Sunday, September 1, 2013

သမထ နှင့်ဝိပဿနာ

http://api.ning.com/files/N3dksbtuMJ6kg5JYRk6nIBYjIXWfnYDgb9xhPw8nzoROI-8HALrz3XOrPC7kNptHTtc6GWJwR9lP6hlMrsprtOPf9Jq*Ijkc/DrNandamalabhivamsa.gif
သမထဆိုတာဘာလဲလို့မေးရင် သမထဆိုတာ
ကာမစ္ဆန္ဒ စတဲ့ ဆန့်ကျင်ဘက်တရားများကြိုငိမ်
သက်ပျောက်ကင်းစေနိုင်တဲ့တရားလို့ အဓိပ္ပါယ်
ရတယ်။ စိတ်ဖိစီးမှု စိတ်လှုပ်ရှားမှုများကိုငြိမ်သက်
ပျောက်ကင်းစေနိုင်တဲ့ သမာဓိတရားဟာ သမာဓိ
ဘဲဖြစ်တယ်။


လူတွေရဲ့စိတ်ဟာအာရုံနဲ့ တွေ့ရင်လှုပ်ရှားယောက်
ယပ်ခပ်မှုတွေဖြစ်တယ်။အာရုံနဲ့တွေ့လို့ လောဘဖြစ်
ရင်လည်း စိတ်လှုပ်ရှားတာဘဲ။ယောက်ယပ်ခပ်တာ
ဘဲ။ဒေါသဖြစ်ရင်လည်းယောက်ယပ်ခပ်တာဘဲ။
မောဟဖြစ်ရင်လည်းတွေဝေပြီးယောက်ယပ်ခပ်တာ
ဘဲ။ဒီလိုစိတ်ယောက်ယပ်ခပ်မှုမျိုးတွေကို ငြိမ်သက်
ပျောက်ကင်းစေနိုင်တဲ့ ကမ္မဌာန်းအကျင့်ကို သမထ
လို့ခေါ်တယ်။
ဝိပဿနာဆိုတာဘာလဲမေးရင် ဝိပဿနာဆိုတာ
ထူးခြားတဲ့ဥာဏ်အမြင်လို့ အဓိပ္ပါယ်ရတယ်။
'ဝိ'-အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့်
'ပဿနာ'-ရှုမြင်တတ်သောဥာဏ်ကို ဝိပဿနာဟု
ခေါ်ဆိုခြင်းဖြစ်တယ်။တစ်နည်းအားဖြင့်ဝိပဿနာ
ဆိုတာ ထူးခြားစွာသိမြင်တတ်သောဥာဏ်ကိုခေါ်
တာဖြစ်တယ်။
ဘယ်လိုထူးခြားစွာသိမြင်တတ်သလဲဆိုရင် သာ
မာန်အားဖြင့် လူတွေကဘဝကိုချမ်းသာတယ်။
ကိုယ်ပိုင်တယ်လို့မြင်ကြတယ်။အဲဒီအမြင်တွေနဲ့မတူဘဲ ဘဝဆိုတာမမြဲဘူး။ဆင်းရဲတယ်။ကိုယ်မပိုင်
ဘူးလို့မြင်တယ်။အဲဒီလိုမြင်တဲ့အသိဥာဏ်မျိုးကို
ဝိပဿနာလို့ခေါ်တယ်။

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ဟောကြားတော်မူသော"သမထနှင့်ဝိပဿနာ"
တရားတော်မှ။  တင်ပြသည်။

“ သုစိပုဘာ ဆုံးမစာ


သု,စိ,ပု,ဘာ၊ ၀ိ,လိ,သိ,ဓာ
အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို
သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့
စာသင်ပျိုနု၊ အခြေပြုတို့
ဥဇုဘူတ၊ လုံ့လပြင်းစွာ
သူ့ထက်ငါဟု၊ နှုတ်မှာရွရွ
ကြိုးပမ်းကလျှင်၊ သိပ္ပကျေးဇူး
အထူးသိမြင်၊ ပညာရှင်ဟု
မထင်မပေါ်၊ မကျော်စောပဲ
တီမှာလွဲအံ့၊ အရဲကြိုးကုတ်
ကြက်ရဲသုတ်သို့၊ အားထုတ်ခုံမင်
မသင်မအံ၊ မကြံမမေး
ဆွေးနွေးရောနှော၊ ပြောဟောမဲ့ထွေ
ပေချပ်ရေဖြင့်၊ ကုန်စေဆန်းသာ
သင်ချေပါလည်း၊ ဘယ်မှာဂုဏ်ရှင်
ကျော်စောထင်ချိမ့်၊ စာသင်ဟူက
ကျမ်းထိုမျှကို၊ တွေ့ကမရှောင်
ကြောင်ပုစွန်စား၊ ကျွတ်ကျွတ်ဝါးသို့
လွှသွားပမာ၊ ကျောက်ထက်စာသို့
လိုရာရအောင်၊ ကြံဆောင်လေ့ကျက်
အနက်ဓိပ္ပာယ်၊ နှုတ်ဝယ်ရွရွ
ထားချေမှတည့်၊ တစပေါ်လျှင်
ချည်စငင်သို့၊ သဘင်ပွဲမှောက်
ဆိုရေးရောက်က၊ လန့်ကြောက်မရှိ
သတိမြဲခိုင်၊ ကျောက်တိုင်ပမာ
ကေသရာသို့၊ ရွံရှာမဲ့လျှင်း
ဆိုခင်းနည်းနာ၊ အဖြာဖြာကို
မကြာနှုတ်လျှောက်၊ ခန့်ချင့်ထောက်လော့
အံ့လောက်ဖွယ်သာ၊ ဂါထာပါဌ်သား
စကားဝိုက်လည်၊ စဉ်ရှည်ရှေးတီး
စကားကြီးက၊ စသည်ထိုထို
ဝိဂြိုဟ်ဝစနတ်၊ ဓာတ်ရပစ္စည်း
ထုံးနည်းပမာ၊ ဂါထာဆန်းဂိုဏ်း
ကရိုဏ်းဌာန်စစ်၊ ဖွင့်လှစ်ဋီကာ
အဌကထာပါဠိ၊ အောက်ထက်ညှိ၍
က၀ိလက္ခဏာ၊ အဖြာဖြာကို
သေချာဆည်းဆ၊ ဆိုဝံ့ကလျှင်
ဘ၀ဤတွင်၊ ခုမျက်မြင်လည်း
မထင်ဘယ်မှာ၊ ရှိဘိရာအံ့
သံသရာလည်း၊ ပမာကဲလွန်
အဆုံးစွန်မှု၊ ညီမွန်တုလွတ်
သုံးလူ့နတ်ဝယ်၊ အကျွတ်ဘယ်မှာ ဝေးတော့မည်။ ။
{၁၉၈၃ ခု-နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲ သင်ခန်းစာမှ
ကူးယူရေးသားပါသည်။ }

ကမ္မဋ္ဌာန်းလေးမျိုးနှင့် မျက်နှာသစ်နည်း


နံနက် အိပ်ရာထ၍ မျက်နှာသစ်တော့မည်ဆိုပါစို့...။
မျက်နှာမသစ်မီ ရေတစ်ခွက်ခပ်ယူ ပြီးသည်နှင့်-
(၁) ဤမျက်နှာသစ်သောရေကို ကိလေသာအပူကင်းတော်မူသော မြတ်စွာဘုရားအား ကပ်လှူပါ၏ ဘုရား..။(ဒါန၊ ဗုဒ္ဓါနုဿတိ)
(၂) ဤရေကဲ့သို့ သတ္တ၀ါများ ကြည်လင်အေးမြကြပါစေ...။ (မေတ္တာ)
(၃) မျက်ဝတ်ထွက်ခြင်း၊ ခံတွင်းမှ အပုပ်ရေစီးကျခြင်း စသည်ကြောင့် အမြဲတမ်း ဆေးကြောသုတ်သင်နေရသော ဤခန္ဓာကိုယ်ကြီးသည် စက်ဆုပ်ရွံရှာဖွယ် အတိပါတကား...။ (အသုဘဘာဝနာ)
(၄) အင်း....တစ်ရက်တစ်ညတော့ ငါ၏အသက်မြဲခဲ့ရပြီ၊ ထွက်လေ မ၀င်ခင်၊ ၀င်လေ မထွက်ခင် နံနက်နေ့ညမရွေး သေနိုင်ပေသည်တကား...။ (မရဏာနုဿတိဘာဝနာ)
ဤသို့ ကျင့်ဝတ်လုပ်ထားပါမူကား မြတ်စွာဘုရားရှင်၏ တရားတော်သည် အလွန်လွယ်ကူလှပါပေ၏။
လက်တွေ့စမ်းကြည့်ပါက ပြောပြ၍မရနိုင်အောင်သော လောကီ လောကုတ္တရာ အကျိုးစီးပွားတို့ကား များပြားလှတော့သည်။ (ဓမ္မာစရိယဦးဌေးလှိုင်၏ ရတနာသုံးပါးကျေးဇူးစာအုပ်မှ တင်ပြသည်

ဧတဒဂ်ရ လူမိန်းမ (၁၀) ယောက်

ဧတဒဂ်ရ လူမိန်းမ (၁၀) ယောက်မှာ==
 ၁။ သူဌေးသမီး သုဇာတာ = ရှေးဦးစွာ သရဏဂုံတည်ရာ၌ ဧတဒဂ်ရသည်။
 ၂။ ၀ိသာခါ = ပေးလှူတတ်သည့်အရာ၌ ဧတဒဂ်ရသည်။
 ၃။ ခုဇ္ဇုတ္တရာ = အကြားအမြင်များသည့် အရာ၌ ဧတဒဂ်ရသည်။
 ၄။ သာမာဝတီ = မေတ္တာဖြင့်နေသည့် အရာ၌ ဧတဒဂ်ရသည်။
 ၅။ နန္ဒမာတာဥတ္တရာ = ဈာန်ဝင်စားသည့် အရာ၌ ဧတဒဂ်ရသည်။
 ၆။ သုပ္ပ၀ါသာ = အကောင်းအမြတ် ပေးလှူသည့် အရာ၌ ဧတဒဂ်ရသည်။
 ၇။ သုပ္ပိယာ = သူနာကို လုပ်ကျွေးတတ်သည့်အရာ၌ ဧတဒဂ်ရသည်။
 ၈။ ကာတိယာနီ = မတုန်မလှုပ် ကြည်ညိုရာ၌ ဧတဒဂ်ရသည်။
 ၉။ နကုလမာတာ = အကျွမ်းဝင်ခြင်း၌ ဧတဒဂ်ရသည်။
၁၀။ ကာဠိဒါယိကာမ = တဆင့်ကြား၍ ကြည်ညိုသောအရာ၌ ဧတဒဂ်ရသည်။
 {ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ ကောက်နုတ်ရေးသားပါသည်။ }

“ ဆင်းရဲခြင်း၏ အတိတ်အကြောင်း(၃)ပါး ”


ဗုဒ္ဓဒေသနာများ၏ ညွှန်ပြချက်အရ ဆင်းရဲမွဲတေခြင်း၏ အတိတ်အကြောင်းသုံးပါးကို တွေ့ရှိရသည်။
ယင်းတို့မှာ . . .
(၁) ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။
(၂) သူတစ်ပါး၏ဥစ္စာကို လိမ်လည်
လှည့်ဖြားခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။
(၃) ဣဿာမစ္ဆရိယ များခဲ့သောကြောင့်
ဆင်းရဲမွဲတေခြင်း တို့ ဖြစ်ပေသည်။
ထိုသုံးမျိုးတွင် ...
(၁) ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။
ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေရသူများသည်
လုံလ၀ီရိယဖြင့် ရှာဖွေခဲ့လျှင် စားနိုင်သောက်နိုင်
ဘ၀သို့ ရောက်သေးသည်။သနားတတ်သော သူတစ်ပါး၏
အကူအညီကိုလည်း အနည်းငယ်ရ နိုင်သေးသည်။
(၂) သူတစ်ပါး၏ဥစ္စာကို လိမ်လည်လှည့်ဖြား
ခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။
သူ့ဥစ္စာခိုး၍ ဆင်းရဲမွဲတေသူများကား ရှာဖွေလို့လည်း မလွယ်ကူ။
အစစ အဆင်ပြေ၍ ရှာဖွေရခဲ့သော် လည်း
မီး မင်း သူခိုး ရေ အမွေခံဆိုး ဟူသော
ရန်သူမျိုးငါးပါး၏ ဖျက်ဆီးခြင်းကို မကြာခဏခံရ
သဖြင့် ဘယ်သောအခါမှ နာလန်မထူပေ။
(၃) ဣဿာမစ္ဆရိယ များခဲ့သောကြောင့်
ဆင်းရဲမွဲတေခြင်း။
ဣဿာမစ္ဆရိယကြောင့် ဆင်းရဲမွဲတေသူများကား
ထိုထက်ဆိုးပါသေး၏။
ရှာဖွေလို့ ဘယ်လိုမှမရ သည့်အပြင်
လူတိုင်းကို သနားညှာတာပြီး ကူညီတတ်သောသူများပင် ဣဿာ
မစ္ဆရိယသမား များ နှင့်တွေ့လျှင် ကူညီလိုစိတ် ၊ သနားညှာတာ
စိတ်များ အလိုလို ကုန်ခန်းသွားတတ်သည်မှာ အံ့သြစရာကောင်းလှပါ၏။
ထိုအကြောင်းကို ဗုဒ္ဓက "သံယုတ်ပါဋ္ဌိတော် မစ္ဆရီသုတ်" ၌
အပြည့်အစုံ ဟောပြထားသည်။
- အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)

ကျောင်းဝင်းတွင်း ဖိနပ်စီးလျှင် ဘယ်လိုအပြစ်ဖြစ်မလဲ

ကျောင်းဝင်းတွင်း ဖိနပ်စီးသင့် မစီးသင့် ပြဿနာသည် မြန်မာတစ်ဝှမ်းလုံး အလွန်ခေတ်စားသည်ဟု ဆိုရမလိုဖြစ်၏။ ရဟန်းရှင်လူအားလုံးက ရိုသေလေးစားရသော ဆရာတော်ကြီးများပင် အယူအဆ အမျိုးမျိုးရှိလေသည်။
ဒီမှာတင်ပြလိုသည်က ဂါဒီယန်သတင်းစာ အယ်ဒီတာဟောင် ဦးစိန်ဝင်းမေးပြီး အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဖြေဆိုတော်မူခဲ့သည့် အမေးအဖြေဖြစ်သည်။
အမေးအဖြေကား ဤသို့ ဤသို့တည်း.....
အမေး။ ။ ဘုန်းတော်ကြီးကျောင်းဝင်း, ဘုရားယင်ပြင်တော်တို့၌ ဖိနပ်စီးလျှင် မည်သို့ အပြစ်ရှိပါသနည်း၊ ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို ဓားခွဲခံရခြင်းသည်မည်သည့် အကြောင်းကြောင့်ပါနည်း။
အဖြေ။ ။ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို သင်တုန်းဓားဖြင့် အခွဲခံရခြင်း၌ "ရာဇာကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ-ရှင်ဘုရင်သည် ရှေးဘဝတုန်းက စေတီယင်ပြင်တော်ဝယ် ဖိနပ်စီးလျက် သွားဖူးသတဲ့၊ နိသဇ္ဇနတ္ထာယ ပညတ္တကဋသာရကဉ္စအဓောတေဟိ ပါဒေဟိအက္ကမိ-ရဟန်းသံဃာတို့ ထိုင်ဖို့ရန် ခင်းထားအပ်သော သင်ဖြူကိုလည်း ခြေမဆေးဘဲ နင်းဖူးသတဲ့၊ တဿာယံ နိသန္ဒေတိ ဝဒန္တိ-ဤသို့ ခြေဖဝါးကို ဓားခွဲခံရခြင်းသည် ထို အပြစ်၏ အကျိုးဖြစ်သတဲ့" ဤသို့ ပြောကြသည်။ [ဤကား သာမညဖလသုတ် အဋ္ဌကထာစကားတည်။]
မှတ်ချက်။ ။ထို အဋ္ဌကထာစကား၌ "စေတီယင်္ဂဏ (စေတီယင်ပြင်တော်) ဟူသော စကားကို ယူ၍ ဘုရားဝိုင်းအတွင်းဝယ် (သံဃာများနေရာ ကျောင်းဝိုင်းအတွင်းပါ) ဖိနပ်မစီးကောင်း" ဟု ယခုအခါမှတ်ယူနေကြ၏၊ "စေတီယင်္ဂဏ" ဟူသော အဋ္ဌကထာစကာ၌ အဖွင့်ဋီကာဆရာတို့က အများထင်သလို ဘုရားဝိုင်း တစ်ပြင်လုံးကို မယူကြ၊ "စေတီယင်္ဂဏေတိ-ဂန္ဓပုပ္ဖာဒီဟိ ပူဇနဋ္ဌာနဘူတေ စေတီဟင်္ဂဏေ-ပန်းနံ့သာစသော ပူဇော်ဖွယ်တို့ဖြင့် ပူဇော်ရာ ဌာနဖြစ်သော စေတီယင်ပြင်တော်၌" ဟု သရုပ်ဖော်ကြသည်၊ ထို့ကြောင့် "ဗိမ္ဗိသာရမင်းသည်ဘုရားဝင်းအတွင်း သာမန်၌ ဖိနပ်စီးသည်မဟုတ်၊ ပန်းတင်ခံဟု ခေါ်ရာ တေီတော် အောက်ခြေမှာပင် ဖိနပ်စီးခြင်း ဖြစ်သည်ဟုဋီကာဆရာတို့ကဆိုလိုကြပါသည်။
ထို့ပြင် ရဟန်းသံဃာတော်တို့ ထိုင်ဖို့ရာ ခင်းထားအပ်သော သင်ဖြူးပေါ်၌ ခြေမဆေးဘဲ နင်းခဲ့သော အပြစ်လည်း ခြေဖဝါးကို ဓားခွဲခံရမှု၌ပါဝင်နေ၏၊ ယခုအခါ ဘာသာရေးကို အလွန်လေးစားသော ဒါယကာ ဒါယိကာမတို့တွင်အဘယ်မျှလောက်သော အရေအတွက်က ထိုနေရာမျိုးကို နင်းလိုသောအခါ ခြေဆေးကြပါသနည်း။
ကောသလမင်းကျောင်းတိုက်တွင်းဝင်ပုံ
အခါတစ်ပါး၌ ကောသလမဟာရာဇာသည် ဘုရားရှင်ကို ဖူးမြင်လိုသောဆန္ဒပြင်းပြလှသဖြင့် မိမိခေတ္တရောက်နေရာမြို့ကလေးမှ ဘုရားရှင် သီတင်းသုံးတော်မူရာ (သုံးယူဇနာလောက်ဝေးသော) နိဂုံးကို ရောက်လာ၏၊ ထိုနိဂုံး၏ တစ်နေရာ ခြံဥယျာဉ်၌ဘုရားရှင် သီတင်းသုံးတော်မူ၏၊ [ထိုခြံသည် ဘုရားရှင်နှင့်တကွရဟန်းတော်အများ သီတင်းသုံးတော်မူရာ ဖြစ်သောကြောင့်ကျောင်ဝိုင်းပင် ဖြစ်၏။]
မဟာရာဇာသည် ကျောင်းတိုက်သို့ ဝင်၍ စင်္ကြံသွားနေသောရဟန်းတော်များထံ ချဉ်းကပ်ပြီးလျှင် "ဘုရားရှင် ဘယ်မှာသီတင်းသုံးပါသနည်း" ဟုမေးလေရာ ရဟန်းတော်များသည် သီတင်းသုံးတော်မူရာ ကျောင်းကို ညွှန်ပြကြလေ၏၊ ထိုအခါကျမှ ကျောင်းဆောင်တော်သို့ ဝင်ရမည်ဖြစ်သောကြောင့် ခြေနင်းနှင့်တကွ မင်းမြောက်တန်ဆာ ငါးပါးတို့ကို ချွတ်ပယ်၍ စစ်သူကြီအား ပေးလေသည်။ [မဇ္ဈိမပဏ္ဏာသ, ဓမ္မစေတိယသုတ်ပါဠိုတော်။]
မှတ်ချက်။ ။ ပါဠိုတော်, အဋ္ဌကထာ, ဋီကာတို့၏ စကားသည် ယခုခေတ် မြန်မာ ဗုဒ္ဓဘာသာတို့၏ အယူအဆကို မထောက်ခံ ကြပါတကား၊ "သီဟိုဠ်, ယိုးဒယား ကမ္ဗောဒီးယား, လော" ဟူသော ထေရဝါဒ ဗုဒ္ဓဘာသာ ၄-နိုင်ငံတို့၌ ကျောင်းတိုက်အတွင်းဘုရားဝိုင်းအတွင်းကိုဝယ် ဖိနပ်စီးသည်ချည်းသာဖြစ်ကြပါသတဲ့၊ မြန်မာ့ အယူအားဖြင့် ထိုသူအားလုံး ခြေဖဝါးကို ဓားခွဲ ခံကြရတော့မည်။
မြန်မာ ဗုဒ္ဓဘာသာတို့အား ကျောင်းဝိုင်းအတွင်းသို့ စက်ဘီးစီး၍လည်း ဝင်ရဲကြ၏၊ နွားလှည်း, မြင်းလှည်းစီး၍လည်း ဝင်ရဲကြ၏၊ ထို့ထက် ခမ်းနားသော မော်တော်ကားကြီးကိုလည်း စီး၍ ဝင်ရဲကြ၏၊ စီးစရာ ယာဉ်တို့တွင် အသေးငယ်ဆုံး ဖိနပ်ယာဉ်ကိုကား မစီးဝံ့ရှာကြချေ။
ထို့ပြင်ဘုရားမြေ, ဘုရားဝိုင်းအတွင်း၌ ကျေကျေ နပ်နပ်ခွင့်ပြုအပ်, ခင်းကျင်းပြသအပ်သော ဇာတ်သဘင်ပွဲများကို ကြည့်ရှုကာ နှပ်, တံတွေးတို့ကို ထွေးရဲကြ၏၊ ထိုပွဲဈေး၌ စားကြွင်း စားကျန်တို့ကိုလည်းစွန့်ပစ်ရဲကြ၏၊ ကလေးများကိုပင် ရှူရှူတယ်ဝံ့ကြသေး၏၊
ဖိနပ်မစီးဘဲ ကျောင်းအတွင်း ဝင်၍ဖုံလူးနေသောခြေဖြင့် ကျောင်းပေါ်တတ်ခြင်းနှင့် ဖိနပ်စီး၍ ကျောင်းပေါ်တတ်ခါနီးမှ ဖိနပ်ချွတ်ပြီးလျှင် ဖုံးမလူးသော ခြေဖြင့် ကျောင်းပေါ်တတ်ခြင်းတို့တွင် အဘယ်သို့တက်ခြင်းက ခြေဖဝါးဓားခွဲခံရသော အမှုနှင့် နီးစပ်ပါသနည်း။
တကယ်ရိုသေခြင်း
ကျမ်းစာတို့၌ တကယ်ရိုသေသော အရာဝယ် "စေတီတော်၏ ထင်ရှားရာ အရပ်၌သော်မှ ဖိနပ်မစီးရ" ဟု ဆို၏။ [သုတ်ပါထေယျ, သင်္ဂီတိသုတ်အဋ္ဌကထာ]။ မိထွေးတော် ဂေါတမီသည် သာကီဝင်မင်းသမီးငါးရာ နှင့်အတူဘိက္ခုနီပြုလုပ်ဖို့ရန် ကပိလဝတ်ပြည်မှ ၅၁-ယူဇနာဝေးသော ဝေသာလီပြည်သို့ လာရာ၌ (ယာဉ်ရထားစီး၍ သွားလျှင် ဘုရားရှင်ကို မရိုသေရာ ရောက်မည်စိုးသောကြောင့်) ယာဉ်ရထား မစီးကြဘဲအားလုံး မင်းသမီးများ ခြေလျင်သွားကြပါသတဲ့။ [ဘိက္ခုနီခန္ဓကစူဠဝဂ္ဂပါဠိတော်။]
ထိုမျှလောက် မရိုသေနိုင်သူ့အတွက် မရိုသေစိတ်လည်း မရှိပါမူ အကုသိုလ်အပြစ်မရှိ၊ သို့သော် ရိုသေနိုင်သူအတွက် ရိုသေလေ ကောင်းလေပင်ဖြစ်ပါသည်၊ သို့ရာဝယ် မိမိမှာရောဂါဖြစ်လောက်အောင် အရိုအသေ လွန်မသွားဖို့ သတိထားသင့်ပါသည်။
အမှာ။ ။ ယခုကာလ၌ ဗုဒ္ဓမြတ်စွာ၏ဆိုင်ရာ စေတီတော်ဝင်း, ကျောင်းဝင်းသို့ ဖိနပ်မစီးရလျှင် မဝင်လိုကြ၊ ဖိနပ်စီးလျှင်လည်း အပြစ်ရမည် ထင်နေသူတို့အတွက် ဤအဖြေကို ရေးလိုက်ပါသည်၊ ရှေးက ဆရာတော်ကြီးများ၏ "ဖိနပ် မစီးကောင်း" ဟူသော အဆုံးအဖြတ်ကို လိုက်နာ၍ ဖိနပ်မစီးသူများကိုကား "ရိုသေနိုင်လျှင် ကောင်းပါ၏" ဟုသာ ချီးမွမ်းလိုပါသည်။
(အရှင်ဇနကာဘိဝံသ၏ ဘာသာရေးပြဿနာ အဖြေများမှ ဝေငှပါသည်။)

ဗြဟ္မစိုရ်တရားလေးပါး


ဗြဟ္မစိုရ်တရားလေးပါးနှင့်စပ်လျဉ်း
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရား
ကြီး ၏သြဝါဒတော်ကို နှလုံးအိမ်တွင် စိမ့်ထုံစွဲမြဲနေသင့်ပါသည်။

မေတ္တာဘာဝနာဆိုတာ သူတစ်ပါးအား ချမ်းသာစေလိုတဲ့စိတ်ကို ဖြစ်ပွားစေခြင်းပါပဲ။ ဘာဝနာအနေနဲ့မဟုတ်ပေမယ့်သူတစ်ပါးအား ချမ်းသာစေချင်ရင် အဲဒါမေတ္တာကုသိုလ်စိတ်ပါပဲ။
ကရုဏာဘာဝနာဆိုတာ သူတစ်ပါးအားသနားစိတ်ကို
ဖြစ်ပွားစေခြင်းပါပဲ။ ဘာဝနာအနေနဲ့ မဟုတ်ပေမယ့်သူတစ်ပါးအားသနားရင် ဆင်းရဲမှလွတ်စေချင်ရင် ကရုဏာ ကုသိုလ်စိတ်ပါပဲ။
မုဒိတာဘာဝနာဆိုတာ သူတစ်ပါးကောင်းစားချမ်းသာနေတာကို အားရဝမ်းသာစိတ်ဖြစ်ပွားစေ
ခြင်းပါပဲ။ ဘာဝနာအနေနဲ့မဟုတ်ပေမယ့်သူတစ်ပါးအား ချမ်းသာမြဲချမ်းသာစေချင်ရင် ကောင်းစားမြဲကောင်းစားစေ
ချင်ရင် အဲဒါမုဒိတာကုသိုလ်စိတ်ပါပဲ။
ဥပေက္ခာဘာဝနာဆိုတာလည်းဒီအတိုင်းပဲ။ သူတစ်ပါးချမ်းသာရေးတို့ကို ကြောင့်ကြမပြုမူ၍ ကံတရားအတိုင်းပါပဲလို့ လျစ်လျူရှုနေခြင်းဟာ ဥပေက္ခာ ကုသိုလ်စိတ်ပါပဲ။