Monday, February 11, 2013

ပဋာစာရီ


သူဌေးသမီး ပဋာစာရာ (ပဋာစာရီ)သည် မိဘအိမ်တွင် ခိုင်းစေထားသော လူငယ်နှင့် ချစ်ကြိုက်ပြီး အိမ်မှထွက်ပြေး၏။ သားနှစ်ယောက်ရခါမှ မိဘထံ ပြန်လာရာ လမ်းခုလတ်တွင် လင်ယောက်ျား မြွေကိုက်၍ သေ၏။ သားငယ်ကို စွန်ချီ၍ သားကြီး ရေနစ်သေဆုံးပြန်သည်။
သောကပရိဒေဝဖြင့် တယောက်တည်းး ဆက်လက်သွား၍ မိဘမြို့သို့ ရောက်လာရာ၌ အမိအဖနှင့် မောင်တို့ ၃-ဦး မီးလောင် သေဆုံးနေသည်ကို တွေ့ရပြန်၏။ ဤသို့ သား-လင်-မိဘ-မောင်- ၆-ဦးစလုံး သေဆုံးမှု ကြုံရသော အဖြစ်ကြောင့် ရူးသွပ်သောအဖြစ်သို့ ရောက်သွားသည်။ အဝတ်မကပ်ဘဲ ဟိုဟိုသည်သည် ရောက်တတ်ရာရာ သွားနေလေသည်။ 
“သားငယ်ကို စွန်သုပ်၊ ရေမြုပ်၍ သားကြီးသေ၊ လင်သက်ဝေ မြွေခဲ၊ အိမ်လဲလို့ မိနှင့်ဖ၊ မောင်ကစ ဆုံးချေပြီ”ဟု အလီလီရွတ်ဆို၍ သွားနေရင်း ဇေတဝန်ကျောင်းတော် မြတ်ဘုရားထံ ရောက်လာခဲ့လေသည်။ ဘုရားရှင်၏ တရားတော်ကို ကြားနာရပြီး သောတာပန်တည်ကာ ထေရီမ ဖြစ်လာသည်။ တနေ့သောအခါ  ပဋာစာရာသည် ခြေဆေးရေ၏ ရပ်တန့်မှုကိုကြည့်ပြီး အရွယ်သုံးပါး၏ ပျက်စီးခြင်းကို ဆင်ခြင်ရာ ဘုရားရှင်က ဂန္ဓကုဋီမှနေ၍ ရောင်ခြည်တော်လွှတ်လျက် ခန္ဓာငါးပါး ဖြစ်ပျက်မှုကို ဟောတော်မူသည်။

ပါဠိဂါထာ
ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

မြန်မာပြန်
ခန္ဓာငါးပါး၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တရာပတ်လုံး အသက်ရှည်ရခြင်းထက် 
ခန္ဓာငါးပါး၏ အဖြစ်အပျက်ကို မပြတ်ရှုမြင်သော ပုဂ္ဂိုလ်၏ တရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

ဆောင်ပုဒ်
ခန္ဓာငါးတန်၊ ဖြစ်ပျက်ဟန်ကို၊ ဉာဏ်ဖြင့်မယှဉ်၊ မသိမြင်မူ၊
နှစ်လျှင်တစ်ရာ၊ သက်ရှည်ပါလည်း၊ ဘာအကျိုးမျှ၊ ရှာမရတည့်။
ခဏဖြစ်လျက်၊ ခဏပျက်ကို၊ နှစ်သက်ဉာဏ်မွေ့၊ ထင်ရှားတွေ့က၊
တနေ့မျှသာ၊ နေရပါလည်း၊ တရာသက်ထက်၊ အမြတ်ထွက်၏။
(သဟဿဝဂ်၊ ပဋာစာရာ ဝတ္ထု)

ကံတူအကျိုးပေး



မျောက်ချောပင် ရွာကလေးသည် အိမ်ခြေ ၈၀-ခန့် သာ ရှိပါသည်။ထိုရွာသည် အနောက်ရိုးမမှ စီးဆင်းသော ချောင်းနံ ဘေး၌ တည်ရှိပါသည်။ထိုချောင်းသည် နွေရာသီတွင် ရေနည်းသော်လည်း မိုးရာသီ၌ မိုးကြီးလျှင် ရေအလွန်များပြီး တောင်ကျရေ စီးလည်း အလွန်သန်ပါသည်။ရွာသူရွာသားများသည် လယ်ယာလုပ်ငန်း လုပ်ကိုင်ပြီး အသက်မွေးကြပါသည်။ 
                                                                                                                         ထိုရွာကလေးတွင် ဖိုးပြားတို့ မိသားစု နေထိုင်ကြပါသည်။ဖိုးပြားတို့ အိမ်တွင် ဖိုးပြား၏ ဇနီးနှင့် လူမမည် သမီး နှစ်ဦး ရှိပါ သည်။ဖိုးပြားသည် အသက် ၃၀-ပင် မပြည့်သေးပါ။သူသည် အတည်တကျ အလုပ်ကိုင် မရှိသဖြင့် ကြုံရာ ကျပန်း အလုပ်များကို သာ လုပ်ပါသည်။မြို့ ပေါ်ရှိ နွားသတ်ရုံ၊ဝက်သတ်ရုံတို့ က ဝယ်ခိုင်းသော နွား-ဝက်တို့ ကို ဝယ်ပြီး မြို့ ကို ပို့ ပေးသည်။ထို့ အပြင် ငါးရှာ၊ဖားရှာ အလုပ်ကိုလည်း လုပ်သည်။သူ၏ ဇနီးမှာ လယ်ထဲ၊ယာထဲတွင် တစ်နေကုန် လယ်ကုလီ၊ယာကူလီ လုပ်ပါသည်။ဖိုး ပြား သည် သားသတ်ရုံမှ ပေးသော ဟင်းလျာများကို ရရှိသော်လည်း အပေါင်းအသင်း များနှင့်သာ ချက်ပြုတ်သောက်စား မူးယစ် ၍ ပျော်ပါးနေသည်က များသည်။စားသောက်ပြီး ပိုလျှံမှ အိမ်သားများ စားကြရသည်။ထို့ အပြင် ဖိုးပြားသည် ခွေးသားကိုလည်း အလွန် ကြိုက်သည်။                                                                                                                                              မကြာခဏပင် အပေါင်းအသင်းများနှင့် ခွေးများသတ်ပြီး ချက်စားလေ့ ရှိကြသည်။ တစ်နေ့ တွင် ချောင်းတစ်ဖက်ကမ်းရွာ မှ သူငယ်ချင်း လှထူး၊ဖိုးထောင်တို့ရောက်လာကြသည်။ 
                                                                                                                               “ဟေ့ကောင် ဖိုးပြား၊တို့ လည်း ဟိုဟင်း မစားရတာ ကြာပြီကွ။ငါတို့ လည်း ရှာဝယ်တာ၊ဘယ်မှာမှ မရဘူး၊မင်းကြိုးစားကြည့်ပါဦးကွာ”ဟု ပြောသည်။                                                                                                                                     “အေး ငါလည်း စားချင်နေပြီကွ။ငါ ဖြစ်အောင် စီစဉ်ခဲ့မယ်။မင်းတို့ ပြန်ကြ၊ချက်ဖို့ ပြုတ်ဖို့ နဲ့ အရက်ကို မင်းတို့ စီစဉ်ထား ကြ။ညနေ ငါလာခဲ့မယ်”ဟု ဖိုးပြားကမှာလိုက်သည်။                                                                                                                  ထို့ နောက် ဖိုးပြား အကြံ ပက်စက်လေပြီ။ဇနီးသည် လယ်ထဲမှ မပြန်မီ၊ကလေးတွေ ကျောင်းက မပြန်မီ အိမ်တွင် မွေး ထားသော ခွေးကို ဂုန်နီအိတ်ဖြင့် ထည့်ကာ ကြိုးဖြင့် စည်း၍ ချောင်းထဲသို့  အသံမကြားရအောင် ရေနှစ်၍ သတ်လိုက်တော့သည် သေပြီ ဆိုမှ ထိုအိတ်ကို ထမ်း၍ သူငယ်ချင်းများနှင့် ချိန်းထားသော နေရာသို့ သွားသည်။ချောင်းနှင့် မနီးမဝေးတွင် သူတို့ ပျော်ပွဲ စားနေကြ တဲကလေး တစ်လုံးရှိသည်။ဖိုးပြား ရောက်သည်နှင့် အသင့် စောင့်နေကြသော လှထူးတို့ အဖွဲ့ က အလျင်အမြန် ကိုင် တွယ် ချက်ပြုတ် ကြသည်။                                                                                                                                              ခွေးသားဟင်း ကျက်သည့်အခါ အသင့်ယူလာသော အရက်များနှင့် သူငယ်ချင်း တစ်စု ပျော်ရွှင်စွာ စားသောက်ကြလေ သည်။မိုးသည် တဖွဲဖွဲ ရွာနေရာမှာ တဖြည်းဖြည်း သည်းထန် လာသည်။“ဟေ့ကောင် ဖိုးပြား၊မင်းရွာမပြန်နဲ့ ၊ချောင်းရေတိုးလိမ့် မယ်”ဟု လှထူးက ပြောသည်။                                                                                                                                  “မဖြစ်ဘူး သူငယ်ချင်း၊ငါ့မိန်းမက အစောကြီး လယ်ထဲ ဆင်းရတယ်။သူသွားတော့ ကလေးတွေ စားဖို့ သောက်ဖို့ ငါပဲ ချက်ရတယ်ကွာ။ဒီချောင်းရေလောက်တော့ ကူးနေကျပါကွာ။ခါးလောက်ထက် မပိုပါဘူး”ဟု ဖိုးပြားက ပြန်ပြောသည်။                      “ကဲ မှောင်စ ပျိုးလာပြီ။လက်စ သတ်လိုက်ကြစို့ ကွာ။ဖိုးပြား၊ဒီမှာ မအိပ်ရင် ဖိုးထောင် လိုက်ပို့ လိုက်။မင်းက လူလွတ်ဆို တော့ မနက်မှ ပြန်လာလဲ ရတယ်။မင်းအိမ်ကို တို့ ပြောလိုက်မယ်”ဟု လှထူးက အစီအစဉ် ဆွဲသည်။လက်ကျန် အစားအသောက် များကို သူတို့ တစ်တွေ အကုန် ရှင်းလိုက်ကြသည်။ထို့ နောက် တဲအတွင်းမှ လူ ၅-ယောက် ဒယီးဒယိုင်နှင့် ထွက်လာကြသည်။ လှထူးနှင့် အဖော် နှစ်ယောက်မှာ သူတို့ ရွာဘက်သို့ ပြန်ပြီး ဖိုးပြားနှင့် ဖိုးထောင်မှာ ချောင်းကမ်းဘက်သို့ လျှောက်လာကြသည်။ အာလေး၊လျှာလေးကြီးများဖြင့် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်လိုက်ကြသေးသည်။                                                                                                      ချောင်းရေစပ်သို့ ရောက်သောအခါ “ဖိုးထောင်၊ခါးတောင်းကျိုက်ကွာ။ရေကတော့ ခါးလောက်နီးပါးပဲ ရှိတယ်။ဒါပေမယ့် ရေစီး သန်တယ်ကွ”ဟု ဖိုးပြားက  ပြောသည်။သူငယ်ချင်း နှစ်ယောက် တစ်လှမ်းချင်း ရေထဲသို့ ဆင်းသွားကြသည်။ရေလယ်သို့  ရောက်သောအခါ ဖိုးပြားသည် ရေညှိတက်နေသော ကျောက်တုံးကို နင်းမိပြီး ယိုင်လဲသွားသည်။                                                     “ဟာ……လုပ်ပါဦး သူငယ်ချင်း”ဟု တစ်ချက် အော်လိုက်၏။ထိုအခါ ဖိုးထောင်က လှမ်းဆွဲလိုက်သော်လည်း အမှောင်ထဲ တွင် ဖိုးပြားကို မဆွဲမိဘဲ သူပါ အရှိန်လွန်၍ လဲကျသွားသည်။ရေစီးကလည်း ကြမ်း၊အရက်မူးသည့် အရှိန်ကလည်း ရှိသဖြင့် နှစ်ဦး စလုံး တလိမ့်ခေါက်ကွေး မျောပါသွားသည်။                                                                                                                    နောက်တစ်နေ့ တွင် ဖိုးပြားနှင့် ဖိုးထောင်တို့ ရေနစ် သေဆံုးကြောင်း သတင်း ကြားရပါလေတော့၏။ သူငယ်ချင်း နှစ် ယောက်၏ ကံကြမ္မာကား “ကံတူ အကျိုးပေး”ဟု ဆိုရမည် ဖြစ်ပါတော့ သတည်း။ 

                                                                တင်ထွန်းအောင်(ရွှေရဲမြေ)                                                                                                                                      မြတ်မင်္ဂလာ--------၂၀၁၂-ခုနှစ်၊ဧပြီလ 

"ဘုရားပွင့်ရာ ကပ်ကမ္ဘာ "

သတ္တ၀ါတစ်ဦး တစ်ယောက်သည် သံသရာကျင်လည်ရာ၌ မရေမတွက် နိုင်သော ကပ်ကမ္ဘာတို့ကို ကျော်လွှား ဖြတ်သန်းခဲ့ရသည်။ သန္တိသုခဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုမှသာ သံသရာအလည် ပြတ်၍ ကပ်ကမ္ဘာတို့ကို ကျော်ဖြတ်ရမှုမှ ကင်းဝေးတော့၏။ ထိုသို့ ကျော်ဖြတ်ခဲ့ရသော မရေမတွက် နိုင်သော ကပ်ကမ္ဘာများအနက် ဘုရားရှင်များပွင့်ရာ ကပ်ကမ္ဘာသည် လွန်မင်းစွာ နည်းပါးပြီး ဘုရားရှင်များ မပွင့်သော သုညကပ်ကမ္ဘာများကသာ မရေမတွက် နိုင်လောက်အောင် များလှပါသည်။ ဘုရားရှင်များပွင့်သော ကမ္ဘာသည် ---
(၁) သာရကမ္ဘာ
(၂) မဏ္ဍကမ္ဘာ
(၃) ၀ရကမ္ဘာ
(၄) သာရမဏ္ဍကမ္ဘာ
(၅) ဘဒ္ဒကမ္ဘာ ဟု ငါးမျိုးရှိသည်။
ထိုငါးမျိုးသော ကပ်ကမ္ဘာတို့အနက် သာရကမ္ဘာတွင် ဘုရားရှင်တစ်ဆူသာ၊ မဏ္ဍကမ္ဘာတွင် ဘုရားရှင်နှစ်ဆူ၊ ၀ရကမ္ဘာ တွင် ဘုရားရှင်သုံးဆူ၊ သာရမဏ္ဍကမ္ဘာတွင် ဘုရားရှင်လေးဆူတို့ အသီး သီးပွင့်တော်မူခဲ့ကြပြီး ဤဘဒ္ဒကမ္ဘာတွင် ဘုရားရှင်ငါးဆူတို့ ပွင့်တော်မူကြပါမည်။ ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက် ဂေါတမဘုရားရှင် ပွင့်တော်မူပြီးဖြစ်၍ ယခုအချိန်သည် ထိုဂေါတမဘုရားရှင်၏ သာသနာတော်တွင်း ကာလဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ဂေါတမဘုရားရှင်သည် အလောင်းတော်ဘ၀ဖြင့် ဘုရားဖြစ်ဖို့ရန် စိတ်တော်၌ ကြံစည်ဆုတောင်းခဲ့သည့် ကာလက ခုနစ်အသင်္ချေ၊ နှုတ်တော်၌ ဆုတောင်းပေးခဲ့သော ကာလက ကိုးအသင်္ချေ၊ ကိုယ်နှုတ်စိတ်တို့ဖြင့် ဆုတောင်းခဲ့သော ကာလက လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပေါင်းအသင်္ချေနှစ်ဆယ်နှင့် ကမ္ဘာတစ်သိန်းတို့ တိုင်တိုင် ဆုတောင်းခဲ့ပါသည်။ ထိုသို့ ဆုတောင်းခဲ့သော ကာလများအနက် ဘုရားဖြစ်ရန် ကျိန်းသေသော နိယတဗျာဒိတ်ခံယူ ရရှိခဲ့သည့် ကာလမှာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းဖြစ်၏။ ထိုလေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလ အတွင်း နောက်ဆုံး ပွင့်တော်မူသော ကျွန်ုပ်တို့၏ ဂေါတမဘုရားရှင် အပါအ၀င် ပွင့်တော်မူပြီး ဘုရားရှင်များမှာ ---
(၁) တဏှင်္ကရာ ဘုရားရှင်
(၂) မေဓင်္ကရာ ဘုရားရှင်
(၃) သရဏင်္ကရာ ဘုရားရှင်
(၄) ဒီပင်္ကရာ ဘုရားရှင်
(၅) ကောဏ္ဍည ဘုရားရှင်
(၆) မင်္ဂလ ဘုရားရှင်
(၇) သုမန ဘုရားရှင်
(၈) ရေ၀တ ဘုရားရှင်
(၉) သောဘိတ ဘုရားရှင်
(၁၀) အနောမဒဿီ ဘုရားရှင်
(၁၁) ပဒုမ ဘုရားရှင်
(၁၂) နာရဒ ဘုရားရှင်
(၁၃) ပဒုမုတ္တရ ဘုရားရှင်
(၁၄) သုမေဓ ဘုရားရှင်
(၁၅) သုဇာတ ဘုရားရှင်
(၁၆) ပိယဒဿီ ဘုရားရှင်
(၁၇) အတ္ထဒဿီ ဘုရားရှင်
(၁၈) ဓမ္မဒဿီ ဘုရားရှင်
(၁၉) သိဒ္ဓတ္ထ ဘုရားရှင်
(၂၀) တိဿ ဘုရားရှင်
(၂၁) ဖုဿ ဘုရားရှင်
(၂၂) ၀ိပဿီ ဘုရားရှင်
(၂၃) သိခီ ဘုရားရှင်
(၂၄) ဝေဿဘူ ဘုရားရှင်
(၂၅) ကကုသန္ဓ ဘုရားရှင်
(၂၆) ကောဏာဂမန ဘုရားရှင်
(၂၇) ကဿပ ဘုရားရှင်
(၂၈) ဂေါတမ ဘုရားရှင် ဟူ၍နှစ်ဆယ့်ရှစ်ပါး (နှစ်ကျိပ်ရှစ်ဆူ) တို့ဖြစ်ပါသည်။
ထိုနှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့အနက် နှစ်ဆယ့်လေးပါးသော ဘုရားရှင်တို့၏ အထံတော်တွင် ကျွန်ုပ်တို့၏ ဂေါတမဘုရားရှင်သည် နိယတဗျာဒိတ်တော်ကို ဆင်မြန်းရရှိတော်မူခဲ့သည်။ ဂေါတမဗုဒ္ဓ လောင်းလျာသည် ထိုသာရ မဏ္ဍကမ္ဘာ၌ ပွင့်တော်မူသော ဘုရားရှင်လေးဆူတို့အနက် နောက်ဆုံး ဖြစ်သော ဒီပင်္ကရာဘုရားရှင် ထံတော်မှောက်၌ နိယတဗျာဒိတ်ကို စတင်ခံယူခဲ့ပါသည်။ ဒီပင်္ကရာ ဘုရားရှင်နှင့် ကပ်ကမ္ဘာတူတွင် ပွင့်တော်မူကြသော ဘုရားရှင် သုံးဆူကိုပါ ထည့်သွင်း၍ ဤဗုဒ္ဓ၀င်၌ ဖော်ပြထားပါသည်။
www.dhammaransi.com မှကူးယူဖော်ပြပါသည်။Buddha.jpg

ဘာ့ကြောင့်ခြေသုတ်ပေးရတာလဲ


အမေး။    ။အလှူအိမ်တွေမှာ ဘုန်းကြီးတွေကြွလာရင် ဘာလို့ တံခါးဝမှာစောင့်ပြီး ခြေသုတ်ပေးရတာလဲ။
ကိုယ့်ဘာသာသုတ်ရင်ရောမရဘူးလား။ အားလုံးအမြင်ရှင်းအောင် ဖြေကြားပေးပါဘုရား
ဖြိုး
မြိတ်



အဖြေ။     ။ဘုန်းတော်များကြီးများ အိမ်ကြွလာရင် အိမ်ရှင်က ခြေသုတ်ပေးရမယ် လို့ ပညတ်ချက် မရှိသလို ဘုန်းကြီးများကလည်း မသုတ်ခိုင်းပါဘူး။ ဒါဖြင့် ဘာကြောင့် ဒီလိုလုပ်နေတာလည်းဆိုရင်
ဒကာ-ဒကာမတွေမှာရှိတဲ့ စစ်မှန်တဲ့သဒ္ဓါတရားကနေ ထွက်ပေါ်လာတဲ့ လုပ်ရပ်တွေပါလို့ ပြောချင်တယ်။
ဘုရားရှင်က “ကုသိုလ်မှန်သမျှ ပြည့်စုံအောင်လုပ်ကြ” လို့ မိန့်တော်မူရာမှာ ကုသိုလ်ရနိုင်တဲ့တရား ဆယ်မျိုးရှိတယ်။ ဒါကို ကုသလကမ္မပထ ၁၀ ပါးလို့လည်း ခေါ်တယ်။ ထိုကုသိုလ် ဆယ်မျိုးထဲ မှာ ဝေယျာဝေစ္စ ကုသိုလ်ဆိုတာ ပါတယ်။ အဓိပ္ပါယ်ကတော့ ရတနာသုံးပါးနဲ့စပ်တဲ့ဝေယျာဝေစ္စ ကုသိုလ်ပါပဲ၊ ဒီဝေယျာဝေစ္စကုသိုလ်ဆိုတာ သီလကုသိုလ်ထဲမှာ ပါဝင်တယ်။အခုလို အိမ်ကြွလာတဲ့ ဘုန်းတော်ကြီးများကို ခြေသုတ်ပေးတယ်ဆိုတာကလည်း သံဃာတော်များနဲ့စပ်တဲ့ ဝေယျာဝေစ္စကုသိုလ်ကို သူတို့ ရယူချင်လို့ပါပဲ။ ဘုန်းတော်ကြီးများမှာ ဘယ်သူမှ မသုတ်ပေးလဲ စိတ်ညိုငြင်မှု မဖြစ်ပါ ဘူး။ ခြေသုတ်မပေးရင် ငါ့ကို သုတ်ပေးစမ်းကွ လို့ လည်း ဘယ်ရဟန်းတော်မှ မခိုင်းပါဘူး။ ဒါပေမယ့် သူတို့ကို ခိုင်းနေတာတော့ ရှိတယ်။ အဲဒါက ကုသိုလ်ဖြစ်အောင် ဖန်တီးလှုပ်ဆော်ပေးတဲ့ သူတို့ရင်ထဲ ကလာတဲ့ သဒ္ဓါ တရားပါပဲ။
                  ဓမ္မအလင်းရောင် ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

Saturday, February 9, 2013

ဗောဇ္ဈင်အမည် ရပုံ - သပြေကန်ဆရာတော်ဘုရားကြီး



‘ဗောဇ္ဈင်’ဆိုတာ ‘ဗောဇ္ဈင်င်္ဂ’ ဆိုတဲ့ ပါဠိမှ ဆင်းသက်လာတဲ့ ဝေါဟာရပဲ။
‘ဗောဇ္ဈင်င်္ဂ’ဆိုတာလည်း ‘ဗောဓိ’နဲ့ ‘အင်္ဂ’နှစ်ပုဒ်ကို ပါဠိနည်းအရ စပ်ထားတာ ဖြစ်ပါတယ်။
‘ဗောဓိ’မှာ ‘နိုးမှု’ ‘သိမှု’ အနက်နှစ်မျိုးနဲ့ ဆိုင်ပါတယ်။
အရိယာဖြစ်တဲ့ ဘုရားတပည့်ဟာ လောကုတ္တရာမဂ်ခဏမှာ သတိ၊ ဓမ္မဝိစယ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ တရားခုနစ်ခု အစုအပေါင်းဖြင့် ကိလေသာအစဉ်ဟူသော အိပ်ပျော်ခြင်းမှ နိုးလာတတ်တယ်။
သစ္စာလေးပါးကို သိတတ်တယ်။
နိဗ္ဗာန်ကို ကိုယ်တွေ့ အသိရောက် မျက်မှောက်ပြုတတ်တယ်။
ဒီတော့ သတိစသော တရားခုနစ်ပါး အပေါင်းဟာ ကိလေသာဆိုတဲ့ အိပ်ပျော်ခြင်းမှ နိုးကြောင်း၊ သစ္စာသိကြောင်း၊ နိဗ္ဗာန်ကို ကိုယ်တွေ့သိကြောင်း တရားအစုဖြစ်လို့ ထိုတရား အစုအပေါင်းကို ‘ဗောဓိ’ ဆိုရပါတယ်။
‘သတိ’စသော တရားတခုခုကိုတော့ ထို‘ဗောဓိ’ခေါ်တဲ့ တရားအပေါင်း၏ အစိတ် ‘အင်္ဂ’ ဆိုရပါတယ်။
ဒါကြောင့် သတိစသော တရားတခုစီကို ‘ဗောဓိအင်္ဂ’၊ ဗောဓိခေါ် တရားအစုအဝေး၏ အစိတ်အင်္ဂါ - ဗောဇ္ဈင်င်္ဂလို့ ဆိုရခြင်း ဖြစ်ပါတယ်။
ဈာနင်္ဂ - ဈာနင်၊ မဂ္ဂင်္ဂ - မဂ္ဂင် ဆိုတဲ့ အမည်များလိုပါပဲ။
ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တရားငါးပါးအပေါင်းကို ဈာန-ဈာန်လို့ ဆိုရပြီး၊ ထိုဈာနမည်တဲ့ တရားထဲက ဝိတက်စသော တခုတခုစီကိုတော့ ဈာနအင်္ဂ - ဈာန်၏အစိတ် ဈာနင်ဆိုရသလိုပါပဲ။
သမ္မာဒိဋ္ဌိစသော တရားရှစ်ပါးအပေါင်းကို မဂ္ဂ - မဂ် ဆိုရပြီး၊ ထိုအပေါင်းမဂ်တွင် ပါဝင်သော သမ္မာဒိဋ္ဌိစသော တရားတခုစီ တခုစီကိုတော့ မဂ္ဂအင်္ဂ - မဂ်၏အစိတ်အပိုင်း မဂ္ဂင် ဆိုရပါတယ်။
ဒီတော့ ဗောဓိနဲ့ ဗောဇ္ဈင်င်္ဂဟာ အပေါင်းနဲ့ အစိတ်အဖြစ်ဖြင့် ကွဲပြားကြတယ်။
သတိစသော တရားအပေါင်းနဲ့ အစိတ်သာ ဖြစ်ကြတယ်။
ဗောဇ္ဈင်အမည်ရပုံ တနည်း
တနည်းအားဖြင့် သစ္စာကို သိတတ်သောကြောင့် အရိယာဖြစ်တဲ့ ဘုရားတပည့်ကို ‘ဗောဓိ’ ဆိုရပါတယ်။
အရိယာ ဘုရားတပည့် သစ္စာသိတာ နောက်ကပြောခဲ့တဲ့ သတိစသော ခုနစ်ပါးအပေါင်းနဲ့ သိတာပါပဲ။
ဒါကြောင့် ဒီတရားအပေါင်းနဲ့ အရိယာသာဝကဟာ မကွဲမပြား တခုတည်းပါပဲ။
ဒါကြောင့်ပဲ ‘ဗောဓိ’ဆိုရတဲ့ အရိယာဘုရားတပည့်၏ အစိတ်အင်္ဂါလို့လည်း ဆိုရပါတယ်။
ဒါက ပညတ်အားဖြင့် ဗောဇ္ဈင်ဆိုရတဲ့နည်းပေါ့။
သေနင်္ဂ - စစ်တပ်အင်္ဂါ၊ ရထင်္ဂ - ရထားအင်္ဂါ အစိတ်အပိုင်း ဆိုတာလိုပါပဲ။
ဆင် မြင်း ရထား ခြေသည် အရာဝတ္ထုလေးခုအပေါင်းကို သေနာ - စစ်တပ် ခေါ်တယ်။
တကယ်တော့ ဆင် မြင်း ရထား ခြေသည် ဝတ္ထုသာ အရှိ။ စစ်တပ်ဆိုတာက ထိုလေးခုအပေါင်းကို အစွဲပြု ခေါ်ရတဲ့ အခေါ်ဝေါဟာရ ပညတ်သာ။
ဒီ ပညတ်ကလည်း သမ္မုတိအရ အရှိပဲမို့ စစ်တပ်လို့ပဲ ဆိုရပါတယ်။
အဲဒီ စစ်တပ်ရဲ့ အစိတ် ဆင် မြင်း စသည်ကိုတော့ သေနင်္ဂ - စစ်တပ်ရဲ့ အစိတ်အင်္ဂါ ဆိုပါတယ်။
ဒါလိုပဲ ဘီး ဝင်ရိုး စသော အစိတ်အပိုင်းတွေ စုပေါင်းမိတဲ့အခါ ‘ရထား’ဆိုတဲ့ ဝေါဟာရ ဖြစ်လာရတယ်။
တကယ်တော့ ဘီး ဝင်ရိုးစသော အစိတ်ဝတ္ထုသာ။ တကယ်အရှိ ‘ရထား’ဆိုတာက အမည်ဝေါဟာရ ပညတ်မျှပဲ။
သို့သော်လည်း ဝေါဟာရဟာ လောကသမ္မုတိ လူအများရဲ့ သမုတ်ချက်အရ အရှိပဲ။
ဒါကြောင့် ဘီး ဝင်ရိုး စသော အစိတ်အပိုင်းတွေ စုမိတဲ့အခါ ‘ရထား’ဆိုရပြီး၊ အစိတ်အစိတ် ဘီး ဝင်ရိုး စသည်ကိုတော့ ရထင်္ဂ - ရထား၏ အစိတ်အင်္ဂါ ဆိုရပါတယ်။
အဲဒါလိုပဲ အရိယာ ဘုရားတပည့်ဟာ ဒီတရားအပေါင်းနဲ့ သစ္စာသိတယ်။
အရိယာသာဝကဟာ တကယ်အရှိတော့ မဟုတ်ဘူး။
အဝိဇ္ဇမာန ပညတ်ခေါ်၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိတဲ့ ပညတ်ပါပဲ။
ဒီတရားအပေါင်း အစွဲပြု ပညတ်ထားတာဖြစ်တော့ တရားအပေါင်းရဲ့ အစိတ်ဟာ ပုဂ္ဂိုလ်၏ အစိတ်လို့လည်း ဆိုနိုင်ပါတော့တယ်။
ဒါကြောင့် ယခင် ပထမနည်းအရ သစ္စာသိကြောင်း သတိစသော တရားအပေါင်း၏ အစိတ်အပိုင်းဟုလည်းကောင်း၊ ယခုနည်းအရ သစ္စာမြင်သိ အရိယာသာဝက၏ အင်္ဂါ အစိတ်အပိုင်းဟုလည်းကောင်း ဗောဇ္ဈင်၏အနက်ကို သိရပါတယ်။
ဒါက အဋ္ဌကထာလာနည်းများ ဖြစ်ပါတယ်။
ပါဠိတော်နည်းကို ပြောကြဦးစို့။
ပါဠိတော်လာအရ ဗောဇ္ဈင်အနက်
ရဟန်းတပါးက “မြတ်စွာဘုရား ဗောဇ္ဈင်တွေ ဗောဇ္ဈင်တွေလို့ ဆိုကြပါတယ်၊ ဘယ်မျှလောက်သော အကြောင်းဖြင့် ဗောဇ္ဈင်တွေလို့ ဆိုအပ်ပါသလဲ”၊ ဤသို့လျှောက်ထားတဲ့အခါ -
“ဗောဓာယ သံဝတ္တန္တိ ခေါ ဘိက္ခု တသ္မာ ဗောဇ္ဈင်္ဂါတိ ဝုစ္စန္တိ”
ရဟန်း နိဗ္ဗာန်ကို သိခြင်းငှာ ဖြစ်ကြသောကြောင့် ဗောဇ္ဈင်တရားများဟု ဆိုရတယ်လို့ ဘုရားရှင်က ဖြေကြားတော်မူခဲ့တယ်။
ဒီ ဘုရားရှင် မိန့်ခွန်းတော်အရဆိုလျှင် ဗောဓိ - နိဗ္ဗာန်ကို သိခြင်း၏၊ အင်္ဂ - အကြောင်း၊ ဗောဇ္ဈင်င်္ဂ - နိဗ္ဗာန်ကို သိခြင်းအကြောင်းလို့ ဗောဇ္ဈင်အနက်ရလာပါတယ်။
ဒီအနက်က အမှတ်ရ လွယ်ပါတယ်။
ဒါကြောင့် နိဗ္ဗာန်ကို သိခြင်းအကြောင်းဖြစ်တဲ့ သတိစသော တရားများကို ဗောဇ္ဈင်လို့ ခေါ်ရကြောင်း ဒီပါဠိအရ မှတ်သားဖို့ပါပဲ။

(အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယဥပဥက္ကဌ၊ ကျမ်းပြုအကျော်၊ သပြေကန်ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ၏ “ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်ရတနာ”၊ ဒုတိယအကြိမ်နှိပ်-၂၀၀၅၊ စာ ၃၇-၄၀)
(ဆရာတော်၏ ပုံတူကြမ်းပန်းချီကို ရေးဆွဲပူဇော်သူ ‘မင်းကျော်ခိုင်’ အား ကျေးဇူးတင်ရှိလျက်)

မဟာစည်ဆရာတော်ဘုရားကြီး၏ ဘဝဖြစ်စဉ်လင်္ကာများ



(၁)
စစ်ကိုင်းတိုင်းဝယ်၊ ရွှေဘိုနယ်မှ
တင့်တယ်သာယာ၊ ဆိပ်ခွန်ရွာ၌
ကောဇာသက္ကရာဇ်၊ ရေတွက်စစ်က
တစ်နှစ်ခြောက်ခြောက်(၁၂၆၆)၊ ခုနှစ်ရောက်သော်
ဝင်းတောက်ရွှန်းစို၊ ဒု-ဝါဆို၏
ကျော်လိုသုံး(၃)ရက်၊ သောကြာဘက်၌
နံနက်သုံး(၃)ကျော်၊ ဦးကံတော်နှင့်
ဒေါ်ဒေါ်အုန်းမှ၊ ဖွားမြင်ကြ၍
နာမမည်တွင်၊ တန်ဆာဆင်သည်
‘မောင်သွင်’ခေါ်ကြလေတော့၏။
(၂)
တဆယ့်နှစ်(၁၂)နှစ်၊ သာမဏေဖြစ်၍
ရှင်သစ်နာမ၊ ‘သောဘန’ဟု
ခေါ်ကြတွင်ကျယ်၊ သက်နှစ်ဆယ်(၂၀)တွင်
တင့်တယ်ရဟန်း၊ သိက္ခာပန်းကို
ဆင်မြန်းပန်နေ၊ စိတ်မလေအောင်
စာပေကြိုးစား၊ သင်မှတ်သားသည်
အများသာဓုခေါ်လေ၏။
(၃)
သက်တော်နှစ်ခြောက်(၂၆)၊ အရွယ်ရောက်က
လွတ်မြောက်သုံးဘုံ၊ ကြံရွယ်တုံ၍
သထုံဇေတဝန်၊ မထေရ်မွန်သို့
အလွန်ရိုသေ၊ ဆည်းကပ်နေကာ
လေးထွေသတိပဋ္ဌာန်၊ နည်းလမ်းမှန်ကို
အမြန်ကြိုးစား၊ ရှုမှတ်ပွားသည်
စိတ်ထားမြတ်လှပါပေ၏။
(၄)
သုံးဆယ့်ခြောက်(၃၆)နှစ်၊ စာပေချစ်လျက်
အသစ်ထွင်ဆန်း၊ စာချတန်းကို
မပန်းလွယ်စွာ၊ ဖြေနိုင်ပါ၍
(သာသနဓဇသိရီပဝရ) ဓမ္မာစရိယ၊ ဘွဲ့ကိုရသည်
ဉာဏ်ကထက်မြက်ပါပေ၏။
(၅)
သက်သုံးဆယ့်ခွန်(၃၇)၊ ပညာမွန်ဖြင့်
အားသွန်ဖွေရှာ၊ ဝေဝေဆာသည့်
ဝိပဿနာရှုနည်း၊ ကျမ်းတော်ကြီးကို
အပြီးကြိုးစား၊ ဗုံးသံကြားမှ
ရေးသားတီထွင်၊ ပြုစီရင်သည်
ဉာဏ်မြင်ကြီးလှပါပေ၏။
(၆)
သက်လေးငါး(၄၅)မှာ၊ ဘုန်းကံသာလျက်
ရောင်ဝါထွန်းပ၊ တန်ခိုးထ၍
ဗုဒ္ဓသာသန၊ နုဂ္ဂဟမှ
ပင့်ကြရွှေဘုံ၊ မြို့ရန်ကုန်သို့
ပြည့်စုံတရား၊ ရှင်လူများအား
သနားကရုဏာ၊ ရှေးရှုကာဖြင့်
ကြွလာရွှင်ပြုံး၊ သီတင်းသုံးသည်
ထေရ်ဘုန်းပွင့်လန်းနေတော့၏။
(၇)
တင့်တယ်သာယာ၊ ဆိပ်ခွန်ရွာမှ
မဟာစည်ကျောင်း၊ အမည်ကောင်းကို
မူဟောင်းသညာ၊ မဖျက်ပါဘဲ
မဟာစည်(သာသနာ့)ရိပ်သာ၊ ခေါ်ကြပါ၍
မြန်မာထင်ပေါ်၊ ကမ္ဘာကျော်သည်
ဘုန်းတော်ထူးလှလေတော့၏။
(၈)
တစ်သုံးတစ်တစ်(၁၃၁၁)၊ မြန်မာနှစ်တွင်
အသစ်ရိပ်သာ၊ ကြိုးစားကာဖြင့်
ဆောင်းရာသီပျော်၊ မဂ်ဖိုလ်မျှော်၍
နတ်တော်လပြည့်၊ စဖွင့်ကြည့်ရာ
သတိပဋ္ဌာန်၊ တရားမှန်ကို
နည်းခံသူကား၊ နှစ်ဆယ့်ငါး(၂၅)မှ
စ,ထားဟောပြ၊ သဘောကျ၍
များလှယောဂီ၊ မြန်မာပြည်မှ
ကမ္ဘာဆီပြန့်ကျော်၊ လွန်ထင်ပေါ်သည်
စည်တော်ဟိန်းလှလေတော့၏။
(၉)
လေးခွန်(၄၇)သက်တော်၊ ရောက်ပြန်သော်ကား
ထင်ပေါ်အဂ္ဂ၊ (မဟာ)ပဏ္ဍိတဟု
မြတ်လှပဏ္ဍိတ်၊ ဘွဲ့တံဆိပ်ကို
ရွှေစိတ်ရွှင်ပြ၊ လှူခံရသည်
ဂုဏ်ကကြီးမြတ်နေတော့၏။
(၁၀)
သက်တော်လေးကိုး(၄၉)၊ ဘုန်းတန်ခိုးက
ပိုတိုးလာရ၊ ကြုံခဲလှသည့်
ဆဋ္ဌသင်္ဂါ၊ တင်ပွဲမှာတွင်
မဟာကဿပ၊ မြတ်ထေရသို့
ပုစ္ဆကအဖြစ်၊ မေးစိစစ်ရ
မလစ်စေရ၊ ဆောင်ရွက်ရသည်
သံဃာ့အလယ်တင့်တယ်၏။
(၁၁)
နောင်လာနောက်သား၊ ရှင်လူများတို့
မှတ်သားစေငှာ၊ ရည်ရွယ်ကာဖြင့်
ကျမ်းစာသင့်တော်၊ ရှစ်ဆယ်ကျော်မျှ
ဟောဖော်ရေးသား၊ စီရင်ထားသည်
ဝင့်ကြွားထင်ပေါ်နေတော့၏။
(၁၂)
မဟာစည်ဆရာ၊ ထေရ်မဟာသည်
မြို့ရွာနှံ့ပြား၊ ပင့်ကြွသွားလျက်
တရားဓမ္မ၊ ဟောညွှန်ပြ၍
ပင်မနေရာ၊ ရန်ကုန်မှာလည်း
များစွာတွင်ကျယ်၊ ဟောပြေမယ်ဟု
သုံးဆယ်သုံး(၃၃)နှစ်၊ ရွေးစိစစ်၍
အသစ်တရား၊ ဟောညွှန်ကြားကာ
အများရှေးရှု၊ သာသနာပြုသည်
သာဓုဘဝဂ်လျှံလေ၏။
(၁၃)
သက်တော်ခွန်ရှစ်(၇၈)၊ ရောက်သည့်နှစ်၌
ငါးရှစ်(၅၈)သိက္ခာ၊ ရသောဝါတွင်
ဆရာထေရ်ဘုန်း၊ စစ်ပွဲရှုံးသို့
တစ်သုံးလေးလေး(၁၃၄၄)၊ ကျန်းမာရေးက
ရုပ်သွေးတိုးပို၊ ဒု-ဝါဆို၌
ကျော်လိဆယ်(၁၀)ရက်၊ သေမင်းလက်သို့
အသက်ခန္ဓာ၊ အပ်ရပါ၍
မြဲတာဘာမှ၊ မရှိကြဟု
ဟောပြဇာတ်သိမ်း၊ ချုပ်ပြတ်ငြိမ်းသည်
စိတ်ထိန်းနေကြရလေ၏။
(၁၄)
တရားစည်ကြီး၊ ကမ္ဘာဟီးအောင်
ရိုက်တီးဟောပြ၊ သဘောကျ၍
အားရရွှင်ပြုံး၊ ပျော်နေတုန်း၌
ထေရ်ဘုန်းဆရာ၊ ရှုမှတ်ကာဖြင့်
ငြိမ်းရာကြွသွား၊ တပည့်များမှာ
အစားထိုးမရ၊ ဆုံးရှုံးကြ၍
တမ်းတပူဆွေး၊ ရှိုက်ငိုကြွေးလျက်
မျှော်တွေးလွမ်းဆွတ်၊ သတိလွတ်ကာ
ကျင့်ဝတ်ခဏ၊ မေ့လျော့ကြ၍
နောက်မှသံဝေ၊ ဘုန်းခြောက်ထွေနှင့်
စိန္တေသော်မှ၊ တွေ့ကြုံရဟု
သောကဖြေကာ၊ သာသနာနှင့်
တွေ့ခါကြုံလတ်၊ အလွန်မြတ်သည့်
ဝိပသ်တရား၊ သတိထား၍
ရှုပွားပါမှ၊ ဝဋ်ကျွတ်ရမည်
ဒုက္ခဇာတ်သိမ်းငြိမ်းမည်တည်း။
(၁၅)
ဆရာတော်ဘုရား၊ မရှိငြားလည်း
များပြားသံဃာ၊ လူများစွာက
ဆရာဆုံးမ၊ သြဝါဒကို
နေ့ညမခြား၊ လိုက်နာပွား၍
လေးပါးသတိပဋ္ဌာန်၊ စည်တော်သံတို့
ဟိန်းညံနေဆဲ၊ ရာပြည့်ပွဲမှ
ထောင်ပွဲဦးတည်၊ ရှေ့သို့ချီလျက်
အောင်စည်အောင်လံ၊ အောင်ပွဲခံ၍
အောင်ရန်အောင်ကြောင်း၊ အောင်ဆုတောင်းကာ
အောင်မောင်းသံဝေ၊ အောင်သပြေနှင့်
အောင်စေအောင်ရာ၊ အောင်ကြောင်းဖြာ၍
အောင်ရာအတိတ်၊ အောင်နိမိတ်ဖြင့်
အောင်ဘိသိက်ဖြန်း၊ အောင်မဂ်လမ်းမှ
အောင်ပန်းကိုယ်စီ၊ အောင်ရွှေပြည်သို့
အောင်စည်သံဆန်း၊ အောင်ဆုမှန်းသည်
အောင်နန်းနိဗ္ဗာန်ရောက်စေသော်။
[မဟာစည်နာယကအဖွဲ့ဝင် အရှင်စန္ဒာဝရ(ပဲနွယ်ကုန်း) ရေးသားပူဇော်သည်။]

Wednesday, January 16, 2013

ခွင့်လွှတ်တယ် ဆိုတာ




တစ်ကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ပြောပြမယ်။ ဒါက အမေရိကမှာဖြစ်ခဲ့တာ။ ဒကာမကြီး တစ်ယောက်ရဲ့ တစ်ဦးတည်းသော သမီးကို လူတစ်ယောက်က သတ်လိုက်တယ်။ သူ့ မှာ ဒီသမီးတစ်ယောက်ထဲ ရင်းရင်းနှီးနှီး ချစ်စရာရှိတာနော်။ အဲဒီသမီး အသတ်ခံလိုက်ရတော့ အဲဒီ ဒကာမကြီးမှာ အကြီးအကျယ်စိတ်ဆင်းရဲ ရတယ်။ သူ့ ရဲ့ ဆုံးရှုံးမှုက ဘယ်လိုမှ အစားထိုးလို့ မရနိုင်တော့ဘူး။ ပစ္စည်းဆုံးရှုံးတာက ပြန်ရှာရင်ရနိုင်သေးတယ်။ သမီးအသတ်ခံရတာ ဘယ်လိုမှ ပြန်အစားထိုးလို့  မရနိုင်ဘူး။ အဲဒီဒကာမကြီးက ပညာလည်းတတ် ၊ ပစ္စည်းဥစ္စာလည်းချမ်းသာတဲ့ သူဖြစ်တယ်။ သူကရှေ့နေကောင်းကောင်းဌားပြီးတော့ သူ့ သမီးကို သတ်တဲ့သူကို သေဒဏ်အပြစ်ပေးအောင် တရားရုံးမှာစွဲချက်တင်တယ်။ အဲဒီပြည်နယ်မှာ သေဒဏ်အပြစ်ဆိုတာ မရှိဘူး။ အလွန်ဆုံး ထောင်ဒဏ်တစ်သက်ပဲ ရှိတယ်။ သတ်တဲ့သူဟာ ထောင်ဒဏ်တစ်သက်ကျသွားတယ်။ ဒါပေမယ့် အဲဒီ ဒကာမကြီးဟာ ဘယ်လိုမှ မကျေနပ်နိုင်ဘူး။ သူ့ သမီးကို သတ်တဲ့သူသေမှပဲ သူကျေနပ်နိုင်မယ်ဆိုပြီး ဆက်ပြီးတော့ ကြိုးစားသေးတယ်။ ဒီလိုမကျေနပ်နိုင်တဲ့ စိတ်နဲ့ နေလာလိုက်တာ ၁၈ နှစ်ကြာတယ်။ တစ်ခြားကိစ္စတွေကို သူကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။

ဒါပေမယ့် တဖြည်းဖြည်းနဲ့ ခွင့်လွတ်ခြင်းဆိုတာကို သူနားလည်လာတယ်။ အသက်လည်းကြီးလာပြီနော်။ ၁၈ နှစ်တောင်ကြာသွားပြီ။ ဘ၀အတွေ့ အကြုံလည်းများပြီ။ တရားသဘောတွေ သဘောပေါက်လာတယ်။ စိတ်ထဲမှာ အဲဒီလူကို ခွင့်လွှတ်လိုက်တယ်။ ခွင့်လွှတ်လိုက်ပြီးတော့ ထောင်ထဲကိုသွားပြီး တော့ အဲဒီ သတ်တဲ့လူနဲ့ တွေ့ တယ်။ တွေ့ ပြီးတော့ "နင့်ကို ငါ ခွင့်လွှတ်ပါတယ်" လို့ တစ်ကယ်စိတ်ပါလက်ပါ ပြောလိုက်တယ်။ တစ်ကယ်ကျေကျေနပ်နပ် ပြောလိုက်တာ။ ပြောလိုက်တော့ အဲဒီအချိန်ကျမှ သတ်တဲ့သူကလည်း ၀မ်းနည်းပြီးတော့ ငိုတော့တာပဲ။ သူ စိတ်မကောင်းပါဘူးလို့ ပြောတယ်။ သူလည်း လုပ်တုန်းက လုပ်ခဲ့ပြီးပြီနော်။ အခု ၁၈ နှစ်လောက်ကြာတော့ သူလည်းပဲ ဒုက္ခတော်တော်ရောက်ပါပြီ။ သူ့ ဘ၀တစ်သက်လုံး ထောင်ထဲမှာ နေရတော့မှာ။ 

တစ်ဖက်က ခွင့်လွှတ်ပါတယ်လို့ ပြောတော့မှ လုပ်ခဲ့တဲ့သူကလည်း မှားပါတယ် ၊ သူစိတ်မကောင်းပါဘူးလို့ ပြောတယ်။ အဲဒီဒကာမကြီးက နောက်တော့ ဘယ်လိုပြောသလဲဆိုတော့ အဲဒီအချိန်အထိ သူတစ်ရက်မှ စိတ်မငြိမ်းချမ်းခဲ့ဘူးတဲ့။ ခွင့်မလွှတ်နိုင်ပါသေးတဲ့အချိန်ထိ တစ်နေ့ မှ သူစိတ်ငြိမ်းချမ်းမှုကိုမရခဲ့ပါဘူး။ ခွင့်လွတ်နိုင်တဲ့အချိန်ကနေစပြီးတော့ သူ့ စိတ်ဟာငြိမ်းချမ်းသွားပြီ။ လွတ်လပ်သွားပြီတဲ့။ ကျန်ရှိနေသေးတဲ့ ဘ၀ကိုကောင်းအောင် ဘယ်လိုနေရမလဲဆိုတာ သူစဉ်းစားပြီတဲ့။ ဒါကြောင့် ခွင့်လွှတ်တယ်ဆိုတာ အဲဒီလောက်အထိအရေးကြီးတယ်။ 

ခွင့်လွှတ်တယ်ဆိုတာ ဘာလဲဆိုတော့ ကိုယ့်စိတ်ထဲမှာ ခံစားနေရတဲ့ဒုက္ခ ၊ ကိုယ့်နှလုံး ကိုယ့်ရင်ထဲမှာ ခံစားနေရတဲ့ နာကြည်းမှု ၊ ပူဆွေးမှု ၊ သောက ၊ ဒေါမနဿ ၊ မခံချင်စိတ် ၊ လက်စားချေချင်စိတ်တွေ ၊ အဲဒါတွေကို သက်သာမှုရအောင် လုပ်လိုက်တာ။ ဘယ်သူသက်သာမှု ရအောင်လုပ်တာလဲဆိုတော့ ကိုယ့်စိတ်သက်သာမှုရအောင် ကိုယ်လုပ်လိုက်တာပါ။ ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်စိတ်ကိုသက်သာမှုရအောင် ကိုယ်လုပ်လိုက်တာပါနော်။ 

ကိုယ့်စိတ်ကို ဒီမုန်းတီးမှု ၊ နာကြည်းမှု ၊ ကလဲ့စားချေချင်တယ်ဆိုတဲ့ အတွေးတွေက နှောင်ဖွဲ့ ထားတာကို လွှတ်လိုက်တာပဲ။ ဘယ်သူ့ ကိုအနှောင်အဖွဲ့ က လွှတ်လိုက်တာလဲဆိုတော့ ကိုယ့်စိတ်ကို အနှောင့်အဖွဲ့ က လွှတ်လိုက်တာပါ။ အဲဒါကို နက်နက်နဲနဲစဉ်းစားပါ။ 

သူများအပေါ်မှာ နာကြည်းနေရတာ ၊ သူတစ်ပါးကို လက်စားချေမယ်လို့ တွေးနေရတာတွေဟာ အမှန်တော့ကိုယ့်ဘ၀ကို ပုံပျက်ပန်းပျက်ဖြစ်သွားစေပါတယ်။ ကိုယ်တစ်ကယ် လုပ်သင့်တဲ့ ၊ ကိုယ့်အတွက် အကျိုးရှိစေမယ့် ကိစ္စတွေကို လုပ်ခွင့်မရတော့ဘူး။ ဒါကြောင့် ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်စိတ်ကို လွတ်လပ်မှုပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့်ပေးလိုက်တာပဲ။ တစ်ကယ်တော့ ကိုယ့်အကျိုးကို လုပ်လိုက်တာပါ။ သူများအကျိုးပါချင်လည်း ပါမယ်ပေါ့။ ကိုယ့်ကိုကိုယ်ချစ်လွန်းလို့ အားလုံးကိုခွင့်လွှတ်ပါတယ်။ သူတို့ ကို ခွင့်မလွှတ်နိုင်ရင် ကိုယ်ပဲ ခံနေရတာပဲနော်။ 

ပြီးတော့ ခွင့်လွှတ်တယ်ဆိုတာ ကိုယ်က အထက်စီးနေရာကနေပြီးတော့ မင်းကို ငါခွင့်လွှတ်တယ်ဆိုပြီး တစ်ဖက်သားကို အနိုင်ယူလိုက်တာမဟုတ်ဘူး။ ခွင့်လွှတ်လိုက်တယ်ဆိုတာကို အနိုင်ယူလိုက်တဲ့သဘောထားမျိုးနဲ့ လုပ်လို့ မရဘူး။ သူက လူဆိုး ၊ သူက မတရားတာကိုလုပ်တာ ၊ သူက သူတော်ကောင်းစိတ်မရှိဘူး။ ဒါပေမယ့် ငါက သဘောထားကြီးကြီးနဲ့ သူ့ ကိုခွင့်လွှတ်ပါတယ် ဆိုပြီးတော့ ( one up တစ်ဆင့်မြင့် ) မာနစိတ်နဲ့ ခွင့်လွှတ်လို့ မရဘူး။ အဲဒီလို စိတ်မျိုးဟာ လွတ်လပ်တဲ့စိတ်မဟုတ်ဘူး။ မာနကြီးတဲ့သူဟာ ခွင့်မလွှတ်နိုင်ဘူး။

အပြစ်မရှိတဲ့သူကို အပြစ်တင်ပြီးမှ ခွင့်လွတ်တယ်ဆိုတာလည်း တစ်ကယ်တော့ ခွင့်လွှတ်တာမဟုတ်ပါဘူး။ အနိုင်ယူလိုက်တာပါပဲ။ စေတနာဆိုးနဲ့ သူတစ်ပါးကို ဒုက္ခရောက်အောင်လုပ်တဲ့သူဟာ သူ့ မှာအကုသိုလ်စိတ်ဖြစ်နေတယ်။ သူ့ အကုသိုလ်ကို တစ်ခြားတစ်ယောက်က ပျောက်အောင်လုပ်ပေးလို့ မရဘူး။ You cannot escape from your kamma. ကိုယ့်ကံကို ကိုယ်လွတ်အောင် ပြေးလို့ မရဘူး။ ဒါကြောင့် ကိုယ်က သူ့ ကိုခွင့်လွှတ်လိုက်တယ်ဆိုတာ သူ့ အကုသိုလ်ကိုပျောက်အောင်လုပ်လိုက်တာမဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာ နာကြည်းနေတာကိုပဲ ပျောက်အောင်လုပ်လိုက်တာ။ 

ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးကနေတာလည်းမဟုတ်ဘူး။ အောက်ကျို့ တာလည်း မဟုတ်ဘူး။ 

Forgiveness is freeing up and putting to better use the energy once consumed by holding grudges , harboring resentments and nursing unhealed wounds.

ရန်ငြိုးဖွဲ့ နေရတာ ၊ မုန်းတီးနေရတာ ၊ မကျက်သေးတဲ့ ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့ အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်လိုက်တာဟာ ခွင့်လွှတ်တာပဲ။

ခွင့်လွှတ်တယ်ဆိုတာ လွတ်လပ်အောင်လုပ်လိုက်တာပါ။ ရန်ငြိုးထားနေရတာ စိတ်မလွတ်လပ်ဘူး။ စိတ်ဓာတ်အင်အားတွေကို တစ်ခြားကောင်းတဲ့အလုပ်တွေမှာ လွတ်လွတ်လပ်လပ်သုံးခွင့်မရဘူး။ နာကြည်းနေရတာ ၊ စိတ်ဆိုးနေရတာ ၊ အနာဟောင်းလေးကို ပြန်ပြီးတော့ အနာသစ်ဖြစ်အောင် အနာဖေးခွာနေရတာဟာ ကိုယ့်ရဲ့ စိတ်ဓာတ်အင်အားနဲ့ အချိန်တွေအလကားဖြစ်သွားစေတယ်။ 

အဲဒီလို နာကြည်းနေရတဲ့အတွက် စိတ်ဓာတ်အင်အားတွေ ၊ ခန္ဓာကိုယ်အင်အားတွေ ၊ အချိန်တွေကုန်မယ့်အစား အဲဒီအချိန်နဲ့ အင်အားကို ပစ္စုပ္ပန်မှာလည်း အကျိုးများအောင် အနာဂတ်မှာလည်း အကျိုးများအောင် ကောင်းတဲ့ကိစ္စ တွေကိုလုပ်ရင်းနဲ့  အသုံးချချင်တယ်။ ဒါကြောင့် သူ့ ကိုခွင့်လွှတ်တာ။

Forgiveness is an internal process. It happens within us.

ခွင့်လွတ်တယ်ဆိုတာ အတွင်းမှာဖြစ်တဲ့စိတ်စဉ်ဖြစ်တယ်။ ကိုယ့်စိတ်ထဲမှာပဲဖြစ်တယ်။

လူတစ်ယောက်ကို ခွင့်မလွှတ်နိုင်ဘူး ၊ စိတ်ဆိုးနေတယ် ဆိုပါတော့။ အဲဒီစိတ်ကိုသေသေချာချာကြည့်နေပါ။ စိတ်ထဲမှာ သူ့ ကိုဘယ်လိုပြောလိုက်မယ် ၊ ဘယ်လိုလုပ်လိုက်မယ် ၊ သူဒုက္ခရောက်သွားရင်ကောင်းမယ် စတဲ့အတွေးတွေ ခဏခဏပေါ်နေမယ်။ တော်ကြာရင် ပြန်ပေါ်လာပြီး ခဏလောက်မေ့နေပြီးတော့ ဒီအကြောင်းသတိရပြန်ပြီး ပြန်တွေးနေမိပြန်ပြီ။ အဲဒီလိုတွေးနေတာကို သေသေချာချာကြည့်ပါ။ စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲ။ တင်းကျပ်နေတယ်။ ပင်ပန်းနေတယ်။ ဆင်းရဲနေတယ်။ ခေါင်းတွေ ပူနေတယ်။ ရင်တွေပူနေတယ်။ သူ့ ကိုမေ့မေ့ပျောက်ပျောက်နေနိုင်တဲ့အခါ သက်သာတယ်။ တော်ကြာ သတိရပြန်ရင် တွေးပြန်တယ်။ အဲဒီအတွေးကိုပြန်ကြည့်ပါ။ ဘယ်လိုခံစားရသလဲ။ ရင်ပူတယ်။ ပင်ပန်းတယ်။ နွမ်းနယ်တယ်။ အဲဒီလို ကြည့်ဖန်များလာတဲ့အခါ တစ်ချိန်ချိန်မှာ သတိအားကောင်းလာလို့ တည့်တည့်မြင်ရင် သူ့ သဘောသူဆောင်တဲ့စိတ်ပဲဆိုတာ သိလာတယ်။ ဖြစ်တတ်တဲ့ သဘာဝပဲဆိုတာသိလာတယ်။ ကိုယ့်ဟာကိုယ် ပင်ပန်းခံနေတယ်ဆိုတာမြင်လာတယ်။ ဒီလိုနဲ့ တစ်ချိန်မှာ ခွင့်လွှတ်နိုင်တဲ့စိတ်ကို ရသွားတယ်ဆိုပါတော့။

အဲဒီသူ့ အပေါ်မှာ နာကြည်းနေတဲ့စိတ် ၊ မကျေနပ်တဲ့စိတ် ၊ လက်စားချေချင်တဲ့စိတ် မရှိတော့ဘူးဆိုပါတော့ ၊ အဲဒီလိုစိတ်မရှိတော့တဲ့အခါ စိတ်ထဲမှာ ဘယ်လိုနေသလဲ။ နေသာထိုင်သာရှိသွားတယ်နော်။ နေရတာ တော်တော်သက်သာသွားတယ်နော်။

It is a feeling of wellness, freedom and acceptance.

ခွင့်လွှတ်နိုင်တဲ့စိတ်ဟာ နေလို့ ကောင်းတဲ့ခံစားမှုကိုဖြစ်စေတယ်။ ခွင့်လွှတ်နိုင်ရင် နေလို့ ကောင်းတယ်။ လွတ်လပ်သွားတယ်။ လက်ခံနိုင်သွားတယ်။ ဖြစ်ခဲ့တဲ့ကိစ္စကို လက်ခံနိုင်သွားတယ်။ ဒါကြောင့် အကယ်၍စိတ်ထဲမှာ လွတ်လပ်မသွားဘူး ၊ စိတ်ထဲမှာ ငြိမ်းချမ်းမသွားဘူး ၊ ဒီကိစ္စကို ထပ်ခါတစ်လဲလဲတွေးနေသေးတယ်ဆိုရင် ခွင့်မလွှတ်နိုင်သေးလို့ ပဲ။ 

ခွင့်လွှတ်လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်က သူ့ ကိုနာကြည်းနေရတာကို ငါလုပ်နေဖို့ မလိုတော့ဘူး။ အဲဒါ ငါ့အတွက် မလိုအပ်တော့ဘူး။ အဲဒါ ငါ့အတွက် အသုံးမကျတော့ဘူး ၊ အကျိုးမရှိတော့ဘူးလို့ သိသွားတာ။

( ဆရာတော်ဦးဇောတိက - "သိက္ခာရှိရှိနေမယ် ၊ ခွင့်လွှတ်ပါတယ်" )
................................................................................


 https://www.facebook.com/#!/notes/htoo-tint-naing/ခွင့်လွှတ်တယ်ဆိုတာ-ဆရာတော်-ဦးဇောတိက-/10150486910876628 မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။