနာ၌ ထူးခြားစွာ ဧတဒဂ်ရခဲ့သော အမျိုးသမီး (၁၃)ဦး ပေါ်ပေါက်ခဲ့ရသည်။


ဤအရှင်မလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက် ဟံသာဝတီမြို့၌ စည်းစိမ်ကြွယ်ဝသော အမတ်ကြီးတစ်ဦး၏ သမီးဖြစ်ခဲ့သည်။ တနေ့တွင် ပဒုမုတ္တရဘုရားရှင်ထံသို့ ဖခင်နှင့်အတူ တရားနာ

လိုက်သွားရာ ဘုရားရှင်က မိထွေးဖြစ်သော ရဟန္တာထေရီမကြီးအား သိက္ခာအကြီးဆုံးအရာ၌ ဧတဒဂ်ထားသည်ကို တွေ့ရ၍ ထိုဆုကိုတောင်းယူလိုသော ဆန္ဒဖြစ်ခဲ့သည်။ ဖခင်ထံ ခွင့်ပန်ပြီး ဘုရားအမှူးရှိသော သံဃာတော်များကို ခုနှစ်ရက် ခုနှစ်လီ အလှူကြီးပေးလှူပြီး ထိုဆုကိုပန်ခဲ့သည်။

အရှင်မလောင်းလျာသည် ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ကဿပ ဘုရားရှင် သာသနာတော် ကွယ်ပပြီးနောက် ဂေါတမဗုဒ္ဓမပွင့်ထွန်းမီ ကြားကာလတွင် အလုပ်သမားငါးရာတို့ကို ကြီးမှူးအုပ်ချုပ်ရသော အလုပ်သမားခေါင်းကြီး၏ ဇနီးဖြစ်ခဲ့သည်၊ ထိုဘ၀တွင် အလုပ်သမားငါးရာတို့၏ လုပ်အားဖြင့် ပစ္စေကဗုဒ္ဓါတို့ကို ၀ါဆိုကျောင်းဆောက်လုပ်လှူခဲ့သည်။ ၀ါကျွတ်တွင် ပရိက္ခရာတို့ကို လှူခဲ့သည်။

ဘ၀တခုတွင်လည်း ယက်ကန်းသည်တို့ကို အုပ်ချုပ်ရသောသူ၏ ဇနီးဖြစ်ခဲ့ပြီး ပဒုမ၀တီမိဖုရားမှ ဖွားသော ပစ္စေကဗုဒ္ဓါ ငါးရာတို့ကို ဆွမ်းလှူဒါန်းခဲ့သည်။

ထိုမှတဖန် လူ့ဘုံ နတ်ဘုံ အစုံအလင်ခံစားပြီးနောက် ဤဘုရားရှင် သာသနာပေါ်ချိန်နီးလာသော

အခါ ဒေ၀ဒဟပြည်တွင် မဟာသုပ္ပဗုဒ္ဓမင်းကြီး၏ သမီးတော်ငယ်ဖြစ်လာ၍ အရွယ်ရောက်သော် အစ်မတော်မာယာဒေ၀ီနှင့်အတူ ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းနှင့် လက်ထပ်ထိမ်းမြှားခဲ့ရသည်။

မယ်တော်မာယာသည် ဗုဒ္ဓမြတ်စွာလောင်းလျာဖြစ်သော သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ပြီး ခုနှစ်ရက်မြောက်တွင် နတ်ရွာလားကာ တုသိတာနတ်ပြည်သို့ ရောက်ရှိသွားသည်။

မယ်တော်မာယာ နတ်ရွာစံပြီးချိန်မှစ၍ ညီမတော်မဟာပဇာပတိဂေါတမီသည် အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး ဖြစ်ခဲ့သည်။ သူမတွင် သားတော်နန္ဒမင်းသားနှင့် သမီးတော်ဇနပဒကလျာဏီတို့ ထွန်းကားခဲ့သည်။ မိထွေးတော်ဂေါတမီသည် မိမိရင်နှစ်သည်းချာ သားလှရတနာဖြစ်သည့် နန္ဒမင်းသားကို နို့ထိန်းများနှင့် လွှဲအပ်ထားပြီး မိမိကိုယ်တိုင်မူကာ ဘုရားလောင်းသိဒ္ဓတ္ထမင်းသားကိုသာ နို့ချိုတိုက်ကျွေး၍ ပြုစုမွေးမြူခဲ့ရသည်။ ဤကဲ့သို့ ဗုဒ္ဓမြတ်စွာလောင်းလျာ ခုနှစ်ရက်သားအရွယ်မှစ၍ မွေးမြူစောင့်ရှောက်ခဲ့ရသည်။ ဗုဒ္ဓလောင်းလျာသည် သက်တော် ၂၉-နှစ်အရွယ် သားတော်ရာဟုလာကို ဖွားမြင်ပြီးနောက် တောထွက်တော်မူသွားသည်။ မိထွေးတော်ဂေါတမီနှင့် မတွေ့ဆုံခဲ့ရချေ။

မြတ်စွာဘုရားသည် ကပိလ၀တ်ပြည်သို့ ကြွတော်မူ၍ ခမည်းတော် သုဒ္ဓေါဒနမင်းနှင့်တကွ ဆွေတော်မျိုးတော်တို့အား နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူခဲ့သည်တွင်မှ ပြန်လည်ဆုံတွေ့ရပြီး ဆွေတော်မျိုးတော်များနှင့်အတူ တရားနာယူရသဖြင့် သောတာပန်အရိယာ ဖြစ်ခဲ့ပါသည်။ မိထွေးတော်ဂေါတမီ၏ သားတော်ဖြစ်သူ နန္ဒမင်းသားနှင့် မြေးတော်ရာဟုလာတို့သည် ဘုရားရှင်၏ သာသနာတော်တွင်းသို့ ၀င်ရောက်ခဲ့ကြသည်။ ညီတော် အာနန္ဒာအပါအ၀င် သာကီဝင်မင်းသား ခြောက်ယောက်တို့သည်လည်း ဘုရားရှင်သာသနာသို့ ၀င်ရောက်သွားကြသည်။ သားတော် မြေးတော်များ ထီးရိပ်နန်းရိပ်မှ သာသနာရိပ်၌ ခိုလူံသွားကြသောအခါ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးနည်းတူ မိမိလည်း ပထမတွင် သားသမီးအချစ် မြေးအနှစ် ဆိုသကဲ့သို့ ခွဲခွာရသော ဒုက္ခကို ခံစားခဲ့ရသည်။

ဘုရားရှင် ဒုတိယအကြိမ် ကပလိလ၀တ်ပြည်သို့ ကြွရောက်လာသော အချိန်တွင် ဂေါတမီသည် ချောမွတ်နူးညံ့လှသော ချည်အကောင်းစားဖြင့် သားတော်ဘုရားအတွက် သင်္ကန်းရက်လုပ်ပြီး လှူခဲ့သည်။ ဘုရားရှင်က ထိုသင်္ကန်းကို လက်မခံဘဲ သံဃာတော်များကိုလှူလျှင် မိမိကိုလည်းလှူရာရောက်သည်ဟု ချီးကျူးကာ သံဃာကိုသာ လှူရန် လမ်းညွှန်မူပေးခဲ့သည်။

ဘုရားရှင် ကပိလ၀တ်မှ ပြန်ကြွ၍ မကြာမီ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ထီးဖြူရိပ်မှာပင် လူဝတ်ကြောင် ရဟန္တာဘ၀ဖြင့် ပရိနိဗ္ဗာန်ပြုခဲ့သည်။ တနေ့ထက်တနေ့ တွေ့ကြုံရသော အပြောင်းအလဲ၊ မမြဲသော သင်္ခါရသဘောနှင့် သာသနာ၏ သဘောတို့ကို သိမြင်လာခဲ့သည်။

ဂေါတမီသည် ရောဟိဏီမြစ်အရေးအခင်းဖြစ်ပြီးနောက် ကောလိယနှင့် ကပိလ၀တ်မှ တစ်ဘက်(၂၅၀) စီ ရဟန်းပြုသွားကြကာ သာကီဝင် မင်းသားတို့၏ ကြင်ယာတော် ဇနီးငါးရာတို့ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ရပြန်သည်။

ဂေါတမီသည် လောကီအမြင်အရ လင်သားမရှိ၊ သားတို့မြေးတို့လည်း မရှိတော့သော မှီတွယ်ရာမဲ့ မုဆိုးမဘ၀၊ အားငယ်စရာဝဖြစ်သည်ဟု ထင်ဖွယ်ရှိ၏၊ သို့သော်လည်း ဂေါတမီသည် ထိုလင်သားမြေးများ မရှိခြင်းကပင် အနှောင်အဖွဲ့မှ လွတ်မြောက်သူ ဖြစ်လာ၏၊ ချစ်လှစွာသော မိဘနှင့် ဇနီး သားမယားတို့ကိုပင် စွန့်ခွာနိုင်လောက်အောင် သာသနာရိပ်ခိုလူံသွားကြသူတို့၏ ချမ်းသာကိုလည်း အားကျမျှော်မှန်းနေခဲ့မိသည်၊ ယခုမူ မိမိအလှည့်၊ မိမိအချိန်ရောက်လေပြီဟု ၀မ်းမြောက်ကာ ဘုရားသာသနာတော်၌ ၀င်ရောက်ခိုလူံရန် စိတ်ဆုံးဖြတ်လိုက်သည်၊ မင်းသမီးငါးရာတို့နှင့် တိုင်ပင်ရာ မင်းသမီးငါးရာတို့ကလည်း သာသနာတော်ဝင်ရန် သဘောတူကြသည်။

ထိုအချိန်က ဘုရားသာသနာတော်၌ ဘိက္ခုနီဝတ်သူ မရှိသေးချ။ မဟာပဇာပတိဂေါတမီသည် ဘုရားရှင်သီတင်းသုံးရာ နိဂြောဓာရုံကျောင်းသို့ဝင်ပြီး ဘုရားရှင်ကို ရိုသေစွာရှိခိုးကာ မြတ်စွာဘုရားသသနာတော်၌ အမျိုးသမီးများ ၀င်ရောက်ထမ်းဆောင်ခွင့်ပြုပါရန်လျှောက်ထားသည်။

“ဂေါတမီ --- သာသနာတော်၌ အမျိုးသမီးများ ၀င်ရောက်ထမ်းဆောင်ခွင့်ကို မတောင့်တပါလင့်”ဟု ဘုရားရှင်တားမြစ်ခဲ့သည်။

ဂေါတမီသည် ဇွဲမလျှော့ဘဲ သုံးကြိမ်တိုင်တိုင် လျှောက်ထားသည်၊ ဘုရားရှင်ကား ခွင့်ပြုတော်မမူ၊ မျှော်လင့်ချက်လမ်းဆုံး၌ ယူကျုံးမရ၊ ၀မ်းနည်းစွာဖြင့် နန်းတော်သို့ ပြန်ခဲ့ရသည်။

မြတ်စွာဘုရားရှင်ကလည်း ကပိလ၀တ်ပြည်မှ ယူဇနာငါးဆယ်ကွာဝေးသော ဝေသာလီပြည်သို့ ကြွသွားတော်မူပြီး မဟာဝုန်တော ကူဋာဂါရကျောင်းတော်၌ သီတင်းသုံးနေတော်မူလေသည်။

မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီနှင့်အတူ သာကီဝင်မင်းသမီး ငါးရာတို့သည် ဆတ္တာသည်တို့ကို ခေါ်၍ အမျိုးသမီးတို့၏ အမြတ်နိုးဆုံးအရာဖြစ်သော ဆံကေသာတို့ကို ပယ်ဖြတ်ကြသည်၊ ထို့နောက် အဖိုးထိုက်တန်သော ထီးသုံးနန်းသုံး အ၀တ်အစား ဆင်ယင်ထုံးဖွဲ့မူများကို ပယ်စွန့်၍ ဖန်ရည်စွန်းသော အ၀တ်များကို ၀တ်ဆင်လိုက်ကြသည်။ ထို့နောက် မြတ်စွာဘုရား ကြွတော်မူရာ အရပ်ကို စုံစမ်းပြီး ခြေလျင်ခရီးဖြင့် လိုက်သွားခဲ့ကြသည်။

ယူဇနာငါးဆယ်ခရီးကိုပင် ဝေါယာဉ်စသည်တို့ကို အသုံးမပြုဘဲ ခြေလျင်လျှောက်လှမ်းခဲ့ကြသည်ကို ကြည့်လျှင် မိထွေးတော်ဂေါတမီတို့၏ သာသနာတော်သို့ ၀င်ရောက်လိုသောဆန္ဒ ပြင်းပြမူကို သိသာနိုင်သည်။ ပင်ပန်းကြီးစွာ လျှောက်လှမ်းခဲ့ရသဖြင့် ဝေသာလီပြည် ဘုရားကျောင်းတော် အနီးသို့ ရောက်သောအခါ နန်းတွင်းသူမင်းသမီးတို့၏ နူးညံ့သော ခြေထောက်များ ပေါက်ကွဲကာ သွေးချင်းချင်းနီလျက် ရှိကုန်၏၊ ခန္ဓာကိုယ်တွင်လည်း ဖုံအလိမ်းလိမ်းကပ်ငြိလျက်ရှိသည်။ ဘုရားရှင် သီတင်းသုံးရာ ကျောင်းပေါက်ဝ နံရံကိုမှီကာ ငိုယိုနေကြကုန်၏။

မင်းသမီးငါးရာတို့၏ ငိုယိုသံကို အရှင်အာနန္ဒာ ကြား၍ လာရောက်စုံစမ်းမေးမြန်းသောအခါ မိထွေးတော်ဂေါတမီ၏ ဘိက္ခုနီ(ရဟန်းမ)ပြုလိုသော ဆန္ဒ ပြင်းပြမူကို သိရှိရသဖြင့် ဘုရားရှင်အား လျှောက်ထားပေးသည်။ အရှင်အာနန္ဒာက မိထွေးတော်ဂေါတမီ၏ ကျေးဇူးဂုဏ်တို့ကို ဖော်ပြ၍ အကြိမ်ကြိမ် ခွင့်ပန်လျှောက်ထား ပန်ကြားသော်လည်း ဘုရားရှင်၏ ခွင့်ပြုချက်မရ။ ထိုအခါ အရှင်အာနန္ဒာက မိထွေးတော်ဂေါတမီ တစ်ဦးတည်းသာ မဟုတ်ပဲ အမျိုးသမီးအားလုံး ဘိက္ခုနီအဖြစ်ဖြင့် အရိယာဖြစ်နိုင်ခွင့်ရှိ မရှိကို မေးမြန်းလျှောက်ထားရာ မြတ်စွာဘုရားရှင်က အမျိုးသမီးများလည်း ဘိက္ခုနီဘ၀ဖြင့် အရိယာဖြစ်နိုင်ကြောင်း ဖြေကြားတော်မူသည်။

နောက်ဆုံး ဘုရားရှင်က မိထွေးတော်ဂေါတမီအား အောက်ပါ ဂရုဓံတရားရှစ်ပါးကို ခံယူဆောက်တည်စောင့်ထိန်းနိုင်ပါက ဘိက္ခုနီ(ရဟန်းမ)အဖြစ်ဖြင့် သာသနာတော်တွင် ရဟန်းပြုခွင့် ပေးမည်ဟု ခွင့်ပြုမိန့်ကြားတော်မူသည်။ ဂရုဓံတရား ရှစ်ပါးတို့ကား -

(၁) ရဟန်းမသည် ၀ါတရာပင်ရသည်ဖြစ်စေ၊ ယနေ့မှဖြစ်လာသော ရဟန်းသစ်ကို ရှိခိုးရမည်၊ ခရီးဦးကြိုဆိုရမည်၊ လက်အုပ်ချီရှိခိုးရမည်၊ အရိုအသေပေးရမည်။

(၂) ယူဇနာဝက်အတွင်း၌ ရဟန်းယောက်ျားတစ်ပါးမျှ မရှိသော ကျောင်းတွင် ၀ါမဆိုရ။ (ယူဇနာဝက်အတွင်း ရဟန်းယောက်ျား ရှိရမည်၊ ဝေးကွာ၍မနေရ။)

(၃) ရဟန်းသံဃာများထံသို့ လပြည့် လကွယ် နေ့တိုင်း ဥပုသ်အမေးသွားရမည်၊ သြ၀ါဒခံယူရန် သွားရမည်။

(၄) ၀ါကျွတ်ပြီးသော ရဟန်းမသည် ရဟန်းနှင့် ရဟန်းမ သံဃာနှစ်ရပ်လုံး၌ ကိုယ်တိုင်မြင်သော၊ တဆင့်ကြားသော၊ ယုံမှားသင်္ကာရှိသော အပြစ်အာပတ်များကို ထုတ်ဖော်ပြဆိုရန် ပန်ကြားရမည်။ (ပ၀ါရဏာပြုရမည်။)

(၅) ကြီးလေးသော အာပတ်ကြီးများသင့်သော ရဟန်းမသည် ရဟန်းမများထံ၌သာ ကမ ရဟန်းတော်များထံသို့လည်း သွား၍ အပြစ်ကို(ဒေသနာကြား) ကုစားရမည်။

(၆) ၀ိကာလဘောဇနာတိုင်အောင် သိက္ခာပုဒ်ခြောက်ခုကို နှစ်နှစ်တိုင်တိုင် ကျင့်ခဲ့ပြီးသော သိက္ခမာန်(အကြိုးတရားကျင့်သူ အမျိုးသမီး)ကို သံဃာနှစ်ရပ်၌ ရဟန်းခံနိုင်ရန် ကြိုးစားအားထုတ်ရမည်။

(၇) မည်သို့သောအကြောင်းရှိသည်ဖြစ်စေ ရဟန်းမသည် ရဟန်းကို မဆဲရေးရ၊ ရေရွတ်တိုင်း

ထွာခြင်းမပြုရ။

(၈) ဤနေ့မှအစပြု၍ ရဟန်းမတို့က ရဟန်းတို့အပေါ် ဆုံးမသြ၀ါဒပြောဆိုခွင့် မရှိပေ။

မိထွေးတော် ဂေါတမီသည် ဤဂရုဓံတရားရှစ်ပါးတို့ကို ခံယူလိုက်သဖြင့် ပထမဦးဆုံး သာသနာ့တာဝန် ထမ်းဆောင်ခွင့်ရသော ရဟန်းမတစ်ပါး ဖြစ်လာ၏။ ဤသာသနာတော်၌ ဂရုဓံတရား ရှစ်ပါးကို ခံယူခြင်းဖြင့် ရဟန်းဖြစ်ခွင့်ရရှိသူမှာ မိထွေးတော်ဂေါတမီ တစ်ပါးတည်းသာရှိသည်။ ထို့ကြောင့် ဤမြတ်စွာဘုရား

သာသနာတော်တွင် ပထမဆုံးဘိက္ခုနီပြုခွင့်ရသဖြင့် ဘိက္ခုနီများတွင် သိက္ခာဝါအကြီးဆုံးရ ဧတဒဂ်ဂုဏ်ထူးဖြင့် ချီးမြှောက်ခြင်းကို ခံယူရသည်။

ရဟန်းတော်များနည်းတူ မြတ်စွာဘုရားအဆုံးအမကို ဟောကြားဆုံးမ၍ အမျိုးသမီးများ အမျိုးသားများနှင့်နည်းတူ သာသနာ့အခွင့်ကောင်းကြီးရအောင် ဆောင်ရွက်တော်မူခဲ့သော မဟာပဇာပတိဂေါတမီကြီးသည် သက်တော် တစ်ရာ့နှစ်ဆယ်အရောက်တွင် ပရိနိဗ္ဗာန်ပြုတော်မူလေ

သည်။ ပရိနိဗ္ဗာန်ပြုခါနီးကာလ ဟောကြားခဲ့သော တရားများနှင့် ပရိနိဗ္ဗာန်ပြုခါနီးကာလအထိ သာသနာပြုသွားပုံမှာ ထူးခြားမှတ်သား လောက်ပေသည်။

မဟာပဇာပတိ ဂေါတမီ ထေရီမကြီး ပရိနိဗ္ဗာန်ပြုခါနီး မြတ်စွာဘုရားရှင်အား လျှောက်ထားပူဇော်သွားေ

သာ တရားစကားများတွင် အောက်ပါ တရားစကားများမှာ အထူးမှတ်သားကြည်ညိုဖွယ် ကောင်းလှသည် -

ရညော မာတာ မဟေသီတိ၊ သုလဘံ နာမ’မိတ္ထိနံ။
ဗုဒ္ဓမာတာတိ ယံ နာမံ၊ ဧတံ ပရမဒုလ္လဘံ။
သားတော်ကြီးဘုရား - မိန်းမသားတို့အား မင်း၏မယ်တော်၊ မင်း၏မိဖုရားဟူသော အမည်ကို ရလွယ်နိုင်၏၊ မြတ်စွာဘုရား၏ မယ်တော်ဟူသော အမည်ကိုမူ အလွန်ရခဲလှပါသည်။ ထိုရခဲလှသော အမည်ကို ဘုရားတပည့်တော်မ ရရှိပါပြီ။
မဓုရာနိ ပဟဋ္ဌာနိ၊ ဒေါသဂ္ဃါနိ ဟိတာနိ စ။
ယေ တေ ၀ါကျာနိ သုယျန္တိ၊ တေပိ ဓညာ နရုတ္တမ။
လူတို့ထက်မြတ်တော်မူသော မြတ်စွာဘုရား - စိတ်နှလုံးကို ရွှင်ပြုံးစေတတ်ကုန်သော အပြစ်အားလုံးတို့ကို သန့်ရှင်းစေနိုင်ကုန်သော အစီးအပွားနှင့် ယှဉ်စပ်ကုန်သော အရှင်ဘုရားသားတော်ကြီး၏ ချိုမြိန်သာယာ အရသာရှိသော စကားတော်တို့ကို ကြားနာကြရကုန်သော သူတီု့သည် ဘုန်းကံ လွန်စွာ ကြီးမားကြသူတို့ ဖြစ်ကြပါ ပေကုန်သည်ဘုရား။
ယံ န ဒိဋ္ဌံ ပုရာဏေဟိ၊ တိတ္ထိကာစရိယေဟိ ပိ။
တံ ပဒံ သုကုမာရီဟိ၊ သတ္တ၀ဿာဟိ ဝေဒိတံ။
ရှေးအခါက ဖြစ်ပေါ်ခဲ့ကြသော ဘုရားအမည်ခံ တိတ္ထိဆရာကြီး အဆက်ဆက်တို့သည်ပင်လျှင် မတွေ့မမြင်ခဲ့ကြသော နိဗ္ဗာန်ကို မြတ်စွာဘုရား သားတော်ကြီး၏ ကျေးဇူးကြောင့် ယခုအခါ အသက်ခုနှစ်နှစ်အရွယ် သတို့သမီးငယ်တို့သည်ပင် သိမြင်ခံစားနေကြပါပြီဘုရား။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော်  စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

မူရင်းလင့်-http://www.anantametta.org/2012/10/blog-post_2953.html

ပဋ္ဌာန်း ၂၄-ပစ္စည်း (အင်္ဂလိပ် ဘာသာပြန်)


၁။ ဟေတု ပစ္စယ=The relation way of root.
၂။ အာရမ္မဏ ပစ္စယ=The relation of object.
၃။ အဓိပတိပစ္စယ=The relation of dominance.
၎။ အနန္တရ ပစ္စယ=The relation of contiguity.
၅။ သမနန္တရ ပစ္စယ=The relation of immediate
contiguity.
၆။ သဟဇာတ ပစ္စယ=The relation of Co-existence.
၇။ အညမည ပစ္စယ=The relation of reciprocity.
၈။ နိဿယ ပစ္စယ=The relation of dependence.
၉။ ဥပနိဿယ ပစ္စယ=The relation of Sufficing
condition.
၁၀။ ပုရေဇာတ ပစ္စယ=The relation of pre-
existence.
၁၁။ ပစ္ဆာဇာတ ပစ္စယ=The relation 0f post-
existence.
၁၂။ အာသေ၀န ပစ္စယ=The relation of habitual
recurrence.
၁၃။ ကမ္မ ပစ္စယ=The relation of Kamma.
၁၄။ ၀ိပါက ပစ္စယ=The relation of effect.
၁၅။ အာဟာရ ပစ္စယ=The relation of food.
၁၆။ ဣန္ဒြိယ ပစ္စယ=The relation of control.
၁၇။ ဈာန ပစ္စယ=The relation of jhana.
၁၈။ မဂ္ဂပစ္စယ=The relation of path.
၁၉။ သမ္ပယုတ္တ ပစ္စယ=The relation of association.
၂၀။ ၀ိပ္ပယုတ္တ ပစ္စယ=The relation of dissociation.
၂၁။ အတ္ထိ ပစ္စယ=The relation of presence.
၂၂။ နတ္ထိ ပစ္စယ=The relation of absence.
၂၃။ ၀ိဂတ ပစ္စယ=The relation of abeyance.
၂၄။ အ၀ိဂတ ပစ္စယ=The relation of continuance