Saturday, March 23, 2013

ဝိပဿနာရှုခြင်း၏အကျိုးနှင့်အကျင့်လမ်းကိုဆင်ခြင်ခြင်း

အကျိုးကိုဆင်ခြင်ပါ

ဤ၀ိပဿနာ အလုပ်ဖြင့် မဂ်ဖိုလ် နိဗ္ဗာန် ကိုရ၏. အပါယ်ဆင်းရဲ သံသရာ ဆင်းရဲတို့မှ လွတ်ကင်း ထွက်မြောက်၏။ ဤမျှ ကြီးကျယ်သော အကျိုးကို ပေါ့ရော့ ပျင်းရိစွာ အားထုတ်၍ ဘယ်မှာ ရနိုင်ပါမည်နည်း။ လောက၌ ငွေတရာ တစ်ထောင် ရဖို့ဆိုလျှင်ပင် ခဲယဉ်းစွာ အားထုတ်ရသည် မဟုတ်ပါလော။ ၇- ရက် ၁၅- ရက် တစ်လ စသည်ဖြင့် ပြည့်စုံစွာ အားထုတ်၍ ဆင်းရဲခပ်သိမ်း ငြိမ်းမည့် လုပ်ငန်းကို အဘယ်ကြောင့် အားတက်သရော မလုပ်နိုင်ပါအံ့နည်း။
တစ်နေ့ အပင်ပန်းခံ၍ လုပ်သည့်အတွက် တစ်သက်လုံးချမ်းသာမည်ဆိုလျှင် သာ၍ပင် စိတ်ပါလက်ပါ လုပ်ထိုက်၏။၁၅ ရက် တစ်လ စသည် အပင်ပန်းခံ၍ အားထုတ်ခြင်းဖြင့် သံသရာတလျှောက်လုံးတွင် တွေ့ကြုံသွားရမည့် ဆင်းရဲဟူသမျှမှ လွတ်ကင်း ထွက်မြောက်နိုင်စေသည့် ၀ိပဿနာ အလုပ်မျိုးကို အဘယ့်ကြောင့် လောကီအလုပ်ထက် အပင်ပန်းခံ၍ အားမထုတ်နိုင်ဘဲ ရှိအံ့နည်း။
အိုသူတော်ကောင်း မဂ်ဖိုလ်နိဗ္ဗာန်ဟူသော အလွန်ကြီးမားတဲ့ အကျိုးကို ရစေနိုင်တဲ့ ၀ိပဿနာ အလုပ်ကို ပြင်းထန်စွာ အားထုတ်ပါလော့။
အကျင့်လမ်းကိုဆင်ခြင်ပါ
ဤ၀ိပဿနာသည် သာမန်ပုဂ္ဂိုလ်တို့ သွားနိုင်သော လမ်းခရီးမဟုတ်ပေ။ ခပ်သိမ်းသော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့သာ သွားနိုင်သောလမ်း ဖြစ်ပေသည်။
ပျင်းရိသော လူညံ့တို့သည် ဤလမ်းကို မသွားနိုင်ကုန်။ ဤလမ်းကို သွားသောသူသည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့၏ ဂုဏ်ထူး အကျင့်ထူးနှင့် တစိတ်တပိုင်းအားဖြင့် ပြည့်စုံနေပေ၏။
အို…သူတော်ကောင်း ဘုရားစသော ပုဂ္ဂိုလ်မြတ်တို့၏ ဂုဏ်အကျင့်ကို ယူရာ၌ အဘယ့်ကြောင့် ပေါ့လျော့နေပါသနည်း။ ထိုပုဂ္ဂိုလ်မြတ်တို့၏ သွားရိုးလမ်းကို ခရီးတွင်အောင် ထက်သန်စွာနှင့် ကြိုးစား၍သာ သွားပါလော့။

No comments: