Friday, December 13, 2013

(မောဟ အဝိဇ္ဇာ )




အာရုံမှာ တွေဝေစေတတ်တဲ့အတွက်
မောဟ-လို့ ခေါ်ပါတယ်။

ဒီမောဟဟာ ဉာဏ်ရဲ့ဆန့်ကျင်ဘက် ဖြစ်ပါတယ်၊ အာရုံမှာ တွေဝေစေတယ်ဆိုပေမယ့် ဝိစိကိစ္ဆာသဘောလို မဆုံးဖြတ်နိုင်ဘဲ ဝေတေတေဖြစ်နေတာမျိုး မဟုတ်ပါဘူး၊ အာရုံရဲ့ အမှန်သဘောကို မသိတာဘဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့် အာရုံရဲ့ အမှန်သဘောကိုမသိခြင်းသဘောလို့ ဆိုထားခဲ့ပါတယ်။

ဘဝင်ကျလို့ အိပ်ပျော်နေသလို
မသိရုံသက်သက်လည်း မဟုတ်ပါဘူး၊ ဉာဏ်က အမှန်ကိုသိပြီး မောဟက အမှားကို သိပါတယ်၊ ဒါကြောင့် ဉာဏ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်လို့လည်းဆိုရပါတယ်။

ဒီမောဟဟာ သိသင့်တဲ့ အရာဌာနကို မိမိကိုယ်တိုင်လည်း မသိတတ်၊ မိမိနှင့် ဖြစ်ဖော်ဖြစ်ဖက် (ယှဉ်ဖက်) အကုသိုလ် စေတသိက်များနှင့် မိမိဖြစ်နေတဲ့ ပုဂ္ဂိုလ်ကိုလည်း မသိစေတတ်၊ ဒါကြောင့် ဒီမောဟကို အဝိဇ္ဇာ-လို့လည်း ခေါ်ပါသေးတယ်။

အဘိဓမ္မာသဘောအရ ပြောရမယ်ဆိုရင် သစ္စာ ၄-ပါး၊ ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ် ဒီ ၈-ဌာနဟာ သိသင့်တဲ့ ဋ္ဌာနတွေ ဖြစ်ပါတယ်။

အဲဒီ ၈-ဌာနအနက် ဘုံ ၃-ပါးမှာ ရှိရှိသမျှ ရုပ်နာမ်တွေဟာ ဒုက္ခသစ္စာတွေချည်း ဖြစ်ကြပါတယ်၊ အဲဒီဒုက္ခတွေကို ဒုက္ခလို့ မသိနိုင်ခြင်းဟာ ဒုက္ခသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။

အလားတူပဲ တဏှာလောဘကို ဒုက္ခဖြစ်ကြောင်းမှန်း မသိခြင်းဟာ သမုဒယသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။

နိဗ္ဗာန်ကို ဒုက္ခချုပ်ရာမှန်း မသိခြင်းဟာ နိရောဓသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။

မဂ္ဂင် ၈-ပါးကို နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်မှန်း မသိခြင်းဟာ မဂ္ဂသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။

No comments: