Sunday, August 25, 2013

သေခြင်းနှင်.ပတ်သတ်၍ ဗုဒ္ဓ ဘာသာ များ အထူးသိရန် ဒိဋ္ဌိ နှစ်ပါးကို အောက်တွင် ဖော်ပြထားပါသည်။


သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ နှစ်ရပ်သည် ရုပ်နာမ်အပေါ်၌ အတ္တစွဲလမ်းမှုကို အရင်းခံ၍ ဖြစ်၏။

“ရှေးဘဝက အတ္တဖြစ်သော ရုပ် သို့မဟုတ် နာမ်သည်ပင် ဘဝသစ်၌ ဆက်လက်ပါလာ၏”

ဟု ယူလျှင် “သတ္တဝါသည် မပြတ်မစဲ မြဲ၏”ဟု ယူသော သဿတအယူဘက်သို့ ပါဝင်၏။

“ရှေးဘဝက အတ္တဖြစ်သော ရုပ်နာမ်ဟူသမျှနှင့် လုံးဝ အဆက်အသွယ် မရှိ ပြတ်၏”ဟု ယူလျှင်

ဥစ္ဆေဒအယူဘက်သို့ သက်ဝင်ပြန်၏။

ထိုဒိဋ္ဌိနှစ်မျိုးမှ ကင်းလွတ်ဖို့ရာ “ရှေးဘဝက အကြောင်းနှင့်လည်း မကင်းတတ်၊

တိုက်ရိုက်ပါလာခြင်းလည်း မရှိ” ဟုသာ ယူရာ၏။

ဘဝသစ်၌ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက ရုပ်နာမ်များ တိုက်ရိုက် ပြောင်းရွှေ့လာခြင်း
မဟုတ်။ ဘဝဟောင်းက အကြောင်းများနှင့်လည်း မကင်းနိုင်။

တောင်အနီး၌ ဟစ်အော်သော အသံသည် တောင်နံရံကို တိုက်ခိုက်မိသောအခါ ‘ပဲ့တင်သံ’
ပြန်ထွက်လာသကဲ့သို့တည်း။ပဲ့တင်သံသည် မူလအော်သံလည်း မဟုတ်။ မူလအော်သံနှင့်
ကင်းလျက်လည်း မဖြစ်နိုင်။

ထို့အတူ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက ရုပ်နာမ်အဆက်လည်း မဟုတ်၊

ဘဝဟောင်းက အဝိဇ္ဇာ တဏှာ သင်္ခါရ အကြောင်းများနှင့်လည်း မကင်းနိုင်။

ဆီမီးတစ်ခုမှ ဆီမီးကူးညှိရာ၌ ဒုတိယမီးသည် ပထမဆီမီး၏ အဆက်လည်း မဟုတ်၊

ပထမဆီမီးနှင့်လည်း မကင်းနိုင်ပုံ၊
တံဆိပ်နှိပ်ရာ၌ တံဆိပ်ရာသည် မူလတံဆိပ်၏ အဆက်လည်း မဟုတ်၊

မူလတံဆိပ်နှင့်လည်း မကင်းနိုင်ပုံကို ဥပမာဆောင်၍ ပြကြသည်။

(သဂြိုဟ်ဘာသာဋီကာ၊ အရှင်ဇနကာဘိဝံသ)

No comments: