Tuesday, December 1, 2015

“၂-ဘက်မြင်ရမယ်”


ဗုဒ္ဓမြတ်စွာက “အန္ဓသုတ္တန်”မှာ“ဒွိစက္ခု” မျက်စိ ၂-လုံးရှိတဲ့ပုဂ္ဂိုလ်ကိုအကောင်းဆုံးပုဂ္ဂိုလ်လို့ ဒီလိုဟောထားတယ်။မျက်စိ ၂-လုံးဆိုတာ လူတိုင်းလူတိုင်းမှာမျက်စိ ၂- လုံးရှိကြတယ်ပေါ့။ထို့အတူပဲ အသိဉာဏ်ကလည်း ၂-ခုရှိရမယ်။၂-ခု ရှိရမယ်ဆိုတာ ၂-ဘက်မြင်ရမယ်။တစ်ဘက်တည်း မမြင်ရဘူးလို့ ဒီလိုဆိုလိုတာ။အဲဒီတော့ ၂-ဘက်မြင်ရမယ်ဆိုတာကိုမြတ်စွာဘုရားက ရှင်းပြတယ်။■လူ့လောကမှာ လူရယ်လို့ ဖြစ်လာတဲ့အခါ-မရသေးတဲ့စည်းစိမ်ဥစ္စာတွေကို ရဖို့၊-ရလာတဲ့စည်းစိမ်ဥစ္စာတွေ တည်မြဲဖို့ ၊-တည်မြဲပြီးသား စည်းစိမ်ဥစ္စာတွေကို တိုးတက်ဖို့ ၊သိမြင်တတ်တဲ့ “အသိဉာဏ်”ဆိုတဲ့မျက်စိတစ်လုံးလည်း ရှိဖို့လိုတယ်တဲ့။ဒါက ဒီဘဝ ကောင်းကျိုးအတွက် ဖြစ်တယ်။■နောင်ဘဝ ကောင်းကျိုးအတွက်လည်းပဲကုသိုလ် အကုသိုလ်၊ အပြစ်ရှိတယ် အပြစ်မရှိဘူးဆိုတဲ့ဓမ္မအရေးနဲ့ပတ်သက်ပြီးသိတဲ့မျက်စိမျိုးဟာလည်း နောက်ထပ်လိုအပ်တယ်တဲ့။ဘာဖြစ်လို့လဲဆိုရင် တစ်ခုနဲ့တစ်ခုထိန်းညှိပြီးတော့နေရမယ်။“လောကအကျိုး”ချည်းပဲ ကြိုးစားမယ်ဆိုရင်“သံသရာအကျိုး”က လွတ်သွားမယ်။ဒါကြောင့် လောကအကျိုး၊သံသရာအကျိုး ၂-မျိုးစလုံးရဖို့အတွက် တစ်ခုနဲ့တစ်ခု ထိန်းညှိပြီးတော့ ကြိုးစားရမယ်။အသိ ၂-မျိုးနဲ့ ထိန်းမတ်ပေးရတယ်။ ဒီလိုဆိုလိုတာ။တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် လူတွေမှာစီးပွားဥစ္စာတွေ တိုးတက်လာသော်လည်းကိုယ်ကျင့်တရားက ဆုတ်ယုတ်ပျက်ပြားသွားလို့ရှိရင်ကောင်းကျိုးချမ်းသာတွေဟာလည်း တဖြည်းဖြည်းဆုတ်ယုတ်သွားနိုင်တာပါပဲ။ဒါကြောင့်မို့ စီးပွားရေးဘက်ကလည်းတိုးတက်အောင်လုပ်ရမယ်။ကိုယ်ကျင့်တရားဘက်ကလည်း တိုးတက်အောင် လုပ်ရမယ်။ဒီလိုဆိုလိုတာနော်။၂မျိုး ၂-စား တိုးတက်ကြီးပွားအောင် ကြံဆောင်သိမြင်နိုင်တဲ့အသိဉာဏ် ၂-ခုကို ဒီနေရာမှာမျက်စိ ၂-လုံးလို့ခေါ်တာ။စီးပွားရေးလည်း တိုးတက်အောင် လုပ်နိုင်ရမယ်။စီးပွားရေးမျက်စိရှိရမယ်။ဓမ္မရေးရာတွေကိုလည်း သိမြင်နိုင်တဲ့မျက်စိရှိရမယ်။ဓမ္မရေးရာမျက်စိဖြင့် စီးပွားရေးတိုးတက်လာမှုကိုအကြောင်းပြုပြီးတော့ အကျင့်စာရိတ္တတွေတိုးတက်ကောင်းမွန်လာအောင် ထိန်းညှိပြီးတော့ နေရမယ်။စီးပွားရေးမျက်စိတော့ ရှိပါရဲ့၊ဓမ္မရေးရာမျက်စိက မရှိဘူးဆိုရင် ဘာဖြစ်တတ်သလဲဆိုရင် စီးပွားရရင်ပြီးရော ဘာမဆို လုပ်မယ်ဆိုတဲ့အတွေးအခေါ်တွေ ဝင်လာတတ်တယ်။အဲဒါကို ထိန်းထားရမယ်။အဲဒီလိုထိန်းထားမှု မရှိဘူးဆိုရင် ကိုယ်ကျင့်တရားပျက်ပြားပြီးတော့ စီးပွားရေးလည်း ကျဆင်းလာတတ်တယ်။ကိုယ်ကျင့်တရား ပျက်ပြားပြီးတော့ ရလာတဲ့စီးပွားဥစ္စာဟာတည်မြဲမှုနဲ့တည်ငြိမ်မှု မရှိဘူး။ကြည့်လေ - လောကမှာ တချို့ စီးပွားဥစ္စာတွေတော့တိုးတက်လာပါတယ်။ ဒါပေမယ့်အကျင့်စာရိတ္တကျတော့ ယိုယွင်းသွားပြီး ကြာလာတဲ့အခါမှာစီးပွားဥစ္စာလည်း ပျက်စီးပြီး သွားတတ်တယ်။ဒါကြောင့်မို့လို့ Economic progress နဲ့ Spirtual progres၂-မျိုးပေါ့၊ ထိန်းညှိပြီးတော့ ထားရမယ်။ဒီ ၂-ခုကို ထိန်းညှိပြီးတော့ ထားရင်စီးပွားတိုးတက်မှုလည်း ခိုင်မြဲတယ်၊တစ်ဖက်က ကိုယ်ကျင့်တရားလည်း ခိုင်မြဲလာမယ်။စီးပွားနဲ့ကိုယ်ကျင့်တရားကို ထိန်းမယ်။ကိုယ်ကျင့်တရား နဲ့စီးပွားကို ပြန်ထိန်းမယ်။၂-ဘက် ၂-တန် ရှုမြင်တတ်တဲ့ပညာမျက်စိ ရှိရမယ်လို့မြတ်စွာဘုရားက အဲဒီသုတ္တန်မှာ ဟောထားတယ်။ဘာဖြစ်လို့လဲဆိုတော့ သံသရာထဲမှာ နေတဲ့အခါမှာလည်းပဲချမ်းသာသုခရဖို့ဆိုတာ ကောင်းတဲ့အကြောင်းတွေဆောင်ရွက်နိုင်မှ ရတာကိုး။ ။ 
【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】

No comments: