Friday, November 28, 2014

ဗုဒ္ဓါနုဿတိဘာဝနာပွားများပုံ”


လူတို့သည် နံနက်အိပ်ရာထချိန်မှစ၍ ညအိပ်ရာဝင်ချိန်အထိ သားမယားကိစ္စ၊ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စ၊ တို့၌သာ စိတ်သက်ဝင်နစ်မြုပ်နေမှုများက များ၏။ ထိုကိစ္စတို့ကို ကြံစည်တွေးတောမှု၊ အောက်မေ့အမှတ်ရ နေမှုများကသာများ၏။ စင်စစ်ထိုအာရုံများသည် လောဘ၊ ဒေါသတို့ကျက်စားရာ အာရုံများသာဖြစ်ကြ၏။ သို့အတွက်ထိုလူတို့၏ စိတ်သည် ညစ်နွမ်းပြီး၊ နောက်ကျိနေပြီး ကြည်လင်ရွှင်ပြမှုလည်း မရှိကြပေ။ စစ်မှန်သော စိတ်ချမ်းသာမှုကိုလည်း မခံစားရပေ။

ဗုဒ္ဓါနုဿတိစသည်၌ ဘုရားစသော အာရုံတို့သည်ကား စိတ်ကြည်လင်ရွှင်ပျဖွယ်ရာ(ပဿဒနီယ) အာရုံများဖြစ်ကြ၏။ စိတ်ပူလောင်မှုကိုဖြစ်စေတတ်သော အာရုံများမဟုတ်ကြ။ ထိုအာရုံများကို အောက်မေ့အမှတ်ရနေပါက စိတ်ကြည်လင်ရွှင်ပျလာပြီး စစ်မှန်သော စိတ်ချမ်းသာမှုအကျိုးနှင့် အခြားကောင်းကျိုးများစွာကိုလည်း ခံစားကြရ၏။ ထို့ကြောင့် ဗုဒ္ဓါနုဿတိစသော ဘာဝနာများကို တတ်စွမ်းသမျှ အချိန်ရသမျှပွားများအားထုတ်သင့်ကြပေသည်။

ရှေ့အနုဿတိခြောက်ပါးတို့အနက် ဤ၌ ဗုဒ္ဓါနုဿတိဘာဝနာပွားများပုံကိုသာ ဖော်ပြမည်ဖြစ်၏။ ဗုဒ္ဓါနုဿတိဟူသည် ဘုရားရှင်၏ ဂုဏ်တော်တို့ကို အဖန်ဖန်အောက်မေ့နေမှု၊ အမှတ်ရနေမှုဖြစ်သည်။ ဘုရားရှင်၏ ဂုဏ်တော်(၉)ပါးရှိသည့်အနက် ဤ၌ “အရဟံ” ဂုဏ်တော်ပွားများပုံလေးကို တင်ပြပါမည်။ ဒီ တစ်ခုရပါက ကျန်သော မြတ်စွာဘုရားဂုဏ်တော်များကို အစားထိုးကာ အာရုံပြုတတ်မည်ဖြစ်၏။

ဗုဒ္ဓ့ါနုဿတိဘာဝနာပွားများမည့်သူသည် ရှေးဦးစွာ မိမိခန္ဓာကိုယ်ကို သန့်ရှင်းအောင် ကိုယ်လက်သုတ်သင်ရ၏။ သန့်ပြန့်သော အဝတ်ကို ဝတ်ရ၏။ ဥဒ္ဒိဿရုပ်ပွားတော်ကိုလည်း ကြည်ညိုဖွယ်ဖြစ်အောင် ပြင်ဆင်ထားရ၏။ မင်းကွန်းဆရာတော်ဘုရားကြီး၊ သီတဂူဆရာတော်ဘုရားကြီး ၊ ဖြူးဆရာတော်ဘုရားကြီးစတဲ့ ဆရာတော်ဘုရားကြီးတို့သည် တရားဟောပလ္လင်တက်ပြီး တရားဟောတိုင်း သန့်ပြန့်သော သင်္ကန်းများဝတ်ရုံခြင်း၊ ခံတွင်း၊ ကိုယ်လက်စသည်တို့ကို စင်ကြယ်အောင်ဆေးကြောသုတ်သင်ပြီးမှ တရားဟောလေ့ရှိကြောင်းသိရ၏။

မြတ်စွာဘုရားဂုဏ်တော်များ၊ တရားတော်များကိုဟောကြားပြသည့် အချိန်တွင် ထိုကဲ့သို့ သန့်ရှင်းမှုမျိုးလိုအပ်သည်ဟုမိန့်တော်မူဖူး၏။ ပြီးမှ အောက်ပါအတိုင်း စိတ်တည်ငြိမ်အောင် ထားပြီး ဖြည်းဖြည်းရွတ်ဆိုပွားများရမည်။

၁။ အရဟံ- လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ် တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူနတ်ဗြဟ္မာသတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား။
၂။ အရဟံ- ဝါသနာနှင့်တကွ တစ်ထောင့်ငါးရာကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူ ပေသော မြတ်စွာဘုရား။
၃။ အရ-ဟံ- လောဘ၊ ဒေါသ၊ မောဟ အစရှိသော ကိလေသာ ရန်သူတို့ကို ပယ်သတ်တော်မူပေသော မြတ်စွာဘုရား။
၎။ အရ-ဟံ - သံသရာစက်၏ အထောက်အကန့်တို့ကို ချိုးဖျတ်တော်မူပြီးသော မြတ်စွာဘုရား။
၅။ အ-ရဟံ- မျက်နှောက်မျက်ကွယ် အချင်းခပ်သိမ်းစင်ကြယ်၍ စိတ်ကွယ်ရာမရှိတော်မူသော မြတ်စွာဘုရား။
ဘုရားရှင်၏ ပုံတော်ကို မနောအာရုံတွင် ထင်ရှားပေါ်လာအောင် အာရုံယူပြီး အထက်ပါအနက်အဓိပ္ပါယ်ငါးမျိုးကို ဖြည်းဖြည်းချင်း ရွတ်ဆိုပွားများရပါမည်။ ပုတီးစိပ်ပွားများလိုပါလျှင် ထိုငါးပုဒ်မှ ပုတီးတစ်လုံးချပါ။


"ဗုဒ္ဓါနုဿတိပွားရခြင်းအကျိုး"
************************
ဗုဒ္ဓါနုဿတိဘာဝနာပွားများရခြင်းအကျိုးကား များလှစွာ၏။ ရာဂ ဒေါသ မောဟ ကိလေသာများသည် စိတ်၏ အညစ်အကြေးများဖြစ်ကြ၏။ သတ္တဝါတို့၏ ပင်ကိုယ်စိတ်သည် ပြိုးပြိုးပြက်အရောင်ထွက်၏။ သို့သော် ထိုရာဂစသော စိတ်အညစ်အကြေးများကြောင့် ညစ်နွမ်းနောက်ကျိပြီး အရောင်မထွက်ရခြင်းဖြစ်၏။

ဗုဒ္ဓါနုဿတိဘာဝနာပွားများနေသူသည် ထိုဘာဝနာပွားများနေခိုက်တွင် ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြု၍ သဒ္ဓါတရားများတဖွားဖွားဖြစ်ပေါ်လျက်ရှိ၏။ ထိုသဒ္ဓါတရားသည် ကြည်လင်ခြင်းလက္ခဏာရှိ၏။ စကြာမင်း၏ ပတ္တမြားရတနာကိုထည့်လိုက်သောအခါ ရုတ်ချည်းအနယ်ထိုင်ကျသွားပြီး ကြည်လင်လာ၏။

ထို့အတူသဒ္ဓါတရားဖြစ်ပေါ်လာသောအခါ ထိုယောဂီ၏ စိတ်သည် နီဝရဏအနောက်အကျိများ အနယ်ထိုင်ကျသွား၍ ကြည်လင်တောက်ပလာ၏။ ကိုယ်ရောင်ကိုယ်ဝါများပင် ထွက်လာနိုင်၏။ သာဓကကား ကျောင်းဒကာကြီး အနာထပိဏ်သူဌေးပင်ဖြစ်၏။

အနာထပိဏ်သူဌေးကြီးသည် အရောင်းအဝယ်ကိစ္စဖြင့် ရာဇဂြိုလ်ပြည်သို့ ရောက်ခိုက် ရာဇဂြိုလ်သူဌေးထံမှ “ဗုဒ္ဓ” ဟူသော စကားသံကိုကြားရသောအခါ ကြက်သီးမွှေးညှင်း တဖျန်းဖျန်းထကာ ဘုရားရှင်ထံတော်သို့ ချက်ချင်းသွားရောက်ဖူးမြော်ချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာ၏။

သို့သော် ညအချိန်မတော်ဖြစ်နေ၍ သွားချင်စိတ်ကို မျိုသိပ်အောင့်ထားပြီး ဘုရားရှင်ကိုအောက်မေ့အမှတ်ရလျက် အိပ်ရာဝင်ခဲ့၏။ ညနှစ်ချက်ခန့်တွင် မိမိခန္ဓာကိုယ်မှထွက်ပေါ်သော ကိုယ်ရောင်ကိုယ်ဝါတို့ကြောင့် နံနက်မိုးလင်းပြီထင်မှတ်၍ အိပ်ရာမှထကာ ဘုရားရှင်ထံသွားလေ၏။

ဗုဒ္ဓါနုဿတိဘာဝနာပွားများသူ၏ သဒ္ဓါတရားသာဖြစ်ပေါ်လာသည်မဟုတ်သေး။ ပါမောဇ္ဇခေါ် နုသောပီတိ၊ ထိုမှအားကြီးလာသော အခါ ရင့်သောပီတိလည်း ဖြစ်ပေါ်လာ၏။ ထိုပီတိအလွန်အားကြီးလာသောအခါ ထိုပီတိအဟုန်ကြောင့် ခန္ဓာကိုယ်ကြီးပင် ကောင်းကင်ထက်မြောက်တက်သွားနိုင်၏ ဤပီတိကို ဥဗ္ဗေဂါပီတိဟုခေါ်၏။

ဤဥဗ္ဗေဂါပီတိအဟုန်ကြောင့် ပုဏ္ဏဝလ္လိက၌နေသော မဟာတိဿမထေရ်နှင့် ဝတ္တကာလကရွာ၌နေသော အမျိုးသမီးငယ်တစ်ယောက်သည် ကောင်းကင်ထက် မြောက်တက်ဖူး၏။ ထို့ပြင် ဗုဒ္ဓါနုဿတိဘာဝနာပွားများသူသည် ဘုရားရှင်၌လည်း ရိုသေကိုင်းရှိုင်းလာ၏။ သတိ၊ ပညာတရားများလည်းအားကောင်းလာ၏။

ကိုယ်စိတ်နှစ်ပါးလည်းဆင်းရဲကင်းကွာ ငြိမ်းအေးလာ၏။ ကြောက်မက်ဖွယ်အရာများကိုလည်း မကြောက်မရွံ့တော့ပေ။ဆင်းရဲဒုက္ခကိုလည်း သည်းခံနိုင်စွမ်းရှိလာ၏။ ဘုရားရှင်နှင့် အတူနေရသကဲ့သို့ဖြစ်၏။ မကောင်းမှုပြုဖို့ အခွင့်ကြုံလာလျှင်လည်း ဘုရားရှင်ကို မြင်ယောင်တတ်လာ၍ အရှက်အကြောက်ဝင်လာကာ မပြုဝံ့တော့ပေ။

အထက်မဂ်ဖိုလ်ကို ထိုးထွင်းမသိခဲ့သော် နတ်ရွာသုဂတိရောက်ရလေ၏ စတဲ့အကျိုးတရားများစွာကိုရရှိနိုင်ကြောင်း တင်ပြလိုက်ရပါသည်။

ကျမ်းကိုး။ အဘိဓမ္မတ္ထသင်္ဂဟ၊ အဘိဓမ္မာရှင်းတမ်း။

No comments: