Friday, December 13, 2013
စိတ်ကို ဆုံးမနည်း ဥပမာ
သင့်အား အမျက်ဒေါသ
ဖြစ်ပေါ်လာခဲ့သော်
် ကြမ်းတမ်းသော လွှသွားကို ဥပမာတင်၍ ရှု့ လော့ ။
အချိုအချဉ်စသော အရသာ၌
တပ်မက်မှုတဏှာ ဖြစ်ပေါ်လာခဲ့သော်
မိမိရင်သွေးငယ်၏ စားသောက်ခြင်း
ဥပမာကိုတင်၍ ရှု ဆင်ခြင်လော့ ။
သင်၏စိတ်သည် ကာမဂုဏ်အာရုံတို့ ၌
ပြေးလွှားကျက်စားနေခဲ့သော်
စပါးခင်းကို ဝင်ရောက်မွှေနှောက်သည့်
နွားဆိုးအား ကြိုးဖြင့်နှောင်တုပ်ကာ
တိုင်၌ချည်ထားသည်ကို ဥပမာတင်၍
ရှု့ ဆင်ခြင်လော့။
သင်၏စိတ်ကို သတိဟူသော ကြိုးဖြင့် သမာဓိဟူသောတိုင်၌ ဖွဲ့ ချည်၍
ဆုံးမနှိပ်ကွပ်လေလော့ ။ ။
အရှင် ဗြဟ္မဒတ္ထ
(ဆက္ကနိပါတ်-၁၂)
ဆရာတော် အရှင်ဇဝန
မေတ္တာရှင်(ရွှေပြည်သာ) ၏
ဗုဒ္ဓဘာသာခေါင်း ဆောင်းထားသော
အရှင်ဒေဝဒတ်၏ တပည့်များ စာအုပ်မှ။
လာရာနှင့်လားရာ။
သံသရာတလျှောက်လုံးမှာဘဝတွေအများကြီးကျင်လည်ခဲ့ပြီးပါပြီ။ယခုပစ္စုပန်ဘဝမှာဗုဒ္ဓမြတ်စွာသာသနာနဲ့ကြုံတွေ့ခိုက်မှာရခဲလှတဲ့လူ့ ဘဝကိုလည်းရ ရှိခဲ့ပြီ။
အခုအချိန်မှာလောဘေ ဒါသ မောဟတွေဆက်ဖြစ်နေမယ်ဆိုရင်တော့အပြန်လမ်းကအပါယ်လေးဘုံပါ ။ဒါနသီလ သမထနဲ့ ဘာဝနာတရားတွေပွားများနိုင်ရင်လူ နတ် ဗြဟ္မာချမ်းသာပြန်ရဦးမှာပါ။
အသိဥာဏ်နဲ့ယှဉ်သတိတရားနဲ့ဘာဝနာတရားကိုပိုပွားများနိုင်ရင်နိဗ္ဗာန်ချိမ်းသာ ကိုရ ရှိမှာပါ။
လာခြင်း ၂ မျိုးနဲ့ပြန်ခြင်း ၂ မျိုး ရှိပါတယ်။
(၁)အမှောင်ထဲကလာပြီးအမှောင်ထဲကိုပြန်တဲ့သူ။
အတိတ်ဘဝကကုသိုလ်ကောင်းမှု့ထက်အကုသိုလ်အလုပ်တွေကပိုများခဲ့လို့ ယခုဘဝမှာပင်ပန်းဆင်းရဲစွာနေထိုင်ရပြီး ဘုရားသာသနာနှင့်တွေ့ကြုံရပါသော်လည်းဒီဘဝမှာလည်းကုသိုလ်ကောင်းမှု့တွေကိုမေ့ပြီးဒုစရိုက်တွေပြုတုန်း မိုက်နေတုန်းဘဲဆိုရင်ပြန်ရမဲ့လားရာလမ်းက အပါယ်၎ ဘုံ အမှောင်လမ်းပါ။
(၂)အမှောင်ထဲကလာပြီးအလင်းကိုပြန်တဲ့သူ။
အတိတ်ကအကုသိုလ်ကံတွေများပြီး ကုသိုလ်ကံကနဲခဲ့လို့ လူဆင်းရဲပြီးဘဝကိုခက်ခဲစွာရုန်းကန်ရပေမဲ့ယခုဘဝမှာသာသနာနဲ့ကြုံတွေ့ခိုက်ဆရာကောင်းမိတ်ကောင်းတို့ နှင့်ဆုံတွေ့ပြီးဒါနသီလ သမထ ဘာဝနာတရားတို့ကိုကောင်းစွာကြိုးစားအားထုတ်ဖြစ်တော့အပြန်လားကလူ နတ် ဗြဟ္မာ နိဗ္ဗာန် ချမ်းသာကို ရမဲ့အလင်းကိုပြန်ရမှာပါ။
(၃)အလင်းထဲကလာပြီးအမှောင်ထဲကိုပြန်တဲ့သူ။
အတိတ်ဘဝကဒါန သီလ သမထကောင်းမှု့တွေနဲ့လူဖြစ်လာခဲ့ရပြီးဘာသာသနာနဲ့ကြုံတွေ့ရသော်လည်းစည်းစိမ်ချမ်းသာအပေါ်မှာယစ်မူးပြီးဒုစရိုက်တွေလည်းလုပ်
သီလကိုလည်းမစောင့်ထိန်းရင်တော့ပြန်ရမည့်လားရာက အပါယ်လေးဘုံဖြစ်တဲ့
အမှောင်လမ်းပါ။
(၄)အလင်းထဲကလာပြီးအလင်းထဲကိုပြန်တဲ့သူ။
အတိတ်ဘဝကဒါန သီလ သမထ ဘာဝနာကုသိုလ်တွေလုပ်ခဲ့လို့ယခု ဘဝမှာလူချမ်းသာလည်းဖြစ်ရပြီးသာသနာနှင့်ကြုံတွေ့ခိုက်မှာလည်းဒါန သီလ သမထ ဘာဝနာတရားတွေကိုဥာဏ်အသိသတိနဲ့ ယှဉ်ပွားများနေမယ်ဆိုရင်ပြန်ရမည်းအပြန်လမ်းက နိဗ္ဗာန်ရောက်ကြောင်းခရီးလမ်းကြောင်းအလင်းလမ်းပါ။
ယခုပစ္စုပန် မှာနေတဲ့လူ့ဘဝမှာကိုယ်ဘယ်ကလာခဲ့သလဲသိဖို့ မလို စဉ်းစားစရာမလိုပါ။
ဘယ်ကိုသွားမလည်းသာအရေးကြီးဆုံးပါ တရားကိုတ့ခြားမှာသွားရှာဘို့ မလိုပါဘူး။
က်ုယ့်ခန္ဓာမှာဘဲရှာပါ။မသိတာနဲ့စပြီးအသိဥာဏ်နဲ့ဆုံးရမှာပါ။
အဝိဇ္ဇာပိုက်ကွန်ထဲကတဏှာကိုပါယ်သတ်ပြီးအသိသတိဥာဏ်နဲ့သံသရာအတွက်မမေ့ကြဘဲနိဗ္ဗာန်ရောက်ကြောင်းအလင်းလမ်းကိလျှောက်လှမ်းကြပါစို့။
ဗောဓိရိပ်ငြိမ်တောရဆရာတော်
ဘဒ္ဒန္တဣန္ဒာစရိယ ဟောကြားတော်မူသောတရားတော်ကို နာယူမှတ်သားရေးသားမျှဝေပါသည် ။
ချီးမွမ်းထိုက်သော သားသမီး
တခါသော် မြတ်စွာဘုရားသခင်က ရဟန်းတို့အား မိဘတို့သည် အကြောင်း ၅-မျိုးကြောင့် သားသမီးကို အလိုရှိကြောင်းဤသို့ မိန့်တော်မူသည်။
ရဟန်းတို့၊ မိဘတို့သည် အကြောင်း ၅-မျိုးကြောင့် သားသမီး အလိုရှိကုန်၏။
ယင်းအကြောင်း ၅-မျိုးမှာ-
၁။ ငါတို့ မွေးမြူထားသော သားသမီးသည် ငါတို့အား လုပ်ကျွေး မွေးမြူပေလိမ့်မည်။
၂။ ငါတို့၏ အမှုကိစ္စကို ပြုလုပ်ပေးလိမ့်မည်။
၃။ အမျိုးအဆက်သည် ရှည်မြင့်စွာ တည်ပေလိမ့်မည်။
၎။ အမွေခံ ဖြစ်ပေလိမ့်မည်။
၅။ ဘ၀တပါးသို့ ပြောင်းသွားသော ငါတို့အား အလှူ၏အဖို့ကို ပေးဝေကြပေလိမ့်မည်။
ဟူသော အချက်များ ဖြစ်သည်။
ရဟန်းတို့၊ ဤအကြောင်း ၅-မျိုးကို ကောင်းစွာရှုမြင်သည့် ပညာရှိ မိဘတို့သည် သားသမီးကို လိုချင် တောင့်တကြကုန်၏။
ထို့ကြောင့် ပြုဖူးသော ကျေးဇူးကိုသိ၍ သူ့ကျေးဇူးကို ထင်စွာ ပြုတတ်သော, ငြိမ်သက်သော စိတ်ရှိသော, သူတော်ကောင်းတို့သည် ရှေးကပြုဖူးသည်ကို အဖန်ဖန်အောက်မေ့လျက် မိဘတို့ကို လုပ်ကျွေးမွေးမြူကြကုန်၏။
ကျေးဇူးပြုဖူးသူ၏ ကိစ္စကို ပြုလုပ်သကဲ့သို့ ထို့အတူ မိဘတို့၏ အမှုကိစ္စတို့ကို ပြုလုပ်ကုန်၏။
ရဟန်းတို့၊ မိဘတို့ အဆုံးအမကို လိုက်နာလေ့ရှိ၍ မွေးမြူဖူးသော မိဘတို့အား လုပ်ကျွေး မွေးမြူလေ့ရှိသော အမျိုးအနွယ် မယုတ်စေ၍ သဒ္ဓါတရားရှိသည့်သီလနှင့်ပြည့်စုံသော သားသမီးသည် ချီးမွမ်းထိုက်သူ ဖြစ်ပေသတည်း။
( အင်္ဂုတ္တိုရ် ၄-သုမန၀ဂ်၊ ၉-ပုတ္တသုတ် )
အတ္တ၀ါဒနှင့် အနတ္တ၀ါဒ……
မြတ်စွာဘုရားသခင်သည် ဝေသာလီပြည် ကုဋာဂါရအရပ်၌ သီတင်းသုံးနေတော်မူစဉ် အမိဘက်မှ ၀ါဒ ၅၀၀၊ အဖဘက်မှ ၀ါဒ ၅၀၀၊ ၀ါဒ ၁၀၀၀ ပိုင်ဆိုင်သော သစ္စက အမည်ရှိ ပရိဗိုရ်တစ်ဦးသည် မြို့တကာ နယ်တကာ လှည့်လည်ပြီး ၀ါဒရေးရာအတတ်ဖြင့် လိုက်လံပြိုင်ဆိုင် အနိုင်ယူလျှက်ရှိသည်။…
ဝေသာလီပြည်ရောက်သောအခါ လိစ္ဆ၀ီမင်းသား ၅၀၀ ကို ၀ါဒရေးရာနှင့် ပတ်သက်သော အတတ်ပညာကို သင်ကြားပို့ချလျှက်ရှိသည်။ ထိုစဉ်အခါက အိန္ဒိယပြည်တွင် ၀ါဒရေးရာနှင့် ပတ်သက်သော ငြင်းခုံမှု၊ ယှဉ်ပြိုင်မှု အလွန်များလှသည်။…
သစ္စကပရိဗိုရ်သည် သူ၏တပည့်တို့ကို ဤသို့ပြောကြားသည်။ “တပည့်တို့…ယခု ကုဋဂါရ၌ ရောက်နေသော ရဟန်းဂေါတမသည် ၀ါဒရေးရာ၌ အလွန်ကျော်ကြားသည်။ ငါတို့ သွားရောက် ယှဉ်ပြိုင်ပါအံ့၊ ငါနှင့်ယှဉ်ပြိုင်သူအားလုံးတို့သည် ဖွဲပြာများ လွင့်စင်သွားသကဲ့သို့ လွင့်စင်သွား ရပေသည်။ ရဟန်းဂေါတမသည်လည်း ထိုသူတို့ကဲ့သို့ လွင့်စင်ရပေမည်။ လူတို့အလယ်၌ အရှက်ရ စေမည်ဟု မောက်မာစွာ ၀င့်ကြွား၍ ပြောကြားသည်။…
သစ္စကပရိဗိုရ်သည် မြတ်စွာဘုရားထံ ရောက်သောအခါ “အရှင်ဘုရား…တပည့်တော်သည် အရှင်ဘုရားခွင့်ပြုလျှင် ပုစ္ဆာများ မေးမြန်းလိုပါသည်” ဟု လျှောက်ထားရာ မြတ်စွာဘုရားက “သစ္စက…အသင်မေးလိုသောအရာတို့ကို မေးမြန်းပါ” ဟု ခွင့်ပြုပါသည်။…သစ္စကသည် “အရှင်ဘုရား…အရှင်ဘုရား၏ တပည့်တို့ကို မည်သို့ဆုံးမပါသနည်း၊ မည်သည့် ဒေသနာကို ဟောကြားပါသနည်း” ဟု မေးမြန်းလျှောက်သည်။…
“သစ္စက…ငါ၏ တပည့်တို့ကို ကံ-စိတ်-ဥတု-အဟာရတည်းဟူသော အကြောင်းတရား လေးပါးကို အမှီပြုဖြစ်ပေါ်သော မိမိတို့၏ ခန္ဓာသည် ဖောက်ပြန်တတ်သော ရုပ်အစု၊ ခံစားတတ်သော ဝေဒနာ အစု၊ မှတ်သားတတ်သော သညာအစု၊ ပြုပြင်တတ်သော သင်္ခါရအစု၊ သိတတ်သော စိတ်အစု ဟူ၍ ဓါတ်ငါးမျိုးဖြင့် တည်ဆောက်ထားသော ခန္ဓာဖြစ်သည်။
ဤခန္ဓာငါးပါး ပရမတ်တရားတို့သည် ဖောက်ပြန်ပြောင်းလဲ ပျက်စီးတတ်သောသဘောသာ ဖြစ်သည်။ ထိုမမြဲသော၊ ဆင်းရဲသော၊ အစိုးမရသော သဘောတို့ကို နေ့ညမပြတ် ပွားများကြပါဟု ငါဘုရား ဆုံးမခဲ့သည်။
သစ္စက…ငါဘုရားသည် ထိုခန္ဓာငါးပါး သင်္ခါရတရားတို့သည် အကြောင်းတရား အမျိုးမျိုးကို အခြေခံကာ ဖြစ်လာသော အကျိုးတရားများသာ ဖြစ်သည်။ ဒါကြောင့် မမြဲသောသဘော၊ ဆင်းရဲသော သဘော၊ အစိုးမရသော သဘောများသာဖြစ်သည်။
ထိုသင်္ခါရတရားတို့ကို ငါ-သူ-သတ္တ၀ါဟု သတ်မှတ်၍ ပြောဆိုရသော်လည်း ထိုသင်္ခါရတရားအစုသည် ငါ-သူ-သတ္တ၀ါ-ယောက်ကျား-မိန်းမ မဟုတ်၊ ပိုင်သူ-အစိုးရသူ၊ ထိုသင်္ခါရတရားကို ဒီလိုဖြစ်ပါ၊ ဒီလိုမဖြစ်ပါစေနဲ့၊ မအိုပါစေနဲ့၊ မနာပါစေနဲ့၊ ၉၆ ပါးသောရောဂါတွေ မဖြစ်ပါစေနဲ့၊ မသေပါစေနဲ့ဟု တားမြစ်နိုင်သူ၊ အစိုးရသူ၊ အမိန့်ပေးနိုင်သူဟူ၍ မရှိသောကြောင့် ခန္ဓာငါးပါး သင်္ခါရတရားအားလုံးသည် သဗ္ဗေဓမ္မာ အနတ္တာဟု ငါဘုရားဟောကြား ဆုံးမသည်” ဟု မိန့်တော်မူသည်။…
သစ္စကသည် အတ္တအယူရှိသောကြောင့် မြတ်စွာဘုရားဟောကြားသောတရားကို သူ၏အတ္တ၀ါဒဖြင့် အနိုင်ယူရန် အခွင့်ရပြီဟု ထင်နေပါသည်။ “သင်ဂေါတမ…သင်သည် တတ်လည်းတတ်နိုင်လှသည်။”…
သစ္စကသည် သူ၏ ရင်ပတ်ကိုပုတ်ကာ “သင်ဂေါတမ…ဤအရာသည် ငါ့ကိုယ်၊ ငါ့ခန္ဓာမဟုတ်လော့၊ ငါ စားလိုက စားနိုင်သည်၊ ငါ သွားလိုက သွားနိုင်သည်၊ ငါ ပြောလိုက ပြောနိုင်သည်၊ ဤခန္ဓာတည်ရှိနေသ၍ ငါပစ္စည်း ငါပိုင်-ငါအစိုးရသည် မဟုတ်ပါလော့၊ နေရာတကာ အနတ္တ၊ အနတ္တဟု ပြောနေသည်မှာ မှန်နိုင်ပါမည်လော” ဟု မေးပါသည်။
သစ္စက ဤသို့မေးသည်ကို သူ၏တပည့် ငါးရာနှင့် လာရောက်နားထောင်နေသော မင်းပရိသတ်အပေါင်းတို့သည် သစ္စက က နိုင်မည်လော၊ မြတ်စွာဘုရားက နိုင်မည်လောဟု အမျိုးမျိုးတွေးကာ စောင့်နေကြသည်။…
မြတ်စွာဘုရားသည် “သစ္စက…သင်သည် ခန္ဓာငါးပါး၏ ဖြစ်ပျက်စဉ် တခဏကို ထာဝရ မှတ်နေ ပါသလား၊ သင်၏ ခန္ဓာကိုယ်ကို သင် ပိုင်သည်၊ သင် အစိုးရသည်၊ သင့်စကား နားထောင်သည်၊ သင့်အမိန့် နာခံသည်ဟူသော အယူကို သင်ယုံကြည်လက်ခံပါသလား” ဟု မေးပါသည်။…
သစ္စက က နောက်သို့ လှည့်ကြည့်ပြီး လူအားလုံးတို့သည် ထိုအယူကို ယုံကြည်ကြပါသည်ဟု လျှောက်သည်။ မြတ်စွာဘုရားက “သစ္စက…ငါသည် သူများကို မေးနေသည်မဟုတ်၊ သင့်ကိုသာ ငါမေးနေသည်၊ သင်ဖြေကြားပါလော့” ဟု ထပ်မံတိုက်တွန်းပါသည်။
“သစ္စက…တိုင်းပြည် အုပ်ချုပ်သော အစိုးရမင်းတို့သည် မင်းမှုထမ်းတို့အား တာဝန်ကျေပြွန်စွာ ထမ်းဆောင်သူကို ဆုလာဒ် ပေးသနားသကဲ့သို့ တာဝန်ကျေပြွန်စွာ မထမ်းဆောင်သူကို အပြစ်ပေးလေ့ရှိသည်။ ယခုလည်း သင့် ခန္ဓာကိုယ်ကို သင်ပိုင်သည်၊ သင်အစိုးရသည် ဆိုငြားအံ့၊ သင်သည် အိုမင်းမစွမ်းသောအရွယ်သို့ ရောက်နေပြီဖြစ်သည်။ သင့်ခန္ဓာကိုယ်အား နုပျိုသော ၁၆ နှစ်အရွယ်သို့ ပြန်လည်ရောက်အောင် အမိန့်ပေး ခိုင်းစေပါလော့” ဟု မိန့်တော်မူသည်။…
သစ္စကသည် ပြန်လည်ဖြေကြားရန် အမျိုးမျိုးစဉ်းစားသော်လည်း ထိုအဖြေကို ဖြေကြားရန် မစွမ်းနိုင်သောကြောင့် နဖူးမှ ချွေးတို့သည် တသွင်သွင် စီးကျနေသည်။ မြတ်စွာဘုရားကို မော်မော်ကြွားကြွား၊ စော်စော်ကားကား၊ ဘ၀င်မြင့်၍ ပြောမိသောစကားတို့ကြောင့် ယခုမူ တလုံးတပါဒမျှ ပြန်လည်မချေပနိုင်ပဲ၊ ငါတော့ မှားပြီ၊ အရှက်ကွဲပြီဟု နောင်တရနေသည်။…
မြတ်စွာဘုရားသခင်သည် “သစ္စက…ငါမေးသသောပုစ္ဆာကို ဖြေကြားပါလော့” ဟု သုံးကြိမ်တိုင်တိုင် မေးသော်လည်း မဖြေနိုင်သောကြောင့် မြတ်စွာဘုရားကို အရှုံးပေးရပါတော့သည်။…
သစ္စကသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ တပည့်တော်သည် ခန္ဓာငါးပါး သင်္ခါရတရား တို့ကို ငါ့ကိုယ်၊ ငါ့ခန္ဓာ၊ ငါ့အသက်၊ ငါ့ဝိညာဉ်၊ ငါ့လိပ်ပြာ ဟု မှားယွင်းစွာ ယုံကြည်စွဲလမ်းခဲ့ပါသည်။ ထိုစွဲလမ်းမှုမှ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ ထပ်ဆင့်ပေါက်ဖွားလာပြန်ပါသည်။ ထိုစွဲလမ်းမှုမှ ငါသိ၊ ငါတတ်၊ ငါမှငါ-ငါသာလျှင် ဆရာဖြစ်ရမည်ဟု ထောင်လွှားမော်ကြွားပြီး ပြောဆိုမိပါသည်။ တပည့်တော်ကို ထိုအပြစ်တို့မှ သည်းခံခွင့်လွတ်ပေးပါရန် လျှောက်ထား တောင်းပန်ပါသည်။
တပည့်တော်ကိုလည်း တပည့်သာဝကအဖြစ် မှတ်ယူတော်မူပါ၊ သဗ္ဗေသင်္ခါရ အနိစ္စ၊ သဗ္ဗေသင်္ခါရ ဒုက္ခ၊ သဗ္ဗေဓမ္မောအနတ္တာ ဟူသော အရှင်ဘုရား၏ ဟောကြားမှုတို့ကို ယုံကြည်ပါပြီဘုရား” ဟု ၀န်ချ တောင်းပန် လျှောက်ထား ပါသည်။
(မဇ္ဈိမနိကာယ်ပါဠိတော်၊ စူဠသစ္စကသုတ်မှ)…
အကျွန်ုပ်တို့သည် သစ္စက ကဲ့သို့ပင် ခန္ဓာငါးပါး၏ တခဏဖြစ်စဉ်ကို ထာဝရဟု ထင်မှတ်ခဲ့သည်။ မွေးကင်းစအရွယ်မှ ကလေးဘ၀၊ ကလေးဘ၀မှ လူလတ်ဘ၀၊ လူလတ်ဘ၀မှ လူကြီးဘ၀၊ လူကြီးဘ၀မှ လူအိုဘ၀သို့ ဘ၀တွေ အဆင့်ဆင့်ပြောင်းလဲဖြစ်လာခဲ့သည်။ မွေးကင်းစအရွယ် ခန္ဓာကိုယ်သည် ကလေးဘ၀သို့ ပါမလာပါ၊ ကလေးဘ၀မှ ခန္ဓာသည် လူလတ်ဘ၀သို့ ပါမလာပါ။ အဟာရ၏ အစွမ်းဖြင့် ဘ၀တွေ အဆင့်ဆင့်ပြောင်းလဲဖြစ်လာရသော်လည်း ရုပ်တို့သည် အပိုင်းပိုင်း ပြတ်၍ ပျက်စီးပျောက်ကွယ်ခဲ့ပြီဖြစ်သည်။
သို့သော်လည်း မွေးကင်းစခန္ဓာကို အခြေခံပြီး ကလေးဘ၀ ရောက်ရသည်။ ကလေးဘ၀ အခြေခံပြီး လူလတ်၊ လူကြီး၊ လူအိုအရွယ်သို့ အဆင့်ဆင့်ဖြစ်ရသည်။ ဤသို့ဖြစ်ခြင်းကို ဘ၀သံသရာဟုခေါ်သည်။
ဦးမြမောင်၊ မြရိပ်မြိုင်၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့၏
“ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာ”မှ ကူးယူဖော်ပြပါသည်။
"ပြောမပြနိုင်တဲ့ချမ်းသာ"
ရွှေရောင်းမှ ရွှေအကြောင်း သိပါတယ်။
တရားအလုပ် အားထုတ်မှ တရားအကြောင်း သိပါတယ်။
ပန်းသီးအရသာ ကိုယ်တိုင်စားကြည့်မှ သိပါတယ်။
တရားချမ်းသာ ကိုယ်တိုင်အားထုတ်ကြည့်မှ သိပါတယ်။
ပန်းသီးအရသာ စားနေတဲ့ အချိန်မှဘဲ သိပါတယ်။
တရားချမ်းသာ အားထုတ်နေတဲ့အချိန်မှဘဲ ခံစားရပါတယ်။
တရားချမ်းသာ မခံစားတတ်ရင် လောကချမ်းသာများကို အထင်ကြီး နေတတ်ပါတယ်။
လောကချမ်းသာများ အထင်ကြီးနေရင်လည်း တရားချမ်းသာများ ခံစားနိုင်မည် မဟုတ်ပါ။
တရားချမ်းသာ ခံစားတတ်ရင် တစ်ယောက်ထဲ နေတတ်ပါတယ်။
တစ်ယောက်ထဲ နေတတ်ရင်လဲ တရားချမ်းသာများ ခံစားရပါတယ်။
ချမ်းအေးဆရာတော်
ဘဒ္ဒန္တနာဂသေနာ ဘိဝံသထေရ် ။
သံသရာလွတ်လမ်း။
သံသရာကလွတ်မြောက်ဖို့အတွက်
တစ်ခုတည်းသောလမ်းက
သတိပဋ္ဌာန်တရားအားထုတ်တဲ့
ဝိပဿနာတစ်လမ်းပဲရှိပါတယ်။
ဒါန သီလ သမထ ဘာဝနာရယ်မှာ
ဒါန သီလ သမထက
သာသနာတွင်းမှာပဲဖြစ်ဖြစ်
သာသနာပမှာပဲဖြစ်ဖြစ် ပြုလုပ်လို့
ရနိုင်သလို ဗုဒ္ဓဘာသာမဟုတ်တဲ့
တစ်ခြားဘာသာတွေမှာလည်း
ဒါန သီလ သမထဆိုတာတွေရှိကြပါတယ်။
သတိပဋ္ဌာန်တရားအားထုတ်တဲံ့
ဝိပဿနာကတော့ သာသနာအတွင်းမှာပဲရှိနိုင်ပါတယ်။
ဗုဒ္ဓဘုရားရှင်ပွင့်မှ သိခွင့်ရတဲ့ သတိပဋ္ဌာန်တရားပဲဖြစ်ပါတယ်။
လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့အတွက် သံသရာကလွတ်မြောက်ပြီး နိဗ္ဗာန်ကိုရောက်နိုင်တဲ့တစ်ခုတည်းသောလမ်းကလည်း သတိပဋ္ဌာန်တရားပဲဖြစ်ပါတယ်လို့ ဘုရားရှင်ကဟောကြားခဲ့ပါတယ်။
တော်ရုံပါရမီ ဇွဲလုံ့လနဲ့တော့မရနိုင်ပါဘူး။ သတိပဋ္ဌာန်တရားဝိပဿနာကိုပွားများမယ်ဆိုရင် မိမိအားထုတ်မှု့ဝီရိယပေါ်မူတည်ပြီးအကျိုးခံစားရပါမယ်။
သတိပဋ္ဌာန်ခရီးလမ်းရဲ့နောက်ဆုံးပန်းတိုင်ကတော့ နိဗ္ဗာန်ပဲဖြစ်ပါတယ်။ နိဗ္ဗာန်မရောက်မှီ သံသရာကျင်လည်ခဲ့ရင်လည်း သတိပဋ္ဌာန်ရဲ့အကျိုးတရားခံစားရပုံတွေကို မဟာသတိပဋ္ဌာနသုတ်မှာ ဘုရားရှင်က ယခုလိုဟောကြားခဲ့ပါတယ်။
သတိပဋ္ဌာန်တရား၏အကျိုးအားကြောင်
၁။ စိတ်စင်ကြယ်မှု့ရှိခြင်း
၂။ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကိုလွန်မြောက်နိုင်ခြင်း
၃။ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းလာခြင်း
၎။ အရိယာမဂ်အဆင့်ဆင့်သို့ ရောက်ရှိနိုင်ခြင်း
၅။ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ခြင်း။
ဤအကျိုးတရားတွေကိုခံစားရပါမယ်လို့ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် အာမခံချက်ပေးထားတဲ့ သတိပဋ္ဌာန်တရား ၀ိပဿနာကို တတ်နိုင်သမျှပွားများကျင့်ကြံခြင်းဖြင့် သံသရာလွတ်လမ်း နိဗ္ဗာန်ခရီးနီးနိုင်ကြပါစေ။
(မောဟ အဝိဇ္ဇာ )
အာရုံမှာ တွေဝေစေတတ်တဲ့အတွက်
မောဟ-လို့ ခေါ်ပါတယ်။
ဒီမောဟဟာ ဉာဏ်ရဲ့ဆန့်ကျင်ဘက် ဖြစ်ပါတယ်၊ အာရုံမှာ တွေဝေစေတယ်ဆိုပေမယ့် ဝိစိကိစ္ဆာသဘောလို မဆုံးဖြတ်နိုင်ဘဲ ဝေတေတေဖြစ်နေတာမျိုး မဟုတ်ပါဘူး၊ အာရုံရဲ့ အမှန်သဘောကို မသိတာဘဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့် အာရုံရဲ့ အမှန်သဘောကိုမသိခြင်းသဘောလို့ ဆိုထားခဲ့ပါတယ်။
ဘဝင်ကျလို့ အိပ်ပျော်နေသလို
မသိရုံသက်သက်လည်း မဟုတ်ပါဘူး၊ ဉာဏ်က အမှန်ကိုသိပြီး မောဟက အမှားကို သိပါတယ်၊ ဒါကြောင့် ဉာဏ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်လို့လည်းဆိုရပါတယ်။
ဒီမောဟဟာ သိသင့်တဲ့ အရာဌာနကို မိမိကိုယ်တိုင်လည်း မသိတတ်၊ မိမိနှင့် ဖြစ်ဖော်ဖြစ်ဖက် (ယှဉ်ဖက်) အကုသိုလ် စေတသိက်များနှင့် မိမိဖြစ်နေတဲ့ ပုဂ္ဂိုလ်ကိုလည်း မသိစေတတ်၊ ဒါကြောင့် ဒီမောဟကို အဝိဇ္ဇာ-လို့လည်း ခေါ်ပါသေးတယ်။
အဘိဓမ္မာသဘောအရ ပြောရမယ်ဆိုရင် သစ္စာ ၄-ပါး၊ ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ် ဒီ ၈-ဌာနဟာ သိသင့်တဲ့ ဋ္ဌာနတွေ ဖြစ်ပါတယ်။
အဲဒီ ၈-ဌာနအနက် ဘုံ ၃-ပါးမှာ ရှိရှိသမျှ ရုပ်နာမ်တွေဟာ ဒုက္ခသစ္စာတွေချည်း ဖြစ်ကြပါတယ်၊ အဲဒီဒုက္ခတွေကို ဒုက္ခလို့ မသိနိုင်ခြင်းဟာ ဒုက္ခသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။
အလားတူပဲ တဏှာလောဘကို ဒုက္ခဖြစ်ကြောင်းမှန်း မသိခြင်းဟာ သမုဒယသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။
နိဗ္ဗာန်ကို ဒုက္ခချုပ်ရာမှန်း မသိခြင်းဟာ နိရောဓသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။
မဂ္ဂင် ၈-ပါးကို နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်မှန်း မသိခြင်းဟာ မဂ္ဂသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။
Subscribe to:
Posts (Atom)