Monday, August 26, 2013

တရားဟော တရားနာ သိမှတ်ဖွယ်ရာ


အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံး ဖြစ်သည်။ တရားတော်ကို ဟောကြားခြင်း၊ နာယူခြင်းတို့သည် မြင့်မြတ်သော အကျိုးကျေးဇူးများကို ရရှိစေပါသည်။ တရားတော်ကို ကျင့်သုံးစောင့်ရှောက်သူကို တရားတော်က ပြန်လည်၍ စောင့်ရှောက်ပါသည်။ သို့ဖြစ်၍ တရားတော်ကို ရိုသေစွာ ဟောကြား နာကြားခြင်း ပြုရပေမည်။
တရားဟောပုဂ္ဂိုလ်သည် မြင့်သော နေရာ၌ နေသူ၊ လက်နက်ကိုင်ဆောင်ထားသောသူများကို တရားဟောကြားခြင်း မပြုရပေ။ ထို့ပြင် နာမည်ကြီး ထင်ပေါ်ကျော်ကြားလိုခြင်း၊ လာဘ်လာဘ ရရှိလိုခြင်း၊ ဟန်ဆောင်လှည့်ဖြားခြင်း၊ ပုတ်ခတ်စွပ်စွဲ၍ ဟောကြားခြင်းစသည်တို့ကို ရှောင်ရှား၍ သူတော်ကောင်းတရားကိုသာ ဖြောင့်မတ်စွာ ဟောပြောရပေမည်။ ထို့အပြင် အဋ္ဌကထာဆရာတို့က ``အဘိဓမ္မာ တရားတော်ကို ဟောပြောတတ်သူသည်သာ ဓမ္မကထိကမည်၏။ အခြားသူတို့ကား ဓမ္မကထိကမမည်ချေ´´ဟု မိန့်ဆိုထားသောကြောင့် အဘိဓမ္မာတရားကိုလည်း ဟောကြားတတ်ရပေမည်။
တရားဟောကြားရာတွင်လည်း သဘင်သည်များကဲ့သို့ အသံလုပ်ကာ ဟောပြောခြင်း မပြုရပေ။ အသံလုပ်၍ ဟောပြောခြင်းသည် -
-       မိမိ အသံ၌ စွဲလမ်းနှစ်သက်ခြင်း၊
-       အခြားသူတို့လည်း မိမိအသံ၌ စွဲလမ်းခြင်း၊
-       လူအများ၏ ကဲ့ရဲမှုကို ခံရခြင်း၊
-       သမာဓိ ပျက်ပြားခြင်း၊
-       ငယ်ရွယ်သူတို့ အတုယူမှားခြင်း တည်းဟူသော အပြစ်များကို ရရှိစေပါသည်။ ထို့ကြောင့် တရားဟောပုဂ္ဂိုလ်များ သတိထား၍ ရှောင်သင့်သည်များကို ရှောင်၍ အပြစ်ကင်းအောင် ဟောပြောခြင်း ပြုရပေမည်။ သို့မှသာ တရားနာပုဂ္ဂိုလ်များလည်း အကျိုးများပေလိမ့်မည်။
တရားတော်ကို နာယူမှတ်သားခြင်းသည် အောက်ပါ အကျိုးငါးမျိုးကို ရရှိနိုင်ပါသည်။
၁။ မကြားဖူးသည်ကို ကြားနာရခြင်း၊
၂။ ကြားနာဖူးသော တရားကို ရှင်းလင်းစွာ သိရခြင်း၊
၃။ ယုံမှားမှုမှ လွန်မြောက်ခြင်း၊
၎။ ဖြောင့်မှန်သော အယူရှိခြင်း၊
၅။ စိတ်ကြည်လင်ခြင်း တို့ဖြစ်သည်။
တရားနာပုဂ္ဂိုလ်တို့သည် သူတော်ကောင်းတရားကို နာယူခြင်း၊ ရိုသေလေးစားခြင်း၊ ပါရမီရှိသူဖြစ်ခြင်းစသော အင်္ဂါရပ်များနှင့် ပြည့်စုံမှသာ အထက်ပါအကျိုးငါးမျိုးကို ဧကန်မုချ
ရရှိနိုင်ပါသည်။
တရားဟောပုဂ္ဂိုလ်ကို ခင်မင်ခြင်း၊ သူတစ်ပါး အထင်ကြီးစေလိုခြင်း၊ ပျော်ရွှင်ရယ်မောစေလိုခြင်းစသော ရည်ရွယ်ချက်များဖြင့် နာကြားသူတို့သည် ကုသိုလ်ရရှိဖို့ထက် အကုသိုလ်ဖြစ်ဖို့က ပိုများလေသည်။
တရားနာပုဂ္ဂိုလ်သည် သုတမယဥာဏ်ဖြင့် သိမြင်မှတ်သားခဲ့သည့်အတိုင်း အကျင့်မှန်ကို ကြိုးစားအားထုတ်ရမည်။
တရားနာကြားရုံမျှဖြင့် ကျေနပ်နှစ်သိမ့်နေမည်ဆိုလျှင် သံသရာဝဋ်မှ လွှတ်မြောက်ဖို့ရန် အလွန်ကြာနေဦးမယ် ဖြစ်သည်။
တရားနာယူခြင်းသည် နာကြားရုံသက်သက် မဟုတ်၊ လိုက်နာကျင့်သုံးဖို့အတွက် ဖြစ်သည်ဟု သတိပြုသင့်ပေသည်။
ဘုရားရှင်သည် မိမိတို့ ဟောကြား နာကြားနေသော တရားတော်များကို စည်းစိမ်ဥစ္စာ၊ အင်္ဂါ ခြေလက်၊ အသက်ခန္ဓာများစွာတို့ကို ပေးဆပ်၍ ရှာဖွေခဲ့၏။
အချိန်ကာလအားဖြင့် အသင်္ချေယျကပ်ပေါင်းများစွာ ရင်းနှီးခဲ့ရ၏။
ထို့ကြောင့် တရားတော်ကို ရိုသေလေးစားစွာ ဟောကြား နာကြားမှု ပြုသင့်ပေသည်။

No comments: