Friday, December 13, 2013

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သည့် နိဗ္ဗာန်၏ ဂုဏ်တော်များ။



ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးရည်မှန်းချက်
ပန်းတိုင်သည်မြတ်နိဗ္ဗာန်ပင်ဖြစ်ပါသည်။
နိဗ္ဗာန်တွင်

၁။ “ ခယဂုဏ်တော် ”

ထိုနိဗ္ဗာနဓာတ်တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက် သည်နှင့် တပြိုင်နက် ရာဂစသော ကိလေသာအချို့သည် လည်းကောင်း၊ ထိုကိလေသာ ရှိသူတိုင်း (ခုနှစ်ဘ၀ နောက် ရရှိမည့်) ရုပ်နာမ်တို့သည် လည်းကောင်း ကုန်ခမ်းကြရတော့၏။ အထက်မဂ်များကိုရသောအခါလည်း ဤနည်းအတိုင်း ကိလေသာအပူတွေ ကုန်ရပေသည်။ ထို့ကြောင့် သန္တိဖြစ်သော ထိုနိဗ္ဗာန်သည် ကိလေသာကို့၏ လည်းကောင်း၊ ရုပ်နာမ်တို့၏ လည်းကောင်း ကုန်ခန်းကြောင်း “ ခယဂုဏ်တော် ”နှင့် ပြည့်စုံပါသည်။

၂။ “ ၀ိရာဂဂုဏ်တော် ”

တတ်မက်ခြင်းသဘောကို ပါဠိလို “ ရာဂ ” ဟုခေါ်၏။ ထိုရာဂသည် ရုပ်နာမ် ခန္ဓာအပေါ်၌ လည်းကောင်း၊ ခန္ဓာနှင့်စပ်သော ပညတ်အပေါ်၌ လည်းကောင်း ဖြစ်ရသောတရားတည်း။ ရုပ်နာမ်တို့၏ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်သည် ထိုရာဂနှင့် လုံးလုံး မစပ်တော့ရကား “ ၀ိရာဂ- ရာဂမရှိ ” ဟူသော ဂုဏ်နှင့်လည်း ပြည့်စုံပါသည်။

၃။ “ အမတဂုဏ်တော် ”

“ သေခြင်း ” ဆိုသည်မှာ တစ်ဘ၀အတွက် နောက်ဆုံး ပျက်ခြင်းတည်း။ ထိုအပျက်ဟူသည်လည်း အဖြစ်ရှိပြီးမှ ပေါ်လာ၏။ ပျက်ဖို့ ရှေ့ရှုနေသော (ပျက်ဖို့ပြင်နေသော) သဘောကို “ အိုခြင်း၊ ဆွေးမြေ့ခြင်း ” ဟု ခေါ်၏။ ပါဠိလို ဇာတိ၊ ဇရာ၊ မရဏ။ မြန်မာလို ဖြစ်ခြင်း၊ (ရင့်ရော်ခြင်း)အိုခြင်း၊ သေခြင်း(ပျက်ခြင်း)၊ ဟူသော သဘောသည် ရုပ်တရား၊ နာမ်တရားတို့၏သဘောဖြစ်၏။ ရုပ်နာမ်အားလုံး ကုန်ဆုံးပြီးသော ထို နိဗ္ဗာန်သည် သေခြင်း “ မတ ” မရှိရကား“ အမတဂုဏ်တော် ” နှင့်လည်း ပြည့်စုံပါသည်။

၎။ “ ပဏီတဂုဏ်တော် ”

နိဗ္ဗာနဓာတ် တရားမြတ်သည် ရဟန္တာပုဂ္ဂိုလ်များအတွက် ( စား၍ မ၀နိုင်အောင် အရသာရှိသော အစာကဲ့သို့ ) မကြာမကြာ အာရုံပြု၍ နေချင်စရာကောင်းလောက်အောင်အရသာရှိသော တရားတော်ဖြစ်၏။ ဗုဒ္ဓမြတ်စွာသည် ( ဖလသမာပတ်ကို ၀င်စားကာ ) ထို နိဗ္ဗာန်ကို အာရုံပြု၍ မကြာမကြာ သီတင်းသုံးတော် မူလေ့ရှိ၏။ တရားဟောတော် မူတုန်းမှာပင် ပရိသတ်က သာဓုသာဓုခေါ်ပြီးမှ တရားကို ဆက်၍ဟောတော်မူ၏။ နိဗ္ဗာန် တရားတော်သည် ရဟန္တာဖြစ်ပြီး ပုဂ္ဂိုလ်အတွက် ဤမျှလောက် အရသာရှိသော တရားထူး တရားမွန် ဖြစ်သောကြောင့် “ ပဏီတဂုဏ်တော် ” နှင့်လည်း ပြည့်စုံပါသည်။

{ အမရပူရမြို့၊ ကျေးဇူးတော်ရှင်
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏
ကိုယ်ကျင့်အဘိဓမ္မာကို ကိုးကား ရေးသားပါသည်။ }

No comments: