Sunday, August 18, 2013

သေမင်းနောက် တကောက်ကောက်လိုက်နေရခြင်း

ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း ဒေသနာတော်
ခန္ဓာ ဆိုတာ အပေါင်းအစု၊ အစုအဝေးလို့ အဓိပ္ပါယ်ရပါတယ်။ အင်္ဂလိပ်လို aggregate လို့ ခေါ်ပါ တယ်။ ခန္ဓာ ငါးပါးရှိပါတယ်။ ဘ၀တစ်ခုရလာတာ ခန္ဓာ ရလာတာပါပဲ။ လောကီ နယ်ပယ်မှာတော့ ဘ၀ ကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ ဘကုံးရေဘ ၀လုံးရေ၀ ဘ၀လို့ပဲဆိုဆို ကြိုက်သလို အဓိပ္ပါယ်ဖွင့်ပါ။ မှန်ကန်တဲ့ အဖြေတစ်ခုတော့ ရရှိမှာ မဟုတ်ပါဘူး။ ခန္ဓာဖြစ်ခြင်း အကြောင်းကို သိအောင်လုပ်နိုင်မှပဲ ခန္ဓာမရရှိတော့ခြင်း အကျိုးကို ဖြတ်နိုင်မှာဖြစ်ပါတယ်။ ခန္ဓာတစ်ခုရရှိလာတာ ချမ်းသာသလား ၊ ဆင်းရဲသလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ နေ့တိုင်း ဒီခန္ဓာကြီး အလို လိုက်ပြီး စားချင်တာ ကျွေးရ ၊ စားဖို့အတွက် ရှာရ၊ ၀တ်ချင်တာ ဆင်ပေးရ ၊ ၀တ်ဖို့အတွက် ရှာရ အပုပ်ကောင် ဟုတ်သယောင်နဲ့ ရုပ်ဆောင်ထားတော့ သန့်ရှင်းရေးလည်း လုပ်ပေးရပါသေးတယ်။ နေ့တိုင်း ရေချိုးနေရတာဟာ ၊ ခန္ဓာသန့်ရှင်းရေး လုပ်ပေးနေရတာဟာ ဘာလို့လဲဆိုတာ ပြန်စဉ်းစား ကြည့်လိုက်ပါအုံး။ ပြုပြင်တယ်ဆိုတာ မကောင်းလို့ ပြုပြင်ပေးနေရတာပါ။ လူတွေ တစ်နေ့ တစ်နေ့ တောင်ကနေမြောက် အရှေ့ကနေ အနောက် ကား ၊ ရထား ၊ လေယာဉ်တွေအ ပေါ်မှာ အထက်အောက် စုန်ဆန် ကူးလူးသွားလာ လှုပ်ရှားနေကြတာဟာ စား၊၀တ်၊နေ၊ရေး ဆိုတဲ့ အရေးတွေ ကြောင့်ပဲမလား။ ငါကောင်းကောင်းစားရဖို့ ၊ ငါကောင်းကောင်းဝတ်နိုင်ဖို့ ၊ ငါ့အတွက်၊ ငါ့မိဘအတွက် ၊ ငါ့ တစ်လုံးကို လက်ကိုင်ထားပြီး ခန္ဓာအလို လိုက်နေကြရတာပဲမလား။ ငါရှာလို့ ရတော့ ငါတော်တယ်ဖြစ်လာရော။ ငါရှာနိုင်လို့ ငါဝတ်ရတာဆိုပြီး မာန်မာနက တက်လိုက်သေး တယ်။ တစ်သံသရာလုံး ငါစွဲတွေနဲ့ ငါလုပ်လို့ ငါရတယ်ဆိုပြီး ငါပဲခံကြရတာပေါ့။ ခန္ဓာ့အပြစ်တွေ ပြောရင်တော့ ကုန်နိုင်မယ် မထင်ပါဘူး။

မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ ဒီလိုဆုံးမတော် မူသွားခဲ့တယ်။ ခန္ဓာရလာတာ ဒီခန္ဓာကို အငှားနွား၊ခိုင်းနွားလို သဘောထားပြီး နိဗ္ဗာန်ရောက် အောင် အသုံးချစမ်းပါတဲ့။ ဘယ်လောက်ပဲ ကျွေးကျွေး ၊ဘယ်လောက်ပဲ ဆင်ဆင် ၊ဘယ်လောက်ပဲ ယုယ ယုယ အချိန်တန်တော့ သေမင်းလက်ထဲအပ်ရမှာပဲလေ။ စမွေးကတည်းက အိုခြင်းဆိုတဲ့ ဘူတာကိုပြေးနေလိုက်တာ ၊ အိုတာကိုကြောက်လို့ဆိုပြီး ထပ်ပြေးတော့ နာခြင်းဆိုတဲ့ ဘူတာကစီးကြိုနေပါလေရော ။ နာတာကိုကြောက်လို့ဆိုပြီး ထပ်ပြေးပြန်တော့ သေခြင်းဆိုတဲ့ ဘူတာက စီးကြိုနေပြန်ပါရောလားဗျာ။ ခန္ဓာရတည်းက တစ်ချက်ကလေးမှ အနားမပေးဘူး ။ အမြဲတမ်း နှိပ်စက်နေလိုက်တာ။ အဲတော့ ခိုင်းနွားလို သဘောထားပြီး အချိန်တန်ရင် ပြန်ပေးရမယ့် အငှားနွားလို့ သဘောထားပြီး ခန္ဓာကိုအရင်းပြုပြီး အကျိုးရှိရှိ အသုံးချလိုက်စမ်းပါတဲ့။ အဲ့ဒီထက်ပို ဆိုးတာက အသုဘ လိုက်ပို့ရင် သူတော့သေပြီ ငါတော့ မသေရာ ရှာမယ်ဆိုတဲ့ စိတ်ကူး တစ်ခါမှ ဖြစ်မလာကြပါဘူး။ တရားအလုပ် လုပ်မယ်ဆိုရင်လည်း ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ အကြောင်းပေါင်းစုံပြပြီး မလုပ်ဖြစ်ကြဘူး။ တကယ်တမ်း ယမမင်းထံရောက်ရင် ဘာအကြောင်းမှ ပြလို့ မရပါဘူး။ အမောင့်မေ့ပြစ်အမောင်နဲ့သာ ဆိုင်တယ်။ မည်သူနဲ့မှ မဆိုင် ၊ အမောင် တယ်မေ့သကိုး ဆိုပြီး အပ္ပါယ်လေးဘုံ နေရာဟောင်းကို ပြန်ပို့လိုက်မှာပါ။ သေသွားကြတဲ့သူတွေ ထဲမှာ အားလို့ သေသွားတဲ့ သူ တစ်ယောက်မှ မရှိပါဘူး။ မအားတဲ့ ကြားထဲကပဲ သေသွားကြရတာ ပါ။ ခင်ဗျား တို့ သေရတာ အားမရသေးလို့လား လို့ပဲ မေးစရာ ရှိပါတော့တယ်တဲ့။ မိုးကုတ်ဆရာ တော် ဘုရားကြီးကတော့ ထိထိမိမိ ကို ပြောခဲ့တာပါ။ ငါသည် မုချသေရမည် အချိန်ပိုင်းသာလို တော့သည် အသေမဦးခင် ဥာဏ်ဦးအောင် တရားအားထုတ်ပါတော့မည် ဆိုပြီး အမြဲနှလုံးသွင်းနေ နိုင်အောင် ကြိုးစားကြပါလို့ ဓမ္မမိတ်ဆွေ ညီအစ်ကိုမောင်နှမများကို တိုက်တွန်းလိုပါတယ်ခင်ဗျာ။
ခန္ဓာကို သစ္စာဖြင့်ကြည့်ပါက ဒုက္ခသစ္စာ ရပါတယ်။ ဒီခန္ဓာကြီးရထားတာ ဒုက္ခသစ္စာပေါ့။ဒုက္ခသစ္စာဆိုတာကတော့ မပြတ်တရစပ်ဖောက်ပြန်ပျက်စီးနေတဲ့ သဘော ရုပ်၊နာမ် ဓမ္မသင်္ခါရ တရားတို့ရဲ့ စိုက်ပြီးတောင်အကြည့်မခံပဲ ပျက်ပျက်ပြနေတဲ့ သဘောတွေပါ။အပေါ်ယံ ဒုက္ခတွေကတော့ နေ့တိုင်း ရေချိုးပေးနေရတာ၊ အစားကျွေးနေရတာ၊ စားပြီးတော့ ပြန်စွန့်ရတာ၊ ကျန်းမာအောင် ဆေးကုပေး နေရတာ၊ အ၀တ်ဆင်ပေးရတာ၊ တကယ့်ကို သေသေချာချာစဉ်းစားကြည့်စေချင်ပါတယ်။
ဆုတောင်းပြည့်ဘုရား သိပ်အားကိုးကြတယ်
ဆုတောင်းတိုင်းသာရရင် ထိုင်ပြီးဆုတောင်းနေတော့မယ်
ဆုတောင်းပြည့်ဘုရား မကယ်နိုင်ဘူးမှတ်ပါ
တရားဆိုတာ စဉ်းစားစရာမဟုတ်ဘူး
စဉ်းစားတိုင်းသာ တရားရမယ်ဆိုရင်
ဘာမှမလုပ်တော့ဘူး ထိုင်ပြီးစဉ်းစားနေတော့မယ်
နယူတန်နဲ့ အိုင်းစတိုင်းတောင်
မစဉ်းစား သွားခဲ့နိုင်ဘူး
သိပ္ပံပညာရှင်တွေက လူ့အစ၊လူသားဘယ်ကစဖြစ်သလဲ ရှာကြတယ်
ကမ္ဘာဦးအစ၊ ကမ္ဘာဘယ်ကစဖြစ်သလဲ စိတ်ဝင်စားကြတယ်
မြတ်ဗုဒ္ဓကတော့ ဒုက္ခအစ ရှာပြခဲ့တယ်
အာသ၀မွှေလို့ တဏှာလိုချင်တပ်မက်မှုကြောင့် အ၀ိဇ္ဇာမသိမှုက စတယ်လို့ ပိုင်ပိုင်နိုင်နိုင်ပြောပြခဲ့တယ်
မရှိတာကို ရှာနေလို့ကတော့ ဘယ်တော့မှ ရှာလို့တွေ့မှာမဟုတ်ဘူး
ရှိတာကို ရှာမှပဲတွေ့မှာပေါ့
သိချင်ရင် ပဋိစ္စသမုပ္ပါဒ် သာ ကြည့်လိုက်ပါတော့
သေမင်းခေါ်ရာနောက် တကောက်ကောက်မလိုက်ချင်တော့ရင်ဖြင့်……
ယခုခါမူ…
လူလည်းဖြစ်လာ၊ သာသနာလည်းထွန်းခိုက်၊
အမြိုက်တရား၊ ဟောကြားမည့်သူ၊ လူလည်းမရှား၊
သို့ပါလျက်သားနှင့်မှ…
တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်၊
အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊
အပါယ်လေးလီ၊ မြစ်နဒီတွင်၊
ပလုံစီမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်။
(စလေ ဦးပုည)
နာမ်ရုပ်တရား၊ ဤနှစ်ပါးလည်း
ရှည်လျားကာလ၊ မတည်ကြဘဲ
ခဏဖြစ်လျက်၊ ခဏပျက်၍
နှိပ်စက်ခြင်းရာ၊ လိုမပါဘူး
သဘာဝအား၊ ဤသုံးပါးကြောင့်
ဖြစ်ပွားသမျှ၊ အနိစ္စသည်
ဒုက္ခ အနတ္တပါတကား။
(မင်းကွန်းဆရာတော်ဘုရား)

No comments: