တစ်ခါတုန်းက သာဝတ္ထိပြည်မှာ အပုတ္တကသူဋ္ဌေးဆိုတဲ့
နာမည်ကြီးသူဋ္ဌေးကြီးတစ်ဦး ရှိခဲ့ဘူးပါတယ်
သူ့တစ်သက်မှာ ဘယ်သူ့ကိုမှ သူပိုင်ပစ္စည်း ဘာတစ်ခုကိုမျှ မပေးဘူးတဲ့သူလို့ စာတင်ရလောက်အောင်
နှမြောတွန့်တိုကပ်စေးနဲတဲ့သူပါ။
သူများကို ပေးဖို့ ကျွေးဖို့ မသဒ္ဓါတာလားလို့ သူ့ကိုယ်သူ တောင်မှ မသဒ္ဓါတဲ့သူပါ ကောင်းကောင်းစားနိုင်ရဲ့သားနဲ့ အညံ့ဆုံးထမင်းကိုသာ စားပါတယ်။ ကောင်းကောင်းဝတ်နိုင်ရဲ့သားနဲ့ အစုတ်အပြတ် အဖာအထေးကိုသာ ၀တ်ပါတယ်။
အိမ်ကောင်းရာကောင်းနေနိုင်ပေမဲ့ ၀ါးတဲ ထန်းလက်တဲမှာ နေပါတယ်။ ကုဋေပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ သူ့ဥစ္စာ သူ့ပစ္စည်းတွေ ပွန်းပဲ့ ကုန်ခန်းဘလျော့နည်းသွားမှာကို ကြောက်လို့ပါ။
ရနိုင်သမျှနည်းမျိုးစုံနဲ့ ရှာသာရှာပါတယ်။ ရှာသမျှကိုလည်း စုပါတယ်။ စားလည်းမစား သုံးလည်းမသုံး ပေးလည်းမပေး လှူလည်းမလှူ နဲ့ ခြိုးခြံခြစ်ချုပ်ပြီး နေသွားလိုက်တာ သေသွားတဲ့အထိပါဘဲ
သေသွားချိန်မှာ ဥစ္စာပစ္စည်းတွေ အများအပြား ကျန်ရစ်ခဲ့ပါတယ် အမွေဆက်ခံမယ့် သားသမီးလည်း မရှိတဲ့အတွက် ကျန်ရစ်တဲ့ ပိုင်ရှင်မဲ့ပစ္စည်းတွေကို ကောသလမင်းက မင်းဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်ပါတယ်
ရွှေငွေတွေကို လှည်းအစီးပေါင်းများစွာနဲ့ သယ်ယူခဲ့ရတာပါ သေသွားတဲ့ သူဋ္ဌေးလက်ထဲမှာ ဘာမျှပါမသွားပါဘူး။ အပ်တိုအပ်စလေးတောင် ယူမသွားနိုင်ပါဘူး အကုန်ထားပစ်ခဲ့ရပါတယ်။ သူများတွေသုံးဖို့သာ ကျန်ခဲ့ပါတယ်။
ဘုန်းကြီးတို့ပရိသတ် နေ့တိုင်း နေ့တိုင်း နေ့ရှိသမျှ ကိုယ်ရှာနေတာ ဘာအတွက်လို့ စဉ်းစားရမှာပါ ရလာသမျှကို အကျိုးရှိမဲ့နေရာမှာ သုံးစွဲရမှာပါ။
ကိုယ့်အကျိုး အများအကျိုး မျှတအောင် ခွဲဝေသုံးစွဲဖို့ အရေးကြီးပါတယ်။ ဒီဘ၀အတွက်လည်း သုံးပြီးတော့ နောက်ဘ၀အတွက် သံသရာအတွက် ပေးကမ်းလှူဒါန်းမှုတွေလည်း ပြုဖို့လိုပါတယ်
လှူလိုက်တာဟာ ယူသွားတာနဲ့အတူတူပါပဲ အကျိုးရှိအောင်အသုံးချလိုက်တာဟာ ကိုယ့်အတွက်ရသွားတာနဲ့ အတူတူပါပဲ ဒါကြောင့် ကိုယ့်ပစ္စည်း ကိုယ့်ဥစ္စာကို စားရဲဖို့လိုသလို စွန့်ရဲဖို့လည်းလိုပါတယ်။
မစွန့်ရဲ မစားရဲတဲ့ အပုတ္တကသူဋ္ဌေးက အသက်ရှင်စဉ်မှာ ဘာကောင်းမှုမျှ ပြုမသွားတဲ့အတွက် သေပြီးတဲ့နောက် အပါယ်ဒုဂ္ဂတိကို ရောက်သွားပါတယ်။ ကျန်ခဲ့တဲ့ပစ္စည်းတွေလည်း နောက်ဆုံးတော့ သူများလက်ကိုသာ ရောက်သွားရပါတယ။
်ဓမ္မဒူတ ဒေါက်တာပညိဿာရာဘိဝံသ။
No comments:
Post a Comment