ကျောင်းဝင်းတွင်း ဖိနပ်စီးသင့် မစီးသင့် ပြဿနာသည်
မြန်မာတစ်ဝှမ်းလုံး အလွန်ခေတ်စားသည်ဟု ဆိုရမလိုဖြစ်၏။ ရဟန်းရှင်လူအားလုံးက
ရိုသေလေးစားရသော ဆရာတော်ကြီးများပင် အယူအဆ အမျိုးမျိုးရှိလေသည်။
ဒီမှာတင်ပြလိုသည်က ဂါဒီယန်သတင်းစာ အယ်ဒီတာဟောင် ဦးစိန်ဝင်းမေးပြီး အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဖြေဆိုတော်မူခဲ့သည့် အမေးအဖြေဖြစ်သည်။
အမေးအဖြေကား ဤသို့ ဤသို့တည်း.....
အမေး။ ။ ဘုန်းတော်ကြီးကျောင်းဝင်း, ဘုရားယင်ပြင်တော်တို့၌ ဖိနပ်စီးလျှင် မည်သို့ အပြစ်ရှိပါသနည်း၊ ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို ဓားခွဲခံရခြင်းသည်မည်သည့် အကြောင်းကြောင့်ပါနည်း။
အဖြေ။ ။ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို သင်တုန်းဓားဖြင့် အခွဲခံရခြင်း၌ "ရာဇာကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ-ရှင်ဘုရင်သည် ရှေးဘဝတုန်းက စေတီယင်ပြင်တော်ဝယ် ဖိနပ်စီးလျက် သွားဖူးသတဲ့၊ နိသဇ္ဇနတ္ထာယ ပညတ္တကဋသာရကဉ္စအဓောတေဟိ ပါဒေဟိအက္ကမိ-ရဟန်းသံဃာတို့ ထိုင်ဖို့ရန် ခင်းထားအပ်သော သင်ဖြူကိုလည်း ခြေမဆေးဘဲ နင်းဖူးသတဲ့၊ တဿာယံ နိသန္ဒေတိ ဝဒန္တိ-ဤသို့ ခြေဖဝါးကို ဓားခွဲခံရခြင်းသည် ထို အပြစ်၏ အကျိုးဖြစ်သတဲ့" ဤသို့ ပြောကြသည်။ [ဤကား သာမညဖလသုတ် အဋ္ဌကထာစကားတည်။]
မှတ်ချက်။ ။ထို အဋ္ဌကထာစကား၌ "စေတီယင်္ဂဏ (စေတီယင်ပြင်တော်) ဟူသော စကားကို ယူ၍ ဘုရားဝိုင်းအတွင်းဝယ် (သံဃာများနေရာ ကျောင်းဝိုင်းအတွင်းပါ) ဖိနပ်မစီးကောင်း" ဟု ယခုအခါမှတ်ယူနေကြ၏၊ "စေတီယင်္ဂဏ" ဟူသော အဋ္ဌကထာစကာ၌ အဖွင့်ဋီကာဆရာတို့က အများထင်သလို ဘုရားဝိုင်း တစ်ပြင်လုံးကို မယူကြ၊ "စေတီယင်္ဂဏေတိ-ဂန္ဓပုပ္ဖာဒီဟိ ပူဇနဋ္ဌာနဘူတေ စေတီဟင်္ဂဏေ-ပန်းနံ့သာစသော ပူဇော်ဖွယ်တို့ဖြင့် ပူဇော်ရာ ဌာနဖြစ်သော စေတီယင်ပြင်တော်၌" ဟု သရုပ်ဖော်ကြသည်၊ ထို့ကြောင့် "ဗိမ္ဗိသာရမင်းသည်ဘုရားဝင်းအတွင်း သာမန်၌ ဖိနပ်စီးသည်မဟုတ်၊ ပန်းတင်ခံဟု ခေါ်ရာ တေီတော် အောက်ခြေမှာပင် ဖိနပ်စီးခြင်း ဖြစ်သည်ဟုဋီကာဆရာတို့ကဆိုလိုကြပါသည်။
ထို့ပြင် ရဟန်းသံဃာတော်တို့ ထိုင်ဖို့ရာ ခင်းထားအပ်သော သင်ဖြူးပေါ်၌ ခြေမဆေးဘဲ နင်းခဲ့သော အပြစ်လည်း ခြေဖဝါးကို ဓားခွဲခံရမှု၌ပါဝင်နေ၏၊ ယခုအခါ ဘာသာရေးကို အလွန်လေးစားသော ဒါယကာ ဒါယိကာမတို့တွင်အဘယ်မျှလောက်သော အရေအတွက်က ထိုနေရာမျိုးကို နင်းလိုသောအခါ ခြေဆေးကြပါသနည်း။
ကောသလမင်းကျောင်းတိုက်တွင်းဝင်ပုံ
အခါတစ်ပါး၌ ကောသလမဟာရာဇာသည် ဘုရားရှင်ကို ဖူးမြင်လိုသောဆန္ဒပြင်းပြလှသဖြင့် မိမိခေတ္တရောက်နေရာမြို့ကလေးမှ ဘုရားရှင် သီတင်းသုံးတော်မူရာ (သုံးယူဇနာလောက်ဝေးသော) နိဂုံးကို ရောက်လာ၏၊ ထိုနိဂုံး၏ တစ်နေရာ ခြံဥယျာဉ်၌ဘုရားရှင် သီတင်းသုံးတော်မူ၏၊ [ထိုခြံသည် ဘုရားရှင်နှင့်တကွရဟန်းတော်အများ သီတင်းသုံးတော်မူရာ ဖြစ်သောကြောင့်ကျောင်ဝိုင်းပင် ဖြစ်၏။]
မဟာရာဇာသည် ကျောင်းတိုက်သို့ ဝင်၍ စင်္ကြံသွားနေသောရဟန်းတော်များထံ ချဉ်းကပ်ပြီးလျှင် "ဘုရားရှင် ဘယ်မှာသီတင်းသုံးပါသနည်း" ဟုမေးလေရာ ရဟန်းတော်များသည် သီတင်းသုံးတော်မူရာ ကျောင်းကို ညွှန်ပြကြလေ၏၊ ထိုအခါကျမှ ကျောင်းဆောင်တော်သို့ ဝင်ရမည်ဖြစ်သောကြောင့် ခြေနင်းနှင့်တကွ မင်းမြောက်တန်ဆာ ငါးပါးတို့ကို ချွတ်ပယ်၍ စစ်သူကြီအား ပေးလေသည်။ [မဇ္ဈိမပဏ္ဏာသ, ဓမ္မစေတိယသုတ်ပါဠိုတော်။]
မှတ်ချက်။ ။ ပါဠိုတော်, အဋ္ဌကထာ, ဋီကာတို့၏ စကားသည် ယခုခေတ် မြန်မာ ဗုဒ္ဓဘာသာတို့၏ အယူအဆကို မထောက်ခံ ကြပါတကား၊ "သီဟိုဠ်, ယိုးဒယား ကမ္ဗောဒီးယား, လော" ဟူသော ထေရဝါဒ ဗုဒ္ဓဘာသာ ၄-နိုင်ငံတို့၌ ကျောင်းတိုက်အတွင်းဘုရားဝိုင်းအတွင်းကိုဝယ် ဖိနပ်စီးသည်ချည်းသာဖြစ်ကြပါသတဲ့၊ မြန်မာ့ အယူအားဖြင့် ထိုသူအားလုံး ခြေဖဝါးကို ဓားခွဲ ခံကြရတော့မည်။
မြန်မာ ဗုဒ္ဓဘာသာတို့အား ကျောင်းဝိုင်းအတွင်းသို့ စက်ဘီးစီး၍လည်း ဝင်ရဲကြ၏၊ နွားလှည်း, မြင်းလှည်းစီး၍လည်း ဝင်ရဲကြ၏၊ ထို့ထက် ခမ်းနားသော မော်တော်ကားကြီးကိုလည်း စီး၍ ဝင်ရဲကြ၏၊ စီးစရာ ယာဉ်တို့တွင် အသေးငယ်ဆုံး ဖိနပ်ယာဉ်ကိုကား မစီးဝံ့ရှာကြချေ။
ထို့ပြင်ဘုရားမြေ, ဘုရားဝိုင်းအတွင်း၌ ကျေကျေ နပ်နပ်ခွင့်ပြုအပ်, ခင်းကျင်းပြသအပ်သော ဇာတ်သဘင်ပွဲများကို ကြည့်ရှုကာ နှပ်, တံတွေးတို့ကို ထွေးရဲကြ၏၊ ထိုပွဲဈေး၌ စားကြွင်း စားကျန်တို့ကိုလည်းစွန့်ပစ်ရဲကြ၏၊ ကလေးများကိုပင် ရှူရှူတယ်ဝံ့ကြသေး၏၊
ဖိနပ်မစီးဘဲ ကျောင်းအတွင်း ဝင်၍ဖုံလူးနေသောခြေဖြင့် ကျောင်းပေါ်တတ်ခြင်းနှင့် ဖိနပ်စီး၍ ကျောင်းပေါ်တတ်ခါနီးမှ ဖိနပ်ချွတ်ပြီးလျှင် ဖုံးမလူးသော ခြေဖြင့် ကျောင်းပေါ်တတ်ခြင်းတို့တွင် အဘယ်သို့တက်ခြင်းက ခြေဖဝါးဓားခွဲခံရသော အမှုနှင့် နီးစပ်ပါသနည်း။
တကယ်ရိုသေခြင်း
ကျမ်းစာတို့၌ တကယ်ရိုသေသော အရာဝယ် "စေတီတော်၏ ထင်ရှားရာ အရပ်၌သော်မှ ဖိနပ်မစီးရ" ဟု ဆို၏။ [သုတ်ပါထေယျ, သင်္ဂီတိသုတ်အဋ္ဌကထာ]။ မိထွေးတော် ဂေါတမီသည် သာကီဝင်မင်းသမီးငါးရာ နှင့်အတူဘိက္ခုနီပြုလုပ်ဖို့ရန် ကပိလဝတ်ပြည်မှ ၅၁-ယူဇနာဝေးသော ဝေသာလီပြည်သို့ လာရာ၌ (ယာဉ်ရထားစီး၍ သွားလျှင် ဘုရားရှင်ကို မရိုသေရာ ရောက်မည်စိုးသောကြောင့်) ယာဉ်ရထား မစီးကြဘဲအားလုံး မင်းသမီးများ ခြေလျင်သွားကြပါသတဲ့။ [ဘိက္ခုနီခန္ဓကစူဠဝဂ္ဂပါဠိတော်။]
ထိုမျှလောက် မရိုသေနိုင်သူ့အတွက် မရိုသေစိတ်လည်း မရှိပါမူ အကုသိုလ်အပြစ်မရှိ၊ သို့သော် ရိုသေနိုင်သူအတွက် ရိုသေလေ ကောင်းလေပင်ဖြစ်ပါသည်၊ သို့ရာဝယ် မိမိမှာရောဂါဖြစ်လောက်အောင် အရိုအသေ လွန်မသွားဖို့ သတိထားသင့်ပါသည်။
အမှာ။ ။ ယခုကာလ၌ ဗုဒ္ဓမြတ်စွာ၏ဆိုင်ရာ စေတီတော်ဝင်း, ကျောင်းဝင်းသို့ ဖိနပ်မစီးရလျှင် မဝင်လိုကြ၊ ဖိနပ်စီးလျှင်လည်း အပြစ်ရမည် ထင်နေသူတို့အတွက် ဤအဖြေကို ရေးလိုက်ပါသည်၊ ရှေးက ဆရာတော်ကြီးများ၏ "ဖိနပ် မစီးကောင်း" ဟူသော အဆုံးအဖြတ်ကို လိုက်နာ၍ ဖိနပ်မစီးသူများကိုကား "ရိုသေနိုင်လျှင် ကောင်းပါ၏" ဟုသာ ချီးမွမ်းလိုပါသည်။
(အရှင်ဇနကာဘိဝံသ၏ ဘာသာရေးပြဿနာ အဖြေများမှ ဝေငှပါသည်။)

No comments:
Post a Comment