~
လူတို့သဘော၊ မနောစင်ဖြူ၊ ကောင်းသောသူနှင့်၊ ပေါင်းဘက်သင့်က၊
ကောင်းကျင့်ကောင်းမူ၊ မကောင်းသူနှင့်၊ အတူပေါင်းမှု၊ မကောင်းတုကို၊
လိုက်ပြုတတ်စွ၊ ဤလောကနှိုက်၊ တံငါ့အိမ်ပါး၊ တံငါလားဟု၊ ဆိုငြားမှန်ဘိ၊
ယွင်းမယှိတည့်၊ တမိဝမ်းအောင်း၊ ရသေ့ကျောင်းနှင့်၊ ဆိုးတောင်း ယုတ်မာ၊
ခိုးသူ့ရွာသို့၊ ရောက်ရှာကုန်ကြ၊ သူဝနှစ်ကောင်၊ ကျေးညီနောင်တို့၊
တကောင်မှာသော်၊ သူတော်အလေ့၊ သိမ်မွေ့လိမ္မာ၊ တကောင်မှာမူ၊ ၀ါစာဖရုသ်၊
ကြမ်းကြုတ် စရိုက်၊ ရုန့်ရင်းမိုက်ရှင့်၊
မှတ်ပိုက်တဖြာ၊ ရှေးသော့ခါနှိုက်၊ မဟိလာ မုခ၊ ပြောင်မုန်လှနှင့်၊ ပဏ္ဍဝ
မည်လျှင်း၊ စီးတော်မြင်းလည်း၊ နီးရင်းနေသူ၊ စောင့်ထိန်းလူကို၊ အတူသင်နိုး၊
တုလိုက်ခိုး၍၊ နင်းချိုးသတ်ပုတ်၊ လွန်ကြမ်းကြုတ်နှင့်၊ ခုတ်ခုတ်ခြေသံ၊ နာခံ
မကောင်း၊ အသွားပြောင်း၍၊ နှောင်းမှပြုပြင်၊ သွန်သင်သဖြင့်၊ အသင့်ဖြစ်ပြန်၊
တိရစ္ဆာန်မျိုး၊ ကောင်း,ဆိုး ရိုင်း,ယဉ်၊ ဂုဏ်ထူးယှဉ်၏၊ ၀ိညာဉ်မဲ့ဘိ၊
စိတ်ယှိသတ္တ၀ါ၊ မဟုတ်စွာသေး၊ တမာ ခွေးတောက်၊ မြစ်ရှောက်ရောယှက်၊ တူနှောဘက်၍၊
သရက်ချိုမြ၊ ဘန္တရလျက်၊ ကွယ်ပအပြီး၊ အခါးသီး၏၊ မနီး စကောင်း၊
မပေါင်းစထိုက်၊ သူမိုက်ဟူသည်၊ ကျင့်မူနှီးနှော၊ ဖျက်တက်သောကြောင့်၊
သဘောမကြည်၊ ဆိပ်မျိုးရည်နှင့်။ မြား ကျည် ငါးပုပ်ပမာတည်း။
❁ မန်လည်ဆရာတော်ဘုရားကြီး ❁
မဟာသုတကာရီ မဃဒေ၀လင်္ကာ ပုတ္တောဝါဒခဏ်း
No comments:
Post a Comment