မျောက်ချောပင် ရွာကလေးသည် အိမ်ခြေ ၈၀-ခန့် သာ ရှိပါသည်။ထိုရွာသည် အနောက်ရိုးမမှ စီးဆင်းသော ချောင်းနံ ဘေး၌ တည်ရှိပါသည်။ထိုချောင်းသည် နွေရာသီတွင် ရေနည်းသော်လည်း မိုးရာသီ၌ မိုးကြီးလျှင် ရေအလွန်များပြီး တောင်ကျရေ စီးလည်း အလွန်သန်ပါသည်။ရွာသူရွာသားများသည် လယ်ယာလုပ်ငန်း လုပ်ကိုင်ပြီး အသက်မွေးကြပါသည်။
ထိုရွာကလေးတွင် ဖိုးပြားတို့ မိသားစု နေထိုင်ကြပါသည်။ဖိုးပြားတို့ အိမ်တွင် ဖိုးပြား၏ ဇနီးနှင့် လူမမည် သမီး နှစ်ဦး ရှိပါ သည်။ဖိုးပြားသည် အသက် ၃၀-ပင် မပြည့်သေးပါ။သူသည် အတည်တကျ အလုပ်ကိုင် မရှိသဖြင့် ကြုံရာ ကျပန်း အလုပ်များကို သာ လုပ်ပါသည်။မြို့ ပေါ်ရှိ နွားသတ်ရုံ၊ဝက်သတ်ရုံတို့ က ဝယ်ခိုင်းသော နွား-ဝက်တို့ ကို ဝယ်ပြီး မြို့ ကို ပို့ ပေးသည်။ထို့ အပြင် ငါးရှာ၊ဖားရှာ အလုပ်ကိုလည်း လုပ်သည်။သူ၏ ဇနီးမှာ လယ်ထဲ၊ယာထဲတွင် တစ်နေကုန် လယ်ကုလီ၊ယာကူလီ လုပ်ပါသည်။ဖိုး ပြား သည် သားသတ်ရုံမှ ပေးသော ဟင်းလျာများကို ရရှိသော်လည်း အပေါင်းအသင်း များနှင့်သာ ချက်ပြုတ်သောက်စား မူးယစ် ၍ ပျော်ပါးနေသည်က များသည်။စားသောက်ပြီး ပိုလျှံမှ အိမ်သားများ စားကြရသည်။ထို့ အပြင် ဖိုးပြားသည် ခွေးသားကိုလည်း အလွန် ကြိုက်သည်။ မကြာခဏပင် အပေါင်းအသင်းများနှင့် ခွေးများသတ်ပြီး ချက်စားလေ့ ရှိကြသည်။ တစ်နေ့ တွင် ချောင်းတစ်ဖက်ကမ်းရွာ မှ သူငယ်ချင်း လှထူး၊ဖိုးထောင်တို့ရောက်လာကြသည်။
“ဟေ့ကောင် ဖိုးပြား၊တို့ လည်း ဟိုဟင်း မစားရတာ ကြာပြီကွ။ငါတို့ လည်း ရှာဝယ်တာ၊ဘယ်မှာမှ မရဘူး၊မင်းကြိုးစားကြည့်ပါဦးကွာ”ဟု ပြောသည်။ “အေး ငါလည်း စားချင်နေပြီကွ။ငါ ဖြစ်အောင် စီစဉ်ခဲ့မယ်။မင်းတို့ ပြန်ကြ၊ချက်ဖို့ ပြုတ်ဖို့ နဲ့ အရက်ကို မင်းတို့ စီစဉ်ထား ကြ။ညနေ ငါလာခဲ့မယ်”ဟု ဖိုးပြားကမှာလိုက်သည်။ ထို့ နောက် ဖိုးပြား အကြံ ပက်စက်လေပြီ။ဇနီးသည် လယ်ထဲမှ မပြန်မီ၊ကလေးတွေ ကျောင်းက မပြန်မီ အိမ်တွင် မွေး ထားသော ခွေးကို ဂုန်နီအိတ်ဖြင့် ထည့်ကာ ကြိုးဖြင့် စည်း၍ ချောင်းထဲသို့  အသံမကြားရအောင် ရေနှစ်၍ သတ်လိုက်တော့သည် သေပြီ ဆိုမှ ထိုအိတ်ကို ထမ်း၍ သူငယ်ချင်းများနှင့် ချိန်းထားသော နေရာသို့ သွားသည်။ချောင်းနှင့် မနီးမဝေးတွင် သူတို့ ပျော်ပွဲ စားနေကြ တဲကလေး တစ်လုံးရှိသည်။ဖိုးပြား ရောက်သည်နှင့် အသင့် စောင့်နေကြသော လှထူးတို့ အဖွဲ့ က အလျင်အမြန် ကိုင် တွယ် ချက်ပြုတ် ကြသည်။ ခွေးသားဟင်း ကျက်သည့်အခါ အသင့်ယူလာသော အရက်များနှင့် သူငယ်ချင်း တစ်စု ပျော်ရွှင်စွာ စားသောက်ကြလေ သည်။မိုးသည် တဖွဲဖွဲ ရွာနေရာမှာ တဖြည်းဖြည်း သည်းထန် လာသည်။“ဟေ့ကောင် ဖိုးပြား၊မင်းရွာမပြန်နဲ့ ၊ချောင်းရေတိုးလိမ့် မယ်”ဟု လှထူးက ပြောသည်။ “မဖြစ်ဘူး သူငယ်ချင်း၊ငါ့မိန်းမက အစောကြီး လယ်ထဲ ဆင်းရတယ်။သူသွားတော့ ကလေးတွေ စားဖို့ သောက်ဖို့ ငါပဲ ချက်ရတယ်ကွာ။ဒီချောင်းရေလောက်တော့ ကူးနေကျပါကွာ။ခါးလောက်ထက် မပိုပါဘူး”ဟု ဖိုးပြားက ပြန်ပြောသည်။ “ကဲ မှောင်စ ပျိုးလာပြီ။လက်စ သတ်လိုက်ကြစို့ ကွာ။ဖိုးပြား၊ဒီမှာ မအိပ်ရင် ဖိုးထောင် လိုက်ပို့ လိုက်။မင်းက လူလွတ်ဆို တော့ မနက်မှ ပြန်လာလဲ ရတယ်။မင်းအိမ်ကို တို့ ပြောလိုက်မယ်”ဟု လှထူးက အစီအစဉ် ဆွဲသည်။လက်ကျန် အစားအသောက် များကို သူတို့ တစ်တွေ အကုန် ရှင်းလိုက်ကြသည်။ထို့ နောက် တဲအတွင်းမှ လူ ၅-ယောက် ဒယီးဒယိုင်နှင့် ထွက်လာကြသည်။ လှထူးနှင့် အဖော် နှစ်ယောက်မှာ သူတို့ ရွာဘက်သို့ ပြန်ပြီး ဖိုးပြားနှင့် ဖိုးထောင်မှာ ချောင်းကမ်းဘက်သို့ လျှောက်လာကြသည်။ အာလေး၊လျှာလေးကြီးများဖြင့် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်လိုက်ကြသေးသည်။ ချောင်းရေစပ်သို့ ရောက်သောအခါ “ဖိုးထောင်၊ခါးတောင်းကျိုက်ကွာ။ရေကတော့ ခါးလောက်နီးပါးပဲ ရှိတယ်။ဒါပေမယ့် ရေစီး သန်တယ်ကွ”ဟု ဖိုးပြားက ပြောသည်။သူငယ်ချင်း နှစ်ယောက် တစ်လှမ်းချင်း ရေထဲသို့ ဆင်းသွားကြသည်။ရေလယ်သို့  ရောက်သောအခါ ဖိုးပြားသည် ရေညှိတက်နေသော ကျောက်တုံးကို နင်းမိပြီး ယိုင်လဲသွားသည်။ “ဟာ……လုပ်ပါဦး သူငယ်ချင်း”ဟု တစ်ချက် အော်လိုက်၏။ထိုအခါ ဖိုးထောင်က လှမ်းဆွဲလိုက်သော်လည်း အမှောင်ထဲ တွင် ဖိုးပြားကို မဆွဲမိဘဲ သူပါ အရှိန်လွန်၍ လဲကျသွားသည်။ရေစီးကလည်း ကြမ်း၊အရက်မူးသည့် အရှိန်ကလည်း ရှိသဖြင့် နှစ်ဦး စလုံး တလိမ့်ခေါက်ကွေး မျောပါသွားသည်။ နောက်တစ်နေ့ တွင် ဖိုးပြားနှင့် ဖိုးထောင်တို့ ရေနစ် သေဆံုးကြောင်း သတင်း ကြားရပါလေတော့၏။ သူငယ်ချင်း နှစ် ယောက်၏ ကံကြမ္မာကား “ကံတူ အကျိုးပေး”ဟု ဆိုရမည် ဖြစ်ပါတော့ သတည်း။
တင်ထွန်းအောင်(ရွှေရဲမြေ) မြတ်မင်္ဂလာ--------၂၀၁၂-ခုနှစ်၊ဧပြီလ
No comments:
Post a Comment