Monday, February 16, 2015

တဒင်္ဂထဲက တစ်ခဏဘဝ ************************


လှမ်းနေသောသူ၏ ခြေလှမ်းများသည် တုံ့ကနဲ ရပ်သွားပါသည်။ ရေချိုးပြီးစ အပေါ်ဗလာကျင်းကျင်းသည် အနည်းငယ် ချမ်းစိမ့်စိမ့် ရှိနေသော်လည်း ထိုအချမ်းသည် ရေချိုးခန်းပြတင်းပေါက်မှ ဝင်လာသော အသံအာရုံကို မလွှမ်းမိုးနိုင်တော့ပါ။
♬·¯·♩¸¸♪·¯·♫¸
ဆင်းရဲရင်လည်း နှစ်တစ်ရာပဲ
ဌေးရရင်လည်း နှစ်တစ်ရာပဲ
ဘယ်လိုနိဒါန်းစစ လမ်းဆုံးအတူတူပါ
ထာဝစဉ် ထာဝရတော့ မရှိပါဘူး
ကံကြမ္မာရယ် လမ်းပြလို့ရှေ့ကခေါ်မယ်
ဘယ်လိုဘယ်နည်းနဲ့ ခေါင်းခါမလဲ
သွားပေါ့လာပေါ့ လူခရီးကို
ဆင်းလိုက်တက်လိုက် တဒင်္ဂမှာပဲ
တမလွန်ဟာ အားလုံးအတွက် တစ်နေ့တစ်ရက်မှာပါ
ဘယ်သူအရင်သွားမလဲ မပြောနိုင်ဘူး
အရာရာဟာ အနိစ္စရဲ့ ဖဝါးအောက်မှာပါ
ရောင်နီဟာ တစ်ချိန်တော့ ဆည်းဆာပဲ
လင်းလိုက်မှောင်လိုက် တဒင်္ဂမှာ
ဖြစ်သမျှ ပျက်သမျှ ရေတစ်ပွက်ပါပဲ
¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
သည်မှာတင် အသံက ဆုံးသွားသည်။ အသံ၏အစကို မမီလိုက်၊ စိတ်ထဲက မသိမသာ အသံကို ဆက်လက် ငံ့လင့်နေမိသော်လည်း အသံက ဆက်ပေါ်မလာတော့၊ သီချင်းသံသည် သီချင်းစာသားထဲကအတိုင်း `လင်းလိုက် မှောင်လိုက် တဒင်္ဂမှာ ဖြစ်သမျှ ပျက်သမျှ ရေတစ်ပွက်ပါပဲ´ ဟု ဆိုရမလိုပင်။
သီချင်းသည် သူနဲ့လုံးဝမအပ်စပ်သော်လည်း ထိုသီချင်းလေးကိုတော့ သူ စိတ်ဝင်စားမိသည်။ နေရာသစ်မှာ သီချင်းက အရင်လာမိတ်ဆက်နေဟန်ထင်သည်။
ဘာတဲ့ `ဆင်းရဲရင်လည်း အနှစ်တစ်ရာပဲ၊ ဌေးရရင်လည်း အနှစ်တစ်ရာပဲ´ တဲ့။
ဟုတ်တယ်လေ၊ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ အနှစ်တစ်ရာထက် ပိုမဆင်းရဲနိုင်သလို ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အနှစ်တစ်ရာထက် ပို၍မချမ်းသာနိုင်။
အဆိုတော်က အနှစ်တစ်ရာဟု ဆိုထားသော်လည်း နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ်၊ ငါးဆယ်နှင့်လည်း ဆင်းရဲချမ်းသာ နိဂုံးချူပ်သွားနိုင်ပါသည်။ ချုပ်လည်း ချုပ်နေကြသည်သာ။
အဲဒါကိုပဲ ဆင်းရဲချမ်းသာကိုအမှီပြုပြီး အမုန်းတွေ၊ မနာလိုမှုတွေ ထားနေကြသေးသည်။
`ဘယ်လိုနိဒါန်းစစ လမ်းဆုံးအတူပါ´ တဲ့။
ဆင်းရဲချမ်းသာနှင့်ပဲစစ၊ ဂုဏ်ရှိဂုဏ်မဲ့နှင့်စစ၊ ရာထူးဌာနန္တရ အနိမ့်အမြင့်နှင့်ပဲစစ၊ လမ်းဆုံးကတော့ အတူတူပါပဲလေ။ သေခြင်းတရားကို ရှောင်လွှဲလို့မှ မရတာ။
`တမလွန်ဟာ အားလုံးအတွက် တစ်နေ့တစ်ရက်မှာပါ
ဘယ်သူအရင်သွားမလဲ မပြောနိုင်ဘူး
အရာရာဟာ အနိစ္စရဲ့ ဖဝါးအောက်မှာပါ
ရောင်နီဟာ တစ်ချိန်တော့ ဆည်းဆာပါ´
¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
ပစ္စည်းကိုအမှီပြုပြီး မာနတွေဖြစ်နေကြသည်။
ပညာကိုအမှီပြုပြီး မာနတွေဖြစ်ကြသည်။
အောင်မြင်မှုကိုအမှီပြုပြီး မာနတွေဖြစ်ကြသည်။
ရာထူးကိုအမှီပြုပြီး မာနတွေဖြစ်ကြသည်။
ပြီးတော့ တစ်ဆင့်တက်ပြီး တစ်ဦးနှင့်တစ်ဦး မုန်းနေကြပြန်သည်။
အာဃာတတွေ၊ ဣဿာမစ္ဆရိယတွေ စသည် စသည် ...
မရေတွက်နိုင်အောင် အကုသိုလ်စိတ်တွေ။
မသိနိုင်သည့် တစ်နေ့နေ့မှာ သေကြရမှာ သိနေကြလျက် ဘာဖြစ်လို့ တစ်ဦးနှင့်တစ်ဦး မုန်းနေကြပါလိမ့်။ ဘာဖြစ်လို့ ဣဿာမစ္ဆရိယတွေ ထားနေကြပါလိမ့်။ ဘဝတစ်ခုမှာ တဒင်္ဂလေး တွေ့ကြခြင်းဖြစ်သည်။ တဒင်္ဂထဲက တစ်ခဏဘဝလေးမှာ အချစ်တွေနှင့်သာ နေလိုက်ဖို့ ကောင်းသည်။ စိတ်ကောက်လိုက်၊ ဝန်တိုလိုက်၊ မုန်းလိုက်၊ နာကြည်းလိုက်နှင့် ဘဝကို အချိန်ကုန်မသွားချင်ပါ။
ကိုယ်လည်း အရင်သေသွားနိုင်သလို၊ သူလည်း အရင်သေသွားနိုင်သည်။
တကယ်တွက်ကြည့်လျှင် နေရမယ့်အချိန်က ဘာမှမကျန်တော့၊ မသေခင်လေးမှာ အချစ်တွေနှင့်သာ နေသင့်ပါသည်။ အရာရာ အချစ်နှင့်တွေး၊ အချစ်နှင့်ပြော၊ အချစ်နှင့်ပြုနေလျှင် သက်ရောက်မှုအားလျော်စွာ ဝန်းကျင်ကလည်း ကိုယ့်ကိုအချစ်နှင့် ပြန်တုံ့ပြန်နေပါလိမ့်မည်။
ကိုယ်က ဝန်းကျင်ကို မုန်းနေလျှင် ဝန်းကျင်ကလည်း ကိုယ့်ကို ပြန်မုန်းပေလိမ့်မည်။ ထိုသို့သိနေကြပါလျက် လူတွေ ဘာဖြစ်လို့ မုန်းနေကြပါလိမ့်၊ ပြီးတော့ မသေမှာ ကျနေတာပဲ။ သေသွားမှ နောင်တရနေမည်ဆိုလျှင်တော့ ထိုနောင်တသည်ကော အသုံးဝင်ပါဦးမည်လား။ နောင်တများစွာတွင် သေခြင်းနှင့်နွယ်သော နောင်တသည် ပြန်လည်အစားထိုး၍ မရသော ဆုံးရှုံးမှုကြီးဖြစ်သည်။
သူသည် ထိုအတွေးများကို စကားလုံးမဲ့စွာ တွေးနေမိသော်လည်း သူ့အပေါ်ကျေးဇူးများခဲ့သော လူတစ်ယောက်ကိုတော့ သူ ကောင်းကောင်းမုန်းခဲ့ဖူးပါသည်။
သည်တုန်းက သူငယ်ချင်းက သူ့ကို ဝတ္တုလေးတစ်ပုဒ်ပြောပြဖူးပါသည်။ ``ဆမ်းမားဆက်မွန်´´၏ ဝတ္တုလေးဟု ဆိုရပါမည်။
-----------------
တစ်ခါက ဘက္ကဒက်မြို့တွင် ကုန်သည်ကြီး တစ်ယောက် ရှိသည်။ တစ်နေ့တော့ ကုန်သည်ကြီးက သူ့တပည့်တစ်ယောက်ကို ဈေးဝယ်ဖို့ ဈေးကိုလွှတ်လိုက်သည်။ မကြာခင်မှာပဲ တပည့်ဖြစ်သူ မျက်စိပျက် မျက်နှာပျက်နှင့် ပြန်ရောက်လာသည်။ ပြီးတော့ သခင်ကုန်သည်ကြီးကို တုန်တုန်လှုပ်လှုပ်နှင့် စကားဆိုသည်။
``သခင်ရယ် ကျွန်တော် ဈေးထဲမှာ အမှတ်တမဲ့ အမျိုးသားတစ်ယောက်နဲ့ ဝင်တိုက်မိကြတယ်၊ ကြည့်လိုက်တော့ သေမင်းဖြစ်နေပါတယ်၊ ပြီးတော့ သူက ကျွန်တော့်ကို စူးစူးဝါးဝါးနဲ့ ပြန်ကြည့်နေပါတယ်၊ အဲဒါ သေမင်းနဲ့ နောက်တစ်ခါပြန်တွေ့ရမှာ အလွန်ကြောက်နေပါတယ်၊ ကျွန်တော့်ကို သခင့်ရဲ့အပြေးအမြန်ဆုံး မြင်းတစ်ကောင် ခဏငှါးပါ၊ ကျွန်တော် မသေချင်သေးဘူး သခင်၊ ကျွန်တော် အသက်ဆက်ရှင်ဖို့ သေမင်းရှာမတွေ့နိုင်တဲ့ ဟိုးအဝေးကြီးမှာရှိတဲ့ `ဆမ်မာရာ´ ကို ပြေးပါမယ်´´
သခင်ကုန်သည်ကြီးကလည်း ကျေးဇူးရှိထားသည့် တပည့်ကို အပြေးကောင်းသော မြင်းတစ်ကောင် ပေးလိုက်သည်။
တပည့်ဖြစ်သူကလည်း မြင်းရသည်နှင့် ကဆုန်စိုင်း ပြေးတော့သည်။ တပည့်မရှိတော့ ကုန်သည်ကြီးက ဈေးကို ကိုယ်တိုင်ထွက်ခဲ့ရသည်။ ဈေးရောက်တော့ လူအုပ်ထဲမှာ သေမင်းကို တွေ့လိုက်ရသည်။ သို့နှင့် သေမင်းအနားကပ်သွားပြီး ``မနေ့တုန်းက ခင်ဗျားက ကျုပ်တပည့်ကို စူးစူးဝါးဝါးကြည့်ပြီး ဘာဖြစ်လို့ ခြိမ်းခြောက်လိုက်ရတာလဲ´´ ဟု မေးလိုက်သည်။
သည်တော့ သေမင်းက ....
``ကျွန်တော် သု့ကိုခြိမ်းခြောက်လိုက်တာ မဟုတ်ပါဘူး၊ စူးစူးဝါးဝါး ကြည့်လိုက်တယ်ဆိုတာကလည်း သူ့ကို ဒီဘက္ကဒက်မှာ တွေ့လိုက်ရတော့ အံသြလွန်းလို့ ကြည့်လိုက်တာပါ၊ သူနဲ့ကျွန်တော် ဘက္ကဒက်မှာ တွေ့ရလိမ့်မယ်လို့ လုံးဝမထင်မိဘူး။ ဘာဖြစ်လိုလည်းဆိုတော့ ဒီည ဆမ်မာရာမြို့မှာ သူနဲ့ကျွန်တော် စာရင်းရှင်းကြဖို့ ချိန်းထားတဲ့နေ့ပဲ၊ ဘာပဲပြောပြော ကျွန်တော်ကတော့ သူနဲ့ချိန်းထားတဲ့ ဆမ်မာရာမြို့ကို သူ လာသည်ဖြစ်စေ၊ မလာသည် ဖြစ်စေ သွားစောင့်နေရမှာပဲ´´ ဟု ပြောဆိုလိုက်သည်။
ဝတ္တုက သည်မျှသာဟုဆိုပါသည်။
-------------
သူငယ်ချင်းက ဆရာနန္ဒသိန်းဇံ၏ `တွေးချိန်ချင့်ရာ´ စာအုပ်ထဲက ဝတ္တုလေးကို ကြိုက်လွန်း၍ ပြန်ပြောပြတာဟုလည်း ဆိုပါသည်။
ပြီးတော့ သူငယ်ချင်းက ဆက်ပြောပြပါသေးသည်။
``သံသရာနဲ့ချီပြီးပြောရင် အားလုံးဆွေမျိုးတွေချည်းပဲ၊ ဘဝတွေဝေးသွားလို့ တစိမ်းတွေ ဖြစ်သွားကြတာ၊ တကယ်တော့ လူတွေကိုချစ်ရတယ်ဆိုတာ မသေခင်လေး ချစ်ခင်ရတာ၊ တစ်ယောက်ယောက် သေသွားခဲ့ရင် ချစ်ခွင့် ခင်ခွင့်ရတော့မှာ မဟုတ်ဘူး၊ အသက်ဆိုတာ အစိုးရတာမှ မဟုတ်တာ၊ မနက်ဖြန်သေရင် သေသွားနိုင်တာပဲ၊ ပြီးတော့ ပရဟိတတွေ လုပ်ကြတယ်ဆိုတာ အချစ်ကိုပဲအခြေခံပြီး လုပ်လို့ရတယ်၊ အမုန်းကို အခြေခံပြီး လုပ်လို့မရဘူး၊ အဖွဲ့အစည်းတစ်ခုမှာ အမုန်းတစ်ခု ဝင်လာပြီဆိုရင် အဲဒီအဖွဲ့အစည်း မကြာခင်ကွဲတော့တာပဲ၊ ရိပ်သာပဲဖြစ်ဖြစ်၊ အများအကျိုးပြု အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ပညာတတ်တွေစုပြီး လုပ်ကြတာပဲ၊ ဒါပေမယ့် အမုန်းတွေဝင်လာတော့ ကွဲကြတာပဲ။ အဲဒါ ပညာနဲ့မဆိုင်ဘူး၊ အချစ်နဲ့ပဲဆိုင်တယ်။ အချစ်ဆိုတာ မြန်မာလိုပြောတော့ နည်းနည်းပေါ့နေတယ်။ ပါဠိလို မေတ္တာလို့ ပြောတာပဲ ကောင်းတယ်။ အဖွဲ့အစည်းတွေမှာ မေတ္တာမရှိကြတော့ဘူးဆိုရင် ကွဲကြတာများတယ်။ ဒီသဘောကို ကိုယ်ကသိပြီး ကိုယ်က မေတ္တာဓာတ် ပြန်မွေးလိုက်ဖို့ သိပ်အရေးကြီးတယ်။ တရားသဘောနဲ့ကြည့်ရင် မုန်းတဲ့စိတ်ဟာ ကုသိုလ်စိတ် မဟုတ်တာတော့ သေချာတယ်´´
စာစုံဖတ်သော သူငယ်ချင်းက သူ ဖတ်ခဲ့သော စာများကို အခြေခံ၍ ပြောပြခဲ့သည်။
------------
ဘုရားရေ ... ငါ ဘာတွေတွေးနေမိပါလိမ့်။
အပေါ်ပိုင်းဗလာကျင်းနှင့် ခြေစုံရပ်လျက် တွေးကြောရှည်နေသော သူ့အနေအထားကို သတိရပြီး အချမ်းနှင့် ရောနေသော အတွေးပုံရိပ်တို့သည်လည်း ဝေဝါးသွားသည်။ ယခုအထိတော့ သူ မသေသေးပါ။ မသေသေးသော သူသည် ချမ်းစိမ့်စိမ့် အပြုံးတစ်ခုကိုတော့ ပြုံးလိုက်မိပါသည်။
ဒါပေမယ့် အတွေးမဆုံးခင် အအေးပတ်ပြီး သေသွားနိုင်သည်။ သေသွားခဲ့လျှင်တော့ သူငယ်ချင်းပြောသော လူသားတွေကို ချစ်ခွင့်ရတော့မှာ မဟုတ်တော့ပါ။
ဆရာတော် အရှင်ရာဇိန္ဒ
(ရဝေနွယ်-အင်းမ)
(ဆရာနန္ဒသိန်းဇံရဲ့ `တွေးချိန်ချင့်ရာ´ စာအုပ်နဲ့
ခွန်သန်းထွန်းရဲ့ `တဒင်္ဂထဲက တစ်ခဏသောဘဝ´ကို
အခြေခံပြီး ရေးပါတယ်)
လူပျိုဘုရားလုံးဝမရှိနှင့် တရားတော်များ စာအုပ်မှ
ဇူလိုင်လ၊ ၂၀၀၄

No comments: