Tuesday, February 4, 2014
ဗုဒ္ဓဘာသာဝင်တိုင်းအတွက် အဓိကပန်းတိုင်သည်နိဗ္ဗာန်ပါပဲ။
နိဗ္ဗာန်ရဲ့ အစက သမာဒိဋ္ဌိကတဲ့။
သမာဒိဋ္ဌိဆိုတာ မှန်မှန်ကန်ကန်သိရမယ်။ မှန်မှန်ကန်ကန်မြင်ရမယ်။ မှန်မှန်ကန်ကန်ယူဆရမယ်။ သမာဒိဋ္ဌိမရမချင်း နိဗ္ဗာန်မရနိုင်ဘူးတဲ့။
အခုဘုန်းဘုန်းတရားဟောတော့ ဘုန်းဘုန်းရဲ့အသံတွေ ပရိသတ်ရဲ့နားနဲ့မတိုက်ဘူးလား။ ကြားစိတ်လေးပေါ်တယ်မဟုတ်လား။ ဟော် ကြားစိတ်လေး ဘာကြောင့်ပေါ်တာပါလိမ့်။
နားနဲ့အသံနဲ့တိုက်လို့ပေါ်တာ။ မတိုက်ရင် မပေါ်ဘူး။
နားနဲ့အသံက အကြောင်းပေါ့။ ကြားတာက အကျိုးပေါ့။
အကြောင်းက ပဋိစ္စ။ အကျိုးက သမုပ္ပါဒ်။
ပေါင်းလိုက်တော့ ပဋိစ္စသမုပ္ပါဒ်၊ အကြောင်းနဲ့အကျိုးပေါ့။
အဲဒီကြားစိတ်လေးက ရော မြဲသလား။ မမြဲဘူးလား။ ပျက်သွားတာပဲမဟုတ်ဘူးလား။
အကြောင်းတရားတွေက ပုဂ္ဂိုလ်တွေလား ဓမ္မလား။ အကျိုးတရားတွေက ပုဂ္ဂိုလ်တွေလား ဓမ္မလား။ ဓမ္မဆိုတာ အတုံးအခဲတွေလား။ သဘောလား။ ခိုင်မြဲလား၊ ဖြစ်ပြီးပျက်တာမဟုတ်ဘူးလား။
ဒီလိုသိရင် မှန်မှန်ကန်ကန်သိပြီပေါ့။ သမာဒိဋ္ဌိဖြစ်ပြီပေါ့။
အကြောင်းထဲမှာ ငါတွေပါသေးလား၊ သူပါသေးရဲ့လား။ ပုဂ္ဂိုလ်သတ္တ၀ါတွေပါသေးလား။ ယောကျား မိန်းမတွေပါသေးလား။ လူတွေနတ်တွေပါသေးလား။
နားအကြည်ကလည်း ရုပ်ပါပဲ။ အသံကလည်းရုပ်ပါပဲ။ လက်နဲ့ကိုင်ကြည့်လို့မရနိုင်ဘူး။
ဘုန်းဘုန်းအသံကို ကိုင်ကြည့်လို့ရရဲ့လား။ ဘယ်လိုပုံစံလေးရှိလည်း။ အ၀ိုင်းလေးလား၊ လေးထောင့်လေးလား။
အစိုင်အခဲအတုံးတွေ လား။ သဘောတွေပဲရှိတယ်မဟုတ်လား။
အကြောင်းသဘောလည်း ဖြစ်ပြီးပျက်တာပဲ။ အကျိုးတရားတွေလည်း ဖြစ်ပြီးပျက်တာပဲပေါ့။
ဖြစ်ပျက်မြင်ရင် သစ္စာမြင်ပြီပေါ့။ တခြားလား သမာဒိဋ္ဌိလား။ ဒီလိုဆိုနိဗ္ဗာန်ရောက်ပြီပေါ့။
ဒီလိုမဂ္ဂင်မျိုး တစ်သံသရာလုံး တစ်ခါမှမှမရခဲ့ဖူးဘူးတဲ့။
လူဖြစ်တာလည်းအကြိမ်ကြိမ်၊ နတ်ဖြစ်တာလည်း အကြိမ်ကြိမ်တဲ့။
သမာဒိဋ္ဌိ ဖြစ်ဖို့ အကြောင်းနှစ်ခုပဲလိုတယ်၊ သစ္စာတရားနာမူရယ် နှလုံးသွင်းမှန်မူ ဆိုတဲ့ ယောနိသောမနသိကာရ ရှိဖို့ပဲလိုပါတယ်။
နှလုံးသွင်းမှန်ကန်မူဆိုတာ
နှလုံးသားထဲမှာ ဉာဏ်စိတ်ကိုသွင်းထားရမယ်တဲ့။ မောဟစိတ်တွေမလာအောင် ဒေါသစိတ်တွေမလာအောင် လောဘစိတ်တွေမပေါ်အောင် နှလုံသွင်းနိုင်ခဲ့ရင် ကိလေသာမဖြစ်တော့ ခဏနိဗ္ဗာန်ရပြီပေါ့။
အမြဲထိမ်းနိုင်ရင် အမြဲနိဗ္ဗာန်ရပြီပေါ့။
အခုဘုန်းဘုန်းပြောတာနားလည်လားမသိဘူး။ နားမလည်လည်း မတတ်နိုင်ဘူး။
ရန်ကုန်မြို့မိုးကုတ်ဝိပဿနာတရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ချုပ်ကြီး၏နာယက၊ ခြောက်ထပ်ကြီး၊ မဏိရတနာကျောင်းတိုက်၏ ဦးစီးပဓာနမဟာ နာယကဆရာတော် ပိဋကတ်နှစ်ပုံဆောင်၊ဒွိပိဋကဆရာတော်ဦးပဏ္ဍိတ (1.2.2014 Singapore)
သာသနာစပြုရမယ့်လူ
သာသနာကို မည်သူကစ၍ ပြုရမည်နည်း။
မိမိကိုယ်ကစ၍ ပြုရမည်။
မိမိကိုယ်မှာ သာသနာမရှိလျှင် သူတစ်ပါးကို
သာသနာပြု၍ ဖြစ်နိုင်မည်မဟုတ်။
ဘုရားအဆုံးအမကို ' သာသနာ ' ဟုခေါ်သည်။
ဘုရားအဆုံးအမအတိုင်း လိုက်နာကျင့်သုံးလျှင်
မိမိကိုယ်တွင်း၌ သာသနာ တည်သည်။
- ကမ္ဘာ့သာသနာပြုဆရာတော်ကြီး အရှင်သေဋ္ဌိလာဘိဝံသ
လေးအိမ်စု အရှင်ဝိစိတ္တသာရ၏ စကားလက်ဆောင်တရား
လက်ဆောင် (၄) စာမျက်နှာ - ၁၁၉ မှ ကောက်နုတ်ထားပါသည်။
မိမိကိုယ်ကစ၍ ပြုရမည်။
မိမိကိုယ်မှာ သာသနာမရှိလျှင် သူတစ်ပါးကို
သာသနာပြု၍ ဖြစ်နိုင်မည်မဟုတ်။
ဘုရားအဆုံးအမကို ' သာသနာ ' ဟုခေါ်သည်။
ဘုရားအဆုံးအမအတိုင်း လိုက်နာကျင့်သုံးလျှင်
မိမိကိုယ်တွင်း၌ သာသနာ တည်သည်။
- ကမ္ဘာ့သာသနာပြုဆရာတော်ကြီး အရှင်သေဋ္ဌိလာဘိဝံသ
လေးအိမ်စု အရှင်ဝိစိတ္တသာရ၏ စကားလက်ဆောင်တရား
လက်ဆောင် (၄) စာမျက်နှာ - ၁၁၉ မှ ကောက်နုတ်ထားပါသည်။
သဒ္ဓါ = မိခင်
မိခင်များဟာ ခရီးသွားကာနီးတဲ့
သားသမီးများအတွက် သွားရမယ်
လမ်းခရီးကြောင်းကို ပြောပြပြီး
လမ်းစရိတ်၊ ရိက္ခာများကို
လုံလောက်အောင် ထုပ်ပေးလိုက်သလိုပဲ...
မိခင်နဲ့တူတဲ့ သဒ္ဓါတရားကလည်း
ဒါနရိက္ခာထုပ်၊ သီလလမ်းစရိတ်၊ ဘာဝနာ
အဖော်တို့ကို လုံလောက်အောင် အချိန်မီ
ထည့်ပေးလိုက်ပါတယ်။
သဒ္ဓါတရားမိခင်က ကုသိုလ်အထုပ်များများ
ထုပ်ပေးတော့ သံသရာခရီးသည်ဟာ
မျက်နှာမငယ်ရတဲ့ ဘုန်းကံအရှိန်အဝါ
စွမ်းအားတွေ မြင့်တက်ကာ
အားရှိရှိသွားရပါတယ်။
တိပိဋက ဓမ္မဘဏ္ဍာဂါရိက(ယော)
ဆရာတော်ဘုရားကြီး
Wednesday, January 29, 2014
★ မစွန့်နိုင် မစားနိုင်သူ★
တစ်ခါတုန်းက သာဝတ္ထိပြည်မှာ အပုတ္တကသူဋ္ဌေးဆိုတဲ့
နာမည်ကြီးသူဋ္ဌေးကြီးတစ်ဦး ရှိခဲ့ဘူးပါတယ်
သူ့တစ်သက်မှာ ဘယ်သူ့ကိုမှ သူပိုင်ပစ္စည်း ဘာတစ်ခုကိုမျှ မပေးဘူးတဲ့သူလို့ စာတင်ရလောက်အောင်
နှမြောတွန့်တိုကပ်စေးနဲတဲ့သူပါ။
သူများကို ပေးဖို့ ကျွေးဖို့ မသဒ္ဓါတာလားလို့ သူ့ကိုယ်သူ တောင်မှ မသဒ္ဓါတဲ့သူပါ ကောင်းကောင်းစားနိုင်ရဲ့သားနဲ့ အညံ့ဆုံးထမင်းကိုသာ စားပါတယ်။ ကောင်းကောင်းဝတ်နိုင်ရဲ့သားနဲ့ အစုတ်အပြတ် အဖာအထေးကိုသာ ၀တ်ပါတယ်။
အိမ်ကောင်းရာကောင်းနေနိုင်ပေမဲ့ ၀ါးတဲ ထန်းလက်တဲမှာ နေပါတယ်။ ကုဋေပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ သူ့ဥစ္စာ သူ့ပစ္စည်းတွေ ပွန်းပဲ့ ကုန်ခန်းဘလျော့နည်းသွားမှာကို ကြောက်လို့ပါ။
ရနိုင်သမျှနည်းမျိုးစုံနဲ့ ရှာသာရှာပါတယ်။ ရှာသမျှကိုလည်း စုပါတယ်။ စားလည်းမစား သုံးလည်းမသုံး ပေးလည်းမပေး လှူလည်းမလှူ နဲ့ ခြိုးခြံခြစ်ချုပ်ပြီး နေသွားလိုက်တာ သေသွားတဲ့အထိပါဘဲ
သေသွားချိန်မှာ ဥစ္စာပစ္စည်းတွေ အများအပြား ကျန်ရစ်ခဲ့ပါတယ် အမွေဆက်ခံမယ့် သားသမီးလည်း မရှိတဲ့အတွက် ကျန်ရစ်တဲ့ ပိုင်ရှင်မဲ့ပစ္စည်းတွေကို ကောသလမင်းက မင်းဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်ပါတယ်
ရွှေငွေတွေကို လှည်းအစီးပေါင်းများစွာနဲ့ သယ်ယူခဲ့ရတာပါ သေသွားတဲ့ သူဋ္ဌေးလက်ထဲမှာ ဘာမျှပါမသွားပါဘူး။ အပ်တိုအပ်စလေးတောင် ယူမသွားနိုင်ပါဘူး အကုန်ထားပစ်ခဲ့ရပါတယ်။ သူများတွေသုံးဖို့သာ ကျန်ခဲ့ပါတယ်။
ဘုန်းကြီးတို့ပရိသတ် နေ့တိုင်း နေ့တိုင်း နေ့ရှိသမျှ ကိုယ်ရှာနေတာ ဘာအတွက်လို့ စဉ်းစားရမှာပါ ရလာသမျှကို အကျိုးရှိမဲ့နေရာမှာ သုံးစွဲရမှာပါ။
ကိုယ့်အကျိုး အများအကျိုး မျှတအောင် ခွဲဝေသုံးစွဲဖို့ အရေးကြီးပါတယ်။ ဒီဘ၀အတွက်လည်း သုံးပြီးတော့ နောက်ဘ၀အတွက် သံသရာအတွက် ပေးကမ်းလှူဒါန်းမှုတွေလည်း ပြုဖို့လိုပါတယ်
လှူလိုက်တာဟာ ယူသွားတာနဲ့အတူတူပါပဲ အကျိုးရှိအောင်အသုံးချလိုက်တာဟာ ကိုယ့်အတွက်ရသွားတာနဲ့ အတူတူပါပဲ ဒါကြောင့် ကိုယ့်ပစ္စည်း ကိုယ့်ဥစ္စာကို စားရဲဖို့လိုသလို စွန့်ရဲဖို့လည်းလိုပါတယ်။
မစွန့်ရဲ မစားရဲတဲ့ အပုတ္တကသူဋ္ဌေးက အသက်ရှင်စဉ်မှာ ဘာကောင်းမှုမျှ ပြုမသွားတဲ့အတွက် သေပြီးတဲ့နောက် အပါယ်ဒုဂ္ဂတိကို ရောက်သွားပါတယ်။ ကျန်ခဲ့တဲ့ပစ္စည်းတွေလည်း နောက်ဆုံးတော့ သူများလက်ကိုသာ ရောက်သွားရပါတယ။
်ဓမ္မဒူတ ဒေါက်တာပညိဿာရာဘိဝံသ။
"ဘုရားရှိခိုးရသည့်အကျိုးများ"
အဘိဓမ္မာနည်းနဲ့ ပြောရမယ်ဆိုရင် ဘုရားရှိခိုးနေစဉ်အချိန်မှာ မဟာကုသိုလ်စိတ်ဖြစ်ပေါ်နေတဲ့အတွက် မဟာကုသိုလ်စိတ် ရရှိ တယ်လို့ပြောရပါမယ်၊ မဟာကုသိုလ်စိတ်က ဘယ်လောက်အကျိုးပေးသလဲလို့ ထပ်ဆင့်မေးမြန်းရင် ဘုရားရှိခိုး ရတဲ့အတွက် အကျိုးတရား (၁၇)ပါးကို ဆုမတောင်းဘဲရရှိနိုင်ပါတယ်။ အဲ့ဒီအကျိုးတရားတွေကတော့.......
(၁) စေတီအိမ်နှင့်တူသည်ဖြစ်၍ သူတစ်ပါးတို့ရှိခိုးထိုက်ခြင်း၊
(၂) စိတ်၏ရဲရင့်တည်ကြည်မှု့ရှိခြင်း၊
(၃) သေသောအခါနတ်ပြည်စသည့်ကောင်းသောသုဂတိ ဘ၀သို့ ရောက် ရခြင်း၊
(၄) နောင်- မြတ်စွာဘုရားရှင်နှင့် တွေ့ရသောအခါ သစ္စာလေးပါးကို
သိလွယ်ခြင်း၊
(၅) မြတ်သောအမျိုး၌ဖြစ်ရခြင်း၊
(၆) အရိုအသေအလေးအမြတ်ပြုခံရခြင်း၊
(၇) ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့်ပြည့်စုံခြင်း၊
(၈) အဆင်းလှခြင်း၊
(၉) ကိုယ်အနံ့မွေးပျံ့ခြင်း၊
(၁၀) ခံတွင်းအနံ့မွှေးပျံ့ခြင်း၊
(၁၁) ကြီးကျယ်သောပညာ နှင့်ပြည့်စုံခြင်း၊
(၁၂) နက်နဲသောပညာ နှင့်ပြည့်စုံခြင်း၊
(၁၃) ထက်သောပညာ နှင့်ပြည့်စုံခြင်း၊
(၁၄) ရွှင်သောပညာ နှင့်ပြည့်စုံခြင်း၊
(၁၅) လျင်သောဥာဏ်ပညာ နှင့်ပြည့်စုံခြင်း၊
(၁၆) ဆန်းကြယ်သောဥာဏ်ပညာ နှင့်ပြည့်စုံခြင်း၊
(၁၇) ကောင်းသောစကားကိုပြောဆိုနိုင်ခြင်းတို့ဖြစ်ပါတယ်။
ဘုရားရှစ်ခိုးတဲ့မဟာကုသိုလ်စိတ်ကြောင့် အကျိုးပေးပုံကိုသာဓက တင်ပြရရင် - ရာဇဂြိုလ်ပြည်ရှိ ကာလီအမျိုးသမီးလေးဟာ ဘုရားရှင်ပွင့်တော်မူကြောင်းတဆင့်စကားကြားရရုံနဲ့ ဘုရားရဲ့ဂုဏ်တော်ကို မှန်းဆ၍ကြည်ညိုသောစိတ်ဖြင့် ရှိခိုးရာမှာ တရား အမြင်ပေါက်ပြီး သောတပန်ဖြစ်ခဲ့ဖူးပါတယ်။(သုတ္တနိဋ္ဌ၊သ၊ ၂၀၅)
ထိုနည်းတူရာဇဂြိုလ်ပြည်ရှိ စဏ္ဍာလီအမျိုးသမီးကြီး ဟာ သေခါနီးကာလတွင် ဘုရားရှင်အားတစ်ကြိမ် တစ်ခါရှိခိုးရုံမျှဖြင့် သူကျရောက်မဲ့ဆဲဆဲ အပါယ်ငရဲကလွတ်မြောက်သွားခဲ့ပါတယ်။(၀ိမာန၊ ပါ၊ ၂၅)
ဓမ္မမိတ်ဆွေအပေါင်းဗဟုသုတပြည့်ဝနိုင်ကြပါစေ၊ မျိုးမြင့်(အောင်လံ)
ဓမ္မ၀ီရဂျာနယ် တွဲ(၃၁) အမှတ်(၁)
သာသနာနဲ့ကြုံရတာ သစ္စာလေးပါသိဖို့ပါ
မြတ်စွာဘုရား၏သာသနာတော်မှာ သစ္စာလေးပါး သိဖို့ရာ အရေးကြီးဆုံးပဲ။
သစ္စာလေးပါးကိုသိရင် သာသနာမှာ ကျင့်သင့်ကျင့်ထိုက်တဲ့ ကျင့်ဝတ်တာဝန်တွေဟာ အကုန်လုံးပြည့်စုံသွားတော့တာပဲ။
သစ္စာလေးပါးကို မသိနိုင်ကြတဲ့အတွက် ဘ၀သံသရာထဲမှာ ဒုက္ခအမျိုးမျိုးတွေနဲ့ တွေ့နေကြရတယ်။
သစ္စာလေးပါးကို သိသွားလို့ရှိရင် ဒီသံသရာဝဋ်ဆင်းရဲတွေက အကုန်လုံးကင်းလွတ်သွားကြတယ်။
ရှေးရှေးသော ဘုရားတွေလည်း ဒီသစ္စာလေးပါးကို သိပြီးတော့ နိဗ္ဗာန်ကို ၀င်ကြရတယ်။
မြတ်စွာဘုရားရဲ့ တပည့်သားဖြစ်တဲ့ ရဟန္တာပုဂ္ဂိုလ်တွေလည်း ဒီသစ္စာလေးပါးကိုသိပြီးတော့ နိဗ္ဗာန်ကို ၀င်ကြရတယ်။
နောက် နောင်သောအခါ ကာလမှာလည်း ပွင့်တော်မူလတံ္တသော ဘုရားတွေရော ၊ မြတ်စွာဘုရား၏တပည့်သား သာဝကတွေရော ၊ ကြားထဲမှာပွင့်မယ့် ပစ္စေက ဗုဒ္ဓ္ဗရော ဒါတွေလည်းပဲ သစ္စာလေးပါးတရားကိုသိပြီးတော့ နိဗ္ဗာန်ကို ၀င်ကြရမှာပါ။
ဒီသစ္စာလေးပါးတရားကို သိဖို့ရာအလွန်အရေးကြီးတယ်။ အရေးကြီးလို့မြတ်စွာဘုရား တရားဦးဟောထဲက ဓမ္မစက္ကပ၀တ္တနသုတ်လို့ခေါ်တဲ့ ဓမ္မစကြာတရားဟာ သစ္စာလေးပါးတရားကို အခြေခံတည်ပြီးတော့ ဟောထားတာပါ။
သစ္စာလေးပါးတရားကို မိမိကိုယ်တိုင် သိလာခဲ့တဲ့အကြောင်း သစ္စာလေးပါးတရားကို ဘယ်ပုံဘယ်နည်းနဲ့သိလာတယ်ဆိုတာတွေကို ထုတ်ဖေါ်ပြီးဟောသွားတယ်။
မြတ်စွာဘုရားဟောတိုင်း ဟောတိုင်း တရားဒေသနာတိုင်းမှာ ဒီသစ္စာလေးပါးတရားသိဖို့ချည်းပဲရည်ရွယ်ပြီးဟောတာပဲ။
တိုတိုဟောဟော ၊ ရှည်ရှည်ဟောဟော ၊ တိုက်ရိုက်ဟောဟော ၊ သွယ်ဝိုက်ဟောဟော ၊ဒီသစ္စာလေးပါးသိဖို့ဟောတာပဲ။
သတိပဋ္ဌာနသုတ်မှာလည်း အစပထမပိုင်းကနေပြီး ကာယာနုပဿနာတွေဟောလာတယ်။
ဒါလည်းပဲသစ္စာလေးပါးတရားသိဖို့ ဟောတာပဲ။
ကာယယနုပဿနာဆိုတဲ့ ကိုယ်အမူအရာ ရုပ်တွေ ကိုယ်ရုပ်တွေဟာ ဒုက္ခသစ္စာထဲက အတွင်းဝင်နေတဲ့တရားတွေပဲ။
အဲဒိ ဒုက္ခသစ္စာတရားကို သိလိုက်လို့ရှိရင် ဒုက္ခသစ္စာနဲ့ဆိုင်ရာ သမုဒယသစ္စာလည်းသိတာပဲ။
နိရောဓသစ္စာတို့ မဂ္ဂသစ္စာတို့လည်း သိသွားတာပဲ။
အဲ့တာကြောင့် ကာယာနုပဿနာဟောတာလည်း သစ္စာလေးပါးတရားသိဖို့ဟောတာပဲဖြစ်တယ်။
ထို့အတူ ဝေဒနာနုပဿနာဟောတယ်။
သစ္စာလေးပါးသိဖို့ဟောတာပဲ။
စိတ္တာနုပဿနာဟောတယ်။
သစ္စာလေးပါးသိဖို့ဟောတာပဲ။
ဓမ္မာနုပဿနာထဲက နီဝရဏတရားငါးပါးကို ရှု့ဖို့ဟောတယ်။
ဒါလည်းပဲ သစ္စာလေးပါးတရားသိဖို့ ဟောတာပဲ။
ခန္ဓာငါးပါးကိုဟောတယ်။
သစ္စာလေးပါးသိဖို့ဟောတာပဲ။
အာယတန ၁၂ ပါး ၊ အာယတနပိုင်းကိုဟောတယ်။ သစ္စာလေးပါးသိဖို့ဟောတာပဲ။
ဗောဇ္ဈင်ပိုင်းကိုဟောတယ။်
သစ္စာလေးပါးသိဖို့ဟောတာပဲ။
သစ္စာလေးပါးကို အမှန်အတိုင်း သိဖို့တော့လိုတယ်။
သစ္စာတရားဆိုတာ ပါဠိလို သစ္စ ၊ မြန်မာလို သစ္စာ လို့ရေးသားကြတယ်။
အမှန်တရားပဲ။ မှန်တယ် တဲ့။
မှန်တာကို သစ္စာလို့ခေါ်တယ်။
မှန်တယ်ဆိုတာတွေက အမျိုးမျိုးရှိတယ်။
သူ့အယူဝါဒနဲ့သု မှန်နေတာတွေလည်း ရှိတာပဲ။
အဲဒါတွေက ဒိဋ္ဌိသစ္စာတွေလို့ခေါ်တယ်။
ဒီလိုဟာတွေလည်းရှိတာပဲ။
ဘာသာတိုင်း ဘာသာတိုင်းမှာ ကိုယ့်အယူဝါဒနဲ့ကိုယ့်တရားတွေကို မှန်တယ်လို့ဆိုပြီးတော့ ဒီလိုပဲ ၀န်ခံကြတယ်။
အဲဒါတွေကတော့ ဒိဋ္ဌိသစ္စာတွေပဲတဲ့။
အယူဝါဒတွေကိုပဲ ကိုယ့်အယူဝါဒနဲ့ကိုယ် မှန်တယ်လို့ပြောနေတာတဲ့။
တစ်ကယ်မှန်တယ်လို့တော့ မဟုတ်ဘူးပေါ့။ ကိုယ့်ဟာနဲ့ကိုယ် မှန်နေတာ။
ဘိက္ခဝေ - ရဟန်းတို့
က္ကုဓ - ဤသာသနာတော်၌
ဘိက္ခု - သံသရာဘေးကို ရှု့မြင်သောရဟန်းသည်
ဘိက္ခု - သံသရာဘေးကို ရှု့မြင်၍ တရားကျင့်သုံးအားထုတ်နေသော ပုဂ္ဂိုလ်သည်
က္ကုဒံ - ဤသည်ကား
ဒုက္ခံ - ဆင်းရဲဖြစ်သော
အရိယာသစ္စံ - အရိယာတို့သိအပ်သောအမှန်တရားသည်
က္ကုတိ - ဤသို့
ယထာဘုတံ - ဟုတ်တိုင်းမှန်စွာ
ပဇာနာတိ - သိ၏။
အယံ - ဤသည်ကား
ဒုက္ခသမုဒယော - ဆင်းရဲဖြစ်ကြောင်းတရားဖြစ်သော
အရိယသစ္စံ - အရိယာတို့သိအပ်သော အမှန်တရားသည်
က္ကုတိ - ဤသို့
ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ
ပဇာနတိ - သိ၏။
အယံ - ဤသည်ကား
ဒုက္ခနိရောဓော - ဒုက္ခ၏ချုပ်ငြိမ်းရာဖြစ်သော
အရိယသစ္စံ - အရိယာတို့သိအပ်သော အမှန်တရားသည်
က္ကုတိ - ဤသို့
ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ
ပဇာနတိ - သိ၏။
အယံ - ဤသည်ကား
ဒုက္ခနိရောဓဂါမိနီပဋိပဒါ - ဆင်းရဲဒုက္ခ၏ ချု့ပ်ြငိမ်းရာဆိုက်ရောက်ကြောင်း အကျင့်ဖြစ်သော
အရိယသစ္စံ - အရိယာတို့သိအပ်သော အမှန်တရားသည်
က္ကုတိ - ဤသို့
ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ
ပဇာနတိ - သိ၏။
(မဟာစည်ဆရာတော်ဘုရားကြီး)
ခင်လပြည့်ဝန်း Page မှ ကူးယူသည်
ဆင် ခြင် မှု အ ပ္ပ မာ ဒ။
တစ်ခါတုန်းက ဗာရာဏသီပြည်မှာ .
".အနိဝတ္တ..".လို့ အမည်ရတဲ့ ဗြဟ္မဒတ်မင်းတစ်ပါး အုပ်ချုပ်ခဲ့ဖူးပါတယ်..။ အဲဒီမင်းက စစ်တိုက်ထွက်ပြီဆိုရင် တစ်ဖက်ရန်သူကို အနိုင်မရမချင်း..... အလုပ်တစ်ခုလုပ်ပြီဆိုရင်လည်း မပြီးမချင်း.... နောက်ဆုတ်လေ့မရှိလို့  သူ့ ကို အားလုံးက ..."...အနိဝတ္တ.."...."...နောက်ပြန်မဆုတ်သူ."...လို့  ခေါ်ကြပါတယ်..။
တစ်နေ့ တော့ တောထဲကိုဥယျာဉ်ကစားထွက်တော့ တောမီးလောင်နေတာကို
တွေ့ လိုက် ရပါတယ်..။ တောမီးက မြက်သစ်ရွက် အစိုအခြောက် အားလုံးကို လောင်မြိုက်တဲ့နေရာမှာ.နောက်မဆုတ်ဘဲ..ရှေ့ ကိုသာတိုးတိုးပြီး
လောင်မြိုက်သွားပါတယ်..။
ဒါကိုမြင်တော့ အနိဝတ္တမင်းရဲ့ သန္တာန်မှာ ဆင်ခြင်မှု အပ္ပမာဒ ၀င်လာပါတယ်..။
...."..သြော်...ဒီတောမီးဟာ လောင်စာတွေကို နောက်မဆုတ်တမ်း ၀ါးမြိုလောင်မြိုက်ပစ်သလို ဇာတိ ဇရာ အစဖြာတဲ့ မီးဆယ့်တစ်ပါးဟာလည်း သတ္တ၀ါအားလုံးကို ဆင်းရဲဒုက္ခတွေ အကြီးအကျယ်ပေးပြီး နောက်မဆုတ်တမ်း ၀ါးမြို လောင်မြိုက်နေတာပါလား..။
ဘယ်တော့များမှ ငါလည်း ဒီဆင်းရဲ ဒုက္ခတွေ နောက်ဆုတ်သွားအောင် ကိလေသာလောင်စာတွေကို အရိယာမဂ်ဥာဏ်မီးနဲ့  နောက်မဆုတ်တမ်း လောင်မြိုက်ပစ်နိုင်ပါ့မလဲ...။ ...."
နည်းနည်းလေးဆက်သွားတော့ မြစ်ထဲမှာတံငါသည်တွေငါးဖမ်းနေတာ
တွေ့ ရပြန်ပါတယ်..။ ပိုက်ကွန်ထဲ ဖမ်းမိပြီးသား ငါးကြီးတစ်ကောင် ပိုက်ကွန်ကို ဖြတ်ဖေါက်ပြီး ထွက်ပြေးသွားတဲ့အတွက် .....
.....
"...ဟာ .....ငါးကြီး ထွက်ပြေးသွားပြီဟေ့......."..
လို့  ၀ိုင်းအော်သံကို ကြားလိုက်ရတဲ့ အခါမှာလည်း အနိဝတ္တမင်းရဲ့  သန္တာန်မှာ ဆင်ခြင်မှု အပ္ပမာဒ ၀င်ရောက်လာပြန်ပါတယ်..။
....
"... သြော်....ဒီငါးကြီး ပိုက်ကွန်ကို ဖြတ်ဖောက်ပြီး ထွက်ပြေးသွားသလိုပဲ ငါလည်း ဘယ်တော့များမှ တဏှာ ဒိဋ္ဌိပိုက်ကွန်ကို အရိယမဂ်ဥာဏ်နဲ့  ဖြတ်ဖောက်ပြီး မငြိမကပ် လွတ်လပ်စွာ ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလဲ....။...".
ဆင်ခြင်မှု အပ္ပမာဒရဲ့  အစွမ်းကြောင့် သံဝေဂဥာဏ်အထွတ်အထိပ်ကို ရောက်ရှိသွားတဲ့ အနိဝတ္တမင်းဟာ မင်းစည်းစိမ်ကိုစွန့်  ရဟန်းပြုပြီး ရှုမှတ်မှု အပ္ပမာဒနဲ့  ၀ိပဿနာတရား ဆက်လက်အားထုတ်လိုက်တာ သိပ်မကြာခင်မှာပဲ ရဟန္တာဖြစ်ပြီး ပစ္စေက ဗောဓိဥာဏ်ပါ ယှဉ်တွဲရတဲ့အတွက် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီး တစ်ဆူ ဖြစ်သွားခဲ့ပါတယ်..။
ကိုယ့်ရဲ့  ပတ်ဝန်းကျင်မှာ နေ့ စဉ်နဲ့ အမျှ ကြုံတွေ့ နေရတဲ့ အဖြစ်အပျက်တွေ ...အာရုံတွေဟာ ဆင်ခြင်မှု အပ္ပမာဒကောင်းတဲ့သူတစ်ယောက်အဖို့  တန်ဖိုးမဖြတ်နိုင်တဲ့ တရားဓမ္မ အနှစ်တွေချည်းပါပဲ ...။
အရာရာကို သတိနဲ့  ကြည့်တတ်ဖို့  ...ဥာဏ်နဲ့ မြင်တတ်ဖို့  ....အရေးကြီးပါတယ်..။ အဲဒီလို ကြည့်တတ် မြင်တတ်ဖို့  ပါရမီ ဓာတ်ခံနဲ့  တရားဓမ္မ ဗဟုသုတတော့ လိုအပ်သလို....ဆုံးဖြတ်ချက်မှန်ကန်ဖို့ လည်း လိုအပ်တာပေါ့..။
........အရှင်ဆန္ဒာဓိက.......
Subscribe to:
Posts (Atom)

