Wednesday, October 23, 2013

ဒိဋ္ဌိဇုကမ္မအကြောင်း

ဒိဋ္ဌိဇုကမ္မအကြောင်း" အယူဖြောင့်မှန်ခြင်းကို “ဒိဋ္ဌိဇုကမ္မ”ဟုခေါ်၏။ (ဒိဋ္ဌိ = အယူ + ဥဇုကမ္မ = ဖြောင့်မှန်မူ။) အယူဟူသည် အသိဉာဏ်တည်း။ ထိုအသိဉာဏ်က လမ်းမှန်ကျနေလျှင် သမ္မာဒိဋ္ဌိ (မှန်ကန်သောအယူ) ဖြစ်၏။ ထို အသိဉာဏ်က မှားယွင်းနေလျှင် မိစ္ဆာဒိဋ္ဌိ (မှားသောအယူ) ဖြစ်၏။ အောက်ပါအချက်များ၌ မိမိအသိဉာဏ် ဘယ်လိုဖြစ်သလဲဟု စဉ်းစားပါ။ ၁။ ကုသိုလ်ကံ၊ အကုသိုလ်ကံ။ ၂။ ထိုကံများ၏ ကောင်းကျိုး၊ မကောင်းကျိုး။ ၃။ ထိုကံများကြောင့် ရောက်ရသည့် ဤဘ၀၊ နောက်ဘ၀။ ၄။ နတ်များ၊ ဗြဟ္မာများ။ ၅။ ကောင်းမွန်စွာ ကျင့်ကြံ၍ ဈာန် အဘိညာဉ်ရသူ သို့မဟုတ် ရဟန္တာ ဖြစ်သူများ။ အထက်ပါ အချက် ၅-ချက်ကို လေးလေးနက်နက် စဉ်းစားသောအခါ “ရှိနိုင်သည်၊ ရှိထိုက်သည်၊ ရှိရမည်” ဟု အသိဉာဏ်ဖြစ်လျှင် သမ္မာဒိဋ္ဌိတည်း။ ဤသမ္မာဒိဋ္ဌိကိုပင် “ဒိဋ္ဌိဇုကမ္မ”ဟု လည်းကောင်း၊ “ကမ္မသကတာဉာဏ်”ဟု လည်းကောင်း ခေါ်၏။ (ကမ္မ = ကံ + သက=ကိုယ့်ဥစ္စာ + တာ = ဖြစ်ပုံကို + ဉာဏ် = သိခြင်း။ မိမိပြုသော ကုသိုလ်ကံ အကုသိုလ်ကံသာလျှင် မိမိနောက်သို့ လိုက်ပါသော ကိုယ်ပိုင်ဥစ္စာ ဖြစ်ပေသည်ဟု သိတတ်သောဉာဏ်ကို `ကမ္မသကတာဉာဏ်´ဟု ခေါ်သည်။) ထိုပြခဲ့သော အချက် ၅-ချက်ကို လေးနက်စွာ စဉ်းစားသောအခါ “မရှိနိုင်၊ မရှိထိုက်”ဟု ယူနေလျှင်မိစ္ဆာဒိဋ္ဌိ ဖြစ်တော့၏ ထိုသို့ “ကံ-ကံ၏ အကျိုးမရှိ”ဟု ယူသော မိစ္ဆာဒိဋ္ဌိကြောင့်ပင် တိရစ္ဆာန် သတ္တ၀ါတွေကို သတ်ဖြတ်နိုင်ကြ၏။ ကံကြောင့် ရောက်ရသော ဤဘ၀ နောက်ဘ၀ မရှိဟု ယူသောကြောင့်ပင် ကမ္ဘာလောကနှင့် သတ္တ၀ါတွေကို တစ်စုံတစ်ဦးသော တန်ခိုးရှင်က ဖန်ဆင်းထားသည်ဟု အယူရှိကြသည်။ ငါတို့၏ ဗုဒ္ဓရှင်တော်ကို ရာဇ၀င်နှင့်တကွ ထင်ရှားသိအပ်သကဲ့သို့ ထိုတန်ခိုးရှင်ဆိုသော ပုဂ္ဂိုလ်ကို ယခုလူတို့ သိနိုင်ကြပါ၏လော။ "ဗုဒ္ဓဘာသာဝင်ဖြစ်မူ" ဒိဋ္ဌိဇုကမ္မကို သမ္မာဒိဋ္ဌိဟု ဆိုခဲ့ပြီ။ ထို သမ္မာဒိဋ္ဌိ အယူရှိကြသူတိုင်းလည်း ဗုဒ္ဓဘာသာဝင် မဟုတ်နိုင်သေး။ အခြားသောလူမျိုးတို့သည် ကံ-ကံ၏ အကျိုးကို ယုံကြည်ကြပေ၏ သို့သော် ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြ။ ဘုရား တရား သံဃာကို ယုံကြည်၍ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”ဟု ပါဠိလိုဖြစ်စေ၊ “ဘုရားကိုးကွယ်ပါ၏။ တရားကိုးကွယ်ပါ၏။ သံဃာကိုးကွယ်ပါ၏”ဟု မြန်မာလိုဖြစ်စေ ရွတ်ဆိုမှသာ “ဗုဒ္ဓဘာသာဝင်ဖြစ်သူ = သရဏဂုံ တည်သူ” ဟုခေါ်နိုင်သည်။ ဤသို့ ရတနာ ၃-ပါးကို ကိုးကွယ်ရာတွင် ဂုဏ်ကို မသိဘဲ (ကလေးများကဲ့သို့) မိရိုးဖလာ ယုံကြည်ရုံသာ ယုံကြည်၍ ကိုးကွယ်လျှင်လည်း ဗုဒ္ဓဘာသာဝင် ဖြစ်နိုင်ပေသည်သာ။ "ဒိဋ္ဌိဇုကမ္မဖြစ်ဖို့ အချက်များ" သမ္မာဒိဋ္ဌိဟုလည်းကောင်း၊ ကမ္မသကတာဉာဏ်ဟုလည်းကောင်း၊ ဤဘ၀ နောက်ဘ၀ စသည်များကို မိမိဘာသာ စဉ်းစားကြံစည်နေသောအခါလည်းဖြစ်၏။ ဒါနပြုခါနီး၊ သီလဆောက်တည်ခါနီးဝယ် “ဤဒါန... ဤသီလသည် ကုသိုလ်ကံတည်း။ ဤကုသိုလ်ကံသည် နောက်နောင် ဘ၀တို့၌ ကောင်းကျိုးချမ်းသာကို ပေးနိုင်သည်”ဟု သတိရသော အခါ၌လည်း ဤ ဒိဋ္ဌိဇုကမ္မကုသိုလ် ဖြစ်၏။ ကံ-ကံ၏ အကျိုးကို ယုံယုံကြည်ကြည်နှင့် ဒါန သီလစသော ကုသိုလ်များကို ပြုခိုက်မှာလည်း ဤဒိဋ္ဌဇုကမ္မကုသိုလ်ဖြစ်၏။ မည်သည်ကုသိုလ်မဆို ဤဒိဋ္ဌိဇုကမ္မ ကုသိုလ်ပါမှ သာ၍ အကျိုးကြီးသည်။
မဟာဂန္ဓာရုံ ဆရာတော်

No comments: