Friday, December 13, 2013

အတ္တ၀ါဒနှင့် အနတ္တ၀ါဒ……


မြတ်စွာဘုရားသခင်သည် ဝေသာလီပြည် ကုဋာဂါရအရပ်၌ သီတင်းသုံးနေတော်မူစဉ် အမိဘက်မှ ၀ါဒ ၅၀၀၊ အဖဘက်မှ ၀ါဒ ၅၀၀၊ ၀ါဒ ၁၀၀၀ ပိုင်ဆိုင်သော သစ္စက အမည်ရှိ ပရိဗိုရ်တစ်ဦးသည် မြို့တကာ နယ်တကာ လှည့်လည်ပြီး ၀ါဒရေးရာအတတ်ဖြင့် လိုက်လံပြိုင်ဆိုင် အနိုင်ယူလျှက်ရှိသည်။…

ဝေသာလီပြည်ရောက်သောအခါ လိစ္ဆ၀ီမင်းသား ၅၀၀ ကို ၀ါဒရေးရာနှင့် ပတ်သက်သော အတတ်ပညာကို သင်ကြားပို့ချလျှက်ရှိသည်။ ထိုစဉ်အခါက အိန္ဒိယပြည်တွင် ၀ါဒရေးရာနှင့် ပတ်သက်သော ငြင်းခုံမှု၊ ယှဉ်ပြိုင်မှု အလွန်များလှသည်။…

သစ္စကပရိဗိုရ်သည် သူ၏တပည့်တို့ကို ဤသို့ပြောကြားသည်။ “တပည့်တို့…ယခု ကုဋဂါရ၌ ရောက်နေသော ရဟန်းဂေါတမသည် ၀ါဒရေးရာ၌ အလွန်ကျော်ကြားသည်။ ငါတို့ သွားရောက် ယှဉ်ပြိုင်ပါအံ့၊ ငါနှင့်ယှဉ်ပြိုင်သူအားလုံးတို့သည် ဖွဲပြာများ လွင့်စင်သွားသကဲ့သို့ လွင့်စင်သွား ရပေသည်။ ရဟန်းဂေါတမသည်လည်း ထိုသူတို့ကဲ့သို့ လွင့်စင်ရပေမည်။ လူတို့အလယ်၌ အရှက်ရ စေမည်ဟု မောက်မာစွာ ၀င့်ကြွား၍ ပြောကြားသည်။…

သစ္စကပရိဗိုရ်သည် မြတ်စွာဘုရားထံ ရောက်သောအခါ “အရှင်ဘုရား…တပည့်တော်သည် အရှင်ဘုရားခွင့်ပြုလျှင် ပုစ္ဆာများ မေးမြန်းလိုပါသည်” ဟု လျှောက်ထားရာ မြတ်စွာဘုရားက “သစ္စက…အသင်မေးလိုသောအရာတို့ကို မေးမြန်းပါ” ဟု ခွင့်ပြုပါသည်။…သစ္စကသည် “အရှင်ဘုရား…အရှင်ဘုရား၏ တပည့်တို့ကို မည်သို့ဆုံးမပါသနည်း၊ မည်သည့် ဒေသနာကို ဟောကြားပါသနည်း” ဟု မေးမြန်းလျှောက်သည်။…

“သစ္စက…ငါ၏ တပည့်တို့ကို ကံ-စိတ်-ဥတု-အဟာရတည်းဟူသော အကြောင်းတရား လေးပါးကို အမှီပြုဖြစ်ပေါ်သော မိမိတို့၏ ခန္ဓာသည် ဖောက်ပြန်တတ်သော ရုပ်အစု၊ ခံစားတတ်သော ဝေဒနာ အစု၊ မှတ်သားတတ်သော သညာအစု၊ ပြုပြင်တတ်သော သင်္ခါရအစု၊ သိတတ်သော စိတ်အစု ဟူ၍ ဓါတ်ငါးမျိုးဖြင့် တည်ဆောက်ထားသော ခန္ဓာဖြစ်သည်။

ဤခန္ဓာငါးပါး ပရမတ်တရားတို့သည် ဖောက်ပြန်ပြောင်းလဲ ပျက်စီးတတ်သောသဘောသာ ဖြစ်သည်။ ထိုမမြဲသော၊ ဆင်းရဲသော၊ အစိုးမရသော သဘောတို့ကို နေ့ညမပြတ် ပွားများကြပါဟု ငါဘုရား ဆုံးမခဲ့သည်။

သစ္စက…ငါဘုရားသည် ထိုခန္ဓာငါးပါး သင်္ခါရတရားတို့သည် အကြောင်းတရား အမျိုးမျိုးကို အခြေခံကာ ဖြစ်လာသော အကျိုးတရားများသာ ဖြစ်သည်။ ဒါကြောင့် မမြဲသောသဘော၊ ဆင်းရဲသော သဘော၊ အစိုးမရသော သဘောများသာဖြစ်သည်။

ထိုသင်္ခါရတရားတို့ကို ငါ-သူ-သတ္တ၀ါဟု သတ်မှတ်၍ ပြောဆိုရသော်လည်း ထိုသင်္ခါရတရားအစုသည် ငါ-သူ-သတ္တ၀ါ-ယောက်ကျား-မိန်းမ မဟုတ်၊ ပိုင်သူ-အစိုးရသူ၊ ထိုသင်္ခါရတရားကို ဒီလိုဖြစ်ပါ၊ ဒီလိုမဖြစ်ပါစေနဲ့၊ မအိုပါစေနဲ့၊ မနာပါစေနဲ့၊ ၉၆ ပါးသောရောဂါတွေ မဖြစ်ပါစေနဲ့၊ မသေပါစေနဲ့ဟု တားမြစ်နိုင်သူ၊ အစိုးရသူ၊ အမိန့်ပေးနိုင်သူဟူ၍ မရှိသောကြောင့် ခန္ဓာငါးပါး သင်္ခါရတရားအားလုံးသည် သဗ္ဗေဓမ္မာ အနတ္တာဟု ငါဘုရားဟောကြား ဆုံးမသည်” ဟု မိန့်တော်မူသည်။…

သစ္စကသည် အတ္တအယူရှိသောကြောင့် မြတ်စွာဘုရားဟောကြားသောတရားကို သူ၏အတ္တ၀ါဒဖြင့် အနိုင်ယူရန် အခွင့်ရပြီဟု ထင်နေပါသည်။ “သင်ဂေါတမ…သင်သည် တတ်လည်းတတ်နိုင်လှသည်။”…

သစ္စကသည် သူ၏ ရင်ပတ်ကိုပုတ်ကာ “သင်ဂေါတမ…ဤအရာသည် ငါ့ကိုယ်၊ ငါ့ခန္ဓာမဟုတ်လော့၊ ငါ စားလိုက စားနိုင်သည်၊ ငါ သွားလိုက သွားနိုင်သည်၊ ငါ ပြောလိုက ပြောနိုင်သည်၊ ဤခန္ဓာတည်ရှိနေသ၍ ငါပစ္စည်း ငါပိုင်-ငါအစိုးရသည် မဟုတ်ပါလော့၊ နေရာတကာ အနတ္တ၊ အနတ္တဟု ပြောနေသည်မှာ မှန်နိုင်ပါမည်လော” ဟု မေးပါသည်။

သစ္စက ဤသို့မေးသည်ကို သူ၏တပည့် ငါးရာနှင့် လာရောက်နားထောင်နေသော မင်းပရိသတ်အပေါင်းတို့သည် သစ္စက က နိုင်မည်လော၊ မြတ်စွာဘုရားက နိုင်မည်လောဟု အမျိုးမျိုးတွေးကာ စောင့်နေကြသည်။…

မြတ်စွာဘုရားသည် “သစ္စက…သင်သည် ခန္ဓာငါးပါး၏ ဖြစ်ပျက်စဉ် တခဏကို ထာဝရ မှတ်နေ ပါသလား၊ သင်၏ ခန္ဓာကိုယ်ကို သင် ပိုင်သည်၊ သင် အစိုးရသည်၊ သင့်စကား နားထောင်သည်၊ သင့်အမိန့် နာခံသည်ဟူသော အယူကို သင်ယုံကြည်လက်ခံပါသလား” ဟု မေးပါသည်။…

သစ္စက က နောက်သို့ လှည့်ကြည့်ပြီး လူအားလုံးတို့သည် ထိုအယူကို ယုံကြည်ကြပါသည်ဟု လျှောက်သည်။ မြတ်စွာဘုရားက “သစ္စက…ငါသည် သူများကို မေးနေသည်မဟုတ်၊ သင့်ကိုသာ ငါမေးနေသည်၊ သင်ဖြေကြားပါလော့” ဟု ထပ်မံတိုက်တွန်းပါသည်။

“သစ္စက…တိုင်းပြည် အုပ်ချုပ်သော အစိုးရမင်းတို့သည် မင်းမှုထမ်းတို့အား တာဝန်ကျေပြွန်စွာ ထမ်းဆောင်သူကို ဆုလာဒ် ပေးသနားသကဲ့သို့ တာဝန်ကျေပြွန်စွာ မထမ်းဆောင်သူကို အပြစ်ပေးလေ့ရှိသည်။ ယခုလည်း သင့် ခန္ဓာကိုယ်ကို သင်ပိုင်သည်၊ သင်အစိုးရသည် ဆိုငြားအံ့၊ သင်သည် အိုမင်းမစွမ်းသောအရွယ်သို့ ရောက်နေပြီဖြစ်သည်။ သင့်ခန္ဓာကိုယ်အား နုပျိုသော ၁၆ နှစ်အရွယ်သို့ ပြန်လည်ရောက်အောင် အမိန့်ပေး ခိုင်းစေပါလော့” ဟု မိန့်တော်မူသည်။…

သစ္စကသည် ပြန်လည်ဖြေကြားရန် အမျိုးမျိုးစဉ်းစားသော်လည်း ထိုအဖြေကို ဖြေကြားရန် မစွမ်းနိုင်သောကြောင့် နဖူးမှ ချွေးတို့သည် တသွင်သွင် စီးကျနေသည်။ မြတ်စွာဘုရားကို မော်မော်ကြွားကြွား၊ စော်စော်ကားကား၊ ဘ၀င်မြင့်၍ ပြောမိသောစကားတို့ကြောင့် ယခုမူ တလုံးတပါဒမျှ ပြန်လည်မချေပနိုင်ပဲ၊ ငါတော့ မှားပြီ၊ အရှက်ကွဲပြီဟု နောင်တရနေသည်။…

မြတ်စွာဘုရားသခင်သည် “သစ္စက…ငါမေးသသောပုစ္ဆာကို ဖြေကြားပါလော့” ဟု သုံးကြိမ်တိုင်တိုင် မေးသော်လည်း မဖြေနိုင်သောကြောင့် မြတ်စွာဘုရားကို အရှုံးပေးရပါတော့သည်။…

သစ္စကသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ တပည့်တော်သည် ခန္ဓာငါးပါး သင်္ခါရတရား တို့ကို ငါ့ကိုယ်၊ ငါ့ခန္ဓာ၊ ငါ့အသက်၊ ငါ့ဝိညာဉ်၊ ငါ့လိပ်ပြာ ဟု မှားယွင်းစွာ ယုံကြည်စွဲလမ်းခဲ့ပါသည်။ ထိုစွဲလမ်းမှုမှ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ ထပ်ဆင့်ပေါက်ဖွားလာပြန်ပါသည်။ ထိုစွဲလမ်းမှုမှ ငါသိ၊ ငါတတ်၊ ငါမှငါ-ငါသာလျှင် ဆရာဖြစ်ရမည်ဟု ထောင်လွှားမော်ကြွားပြီး ပြောဆိုမိပါသည်။ တပည့်တော်ကို ထိုအပြစ်တို့မှ သည်းခံခွင့်လွတ်ပေးပါရန် လျှောက်ထား တောင်းပန်ပါသည်။

တပည့်တော်ကိုလည်း တပည့်သာဝကအဖြစ် မှတ်ယူတော်မူပါ၊ သဗ္ဗေသင်္ခါရ အနိစ္စ၊ သဗ္ဗေသင်္ခါရ ဒုက္ခ၊ သဗ္ဗေဓမ္မောအနတ္တာ ဟူသော အရှင်ဘုရား၏ ဟောကြားမှုတို့ကို ယုံကြည်ပါပြီဘုရား” ဟု ၀န်ချ တောင်းပန် လျှောက်ထား ပါသည်။

(မဇ္ဈိမနိကာယ်ပါဠိတော်၊ စူဠသစ္စကသုတ်မှ)…

အကျွန်ုပ်တို့သည် သစ္စက ကဲ့သို့ပင် ခန္ဓာငါးပါး၏ တခဏဖြစ်စဉ်ကို ထာဝရဟု ထင်မှတ်ခဲ့သည်။ မွေးကင်းစအရွယ်မှ ကလေးဘ၀၊ ကလေးဘ၀မှ လူလတ်ဘ၀၊ လူလတ်ဘ၀မှ လူကြီးဘ၀၊ လူကြီးဘ၀မှ လူအိုဘ၀သို့ ဘ၀တွေ အဆင့်ဆင့်ပြောင်းလဲဖြစ်လာခဲ့သည်။ မွေးကင်းစအရွယ် ခန္ဓာကိုယ်သည် ကလေးဘ၀သို့ ပါမလာပါ၊ ကလေးဘ၀မှ ခန္ဓာသည် လူလတ်ဘ၀သို့ ပါမလာပါ။ အဟာရ၏ အစွမ်းဖြင့် ဘ၀တွေ အဆင့်ဆင့်ပြောင်းလဲဖြစ်လာရသော်လည်း ရုပ်တို့သည် အပိုင်းပိုင်း ပြတ်၍ ပျက်စီးပျောက်ကွယ်ခဲ့ပြီဖြစ်သည်။

သို့သော်လည်း မွေးကင်းစခန္ဓာကို အခြေခံပြီး ကလေးဘ၀ ရောက်ရသည်။ ကလေးဘ၀ အခြေခံပြီး လူလတ်၊ လူကြီး၊ လူအိုအရွယ်သို့ အဆင့်ဆင့်ဖြစ်ရသည်။ ဤသို့ဖြစ်ခြင်းကို ဘ၀သံသရာဟုခေါ်သည်။

ဦးမြမောင်၊ မြရိပ်မြိုင်၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့၏
“ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာ”မှ ကူးယူဖော်ပြပါသည်။

No comments: