ကံဆိုသည်မှာ ပါဠိဘာသာ ကမ္မမှ ဆင်းသက်လာသော မြန်မာဝေါဟာရဖြစ်သည်။ ပြုလုပ်ခြင်း-ဟု အဓိပ္ပါယ်ရသည်။ ထိုပြုလုပ်ခြင်းဟူသော ကံသည်
(က) ကာယကံ-ကိုယ်ဖြင့်ပြုလုပ်ခြင်း။
(ခ) ၀စီကံ-နှုတ်ဖြင့်ပြောဆိုခြင်း။
(ဂ) မနောကံ-စိတ်ဖြင့်ကြံစည်ခြင်း-ဟူ၍ သုံးမျိုးရှိသည်။
ထိုသုံးမျိုးသည် စေတနာအရင်းခံ၍ ဖြစ်ပေါ်လာရသောကြောင့် စေတနာကို ကံ-ဟု ခေါ်သည်။
လောက၌ အလုံးစုံသော သတ္တ၀ါဟူသမျှတို့ကို အယုတ်, အလတ်, အမြတ် စသည် ထူးခြားကွဲပြားအောင် ကံကပင် စီမံဖန်တီးပေးသည်။ ကံ၏အကျိုးတရားကြောင့်ပင် တဦးနှင့်တဦး မတူကွဲပြား ခြားနားကြသည်။ အချို့က အမြင့်သို့ ရောက်သည်။ အချို့ အနိမ့်သို့ရောက်သည်။
အချို့က ကြွယ်ဝချမ်းသာသည်။ အချို့က ဆင်းရဲချို့တဲ့သည်။
အချို့က အသက်ရှည်သည်။ အချို့က အသက်တိုသည်။
အချို့က လှပတင့်တယ်သည်။ အချို့က လှပတင့်တယ်ခြင်းမရှိ။
အချို့က ပညာဉာဏ်ကြီးသည်။ အချို့က ပညာဉာဏ် နည်းသည်။
ဤသို့လျှင် တဦးနှင့်တဦး မတူကွဲပြား ခြားနားသည်မှာ ကံ၏အကျိုးပေးအရ ဖြစ်သည်။
ကံနှင့်ပတ်သက်၍ ဗုဒ္ဓဘုရားရှင်က ကောင်းမှုလုပ်သူ ကောင်းကျိုးရ၏။ မကောင်းမှုလုပ်သူ မကောင်းကျိုးရ၏။ အကြင်မျိုးစေ့ကို စိုက်ပျိုး၏။ ထိုအသီးကို သုံးဆောင်ရ၏-ဟူ၍ ဆုံးမတော်မူခဲ့ပေသည်။
ထို့ကြောင့် အကျွန်ုပ်တို့သည် ကောင်းသောအကျိုးကျေးဇူးကို ခံစားရရှိနိုင်ရန် ကောင်းသောအမှုကို ပြုကြရပေမည်။ မကောင်းသောအကျိုးမှ လွဲဖယ်စေရန် မကောင်းသောအမှုကို ရှောင်ရှားကြရပေမည်။
ကံတွင် အတိတ်ကံ၊ ပစ္စုပ္ပန်ကံဟူ၍ နှစ်မျိုးရှိသည်။ ထိုကံနှစ်မျိုးလုံးပင် အရေးကြီးသည်။ သာသနာတွင် နေလိုလလို ထင်ရှားသော ဆရာတော်မထေရ်ကြီးများတွင် တပါးအပါအ၀င်ဖြစ်သည့် စစ်ကိုင်းတောင် အနောက်ပရက္ကမဆရာတော်ဘုရားကြီးက-
ကံကလဲ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ နှစ်မျိုးရှိတယ်ကွဲ့။ နှစ်မျိုးစလုံး အရေးကြီးသော်လည်း ပစ္စုပ္ပန်ကံကိုက ပိုအရေးကြီးတယ်ကွဲ့။ ဘာကြောင့်လဲဆိုတော့ အတိတ်ကံက အတိတ်ဘ၀က ပြုလုပ်ပြီးသားမို့ အကျိုးပေးချင်နေတာ။ အကျိုးပေးဖို့ အခွင့်အခါကို စောင့်နေတာ။ ပစ္စုပ္ပန်ကံကို ပြုလုပ်ဖို့လိုတယ်။ ပစ္စုပ္ပန်ကံကို ကောင်းမွန်စွာ ပြုလုပ်လိုက်လျှင် အတိတ်ကံက အကျိုးပေးလိုက်မှာပဲ။ အတိတ်ကံကတော့ လူတိုင်းမှာ ရှိကြပြီးသား။ ပစ္စုပ္ပန်ကံက နည်းနေကြလို့သာ အကျိုးမပေးကြသေးတာ။
လောကီလောကုတ် နှစ်ပါးမှာ မကြီးပွားသူ၊ အကျိုးမပေးသူ မှန်သမျှ ပစ္စုပ္ပန်ကံ နည်းကြလို့သာ မှတ်ပေတော့။
ဥပမာ-နွားခြံကြီးတခု ဆိုပါတော့။ အတိတ်ကံက နွားခြံကြီးအတွင်းရှိတဲ့ နွားတွေနဲ့ တူတယ်ကွဲ့။ ပစ္စုပ္ပန်ကံကတော့ ခြံတံခါးနဲ့ တူတယ်ကွဲ့။ ခြံအတွင်းက နွားတွေဟာ ခြံတံခါးပိတ်ထားလို့သာကွဲ့။ ခြံတံခါး ဖွင့်လျှင်ဖွင့်ချင်း ထွက်ဖို့ အဆင်သင့်ပဲကွဲ့။ အဲဒါကြောင့် လောကုတ် လောကီ နှစ်လီလုံး အကျိုးပေးချင်သူ ကြီးပွားချင်သူ မှန်သမျှ ပစ္စပ္ပန်တံခါးကို ပိတ်မထားနဲ့ကွဲ့။ ပစ္စုပ္ပန်တံခါးဖွင့်ရန် လုံ့လ၀ီရိယ ထက်သန်စွာ ကြိုးစားရမယ်ကွဲ့-ဟူ၍ သြ၀ါဒပေးတော်မူခဲ့သည်။ မှတ်သားလိုက်နာဖွယ် ဖြစ်ပေသည်။
No comments:
Post a Comment