Thursday, September 13, 2012

နိဗ္ဗာန်ရခြင်း၏အစ သီလက

ဝိပဿနာ တရားဘာဝနာ ပွားများအားထုတ်ကြမည့် ယောဂီပုဂ္ဂိုလ်များဟာ
သီလနှင့်ပြည့်စုံဖို့ အရေးကြီးပါတယ်။ "သီလပထ၀ိယံ" လို့ ဆိုတဲ့အတိုင်း
နိဗ္ဗာန်စခန်းတက်လှမ်းတဲ့နေရာမှာ ဒီသီလတည်းဟူသော မြေကိုနင်းပြီး
နိဗ္ဗာန်တည်းဟူသော အထက်တန်းသို့ရောက်အောင် တက်လှမ်းရမှာ ဖြစ်ပါတယ်။
နောက်ပြီး စာက 'တတြာယမာဒိ၊ တတြာ- ထိုနိဗ္ဗာန်ကိုရခြင်း (ရောက်ခြင်း) ၌၊
အယံ- ဤသီလသည်၊ အာဒိ- အစတည်း' လို့ဆိုထားတော့ နိဗ္ဗာန်ရလို ရောက်လိုတဲ့
ပုဂ္ဂိုလ်များဟာ ဒီ 'သီလ' က စရပါတယ်။ စရမှာဖြစ်ပါတယ်။
သီလသည် ယောဂီများရဲ့ အဆင်တန်ဆာ၊ သီလသည် ယောဂီများရဲ့ ပြေပြစ်ချောမောအောင်
နိမ့်ရာအရပ်သို့ ဖို့သိပ်ကြောင်းဖြစ်တဲ့ နံ့သာပဲ၊ သီလနဲ့တန်ဆာဆင်ထားတဲ့
ယောဂီပုဂ္ဂိုလ်ဟာ ဒီသီလကို တန်ဆာဆင်ခြင်းကြောင့်ပင်
အမြတ်ဆုံးပုဂ္ဂိုလ်၏အဖြစ်သို့ ရောက်ရပါတယ်။
ဘုရားရှင်က တစ်ဖန် သီလမစင်ကြယ်၊ မပြည့်စုံရင် ဒုက္ခခပ်သိမ်း
ချုပ်ပြတ်ငြိမ်းတဲ့ နိဗ္ဗာန်ကို မရနိုင်၊ မရောက်နိုင်လို့
ဟောကြားတော်မူထားပြန်ပါတယ်။
သီလမရှိရင် သမာဓိမတည်နိုင်ဘူး၊ သမာဓိမတည်ရင် စိတ်မငြိမ်ဘူး။
စိတ်မငြိမ်ရင် မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ သူတော်ကောင်းတရားကို မမြင်နိုင်ဘူး။
သူတော်ကောင်းတရားကိုမျှ မမြင်ရရင် ပဋ္ဋိသန္ဓေ အို၊နာ၊သေရေး ဒုက္ခဘေးမှ
မလွတ်နိုင်ဘူး။ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းတဲ့ နိဗ္ဗာန်ကိုမရနိုင်၊
မရောက်နိုင်၊ မျက်မှောက်မပြုနိုင်ဘူး။
ဒါကိုပြောင်းပြန်ဖြစ်လိုက်တော့ သီလစင်ကြယ်ရင်၊ သီလရှိရင် သမာဓိတည်မယ်
(စိတ်ငြိမ်မယ်)။ သမာဓိတည်ရင် သူတော်ကောင်းတရားကို မြင်ရမယ်။
သူတော်ကောင်းတရားကိုမြင်ရင် ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းတဲ့
နိဗ္ဗာန်ကိုရမယ်၊ ရောက်မယ်၊ မျက်မှောက်ပြုနိုင်မယ်။ ဒါကြောင့် သီလသိက္ခာနဲ့
ပြည့်စုံဖို့ သိပ်အရေးကြီးပါတယ်။
မြန်အောင်မြို့ နန္ဒ၀န်ဆရာတော်ဘုရားကြီး
-၂၀၁၂ ခုနှစ် ဇူလိုင်လထုတ် အပ္ပာမာဒ ဓမ္မရသမဂ္ဂဇင်းမှ
မိတ်ဆွေသူငယ်ချင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

No comments: