Thursday, July 24, 2014

(သီတဂူဆရာတော်ကြီး၏ထေရုပ္ပတ္တိ)


သီတဂူဆရာတော် ဦးဥာဏိဿ     ရ  (၁၉၃၆-) မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။ အသက်(၇)နှစ်အရွယ်တွင် သဲကုန်းမြို့တပ် အလယ်တန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့။ အသက်(၁၅)နှစ်အရွ ယ်တွင် ရှင်သာမဏေပြုခဲ့။ သက္ကရာဇ်-၁၃၁၈ - (သာသနာနှစ်-၂၅၀၀ ပြည့်နှစ်) နယုန်လဆန်း(၄)ရက်နေ့ အသက်(၁၉)နှစ်အရွယ်တွင် သဲကုန်းမြို့၌ ရဟန်းပြု။ ရှင်သာမဏေပြုချိ န်မှစ၍ ပိဋကတ် အခြေခံကျမ်းစာများကို သဲကုန်းမြို့တပ် အလယ်တန်း ကျောင်း ဆရာတော်ထံ၌ ပြည့်စုံအောင် သင်ကြားခဲ့သည်။ ၁၃၂၂ - ဓမ္မာစရိယတန်းအော င်။ ရန်ကုန်မြို့၊ တာမွေသိမ်ကုန်းတိုက် မန္တလေးမြို့အနော က်ခင်မကန်တိုက်၊ စကု တိုက်၊ တောင်သမန်တိုက်၊ မိုးကောင်းတိုက်၊ ဝေယံဘုံသာတိုက်၊ ဘုရားကြီးတိုက်၊ ရွှေရေးဆောင်တိုက်များတွင် အဆင့်မြင့် ပိဋကတ်ကျမ်းစာများကို သင်ကြားခဲ့။ ၁၃၂၃-၂၆ - ရန်ကုန်မြို့၊ ကမ္ဘာအေး သံဃာ့တက္ကသိုလ်တွင် သာသနာပြု ပညာရပ်များသင်ကြားခဲ့။ ၁၃၂၆-၂၇ - ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ -ဘီ၊ဘီအမ်အေကောလိပ် (မြန်မာဗုဒ္ဓဘာသာ၊ သာသနာပြု ကျောင်း)တွင် ပရဟိတ လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့။ ၁၃၂၉ - ၁၃၃၃ - စစ်ကိုင်းတောင် အနီးစခန်းဆရာတော်ထံ၌ ပိဋကတ်ကျမ်းစာများကို (၅)နှစ်တိုင်တိုင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားခဲ့။ ၁၃၃၄ - ၃၇ - (၄)နှစ်တိုင်တိုင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် သပိတ်အိုင်တောရစခန်း၌ ဧကစာကျင့်သုံးကာ ဓုရ နှစ်ပါးမပြတ် အားထုတ်ခဲ့။ ၁၃၃၈ - စစ်ကိုင်းတောင်၊ သဒ္ဓမ္မသီတဂူချောင်ကို စတင်တည်ဆောက်ခဲ့။ ၁၃၄၂ - ၄၇ - စစ်ကိုင်းတောင် ချောင်ပေါင်း(၉၀ ၀)ခန့်အတွက်-သီတဂူရေအလှူတော် စီမံကိန်းကို ဆောင်ရွက်ခဲ့။(တစ်နေ့လျှင် ရေဂါလံ ၅-သိန်းခန့်ပေးဝေလျှက်ရှိ။ ဧရာဝတီမြစ်အတွင်းမှရေကို စစ်ကိုင်းတောင်ရိးပေါ်အရောက် ဆောင်ရွက်ရခြင်းဖြစ်။) ၁၃၄၇ - ၀ါခေါင်လပြည့်နေ့ မှစ၍ သီတဂူ အာယုဒါနဆေးရုံကို တည်ဆောက်။ (တစ်လလျှင် ပျမ်းမျှကုန်ကျ စရိတ် ကျပ်သိန်း(၂၀)ခန့်ဖြင့် ဆေးဝါးကုသဒါနပြု လျှက်ရှိ။) ၁၃၅၁ - ဆေးရုံပြီးမြောက်။ (ကုတင်-၁၀၀ဆန့် ကျပ်-သိန်း၅၀၀ကျော်ကုန်။) ဆရာတော်ဘုရားကြီးသည် ရေအလှူတော်၊ အာယုဒါနအလှူတော်သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ကလေးငယ်များ စောင့်ရှောက်နိုင်ရေး အတွက်ပါ သိန်းပေါင်းများ စွာ လှူဒါန်းလျက်ရှိ။ ဆရာတော်ကြီးသည် မြန်မာပြည်တွင်း ကျန်းမာရေး၊ ပညာရေးနှင့် ဧရာဝတီအလှူတော်လုပ်ငန်များကို လုပ်ဆောင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ဆယ်စုနှစ်များစွာကတည်းက ဆရာတော်ကြီး၏ ရေအလှူတော်၊ ဆေးရုံနှင့် ဆေးအလှူတော် လုပ်ငန်းများမှာ ကြည်နူးဖွယ်ရာ ဖြစ်သည်။ ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် (ချင်းပြည်နယ်)နဲ့ မြိုင်ကြီးငူ (ကရင်ပြည်နယ်) တို့၌ ဆေးရုံများတည်ဆောက်နေသည်။ ဆေးရုံ ၈ရုံ ရှိပြီး ဆေးရုံတရုံကို ကျပ်ငွေ သိန်း ၁၀၀၊ ဆေးပစ္စည်း သိန်း ၁၅၀ ကုန်ကျမှာဖြစ်သည်။ မျက်စိအလင်းရရန် ခွဲစိတ်ကုသပေးနေပြီး ပြည်သူ ၁ သောင်းခွဲ ရှိသည်။ နှစ်စဉ် ၁ သောင်းခွဲ အလင်းရဖို့ လုပ်ပေးနေခြင်း ဖြစ်သည်။ ပြည်ပသာသနာပြုခရီး ၁၉၈၁(ခရစ်နှစ်) - ထိုနှစ်မှစ၍ နိုင်ငံပေါင်းများစွာသို့ အကြိမ်ကြိမ်သွားရောက်သာသနာပြုခဲ့ ။ အင်္ဂလန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့တွင် ၀ါကပ်ဆိုခဲ့။ အမေရိကန်ပြည်ထောင်စု နက်ရှ်ဗီးမြို့၌ ၀ါဆိုစဉ် တက္ကသိုလ် ကောလိပ်များတွင် ဗုဒ္ဓဒေသနာကမ္မဌာန်း၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတို့ကို အမေရိကန်လူမျိုးများအား သင်ကြား ပို့ချဟောကြားခဲ့၊ ပြည်ပတွင်လည်း ဒါနပြုခဲ့၊ ပြည်ပမှမျက်စိကုဆရာဝန်ကြီးများအား ဖိတ်ကြား၍ ဝေဒနာရှင်များ အား အာယုဒါနဆေးရုံတွင် ခွဲစိတ်ကုသပေးခဲ့။ သက္ကရာဇ်-၁၄၅၄ - ၀ါဆိုလပြည့်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တွင် ရဟန်းတော်(၅)ပါး၊ လူပုဂ္ဂိုလ်(၁၅)ယောက်တို့ဖြင့် ထေရ၀ါဒဓမ္မအသင်းကို တည်ထောင်ခဲ့၊ ဓမ္မပြန့်ပွားရေး ဆောင်ရွက်ခဲ့။ ထိုသင်တန်းတွင် နက်ရှ်ဗီးမြို့၊ ဗန်ဒါဗစ်တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများအား ပို့ချခဲ့။ ထိုဟောပြောချက်မှ ဓမ္မအနှစ်စာတမ်းပေါင်း (၁၅)ခု ပေါ်ထွက်ခဲ့။ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ခရစ်နှစ်-၁၉၉၁ - ၄င်းနှစ်မှစတင်၍ သဒ္ဓမ္မသီတဂူချောင်တွင် ကမ္ဘာ့ဗုဒ္ဓတက္ကသို လ်ဖွင့်လှစ်၍ ပိဋကတ် ကျမ်းစာ၊ ဗုဒ္ဓသာသနာ့သမိုင်း၊ သာသနာပြုနည်း၊ ကမ္မဌာန်းတရားများအား ရဟန်းတော်၊ သာမဏ၊ သီလရှင် နှင့် လူပုဂ္ဂိုလ်များအားပို့ချပေးခဲ့။ ထိုတက္ကသိုလ်မှ B.A, M.A, Ph.D-ဘွဲ့များအပ်နှင်းနိုင်ခဲ့။ ခရစ်နှစ်-၁၉၉၄ - အမေရိကန်ပြည်ထော င်စု၊ အော်စတင်မြို့၌သီတဂူ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် တည်ထောင် ခဲ့။ ထိုကျောင်းမှ ၂-လ တစ်ကြိမ်၊ အင်္ဂလိပ် မြန်မာနှစ်ဘာသြာ ဖင့် ဗုဒ္ဓ၊ ဓမ္မစာစောင်များထုတ်ဝေခဲ့။ ဓမ္မသင်တန်း များပို့ချခဲ့။ ၂၀၀၂ - ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသည့် ဗုဒ္ဓသာသနာညီလာခံ၌ နိုင်ငံခြားသားများအား ဓမ္မစာပေပို့ချခဲ့။ ဂျပန်၌တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်၏ အကြီးအကဲအဖြစ် ခန့်အပ်။ အစိုးရက ဆက်ကပ်သည့် ဘွဲ့များ ၁၉၉၃ - မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ ၁၉၉၅ - အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ ၁၉၉၆ - အဂ္ဂမဟာပဏ္ဍိတဘွဲ့ ၂၀၀၂ - ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Doctor of Literature (Hononur-Causa) ၂၀၀၉တွင် "အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတဘွဲ့" တို့ကို ဆက်ကပ်ပူဇော်ခဲ့။ ၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆ ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်၏ နောက်ဆုံးဆန်ကာတင် ပုဂ္ဂိုလ် ၅ဦးတွင် ပါဝင်ပြီး ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှတ်တမ်း လွှာနှင့် အလှူငွေ အမေရိကန်ဒေါ်လာ ၁ ထောင်ကို ရရှိသည်။ ရေးသားပြုစုခဲ့သည့် စာပေများ ၁။ပုဏ္ဏောဝါဒ သုတ္တန်(၁၉၉၇) ၂။ဒါရုက္ခန္ဓောပမာ သုတ္တန်(၂၀၀၁) ၃။ဝေဒနာနုပဿနာ သတိပဌန်တရားတော် (၂၀၀၂) ၄။လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်(ရွှေကျင်ဆရာတော်ကြီးဘ၀ဖြစ်စဉ်အကျဉ်း)(၂၀၀၂) ၅။စကားလေးခွန်းတရားတော်(ရဌပါလသု တ်အနှစ်ချုပ်)(၂၀၀၃) ၆။လောကမျက်လုံး ကွယ်ပျောက်ခြင်း တရားတော် ၇။တက္ကသိုလ်တရားတော်(၂၀၀၄) ၈။ဗုဒ္ဓနှင့်ဗုဒ္ဓ ၀ါဒ(၂၀၀၄) ၉။မမေ့အပ်သောလေးနေရာ(သံဝေဇနိယသု တ္တန်တရားတော်) ၁၀။ဝေဒနာကိုသည်းခံခြင်း တရားတော်(မဟာပရိနိဗ္ဗာနတရားတော်) ၁၁။ကဿပဂုဏ်ရည် တရားတော် ၁၂။သံဃာ့ဂုဏ်ရည်တရားတော် ၁၃။ပညာရှိတစ်ဆူကို ပူဇော်ခြင်းတရားတော် ၁၄။သာသနာပြု သူရဲကောင်းတရားတော် ၁၅။သိကြားမင်းရေးသော ခန္တီစာတမ်းတရားေ တာ် ၁၆။ကုမုဒြာတွေပွ င့်တဲ့ည တရားတော် ၁၇။ဘ၀တန်ဖိုး တရားတော်(၂၀၀၄) ၁၈။သစ္စာနှင့်မေတ္တာတရားတော်(၂၀၀၄) ၁၉။ယုံအသင်း၏ယုံမင်းတရားတော်(သသ ပဏ္ဍိတဇာတ်)(၂၀၀၃) ၂၀။နိယာမနှင့် အနတ္တလက္ခဏသုတ်တရားတော် ၂၁။မေတ္တာသုတ်တရားတော် ၂၂။ညီတော်အာနန္ဒာ ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ်၁၃ ၃၄ -ခု၊ ၀ါဆိုလပြည့်နေ့မှစ၍ (၃၄)နှစ်ကျော်တိုင် နှစ်စဉ် တရားပွဲ ပေါင်းများစွာ ဟောကြားခဲ့ပြီး လက်ရွေးစဉ် တရားပုဒ်ရေ(၇၀)ေ ကျာ်ကို သီတဂူစာစဉ်များအဖြစ် ထုတ်ဝေပြီး ဖြစ်ပါသည်။

Sunday, July 20, 2014

"တရားရှာ ကိုယ်မှာတွေ့"


ဒကာတို့ တရားရှာတယ် တရားရှာတယ်ဆိုတာ . .
တခြားသွားရှာနေရတာ မဟုတ်ဘူး။
ကိုယ့်ခန္ဓာကိုယ်မှာ တရားတွေ ပြည့်နေတာပဲ။
ခန္ဓာမှာ တရားရှာရတယ်။

ကိုယ့်ခန္ဓာကို ဉာဏ်နဲ့စိုက်ကြည့်ရင်
ရုပ်နာမ်တွေဟာ နာရီ မိနစ် စက္ကန့်မစဲ တဖွဲဖွဲ ဖြစ်ပျက်နေတယ်။
ဥဒယဗ္ဗယဉာဏ် အမြင်သန်မှ ကောင်းတယ်။

လူတွေက ရိပ်သာသွား တရားအားထုတ်ကြ ..,
ဘုန်းကြီးက မသွားရဘူးလို့ မဆိုလိုပါဘူး။ သွားရပါတယ်။
သွားပြီးတော့ စကားများနေတာတော့ မကောင်းဘူး။
တကယ်တရားကို မိမိရရအားထုတ်မှ ကောင်းတယ်။

( အရှင်ဇနကာဘိဝံသဆရာတော်ဘုရားကြီး )

အပါယ်တံခါး ပိတ်ချင်ရင်



အပါယ်တံခါးပိတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ။
အပါယ်တံခါးပိတ်ဖို့အတွက် ဘာလုပ်ရမလဲ။
ဘာနဲ့မှ အပါယ်တံခါး ပိတ်လို့ရမလဲ။

ဒီနေရာမှာ စဉ်းစားရမယ်၊ ကုသိုလ်ကောင်းမှုလုပ်ပြီး အပါယ်က လွတ်သွားတဲ့ ပုဂ္ဂိုလ်တွေ မရှိနိုင်ဘူးလား။

ဆိုပါစို့ ဒါနကောင်းမှုလုပ်တယ်၊ သီလဆောက်တည်တယ်၊ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်တယ်၊ သို့သော် သောတပန်ဆိုတဲ့ အဆင့်မရောက်ဘူး။ အဲဒီ ပုဂ္ဂိုလ် အပါယ်မလွတ်ဘူးလား လို့ပြောရင်
လွတ်နိုင်ပါတယ်လို့ပဲ ဖြေရမယ်။ သို့သော် guarantee တော့မရှိဘူး။

`အပါဒါန်ပါဠိတော်´ မှာဆိုရင် အမျိုးကောင်းသား တစ်ယောက်ဟာ ဘုရားတစ်ဆူကို ပန်းပွင့်လေး တစ်ပွင့် လှူလိုက်တာနဲ့ (၉၁)ကမ္ဘာ အပါယ်မလားဘဲနဲ့ နောက်ဆုံးကျတော့ အဲဒီပန်းလှူတဲ့ ကုသိုလ်ကို အကြောင်းပြုပြီး ရဟန္တာ ဖြစ်ပြီးတော့ ပရိနိဗ္ဗာန်စံသွားတယ်။ ဒါက guarantee ရှိလားဆိုတော့ guarantee ရှိလို့ပြောတာ မဟုတ်ဘူး။

အပါယ်တံခါးတော့ ပွင့်နေတယ်။ ပွင့်တိုင်းကျတာမှ မဟုတ်ဘဲကိုး။ တံခါးပွင့်နေတိုင်း ဒီတံခါးပေါက်ကထွက်တာ ဟုတ်ရဲ့လား။ အေး တံခါးကတော့ ပွင့်ချင်ပွင့်နေမှာပဲ။ သို့သော် တံခါးထဲ မဝင်လို့ရှိရင်တော့ မရောက်ဘူးပေါ့။

ကုသိုလ်ကောင်းမှုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သာမာန်ကုသိုလ်တွေနဲ့ အပါယ်တံခါး ပိတ်တယ်လို့ ပြောလို့မရဘူး။ အာမခံချက် မရှိဘူး။ သို့သော် အပါယ်ကိုကျမှာလားလို့ မေးရင် ကျချင်မှကျမယ်ပေါ့။ ဘယ်သူက ဆွဲတင်တုန်းဆိုရင် ကုသိုလ်ကံတွေက ဆွဲတင်ပေးနေမှာ။ ဒါလည်း အင်မတန် အခြေအနေကောင်းနေမှ။ အခြေအနေ မကောင်းရင် မရဘူး။

ကဲ ခုနက ပန်းလေးတစ်ပွင့် လှူတာနဲ့  (၉၁)ကမ္ဘာ အပါယ်မလားဘူး ဆိုတာ ဒီပန်းလေး တစ်ပွင့်ဆိုတဲ့ ကုသိုလ်ကောင်းမှုကနေပြီးတော့ ကယ်သွားတာလားဆိုတော့ ဒီလိုတွက်လို့မရဘူး။

ဘယ်လိုယူရမတုန်းဆိုရင် ဘုရားကို ရည်စူးပြီးတော့ ပန်းလေးတစ်ပွင့် လှူတာကို အကြောင်းပြုပြီးတော့ ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။ ကောင်းတဲ့ဘုံဘဝ ရောက်တဲ့ခါ ကုသိုလ်တွေ ဆက်လုပ်တယ်။ နောက်ဘဝလည်း ကုသိုလ်တွေ ဆက်ဆက်လုပ်တယ်။ ကုသိုလ်တွေ ဆက်ဆက်လုပ်သွားလို့ အပါယ်မကျတာ။

ဒီဘဝမှာ ပန်းလေးတစ်ပွင့်လှူထားတယ်။ ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။ မေ့မေ့လျော့လျော့
နေပြီးတော့ အကုသိုလ်တွေ လုပ်မယ်ဆိုရင် ငရဲကျမှာပဲလေ။

ပန်းလေးတစ်ပွင့် လှူတာနဲ့ ဒီကုသိုလ်ကနေ ကယ်သွားတယ်ဆိုတာက ဒီကုသိုလ်ရဲ့ စွမ်းရည်သတ္တိကို ဖော်ပြတဲ့အနေနဲ့ ဟောတာနော်။ တကယ် အဓိပ္ပါယ်ယူရမှာက ပန်းလေးတစ်ပွင့် လှူလိုက်လို့ ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။ အဲဒီ ကောင်းတဲ့ဘုံဘဝ ရောက်တဲ့အခါ ကုသိုလ်တွေ ဆက်ပြီးလုပ်တယ်။ လုပ်သည့်အတွက်ကြောင့် ကောင်းတဲ့ဘုံက ကောင်းတဲ့ဘုံကို ရောက်ပြီးတော့ နောက်ဆုံးမှာ ဘုရားနဲ့တွေ့လို့ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံတာပဲ။ ဟောဒီလို အဓိပ္ပါယ်မျိုးကို ဆိုလိုတယ်။

ဒါကြောင့်မို့ ကုသိုလ်ကံတွေဆိုတာ အားကိုးထိုက်ပါတယ်။ အားမကိုးထိုက်ဘူး မဟုတ်ဘူး။ သို့သော် အပါယ်တံခါး ပိတ်သလားလို့မေးရင်တော့ အပါယ်တံခါး ပိတ်တယ်ဆိုတာ နိဗ္ဗာန် တံခါးဖွင့်နိုင်မှ အပါယ်တံခါး ပိတ်တယ်လို့ ဒီလိုမှတ်ရမယ်။

ကဲ ဒါဖြင့် နိဗ္ဗာန် တံခါးကို ဘာနဲ့ ဖွင့်မလဲ။ နိဗ္ဗာန်တံခါး ဖွင့်ချင်တယ် ဆိုလိုရှိရင်တော့။ ဝိပဿနာနဲ့ပဲ ဖွင့်လို့ရတယ်။ နိဗ္ဗာန်တံခါးဟာ ဝိပဿနာနဲ့ပဲ သွားရမယ်။ ဝိပဿနာကျင့်စဉ် မကျင့်ဘဲနဲ့ နိဗ္ဗာန်တံခါး ဖွင့်တယ်ဆိုတာ လောကမှာ မရှိဘူးတဲ့။

(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ )

အခုလုပ်

ဝိပဿနာ မလုပ်သေးတာဖြင့် သေရတာ အားမရသေးလို့လား မေးဖို့ပဲရှိတော့တယ်။

ခင်များတို့ အင်မတန် ကိုယ်ကျိုးနည်းမှာစိုးလို့ ဒီအလုပ်ကို ခိုင်းနေတာမှတ်ပါ။ ခင်များတို့က မသိလို့အေးအေးနေတာ.... တော်ကြာခင်များ တို့ တွေ့ရမဲ့ဒုက္ခက မသေးဘူးနော်။

"ဆုတောင်းပြည့် ဘုရား မကယ်နိုင်ဘူး။"

ဖြေးဖြေးမှဆိုတဲ့ ဆင်ခြေပေးနေလို့ကတော့ ငရဲမျိုးစေ့ကြီးပွားပါရစေဆိုတာနဲ့ အတူတူပဲ။

(ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး)

~ရူးကြောင်မူးကြောင်မလုပ်ပါနဲ့~~~

~

ကုသိုလ်ကံနဲ့ သေရင်

ကောင်းရာသုဂတိရောက်ရ၊

အကုသိုလ်ကံနဲ့ သေရင်

မကောင်းရာဒုဂ္ဂတိရောက်ရတဲ့

ရိုးရိုးရှင်းရှင်း သဘာဝနိယာမကြီးကို

ချိုးဖောက်ပြီး

ယမမင်းကြီးဆီမှာ အယူခံဝင်ရတဲ့

ငရဲသားတွေဟာ လူ့ဘ၀တုန်းက

ဘယ်လိုလူစားမျိုးတွေလဲဆိုရင်

“ရူးကြောင်မူးကြောင်” လူစားမျိုးတွေပါ။

“စိတ်ကောင်းထားရင်ပြီးတာပဲ၊

ဘာကုသိုလ်မှ ထွေထွေထူးထူး

လုပ်နေစရာမလိုပါဘူး”

ဆိုတဲ့လူစားမျိုးတွေ

“တို့က တရားအားမထုတ်ပေမယ့်

ဘယ်သူ့ကိုမှ မဟုတ်တာမလုပ်ဘူး။

ကိုယ့်ဘာသာကိုယ် အေးဆေးပဲ”

ဆိုတဲ့လူစားမျိုးတွေ

“တို့က ဘာကုသိုလ်မှ မလုပ်ပေမယ့်

ဘာအကုသိုလ်မှ မလုပ်တဲ့အတွက်

သေရင် ကောင်းရာရောက်မှာပဲ”

ဆိုတဲ့လူစားမျိုးတွေ၊

“ဒီဘ၀ဘာလုပ်လုပ် သေရင်ပြီးတာပဲ”

ဆိုတဲ့လူစားမျိုးတွေဟာ

“ရူးကြောင်မူးကြောင်” လူစားမျိုးတွေပါပဲ။

(ဆရာတော်အရှင် ဆန္ဒာဓိက ရဲ့စိတ်အားဖြည့်

ဓမ္မနှင်းပွင့်စာအုပ်ကနေ ကူးယူဖော်ပြပေးပါတယ်)

ဆရာတော်ကြီးများ၏ မှတ်သားဘွယ်ရာ သြဝါဒကထာများ



တို့ဒကာတွေ စိတ်ဒုက္ခရောက်နေတဲ့အခါ စိတ်မငြိမ်မသက် ဖြစ်နေတဲ့အခါ သေသေချာချာ ဆန်းစစ်ကြည့်ကြ၊ ကိုယ့်စိတ် မငြိမ်မသက် ဖြစ်နေရင် တခုခုကို မှီထားမိလို့ပဲဆိုတာ ပေါ်ကြပလား၊
ဥပမာ-သစ်တုံးကို မှီထားရင် သစ်တုံးလှုပ်ရင် ကိုယ်ပါလှုပ်မယ်၊ သစ်တုံးလှုပ်တာနဲ့ မှီတဲ့သူပါ လှုပ်တာ။ အဲဒါ မှီထားလို့သာ လှုပ်တာ။ တခြားစီနေရင် မလှုပ်ပါဘူး။ သဘောပေါက်ကြပလား။ ဒီဥပမာအတိုင်းပဲ။ တို့ဒကာတွေ စိတ်မချမ်းမသာ ကိုယ်မချမ်းမသာ ဖြစ်နေရင် ရှိနေရင် တခုခုကို မှီနေလို့ပဲလို့ ဆုံးဖြတ်ချက်ချ။

(မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ)

"စေတနာ"



စေတနာက လောဘနဲ့တွဲရင်
ငါရဖို့ချည်းဖြစ်လာတတ်တယ်။

အဲဒီစေတနာကပဲ ဒေါသနဲ့တွဲလိုက်ရင်
သတ်ဖြတ်ဖို့ဖြစ်တတ်တယ်။

မောဟနဲ့တွဲ လိုက်ပြန်တော့
ပညာမဲ့တာတွေဖြစ်လာတယ်။

မကောင်းတာတွေဘာကြောင့်ဖြစ်လာလဲမေးရင်
စေတနာနဲ့ မကောင်းနဲ့
အကြောင်းသုံးပါးတွဲမိလို့…ဒါပဲ…။

လောဘနည်းအောင်ကျင့်ရင်
သူများ အတွက်ဆောင်ရွက်တတ်လာတယ်။

ဒေါသနည်းအောင်ကျင့်သုံးရင်
ငြိမ်းချမ်းရေးဖြစ်တယ်။

မောဟနည်းအောင်ကျင့်ရင်တော့
ပညာတတ်တွေဖြစ်လာကြမယ်။

ကောင်းတာတွေဘာကြောင့်ဖြစ်ဆိုရင်
စေတနာနဲ့ ကောင်းတဲ့..
အကြောင်းသုံးပါးပေါင်းမိလို့.. ဒါပဲ…..။

(သီတဂူဆရာတော်ကြီး)

ဆုံးမစကား

ကိုယ်လို သူလို အပါယ်သွား မယ့်လူချင်းက ပေးတဲ့ ပညာရေးလောက်ကိုသာ တန်ဖိုးထားခိုင်းနေတယ်။ ငွေကြေးတွေ အကုန်အကျ အများကြီး ခံခိုင်းပြီးတော့မှ အချိန်ကာလတွေ မြောက်မြားစွာ ကုန်လွန်ပြီးတော့မှ တစ်ချို့မိဘတွေဆို ရင် အငတ်ခံပြီးတော့မှ ဆင်းရဲခံပြီးတော့မှ ကိုယ့်သားလေး ပညာတတ်ဖြစ်ဖို့ ကိုယ့်သားလေး အပါယ် မကျဖို့ကျတော့ မပါဘူး။ ပိုက်ဆံတစ်ပြားမှမကုန်တဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး လေးသင်္ချေနဲ့ က မ္ဘာတစ်သိန်း ပါရမီဖြည့်ဖော်ထုတ်ရတဲ့ အသိပညာ အသိတရားကျတော့ တန်ဖိုးထားရကောင်းမှန်းကို မသိဘူး။ အဲ့လောက်ထိ အဖြစ်က စိုးနေပါတယ်။ ဒါတောင် ဗုဒ္ဓဘာသာနိုင်ငံ။ တစ်ခြားနိုင်ငံဆိုရင်တော့ ပြောစရာကိုမရှိဘူး။

တရားကိုတန်ဖိုးထားရကောင်းမှန်းလည်းမသိဘူး။ အားကိုးရကောင်းမှန်းလည်း မ သိဘူး။ ဘယ်လောက် ဘုရားမှာ ခက်ခက်ခဲခဲဖော်ထုတ်ခဲ့ရတယ်ဆိုတာကိုလည်း နားမလည်ဘူး။ ဘာမ ဟုတ်တဲ့ ကိုယ်လိုလောဘ ဒေါသ မောဟနဲ့ အပင်ပန်းခံတာ ကိုယ်ကျိုးစွန့်တာ ဆေးဝါးတွေ ဖော်ထုတ် တာ ရောဂါတွေတိုက်ဖျက်ဖို့ အတွက် ဆေးလိပ်တွေ တိုက်ဖျက်ဖို့အတွက် အရက်တွေတိုက်ဖျက်ဖို့အ တွက် စွမ်းစမ်းတမံ ဒါတွေလုပ်နေတဲ့ ကိုယ်လိုလောဘ ဒေါသ မောဟနဲ့လုပ်တဲ့ လူအချင်းချင်းကိုသာ အထင်ကြီးအားကျနေတယ်။ ကိလေသာနဲ့လုပ်တဲ့အလုပ်လောက်သာ ကိုယ်ကလည်း တူရာတူရာချင်း သာ ကိုယ်ချင်းစာတတ်တယ်။

လောဘ ဒေါသ မောဟကင်းစင်တဲ့ ဘုရားလုပ်တဲ့အလုပ်ကျတော့ အ ရေးကြီးမှန်း ဘုရားပြောတဲ့စကားကျတော့ နားထောင်ရကောင်းမှန်းတောင် နားမလည်တဲ့သူကများ တာပဲ။ ဘာမဟုတ်တဲ့ ကိုယ်လိုအပါယ်သွားမယ့် သူတွေပြောတာကိုသာ ကိုယ့်မှာဖြစ်တဲ့ စိုးရိမ်သောက တွေကို သတ်ပေးနိုင်တာလဲမဟုတ်ပဲနဲ့ အရက်တိုက်သလိုမျိုး မူးအောင်တိုက်ပြီးတော့မှ စိတ်ညစ် ပျောက်တာ ၊ ဒီလိုလုပ်တဲ့ လောကီဆေးဝါးတွေလောက်သာ အားကိုးနေကြတာပဲ။ တရားဆေး သောက်လိုက်ရင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ဆေးသောက်လိုက်ရင် ပိုက်ဆံလည်းတစ်ပြားမှ မ ကုန်ပဲနဲ့ ကိုယ့်မှာဖြစ်တဲ့ မကောင်းတဲ့ စိတ်တွေလည်း သေတာပဲ။

ဆရာတော်ဦးဥတ္တမသာရ(သဘာဝတရားရိပ်သာ)

Saturday, July 19, 2014

ဓမ္မာနုပဿနာ ( နီဝရဏ ) ပိုင်း



နီဝရဏဆိုတာ ပိတ်ပင်တာ တားဆီးတာ
နီဝရဏေသု = ပိတ်ပင် ဖုံးလွှမ်းတတ်သော
ကြောင့် နီဝရဏလို့ခေါ်တယ်။ မြတ်စွာဘုရား
က - ကထဉ္စပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု
ဓမ္မာနုပဿနာ ၀ိဟရတိ၊ ဣဓဘိက္ခဝေ ဘိက္ခု
ဓမ္မေသု ဓမ္မာနုပဿိ ၀ိဟရတိ၊ ပဉ္စသု နီဝရ
ဏေသု ။ လ ။ လို့ဟောတယ်။

မြတ်စွာဘုရားက ဘိက္ခဝေ = ရဟန်းတို့၊
ဓမ္မေသု = သတ္တ၀ါမဟုတ်တဲ့ ရုပ်နာမ်သဘော
တို့၌ရုပ်နာမ်သဘောတွေပဲလို့ ဘယ်နည်းဘယ်
ပုံ ရှုမြင်ကြမလဲဆိုရင်၊ ပဉ္စသု နီဝရဏေသု =
မဂ်တရား ဖိုလ်တရားတို့ကို တားဆီး ပိတ်ပင်
တတ်တဲ့ နီဝရဏငါးပါး သဘောတရားမျှလေးပဲ
လို့ ရှုမြင်ပြီး၊ ၀ိဟရတိ = နေကြပါလို့ မြတ်စွာ
ဘုရားက ဟောကြားပါတယ်။

မြတ်စွာဘုရားက ဓမ္မာနုပဿနာအနေနဲ့ ရှုစေ
ချင်တဲ့ နီဝရဏကို (၅) ပါးဟောပြထားတယ်။
၁။ ကာမစ္ဆန္ဒနီဝရဏ = မိမိသန္တာန်၌ဖြစ်သော
ကာမဂုဏ်များမှာ ကပ်ငြိ တက်မက်သော
( ကိလေသာ ) ဖုံးလွှမ်းမှု အတားအဆီး။
၂။ ဗျာပါဒနီဝရဏ = မိမိသန္တာန်၌ဖြစ်သော
ဒေါသ ဖုံးလွှမ်းမှု အတားအဆီး။
၃။ ထိနမိဒ္ဓနီဝရဏ = ထိုင်းမှိုင်း ပျင်းရိခြင်း
ဖုံးလွှမ်းသော အတားအဆီး။
၎။ ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ = ပျံ့လွင့်ခြင်း၊ ပူပန်
ခြင်း အတားအဆီး။
၅။ ၀ိစိကိစ္ဆာနီဝရဏ = ယုံမှားတွေးတောမှု
အတားအဆီးရယ်လို့ နီဝရဏငါးမျိုးဟောထား
ပါတယ်။

၁။ ကာမစ္ဆန္ဒနီဝရဏရှုနည်း
လူတွေဟာ ကာမဂုဏ်ခံစားချင်ကြလို့ ချမ်းသာဖို့
တွေချည်း လုပ်နေကြလေတော့ ဒီ ကာမရာဂ
တဏှာရမ္မက်တွေဟာ ဆားငန်ရေသောက်သလို
သောက်လေသောက်လေ ငတ်မပြေဆိုသလို
နန္ဒိရာဂတွေ တဏှာရာဂတွေဟာ အမြဲတမ်းဖြစ်
နေကြတယ်။ ဒါတွေနဲ့ပဲလုံးပမ်းနေကြတယ်။
ကာမစ္ဆန္ဒခေါ်တဲ့ ငါးပါးအာရုံကာမဂုဏ်တွေစွဲကပ်
ငြိတော့ ကာမတဏှာ နှစ်သက်တယ် လိုချင်တယ်။
တက်မက်တဲ့လောဘစိတ်တွေဟာ မိမိသန္တာန်မှာ
ဖြစ်ပေါ်နေကြတယ်။ ဒီလို ကာမောဟတွေဖြစ်ပေါ်
နေကြတာဟာ မဂ်တား ဖိုလ်တားစိတ် ကာမစ္ဆန္ဒ
နီဝရဏတွေဖြစ်ပေါ်နေတာပေါ့။

ဒါကြောင့် မြတ်စွာဘုရားက ဓမ္မာနုပဿနာကို
အားထုတ်မယ်ဆိုရင် မိမိရဲ့အဇ္ဈတ္တအတွင်းသန္တာန်
မှာရှိတဲ့ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်
စတဲ့ ဒွါရ(၆)ပေါက်မှာ မြင်လို့ပဲဖြစ်စေ၊ ကြံတွေးမိ
လို့ပဲဖြစ်စေ၊ အဲဒီစိတ်(၆)ပါး ဖြစ်တဲ့နေရာမှာ သာ
ယာမှု နှစ်သက်မှု လိုချင်မှု တက်မက်မှုမျိုးဖြစ်တဲ့
ကာမဂုဏ်၌တပ်ငြိသောကာမစ္ဆန္ဒရှိလာရင်ရှိတယ်
ဖြစ်တယ်လို့ သိလိုက်ပါတဲ့။ အဲဒီလိုသိလိုက်လို့မရှိ
တော့လို့ ပျက်သွားရင် ပျက်တယ်လို့သိလိုက်ပါတဲ့။

၂။ ဗျာပါဒနီဝရဏရှုနည်း
ဗျာပါဒဆိုတာ စိတ်ဆိုးမှု စိတ်ပျက်မှု ညှင်းဆဲသတ်
ဖြတ်လိုမှု ပျက်စီးစေလိုမှု စိတ်ဆိုး စိတ်သွမ်းတွေ
အားလုံးဟာ ဗျာပါဒတွေချည်းပဲ။ ဒီလိုဗျာပါဒ စိတ်
ဆိုးစိတ်သွမ်းတွေ မိမိရဲ့အတွင်းသန္တာန်မှာ ရှိလာ
ရင် ဖြစ်လာရင် ရှိတယ် ဖြစ်တယ်လို့သိလိုက်ပါ။
ဒီလိုသိလိုက်လို့ မရှိတော့လို့ပျက်သွားရင် ပျက်
တယ်လို့ သိလိုက်ပါတဲ့။

၃။ ထိနမိဒ္ဓနီဝရဏရှုနည်း
ထိနမိဒ္ဓနီဝရဏဆိုတာ ထိနက စိတ်သဘောလေး
မခန့်တဲ့သဘော။ စိတ်မခန့်ကျန်းတယ်လို့ပြောကြ
တယ်။ စိတ်နေလို့မကောင်းတာ ဘယအလုပ်မျှ
မလုပ်ချင်အောင် အားမထုတ်ချင်အောင် စိတ်ရော
ကိုယ်ပါ ထုံထိုင်းနေတဲ့သဘော၊ စိတ်မထက်သန်
တဲ့ သဘောပါပဲ။

မိဒ္ဓဆိုတာက ထိုင်းမှိုင်းနေတဲ့သဘော လုံ့လ၀ီရိယ
ကင်းပြီး ပျင်းရိနေတဲ့သဘော အိပ်ပျော်ခါနီး တရား
နာရင်း ပျင်းရိထိုင်းမှိုင်းနေတဲ့သဘောက ထင်ရှား
တယ်။ အိပ်ချင်တိုင်း ထိနမိဒ္ဓ မဟုတ်သေးဘူး။
မိဒ္ဓက စေတသိက် မထက်သန်တဲ့သဘောဆို
တော့ ထိနမိဒ္ဓက စိတ်စေတသိက်တို့ ထက်ထက်
သန်သန် မရှိတဲ့သဘောဖြစ်တယ်။

မိမိရဲ့အတွင်းသန္တာန်မှာ ထိုင်းမှိုင်းပျင်းရိခြင်း ငိုက်
မျည်းခြင်းရှိလာရင် ထိနမိဒ္ဓ ရှိတယ် ဖြစ်တယ်လို့
သိပေးပါ။ ဒီလိုသိလိုက်လို့ မရှိတော့လို့ ပျက်သွား
ရင် ပျက်တယ်လို့ သိလိုက်ပါ။

၎။ ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ ရှုနည်း
ဥဒ္ဓစ္စဆိုတာ ပျံ့လွင့်တဲ့စိတ်ဖြစ်နေတာကို ပြောတာ။
စိတ်မတည်ငြိမ်ပဲ စိတ်ယောက်ယက်ခတ်နေတာ။
အာရုံတစ်မျိုးတည်းပေါ်မှာ တည်တည်ငြိမ်ငြိမ်မရှိပဲ
နဲ့ ဟိုလွင့် ဒီလွင့် ဟိုရောက် ဒီရောက်နဲ့ စိတ်ပျံ့လွင့်
နေတာကို ဥဒ္ဓစ္စလို့ခေါ်တယ်။

ကုက္ကုစ္စ သဘောကတော့ နောင်တရလို့ တစ်ဖန်ပူပန်
ခြင်းသဘောပဲ၊ အကုသိုလ်လုပ်ပြီးခါမှ ငါလုပ်မိတာ
မှားလေခြင်းလို့ နောင်တရပြီးပူပန်နေတဲ့ ကုက္ကုစ္စသ
ဘော ၂ မျိုးကို ခေါ်တယ်။

ဒါကြောင့် မိမိသန္တာန်မှာ ဒီလို ဥဒ္ဓစ္စစိတ်တွေပျံ့လွင့်နေ
ရင် စိတ်ပျံ့လွင့်နေတယ် ဖြစ်တယ်လို့ သိလိုက်ပါ။
ဒီလို သိလိုက်လို့ ပျံ့လွင့်စိတ်မရှိတော့ဘဲ ပျက်သွားရင်
ပျက်တယ်လို့ သိလိုက်ပါ။

မိမိရဲ့အတွင်းသန္တာန်မှာ နောင်တတစ်ဖန်ရနေတဲ့ကုက္ကုစ္စ
ဖြစ်နေရင် နောင်တရ ပူပန်တာဖြစ်နေရင် ဖြစ်တယ်လို့
သိလိုက်ပါ။ ဒီလိုသိလိုက်လို့ နောင်တရပူပန်နေတဲ့စိတ်
မရှိတော့ဘဲပျက်သွားရင် ပျက်တယ်လို့ သိလိုက်ပါ။

၅။ ၀ိစိကိစ္ဆာနီဝရဏရှုနည်း
ဝိစိကိစ္ဆာဆိုတာ သို့လော သို့လောလို့ တွေးတောရွံရှာ
သင်္ကာမကင်း ယုံမှားသံသယဖြစ်ခြင်းလက္ခဏာဖြစ်တာ
ကို ဆိုတယ်။

မိမိရဲ့အတွင်းသန္တာန်မှာ ဒီလိုတွေးတောတဲ့ ယုံမှားသံသယ
ဖြစ်လာရင် ဖြစ်တယ်လို့ သိလိုက်ပါ။ ဒီလိုသိလိုက်လို့မရှိ
တော့ဘဲ ပျက်သွားရင် ပျက်တယ်လို့သိလိုက်ပါ။

မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ် ဓမ္မာနုပဿနာ
နီဝရဏပိုင်းမှာ ဟောထားတာကတော့

မဂ်ဖိုလ်ကို တားဆီးပိတ်ပင်တတ်တဲ့ ဓမ္မေသု နီဝရဏ
တရားတို့မှာ သမုဒယဓမ္မာနုပဿီဝါ = ဖြစ်သည့် သ
ဘောကိုလည်းရှု၊ ၀ယဓမ္မာနုပဿီဝါ = ပျက်သည့်
သဘောကိုလည်း အဖန်တလဲလဲရှုပြီး နေပါလို့ ဟော
ပြထားပါတယ်။

ပခုက္ကူဆရာတော်ဘုရားကြီး

စိတ်ကို မဖြူစင်စေသော အကြောင်းအရာများ


ရဟန်းတို့
ဤဥပမာကို နာကြားကြကုန်လော့။
ဆေးဆိုးသမားတစ်ယောက်သည် အ၀တ်အစ
ကိုအရောင်ဆိုး၏။ အပြာ၊ အနီ၊ အစိမ်းစသည်
ကို ဆိုး၏။ သို့သော် အပြာ၊ အနီ၊ အစိမ်း
စသောအရောင်သည် ထိုအ၀တ်၌ ကြည်လင်
ပီသစွာ မထင်ပေ။ ထိုအ၀တ်သည် ဖြူစင်ခြင်း
မရှိသောကြောင့်တည်း။ ညစ်ထေးလျက်ရှိသော
ကြောင့်တည်း။

ထိုဆေးဆိုးသမားသည်ပင် အ၀တ်စကိုအရောင်
ဆိုးပြန်၏။ အပြာ၊ အနီ၊ အစိမ်း စသည်တို့ကို
ဆိုး၏။ ထိုအ၀တ်စ၌ အပြာ၊ အနီ၊ အစိမ်းစသော
အရောင်သည် ကြည်လင်ပီသစွာ ထင်လေ၏။
အဘယ်ကြောင့်ဆိုသော် ထိုအ၀တ်စသည်ကြည်
လင်သောကြောင့်တည်း။

ရဟန်းတို့၊ စိတ်မဖြူစင်ခြင်း၊ ညစ်ထေးခြင်းသည်
ညစ်ထေးသောအ၀တ်စနှင့်တူ၏။ စိတ်ဖြူစင်ခြင်း၊
မညစ်ထေးခြင်းသည် ဖြူဖွေး စင်ကြယ်သော အ
ဝတ်စနှင့်တူ၏။ စိတ်မဖြူစင်မညစ်ထေးခြင်းသည်
မကောင်းသောလားရာဒုဂ္ဂတိအကြောင်းပေတည်း။
စိတ်ဖြူစင်သန့်ရှင်းခြင်းသည် ကောင်းသောလား
ရာ သုဂတိအကြောင်းပေတည်း။
စိတ်မဖြူစင် မညစ်ညူးစေတတ်သည့်တရားတို့ကား
၁။ သူတစ်ပါး၏စည်းစိမ်ကို ရှေးရှုကြံစည်အလိုရှိခြင်း
(အဘိဇ္ဈာ)
၂။ မသင့်လျော်ရာ၌ လိုချင်တက်မက်ခြင်း။
(၀ိသမလောဘ)
၃။ သူတစ်ပါးတို့အားပျက်စီးစေလိုခြင်း။
( ဗျာပါဒ )
၎။ အမျက်ထွက်ခြင်း။
( ကောဓ )
၅။ ရန်ငြိုးဖွဲခြင်း။
( ဥပနာဟ )
၆။ ဂုဏ်ကျေးဇူးကိုခြေဖျက်ခြင်း။
( မက္ခ )
၇။ ဂုဏ်ပြိုင်ခြင်း။
( ပလာသ )
၈။ ငြူစူခြင်း။
( ဣဿာ )
၉။ ၀န်တိုခြင်း။
( မစ္ဆရိယ )
၁၀။ လှည့်ပတ်ခြင်း။
( မာယာ )
၁၁။ စဉ်းလဲခြင်း။
( သာဌေယျ )
၁၂။ စိတ်ခက်ထန်ခြင်း။
( ထမ္ဘ )
၁၃။ ချုပ်ချယ်ခြင်း။
( သာရမ္ဘ )
၁၄။ မောက်မာခြင်း။
( မာန )
၁၅။ အလွန်မောက်မာခြင်း။
( အတိမာန )
၁၆။ မာန်ယစ်ခြင်း။
( မဒ )
၁၇။ သတိမေ့လျော့ခြင်း။
( ပမာဒ ) တို့ပေတည်း။
ရဟန်းတို့ ဤတရားတို့ကိန်းအောင်းနေလျှင် ဤတရား
တို့နှင့်ယှဉ်လျှင် စိတ်ညစ်ညူး၏။ စိတ်မဖြူစင်ခြင်းဖြစ်
၏။ ဤတရားတို့သည် စိတ်ညစ်ညူးကြောင်းပေတကား။
စိတ်မဖြူစင်စေကြောင်းပေတကားဟူ၍ သိမြင်၍ပယ်စွန့်
သည်ရှိသော် စိတ်မညစ်ညူးပေ။ စိတ်ဖြူစင်ခြင်းဖြစ်၏။

မူလပဏ္ဏာသပါဠိတော်၊ မူလပရိယာယ၀ဂ်၊ ၀တ္ထသုတ်။
ဗုဒ္ဓ၏ဥပမာတစ်ထောင်၊ လေးမြိုင်၊ စာ ၅၅/၅၆

အမရပူရမြို့၊ မဟာဂန္ဓာရုံတိုက်၊ ကျေးဇူးတော်ရှင် ဆရာတော်ကြီး အရှင်ဇနကဘိဝံသ၏ သီလနှင့်ဆက်နွယ်သော သြ၀ါဒများ


၁။ အချင်းချင်း မေတ္တာနဲ့နေကြ၊ ၀ိုင်းဝန်းကူညီကြပါ။ ငါးပါးသီလ လုံခြုံအောင် နေကြပါ။ ဘုရားရှိခိုးကြတာလဲ သြကာသနဲ့တင် မပြီးကြနဲ့။ တကယ့်ဗုဒ္ဓအစစ်၊ ဘုရားအစစ်ကို မှန်းပြီး အာရုံပြုကြပါ။ ကမ္ဘာသူကမ္ဘာသားဝေနေယျ သတ္တ၀ါတွေကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ အမြဲ မေတ္တာနဲ့ သစ္စာရှိရှိ နေကြပါ။

၂။ တရားသာ အားထုတ်ကြတယ်။ သီလတောင် မရှိကြဘူး။ သီလမရှိတော့ တရားအားထုတ်တာ မသန့်ရှင်းဘူး။ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ရှေးဦစွာ သီလရှိရမယ်။ ဒါမှ တရားအားထုတ်တဲ့အခါ မိမိရဲ့ စိတ်သန့်ရှင်းတယ်။ ဒါမှ တရားမှန်တယ်။ ဒီလိုမှ ရှေးဦးစွာ သီလ မရှိရင် တရာအားထုတ်တော့ မသန့်ရှင်းဘူး။ နည်းလမ်းမကျဘူး။

၃။ သီလရှိသူဟာ သူကိုယ်တိုင်က စင်ကြယ်နေလို့ စိတ်တောင့်တတိုင်း ပြီးစီးနိုင်ပါတယ်။ ဒါကြောင့် ပစ္စည်းလေးပါး ပေါများလိုရင်၊ ချစ်ခင်လေးစား ကျော်ကြားလိုရင် သီလကိုသာ မကျိုးမပေါက်အောင် စောင့်ထိန်းကြပါ။

၎။ သီလစောင့်ထိန်းရတဲ့ ကျေးဇူးတွေဟာ ပြောပြလို့ မကုန်နိုင်ပါ။ နောက်ဆုံး နိဗ္ဗာန်ထိအောင် တင်ပို့ နိုင်ပါတယ်။ မြေသြဇာကောင်းမွန်တဲ့ လယ်ယာ ခြံမြေမှာ ဘယ်လို အသီးအနှံမဆို ဖြစ်ထွန်းနိုင်သလို ကန့်သတ်လို့ မရဘူး။

၅။ အေးမြကြည်လင် သန့်ရှင်းစင်ကြယ်တဲ့ စိတ်နှလုံးကောင်းနဲ့ ပြောဆို၊ လုပ်ကိုင်နေသူရဲ့ နောက်မှာ ချမ်းသာအမျိုးမျိုးဟာ အရိပ်ပမာ လိုက်နေကြပါတယ်။

၆။ တဖြည်းဖြည်းနဲ့ နောက်တစ်ဘ၀ ရွှေ့ကြဖို့ နီးနီးလာပြီ။ နောက်တစ်ဘ၀အတွက် ဒါနထက် သီလက ဘ၀ကောင်း ပို့နိုင်တယ်။ ဒါန မများသော်လည်း သီလကက များနေရင် နောက်ဘ၀မှာ မဆင်းရဲနိုင်ပါ။ သီလကို အထူးဂရုစိုက်ပါ။ ငါးပါးသီလထက် အာဇီဝဋ္ဌမက သီလက သာတယ်။ ထိုသီလကို သူတော်ကောင်းတိုင်း နေ့စဉ် ထိန်းရတယ်။

၇။ သီလသည် ဒီဘ၀၊ နောက်ဘ၀ ကာလမရွေး စိတ်ချမ်းသာ ကိုယ်ချမ်းသာကို ပေးနိုင်တယ်။ မေတ္တာ၊ ကရုဏာ၊ သစ္စာ၊ ခန္တီတို့လည်း ကောင်းကျိုးကို ပေးနိုင်တယ်၊ အရာရာ သတိထားပါ။

၈။ သီလပျက်နေကြလို့ ယခုဘ၀မှာပင် ဒုက္ခများနေကြတယ်။ နောက်ဘ၀ လူဆင်းရဲဘ၀ဖြစ်ပြီး သာ၍ ဒုက္ခရောက်ကြလိမ့်မယ်။

၉။ သီလစောင့်တိုင်း ဘုရားအာရုံရောက်အောင် ရှိခိုးပါ။ ဗုဒ္ဓါနုဿတိဘာဝနာ ဖြစ်ပါတယ်။

၁၀။ မေတ္တာတရား များများပို့ပါ။ မေတ္တာဘာဝနာဖြစ်ပါသည်။ သီလရှိမှ ဒါနအကျိုးပေးကောင်းပါသည်။ သီလရှိမှ ဘာဝနာတက်လို့ရသည်။ ရက်တော်တော်ကြာအောင် သီလများများ ထိန်းပါ။ အမြဲတော့ ငါးပါးသီလ လုံပါစေ။

၁၁။ သီလမကောင်းဘဲ ဘာဝနာကိုတက်ဖို့ မဖြစ်နိုင်ဘူး။ သီလမကောင်းရင် ဒါနတောင် မသန့်ရှင်းဘူး။ သူများအထင်မသေးအောင် ဂုဏ်ရှိအောင်ပြုတဲ့ ဒါနဟာ အလွန်ညံ့တဲ့ဒါန ဖြစ်ပါတယ်။

၁၂။ ကံကောင်းဆိုတဲ့အထဲမှာ အခြေခံအကောင်းဆုံး ကံဟာ ငါးပါးသီလဖြစ်တယ်။ ထို့နောက် စီးပွား ရှာတဲ့အခါမှာ မတရား မပါမှ သမ္မာအာဇီဝဋ္ဌမက သီလဖြစ်တယ်။ ဒါထက် ပိုပြီးတတ်နိုင်ရင် ဥပုသ်သီလ ဖြစ်တယ်။

၁၃။ ကိုယ်က သီလမပေါက်မကြားထိန်းမှ တပည့်တွေကို သြ၀ါ ပေးနိုင်တယ်။ ဆရာက ပရမ်းပတာ နေရင် တပည့်တွေကို ဆုံးမ, လို့မရဘူး။

၁၄။ ဒါနပြုတဲ့အခါ သီလလည်း စင်ကြယ်အောင် ရုပ်ခန္ဓာ၊ နာမ်ခန္ဓာကိုစိုက်ပြီး “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” လို့ရူတဲ့ ဘာဝနာလည်း ဖြစ်အောင် ကြိုးစားတယ်။ သီလစောင့်တဲ့အခါလည်း ဒါနပါအောင် ဘာဝနာပါအောင် သတိထားတယ်။ ဒီလို အလိမ္မာများမှတော့ ကုသိုလ်ကြောင့် ကုသိုလ်တွေ အများကြီးထပ်၍ ဖြစ်ခွင့်ရတယ်။ နိဗ္ဗာန်အထိ ခရီးရှည်လှတယ်။ ပေါ့ပေါ့ဆဆနဲ့ သွားသွားနေတဲ့လူတွေ လမ်းဆုံး မရောက်နိုင်ပါ။

၁၅။ လူတွေဟာ သာသနာရဲ့ အနှစ် သီလ၊ သမာဓိ၊ ပညာကို မကြည်ညိုတတ်ကြဘဲ ကျောင်းကောင်း၊ ကန်ကောင်းကို ကြည်ညိုတတ်ကြတယ်။

၁၆။ ဓမ္မကထိကတွေကလည်း ဒါန၊ သီလ၊ ဘာဝနာ တရားအကျိုးတွေ ဟောပါရဲ့။ လူတွေကလည်း နာကြပါရဲ့။ အကျင့်အလုပ်မပါဘဲ နာနေရုံဖြင့် အကျိုး မရှိပါဘူး။

၁၇။ လောကကြီးမှာ ဒါနရှိမှ လူချစ်လူခင်ကြတယ်။ သီလရှိမှ ကြည်ညိုကြတယ်။ ပညာတတ်မှ လေးစားကြတယ်။

၁၈။ သိပ္ပံပညာကို တိုးတက်လို့ အစားကောင်းတွေစားရ၊ အ၀တ်ကောင်းတွေဝတ်ရ၊ အနေကောင်းတွေနေရ၊ ဒါပေမယ့် အကျင့်စာရိတ္တဘက်က တိုးတက်မူမရှိသောကြောင့် စိတ်ချမ်းသာမူတော့ ရကြလိမ့်မယ် မထင်ပါ။ ဗုဒ္ဓတရားတော်ကို သိမှသာ စိတ်ချမ်းသာမူ ရနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

၁၉။ ဒါနနဲ့ သီလမှာ ဒါနဟာ ပိုက်ဆံမကုန်ဘူးလား။ ကုန်တယ်။ သီလကော ကုန်ရဲ့လား၊ မကုန်ဘူး။ အကျိုးရတော့ ဘယ်ဟာက ကြီးသလဲ၊ သီလက ကြီးတယ်။

၂၀။ ကိုယ်ရေးကိုယ်တာအတွက် ကျင့်လမ်းသည် ကောင်း၏၊ သာသနာအတွက် ပရိယတ်သာ ဆက်တည်နိုင်၏။

၂၁။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ်ဆိုတာ အလကား၊ သေတော့ ကိုယ့်ရဲ့ သီလ, သမာဓိ, ပညာကိုပဲ အားကိုးရမယ်။

ခန္ဓာ

ခန္ဓာ ၅-ခု၊ ဆင်းရဲစု၊ ကြည့်ရှုဖျက်ဆီးရာ။ ။ ခန္ဓ၀ဂ္ဂသံယုတ်။ ပါ။ ၁။ ၎င်းင်း။ ဋ္ဌ။ ၂၂၉-၌ အကျယ်ရှု။
ရုပ် နာမ် တရားတို့၏ စုပေါင်း(ခန္ဓာ)အမည် ငါးပါး၊ လက္ခဏာရေး ၃-ပါး(အနိစ္စ၊ဒုက္ခ၊ အနတ္တ)ဖြင့် ဆင်ခြင်ဖျက်ဆီးရာ၏။
(၁) ရူပက္ခန္ဓာ-ရုပ် ၂၈-ပါးကိုခေါ်သည်၊ --------ရုပ်ခန္ဓာ၊ --

(၂) ဝေဒနက္ခန္ဓာ- ဝေဒနာစေတသိက်ကိုခေါ်သည်၊ 'နာမ်ခန္ဓာ' (၃) သညာက္ခန္ဓာ- သညာစေတသိက်ကိုခေါ်သည်၊ 'နာမ်ခန္ဓာ' (၄) သင်္ခါရက္ခန္ဓာ- ဝေဒနာ သညာမှ တစ်ပါးသော စေတသိက်ငါးဆယ်ကို ခေါ်သည်၊ 'နာမ်ခန္ဓာ'
(၅) ၀ိညာဏက္ခန္ဓာ- စိတ်တရားစုဟူသမျှကို ခေါ်သည်၊
၂ကနေ၅ထိ--'နာမ်ခန္ဓာ'

Tuesday, July 15, 2014

လူနဲ့ ကုသိုလ်

များစွာဒုက္ခ ရှိနေကြ၍ ဒုက္ခအမှန် လွတ်ဖို့ရန် ဧကန်ကုသိုလ် ပြုရသည်။
ဖြစ်ချင်သမျှ မဖြစ်ရဘဲ လွဲရမြဲမို့ ဖြစ်ဖို့ဧကန် အကြောင်းမှန် ဧကန်ကုသိုလ်ပြုရသည်။
တကယ့်အရေး၊ တကယ့်ဘေးတွင် ကယ်တင်မည့်သူ၊ မရှိမူ၍၊ အပူကင်းလို၊ ကိုယ့်ကိုကိုယ်သာ ကယ်ဖို့ရာ မှန်စွာကုသိုလ်ပြုရသည်။
ကုသိုလ်ကိုချစ်၊ လူအစစ် အနှစ်ပေါ်လာသည်။
ကိုယ့်လမ်းကိုယ်လျှောက်၊ ကောင်းရာရောက်၊ မကြောက်ရအောင် စိတ်အေးသည်။
ကုသိုလ်ကြောင့် လူဖြစ်ရသည်ဖြစ်၍ လူနှင့်ကုသိုလ်၊ ကုသိုလ်နှင့်လူသည် ခွဲခွာ၍ မရချေ။
ကုသိုလ်လမ်းမှ ပျောက်ကွယ်သွားသည်နှင့် လူသည် လူ့လမ်းကြောင်းမှ ဖဲ့ခွာသွားရမည်သာ ဖြစ်သည်။
(ယောဆရာတော်)

ဘုရားလောင်း၏ အိပ်မက်ကြီး ငါးမျိုး

သမ္မာသမ္ဗောဓိဥာဏ်ကို မရသေးသော ဘုရားအလောင်းအားအိပ်မက်ကြီး ငါးမျိုးဖြစ်ပေါ်ခဲ့သည်။
၁။ ဘုရားလောင်းသည် မြေကြီးကိုအိပ်ယာ ဟိမ၀န္တာတောင်ကို ခေါင်းဦးပြုလျက် အရှေ့သမုဒ္ဒရာ၌ ဘယ်လက် အနောက်သမုဒ္ဒရာ၌ညာလက် တောင်သမုဒ္ဒရာ၌ ခြေတော်အစုံကို တင်ထားကာ အိပ်စက်ရ၏ ဟုအိပ်မက်မက်ခဲ့သည် ဤ အိပ်မက်သည် သမ္မာသမ္ဗောဓိဥာဏ်ရရန်ပုဗ္ဗနိမိတ်ဖြစ်၏
၂။ မိမိ၏ချက်မှ တိရိယမည်သောမြက်ပင် ပေါက်လာပြီး ကောင်ကင်အထိတက်သွား၏ ဤအိပ်မက်သည် လူ့ပြည်မှနတ်ပြည်အထိထင်ရှားပျံ့နှံ့သော အရိယာမဂ်ကိုသိမြင်ခြင်း၏ ပုဗ္ဗနိမိတ်ဖြစ်၏
၃။ ဦးခေါင်းမည်းနက်ပြီး ဖြူသောကိုယ်ရှိသည့် ပိုးကောင်တို့သည် မိမိ၏ခြေထောက်မှ တက်လာပြီး ပုဆစ် ဒူးဝန်း တိုင်အောင် ဖုံးအုပ်နေကုန်၏ဤ အိပ်မက်ကား အ၀တ်အဖြူဝတ်သောလူပုဂ္ဂိုလ်တို့ ကိုးကွယ်ဆည်းကပ်မှုခံရခြင်း၏ပုဗ္ဗနိမိတ်ဖြစ်၏
၎။ အရောင်အဆင်းအမျိုးမျိုးရှိသော ငှက်လေးကောင်တို့သည် အရပ်လေးမျက်နှာမှအသီးသီးရောက်လာကြပြီး မိမိ၏ခြေရင်း၌ အဖြူရောင်ချည်းဖြစ်သွားကြသည်။ ဤအိပ်မက်ကား အမျိုးလေးပါးတို့သည် ဘုရား ထံ၌ ရဟန်းပြုကြပြီး အရဟတ္တဖိုလိကို မျက်မှောက်ပြုကြမည်ဖြစ်ခြင်း၏ ပုဗ္ဗနိမိတ်ဖြစ်၏
၅။ ကြီးစွာသောမစင်တောင်၏ အထက်၌ မစင်ဖြင့် မလိမ်းကျံဘဲ လူးလားခေါက်ပြန် စင်္ကြံလျောက်ရ၏ ဤ ကား ပစ္စည်းလေးပါးကိုသာယာမက်မောမှုမရှိဘဲသုံးဆောင်မည်ဖြစ်ခြင်း၏ ပုဗ္ဗနိမိတ်ပင်ဖြစ်၏

မဟာသုပိနသုတ်
ဗြဟ္မာဏ၀ဂ်
အင်္ဂုတ္တရနိကယ်

"အဘိဓမ္မာမြတ်ဒေသနာ"ဆိုတာ-

"အဘိဓမ္မာမြတ်ဒေသနာ"ဆိုတာ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေထဲမှာ အထူးခြားဆုံးနဲ့ အလေးနက်ဆုံး ဒေသနာလို့ ပြောရမယ်။ မြတ်စွာဘုရား တရားတော်ကို ခွဲခြမ်းစိပ်ဖြာပြီးတော့ ကြည့်ရင် မြတ်စွာဘုရား စကားတော်ဟာ 'ဓမ္မ' နဲ့ '၀ိနယ' လို့ နှစ်မျိုး ရှိတယ်။
ဓမ္မလို့ဆိုတာက သဘာဝတရားတွေကို ပြောတာ၊ သဘာဝ တရားတွေကို ရည်ညွှန်းပြီးတော့ ဟောပြောတာ ဓမ္မ။
ဝိနယဆိုတာ သံဃာတွေ သံဃာ့အဖွဲ့အစည်းမှာ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို သတ်မှတ်ထားတာကို ခေါ်တယ်၊ မြတ်စွာဘုရား တရားတော်ကို အနှစ်ချုပ်ပြီးတော့ ပြောမယ်ဆိုရင် 'ဓမ္မ' နဲ့ '၀ိနယ' ဒီနှစ်ခု ရှိပါတယ်။
အဲဒီ 'ဓမ္မ'ဆိုတဲ့ အထဲမှာ ဘာတွေ ပါတုန်းဆိုရင် သုတ္တန် တရားတော်နဲ့ အဘိဓမ္မာ တရားတော်တွေ ပါတယ်။ ဓမ္မမှာ အဘိဆိုတဲ့ စကားလုံး မပါရင် သက်သက် ဓမ္မဆိုတာ သုတ္တန် တရားတွေကို ရည်ညွှန်းတယ်၊ အဘိဓမ္မာဆိုတာ ထူးခြား လေးနက်တဲ့ အဘိဓမ္မာ ဒေသနာတော်ကို ရည်ညွှန်းပါတယ်။

"ပိဋကတ် ၃-ပုံ"

ဒါကြောင့် 'ဓမ္မ'ကို သုတ္တန္တဓမ္မနဲ့ အဘိဓမ္မရယ်လို့ နှစ်မျိုးခွဲလိုက်ပြီး ဘုရားရှင် ဟောတော်မူခဲ့တဲ့ 'ဓမ္မ' နဲ့ '၀ိနယ'ကို ၀ိနယရယ်, သုတ္တန္တရယ်, အဘိဓမ္မရယ်လို့ ၃-မျိုး ခွဲလိုက်တဲ့ အခါကျတာ့ ဒါကို ပိဋကတ် ၃-ပုံလို့ ခေါ်ကြတယ်။
'ပိဋက'ဆိုတဲ့ စကားလုံးကို အများသိနေကြတာတော့ 'ခြင်းတောင်း'ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ အင်္ဂလိပ်လို ပြန်ဆိုတဲ့အခါ Basket လို့ ပြန်ကြတယ်၊ အဲဒီတော့ ပဋကတ် သုံးပုံကို Three Basket လို့ ပြန်လေ့ရှိတယ်။ သို့သော် 'ပိဋက'ဆိုတာ ခြင်းတောင်းလို့သာ အဓိပ္ပာယ်ရတာ မဟုတ်ဘူး၊ 'သင်ယူရမယ့်ကျမ်းစာ'ကိုလည်း ပိဋကသဒ္ဒါက ဟောတယ်၊ ဒါကြောင့်မို့ တခြားနည်းနဲ့လည်း အင်္ဂလိပ်လို ဘာသာပြန်ဖို့ သင့်တယ်ပေါ့၊ ပိဋကဆိုတာ သင်ယူရမယ့်ကျမ်းစာ (Text to be learned)လို့ အဓိပ္ပာယ်ရတယ်။
အဲဒီ သင်ယူရမယ့် ကျမ်းစာကို သုံးမျိုးသုံးစား ခွဲထားတယ်၊ သံဃာအဖွဲ့အစည်း လိုက်နာရန် စည်းမျဉ်း စည်းကမ်းတွေအနေနဲ့ ဟောထားတာက '၀ိနယ'၊ သဘာဝတရားတွေကို လောကဝေါဟာရတွေနဲ့ တင်ပြီးတော့ လုပ်သင့်, မလုပ်သင့်၊ ဘယ်အရာဟာ လုပ်သင့်တယ်၊ ဘယ်အရာဟာ မလုပ်သင့်ဘူး စသည်ဖြင့် လုပ်သင့်, မလုပ်သင့် နည်းဥပဒေတွေ ပေးပြီးတော့ ဟောတာက "သုတ္တန္တ"။
'အဘိဓမ္မာ'ကျတော့ လုပ်သင့်, မလုပ်သင့် ဆိုတာကို မပြောတော့ဘူး၊ သဘာဝတရားတွေဟာ ဆိုင်ရာ အကြောင်းတရားတွေ မှီပြီးတော့ ဘယ်ပုံဘယ်နည်း ဖြစ်ပေါ်နေတယ် ဆိုတာကိုသာ ဟောတယ်၊ သဘာဝတရားသက်သက် ရှင်းလင်း ဟောပြောတာက "အဘိဓမ္မာ"၊ အဘိဓမ္မာကို ပုဂ္ဂိုလ်နဲ့ ဆက်စပ်ပြီးတော့ မဟောဘူး၊ သဘာဝတရားသက်သက်ကို ဟောတယ်။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)။
အဘိဓမ္မာ မြတ်ဒေသနာ(ပထမတွဲ)၊ အဘိဓမ္မာ မြတ်ဒေသနာ တရားတော်မှ ကူးယူမျှဝေပါတယ်။

ဓာတုဝိဘင်္ဂသုတ် အနှစ်ချုပ် တရားတော်မှ-"

ဗုဒ္ဓမြတ်စွာက တရားနာ ပရိတ်သတ်တွေရဲ့ စရိုက်အားလျော်စွာ ထိုထိုသုတ္တန်များကို ဟောကြားလေ့ရှိပါတယ်။
ဓာတုဝိဘင်္ဂသုတ် ဆိုတာ ဒီဃနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ မဇ္ဈိမနိကာယ်၊ ခုဒ္ဒကနိကာယ် လို့ နိကာယ်ငါးရပ်ရှိတဲ့အထဲမှာ မဇ္ဈိမနိကာယ် ထဲမှာပါတယ်။
မဇ္ဈိမနိကာယ်မှာ သုတ်ပေါင်း ၁၅၂ သုတ် ရှိတဲ့အနက် ဓာတုဝိဘင်္ဂသုတ်ကို သုတ်တစ်သုတ်အဖြစ် ထည့်သွင်း မှတ်တမ်းတင်ထားတယ်။ ဓာတုဝိဘင်္ဂသုတ်မှာ မြတ်စွာဘုရားက အဆင့်မြင့်မြင့် ၀ိပဿနာတရားကို ဟောကြားထားတာဖြစ်လို့ တရားနာတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဒီသုတ္တန်ရဲ့ သဘောတရားကို နားလည်ဖို့ အလေးအနက် အာရုံစိုက်ပြီးတော့နာဖို့ လိုအပ်ပါတယ်။
ဗုဒ္ဓမြတ်စွာကလည်း တရားဟောခါနီးမှာ အမြဲတမ်း မိန့်ကြားလေ့ရှိတယ်။
"သာဓုကံ သုဏောဟိ မနသိကရောဟိ တဲ့။
သာဓုကံ - တကယ့်လေးလေးစားစား၊
သုဏောဟိ - နားစိုက်ပြီး ထောင်ပါတဲ့။
မနသိကရောဟိ - စိတ်ထဲမှာ မှတ်ထားပါ၊ နှလုံးသွင်းပါလို့ တရားဟောတိုင်း တရားဟောတိုင်းမှာလိုလို မြတ်စွာဘုရားက သတိပေးလေ့ရှိတယ်။
မြတ်စွာဘုရားဟောတဲ့ တရားတော်တွေဟာ အာရုံစိုက်ပြီး သဘာဝတရား ဆိုက်အောင်နာမှ ဆိုလိုရင်း အဓိပ္ပာယ်ကို ပေါ်လွင်ထင်ရှားစေနိုင်တယ်။
ဓာတုဝိဘင်္ဂသုတ်မှာ ၀ိပဿနာကျင့်စဉ်တစ်ခုကို တရားနာပုဂ္ဂိုလ်၏ စရိုက်အားလျော်စွာ မြတ်စွာဘုရားက ရှင်းလင်းဟောထားတာ ဖြစ်ပါတယ်။
ဓာတုဝိဘင်္ဂ မှာ ဓာတု ဆိုတာ "ပုဂ္ဂိုလ် သတ္တဝါ ဇီဝ" ဆိုတာမျိုးလို အပြောထဲမှာသာရှိတဲ့ တရားမျိုး မဟုတ်ဘူး။

တကယ့်ကို သဘာဝအားဖြင့် ရှိနေတဲ့ တရားကို "ဓာတု" လို့ ခေါ်တယ်။
"အတ္တနော သဘာဝံ ဓာရေတီတိဓာတု" သူ့သဘာဝအတိုင်းသူ ထင်ရှားရှိနေတာကို ဓာတု။

မြတ်စွာဘုရားက ဓာတ်အမျိုးမျိုး ဟောတယ်။ အဘိဓမ္မာမှာဆိုရင် ဓာတ် (၁၈)ပါး ဟောထားတာရှိတယ်။ ဒီတရားတွေက အလွန်လေးနက်သော်လည်း လူနဲ့ အလွန်နီးစပ်တဲ့ တရားတွေ ဖြစ်တယ်။

လောကမှာ နီးပင်နီးသော်လည်း မမြင်တာတွေက အများကြီး၊
မမြင်နိုင်တာတွေက အများကြီး။
မြင်ဖို့ ခက်တယ်။
"ဒုဒ္ဒသတ္တာ ဂမ္ဘီရံ၊ ဂမ္ဘီရတ္တာ ဒုဒ္ဒသံ" နက်နဲတယ်ဆိုတဲ့ သဘာဝတရားတွေဟာ တချို့ဟာက "မြင်ဖို့ခက်လို့ နက်နဲတာ"၊
ဝေးလို့ မမြင်နိုင်တာမျိုး မဟုတ်ဘူး။
နက်နဲလို့ မမြင်နိုင်တာတော့ မဟုတ်ဘူး။
မြင်ဖို့ သတိမူရန် ခက်ခဲတဲ့အတွက်ကြောင့် နက်နဲတယ်။
တချို့တရားကတော့ အဲဒီလိုမဟုတ်ဘူး။
"နက်နဲလို့ မြင်ဖို့ခက်တာ"၊
ဆိုပါစို့
နီးလျက်သားနွှဲ မမြင်ရဘူး
ဝေးလို့ မမြင်ရဘူး နှစ်မျိုးရှိနိုင်တယ်။
ဝေးနေရင်လည်း မမြင်ရဘူး၊ နီးလျက်သားနဲ့လည်း မမြင်ရတာ ရှိတယ်။
အေး
"ဓာတု" ဆိုတဲ့ သဘာဝတရားတွေက ကိုယ့်ခန္ဓာကိုယ်မှာ ရှိတယ်။
လူတိုင်း လူတိုင်းမှာ ရှိနေတဲ့တရားတွေ ဖြစ်တယ်။

အဲဒီ လူတိုင်း လူတိုင်းမှာ ရှိနေတဲ့တရားဟာ အလွန် နီးကပ်တယ်။
ကိုယ်ထဲမှာ ရှိနေသော်လည်းပဲ မြင်ဖို့ခက်ခဲသည့်အတွက်ကြောင့် ဂမ္ဘီရ နက်တယ် လို့ ဒီလိုပြောတာ။
ဟို နိဗ္ဗာန်တို့ ဘာတို့ကျတော့ နက်နဲလွန်းအားကြီးလို့ မမြင်နိုင်ဘူးလို့ပြောတာ။

ဓာတု ကို English လိုပြန်တဲ့အခါကျတော့ Element လို့ ပြန်တာပေါ့။ အဲဒီတော့ "ဓာတုဝိဘင်္ဂ" ကို Analysis of Element လို့ ဆိုရမှာပေါ့။
လူတွေရဲ့ သန္တာန်မှာရှိတဲ့ သဘာဝဓာတ်တရားကို ခွဲခြားစိတ်ဖြာပြီးတော့ မြတ်စွာဘုရားက ဟောတော့ ကိုယ့်ခန္ဓာလေးကို ကိုယ်က အာရုံစိုက်လိုက်လို့ရှိရင် ဒီသဘောတရားတွေ တွေ့လာမှာဖြစ်ပါတယ်။

အေး ဒီသုတ္တန်ဟောတဲ့အခါမှာ တရားနာ ပုဂ္ဂိုလ်က တစ်ဦးတည်းပဲရှိတယ်။ ဟောတဲ့နေရာကလည်း ခမ်းခမ်းနားနားကြီး မဟုတ်ဘူး။ အိုးထိန်းသည် တစ်ဦးရဲ့ အိုးလုပ်တဲ့တဲကြီးထဲမှာ ဟောတာ။ ဟောတဲ့အချိန်ကလည်း ညသန်းခေါင်ကျော်တဲ့အချိန်၊
တရားနာ ပရိသတ်ကလည်းပဲ ပုက္ကုသာတိ-တစ်ဦးတည်းပဲ ရှိတယ်။

တရားနာပရိသတ်နဲ့ တရားဟောတဲ့ မြတ်စွာဘုရားသခင် ကိုယိတော်မြတ်ဟာ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်မှု မရှိဘူး။
တရားနာနေတဲ့ ပုဂ္ဂိုလ်က တရားဟောနေတဲ့ ပုဂ္ဂိုလ်ကို ဘယ်ပုဂ္ဂိုလ်ဆိုတာ မသိဘူး။ ဘုရားမှန်း မသိဘူး။
အဲဒီလို အခြေအနေနဲ့ ဟောထားတဲ့ သုတ္တန်တစ်ခု။
ဒါကြောင့်မို့ "အိုးထိန်းသည်ရဲ့ တဲထဲက တရားပွဲ" လို့ ဒီလိုမှတ်ထားပေါ့။

ကဲ သုတ္တန်ကလေး စလိုက်ကြရအောင်၊ အနှစ်ချုပ်ကို ဟောမှာ ဖြစ်သည့်အတွက်ကြောင့် ဘုန်းကြှးတို့ ပါဠိတွေကို များများမရွတ်တော့ဘဲနဲ့ မြန်မာလို ရှင်းပြီးတော့ ပြောရအောင်။
ဘယ်သုတ္တန်ပဲဖြစ်ဖြစ် သုတ္တန်ဖြစ်ပေါ်လာပုံလေးက စပြီးပြောမှ ပိုပြီးအဆင်ပြေတယ်။.................
(အပြည့်အစုံ မတင်ဖြစ်တာကို သည်းခံပါရှင်)

*ဘိက္ခု ဆိုတာ ဆွမ်းတွေ၊ ဟင်းတွေ၊ ထမင်းတွေ နေ့စဉ် စားစရာ သောက်စရာတွေကို ချက်ပြုတ်ပြီးတော့ မစားတော့ဘူး။ ဆွမ်းခံပြီးတော့ စားတဲ့ ပုဂ္ဂိုလ်တွေပေါ့။ အခု မြန်မာပြည်မှာ ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားတဲ့နိုင်ငံဆိုတော့ ဘိက္ခု ဆိုရင် ထေရ၀ါဒ ဘုန်းကြီးပဲလို့ ဒီလိုပဲ အောက်မေ့ကြမှာပေါ့။

*မြတ်စွာဘုရားရဲ့ ပုံပန်းသဏ္ဌာန်ဟာ အများနှင့် ဆင်တူတယ်။ ခုခေတ် ထုလုပ်ထားတဲ့ ရုပ်တုကျတော့ ထူးထူးခြားခြားကြီးတွေ ဖြစ်နေတာပေါ့။ အမှန်တော့ မြတ်စွာဘုရားဟာ "သမဏော ဂေါတမော" ရဟန်းဂေါတမဆိုတဲ့ နာမည်နဲ့ ရဟန်းတော်တစ်ပါးပဲ။ လူသားရဟန်း ဖြစ်သည့်အတွက်ကြောင့် ထိုခေတ်ထိုအခါကာလက လူတွေရဲ့ အရပ်အမောင်းမျိုး ရှိမှာပေါ့။
အေး ဘုရားဆိုတော့ ထွားထွားကျိုင်းကျိုင်း ရုပ်ဆင်းသပ္ပါယ်ပြီး ချောချောမောမောတော့ ရှိမှာပေါ့နော်။
သို့သော်လည်း ကြည့်လိုက်လို့ ရှိရင်တော့ ရဟန်းတော်တစ်ပါးဟာ ရဟန်းတော်တစ်ပါးပဲပေါ့။ တစ်ခါတုန်းက ရဟန်းတော်တွေက အစည်းအဝေးခန်းမမှာ ထိုင်နေကြတယ်၊ ညီတော်ဖြစ်တဲ့ ရှင်နန္ဒက မြတ်စွာဘုရားဝတ်တဲ့ သင်္ကန်းမျိုး ခပ်ဖားဖား သင်္ကန်းကြီးကိုဝတ်ပြီး ခပ်လှမ်းလှမ်းကလာတာ၊ ညီအစ်ကိုဆိုတော့ ရုပ်ကတူတာပေါ့၊ ရှင်နန္ဒကြွလာတာကို ခပ်လှမ်းလှမ်းက မြင်ကြရတဲ့ ရဟန်းတော်တွေက "ဟိုမှာ ဘုရားကြွလာပြီ၊ ဘုရားကြွလာပြီ" ဆိုပြီးတော့ ခရီးဦးကြိုဆိုဖို့ အဆင်သင့် ထကြတယ်။ အနီးနား ရောက်လာတဲ့အခါကျတော့မှ ဘုရားမဟုတ်ဘူး ညီတော်နန္ဒမှန်းသိကြတယ်တဲ့။ ၀ိနည်းပါဠိတော်ထဲမှာ မှတ်တမ်းတစ်ခု ရှိတယ်ပေါ့။
ရှင်အာနန္ဒာဟာ ဘုရားရဲ့ညီတော်၊ မြတ်စွာဘုရားထက် လက်အရပ်လေးသစ်ပဲ နိမ့်တယ်တဲ့၊မြတ်စွာဘုရားနဲ့ အရပ်အမောင်း ခပ်ဆင်ဆင်၊ ရုပ်ကလည်း ညီအစ်ကိုဆိုတော့ တူတာပေါ့နော်။ မြတ်စွာဘုရားကို တစ်ခါတစ်ရံ မထင်မရှား ကြွလာတဲ့အခါကျတော့ သာမန် ရဟန်းတော်တစ်ပါးလို့ ဒီလိုပဲ ထင်ကြတယ်။ တပည့်ပရိသတ်နဲ့ ခမ်းခမ်းနားနား နောက်ပါတွေနဲ့ ကြွလာတဲ့အခါကျတော့ ဘုရားရဲ့ ဂုဏ်ကျက်သရေတွေ ကြည့်လိုက်လို့ရှိရင်သာ ဒါ ဘုရားပဲလို့ ကွဲကွဲပြားပြား သိနိုင်တာ။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)

စိတ်ပါပဲ


အရေမလှ တွေးသမျှ ဆွေးရတာလဲ ဒီစိတ်ပဲ...
တရားမ၀င် အများပင် မှားခြင်တာလဲ ဒီစိတ်ပဲ...
နှလှုံးဘ၀င် မပြုံးရွှင် မုန်းခြင်တာလဲ ဒီစိတ်ပဲ...
အပြစ်မမြင် အနှစ်ထင် ချစ်ခင်တာလဲ ဒီစိတ်ပဲ...
ကာမဂုဏ်တွင် အာရုံဝင် ပျော်ရွှင်တာလည်း ဒီစိတ်ပဲ...
အကန်းအသွင် အရမ်းနှင် ကြမ်းခြင်တာလည်း ဒီစိတ်ပဲ...
ချစ်စရာကောင်း မုန်းဖို့ကောင်း ပြောင်းနေတာလည်း ဒီစိတ်ပဲ...
အပြင်း အဖြင်း လူသခင်နြှံခင်တာလည်း ဒီစိတ်ပဲ...
သတိဥာဏ်ရှင် သံပဇဉ် သိမြင်တာလည်း ဒီစိတ်ပဲ...
ဒါန သီလ သမထ ပြုကြတာလည်း ဒီစိတ်ပဲ...
သာသနာ့ကို မကြည်ညို တွန်းထိုးတာလည်း ဒီစိတ်ပဲ...
အနေမကြ အချေမကျ သေရတာလည်း ဒီစိတ်ပဲ...
ဘာဝနာ ရုပ် နာမ်အမြင်သန် ကျင့်ကြံတာလည်း ဒီစိတ်ပဲ...
တစ်မဂ် တစ်ဗိုလ် ရက်တိုတို ရောက်ခြင်တာလည်း ဒီစိတ်ပဲ...

အကောင်း မကောင်း အကြောင်းကြောင်းကို၊
သောင်းပြောင်း ကုန်စင် အစုံမြင်၍၊
ထေရ်ရှင် ရှေ့သွား၊ ဘုန်းအများ၏ တရားစဉ်နှင့် အဆင့်သင့်သား၊
ရှင်ကျင့်ဝတ်ခေါ် ရှေးစာတော်ကို၊
ခေတ်ပေါ် လှစ်ဆင့်၊ စုံအောင်ဖွင့်သည်
မျိုးနှင့် သာသနာ တည်ကြောင်းတည်း။

ငါတို့ဖြစ်ရ
ဤလောက၀ယ်၊
ဘ၀သမိုင်း မရိုင်းစေရန်
စိတ်မန်မချ မာနမပါ၊
ဒို့စွမ်းရာဖြင့်
ဒို့သာသနာ ဒို့ပြည်ရွာကို
သာယာစေမှု
လုံ့လပြုအံ့။ ။

Sunday, July 13, 2014

အရေးအကြီးဆုံးကို သိချင်တဲ့ဘုရင်ကြီး

ရှေးရှေးတုန်းက တိုင်းပြည်တစ်ခုမှာ အသိ
ဉာဏ်ပညာကိုမြတ်နိုးတဲ့ ဘုရင်ကြီးတစ်ပါး
အုပ်စိုးနေသတဲ့။ ဘုရင်ကြီးဟာ စာပေဗဟု
သုတကို အင်မတန်လေ့လာလိုက်စားပြီး
နန်းတော်ထဲမှာလည်း ပညာရှိအမတ်ကြီး
တွေကို စုဝေးကာတစ်ပတ်တစ်ခါ ညီလာခံ
ကျင်းပတတ်တယ်။ ပညာရှိအမတ်ကြီးတွေ
ရဲ့ညီလာခံမှာ ဘုရင်ကြီးကသူသိလိုတဲ့ပုစ္ဆာ
ပြဿနာကို တင်ပြဆွေးနွေးလေ့ရှိတယ်။

တစ်ခါတော့ ဘုရင်ကြီးက လူ့ဘ၀ဟာအင်
မတန်မှတိုတောင်းလှတယ်။ တိုတောင်းလှ
တဲ့အသက်တာမှာ လုပ်စရာတွေကလည်း
များလိုက်တာ၊ အဲဒီအများထဲက အရေးကြီး
တာကိုပဲ ရွေးပြီးလုပ်မှဖြစ်မယ်လို့တွေးမိသ
တဲ့။

အဲဒါနဲ့ပညာရှိအမတ်ကြီးဟာ နောက်တစ်
ပတ်ပညာရှိအမတ်ကြီးတွေညီလာခံမှာ
၁။ လောကမှာဘယ်အချိန်ဟာ အရေးအ
ကြီးဆုံးလဲ။
၂။ လောကမှာ ဘယ်ကိစ္စဟာအရေးအ
ကြီးဆုံးလဲ။
၃။ လောကမှာ ဘယ်သူဟာအရေးအကြီး
ဆုံးလဲဆိုတဲ့ ပြဿနာပုစ္ဆာသုံးခုကို အမတ်
ကြီးတွေထံတင်ပြမေးမြန်းပါတယ်။ ဖြေဆို
ဖို့အချိန်ကိုလည်း ခုနှစ်ရက် သတ်မှတ်ပေး
လိုက်ပါတယ်။

နောက်တစ်ပတ်ညီလာခံမှာ ပညာရှိအမတ်
ကြီးတွေဟာ ပြဿနာသုံးခုရဲ့အဖြေကိုသူတို့
ဉာဏ်မှီသလောက်အသီးသီးဖြေဆိုကြပါတယ်။
ဒါပေမယ့်ဘုရင်မင်းမြတ်စိတ်တိုင်းကျအဖြေကို
မရနိုင်ဘူးဖြစ်နေတယ်။ ဘုရင်မင်းမြတ်ဟာဒီ
ပြဿနာသုံးခုရဲ့အဖြေကို စိတ်တိုင်းကျမသိရ
တာကြောင့် မစားနိုင် မအိပ်နိုင်ဖြစ်လာတယ်။

နောက်ဆုံးတော့ဘုရင်မင်းမြတ်ဟာ ဒီပြဿနာ
ရဲ့အဖြေကို သိရအောင် တောအုပ်ထဲမှာ ရှိတဲ့
ရသေ့ကြီးတစ်ပါးထံ သွားပြီးမေးမြန်းဖို့ ဆုံးဖြတ်
လိုက်တယ်။ နန်းတော်ထဲပမြင်းစီးပြီးထွက်လာ
ခဲ့တဲ့ ဘုရင်မင်းမြတ်ဟာ ရသေ့ကြီးရဲ့ကျောင်း
နဲ့ မလှမ်းမကမ်း အရောက်မှာ တောထဲမှာသက်
တော်စောင့်ရဲမက်တွေနဲ့ မြင်းကို ထားခဲ့ပြီးတစ်
ကိုယ်တည်း ခြေကျင်လျှောက်ပြီး ရသေ့ကြီး
ကျောင်းကိုလာခဲ့တယ်။

အဲဒီအချိန်မှာ ရသေ့ကြီးက လက်တစ်ဖက်နဲ့
သစ်စေ့ထုပ်ကလေးကိုကိုင်ပြီး လက်တစ်ဖက်
ကတူးရွင်းကိုကိုင်ကာ ကျောင်းထဲကအပြင်ကို
ထွက်လာခဲ့သတဲ့။ ဘုရင်မင်းမြတ်ကလည်း
ရသေ့သူမြတ်ကို အရိုအသေပေးပြီးသူသိလို
တဲ့ ပြဿနာသုံးခုရဲ့အဖြေကို မေးပါတယ်။
ရသေ့ကြီးဟာ ခဏလောက်ရပ်ပြီးစဉ်းစားနေ
ရင်းက ဘာစကားမျှမပြောဘဲရှေ့ဆက်သွား
တယ်။ ကျောင်းဝင်းတစ်နေရာရောက်တဲ့အခါ
ဆောင့်ကြောင့်ထိုင်ပြီး တွင်းငယ်တစ်ခုကိုတူး
နေသတဲ့။

ဘုရင်မင်းမြတ်လည်း မနေနိုင်တာနဲ့ရသေ့ကြီး
ကိုကူညီပြီး တွင်းတူးပေးပါတယ်။ ရသေ့ကြီး
ကလည်း တစ်တွင်းပြီးတစ်တွင်းတူးခိုင်းပြီးသစ်
စေ့တွေကို စိုက်ပျိုးလိုက်တာ နောက်ဆုံးတစ်
စေ့ပဲကျန်တော့တယ်။ နေကလည်းအတော်
စောင်းနေပြီမို့ ဘုရင်မင်းမြတ်ကလည်းဒီတစ်
တွင်းတူးပြီးရင်တော့ နန်းတော်ကို ပြန်တော့
မယ်လို့ တွေးနေသတဲ့။

အဲဒီအချိန်မှာ ရင်ဝမှာမြှားတန်းလန်းနဲ့ဒဏ်ရာ
တွေရထားတဲ့ လူတစ်ယောက်ဟာ ရသေ့ကြီး
ရဲ့ကျောင်းဝင်းအတွင်း ပြေးဝင်လာပြီးလဲကျ
သွားသတဲ့။ အဲဒီအခါဘုရင်မင်းမြတ်ဟာ တူး
လက်စ တူးရွင်းကိုလက်ကချလိုက်ပြီးဒဏ်ရာ
ရထားတဲ့သူကို ပြေးထူလိုက်ပါတယ်။ ပြီးရင်
ကျောင်းပေါ်ကို တွဲတင်ပြီးဒဏ်ရာတွေကို
သက်သာရာရအောင်ဆေးကုသပေးပါတယ်။
ဒဏ်ရာရထားတဲ့သူကို ဆေးကုသပြုစုပေးရ
တာနဲ့ ဘုရင်မင်းမြတ်ဟာ မောလည်းမော
နန်းတော်ကိုပြန်ဖို့ အချိန်လည်းမရှိတော့တာ
မို့ ရသေ့ကြီးရဲ့ကျောင်းမှာပဲ ညအိပ်လိုက်ရ
ပါသတဲ့။

မနက်မိုးလင်းတဲ့အခါ ဘုရင်မင်းမြတ်ဟာ
နန်းတော်ကိုပြန်ဖို့ပြင်ပါတယ်။ အဲဒီအခါမနေ့
ကဒဏ်ရာရလာတဲ့သူက ဘုရင်မင်းမြတ်ကို
ဒူးထောက်တောင်းပန်ရင်း အပြစ်ကခွင့်လွှတ်
ဖို့တောင်းပန်ပါတယ်။ ဘုရင်မင်းမြတ်ကသင့်
ကို ကျွန်ုပ်ကမသိပါလားဆိုတော့ ဒဏ်ရာရ
လူနာက ဘုရင်မင်းမြတ်က ကျွန်ုပ်ကိုမသိ
ပေမယ့် ကျွန်ုပ်ကတော့ ဘုရင်မင်းမြတ်ကို
ကောင်းကောင်းကြီးသိပါတယ်။ ကျွန်ုပ်ဟာ
ဘုရင်မင်းမြတ်ကြီးလက်ချက်နဲ့သေဆုံးသွား
တဲ့ တောပုန်းဓားပြကြီးရဲ့သားပါ။

ဖခင်အတွက် လက်စားချေဖို့ ဘုရင်မင်းမြတ်
ကို တောအုပ်ထဲမှာ စောင့်ဆိုင်းနေတုန်း
ဘုရင်မင်းမြတ်ရဲ့ကိုယ်ရံတော်စစ်သည်တွေ
နဲ့တိုးပြီး တိုက်ပွဲတွေဖြစ်ရာက ဒဏ်ရာတွေရ
လာခဲ့ရတာပါ။ အခုတော့ ဘုရင်မင်းမြတ်ရဲ့
ကုသမှုကြောင့် ကျွန်တော်မျိုးအသက်ရှင်ရ
တာပါ။ ဘုရင်မင်းမြတ်ဟာ ကျွန်တော်မျိုးရဲ့
အသက်သခင်ပါ။ ဘုရင်မင်းမြတ်ရဲ့ကျေးဇူး
တော်ကြောင့် ဘုရင်မင်းမြတ်အပေါ်ထားရှိ
ခဲ့တဲ့ ရန်ငြိုးဟာလည်း ကွယ်ပျောက်သွား
ခဲ့ပါပြီ။ ဒီအတွက်ကျွန်တော်မျိုးကို အပြစ်မှ
ခွင့်လွှတ်တော်မူပါရန်ဟု အရှည်ကြီးရှင်းပြ
ပါတယ်။

ဒီအခါဘုရင်မင်းမြတ်ဟာ သူ့အပေါ်မှာတင်
နေတဲ့ရန်ငြိုးတစ်ခု မထင်မှတ်ဘဲပြေပျောက်
သွားတာသိရတဲ့အတွက် အလွန်တရာဝမ်း
မြောက်ဝမ်းသာ ဖြစ်တော်မူပါတယ်။
ဒဏ်ရာရလူငယ်ကိုလည်း အပြစ်မှခွင့်လွှတ်
ကြောင်း ပြောဆိုပြီးရသေ့ကြီးကို နှုတ်ဆက်
ကန်တော့ရန် ကျောင်းပေါ်က ဆင်းလာခဲ့ပါ
တယ်။ ဒီအချိန်မှာ ရသေ့ကြီးဟာ မနေ့က
တွင်းတူး စိုက်ပျိုးခဲ့တဲ့ သစ်စေ့တွေကို ရေ
လောင်းပေးနေပါတယ်။ ဘုရင်မင်းမြတ်ဟာ
ရသေ့ကြီးကို ဦးချ အရိုအသေ ပေးပြီး နန်း
တော်ပြန်တော့မယ့်အကြောင်းနဲ့ မနေ့ကမေး
ခဲ့တဲ့ပြဿနာသုံးခုရဲ့အဖြေကိုသိလိုပါကြောင်း
ထပ်မံလျှောက်ထားပြန်ပါတယ်။ အဲဒီအခါ
ရသေ့ကြီးကပြုံးလိုက်ပြီး ဒီပြဿနာရဲ့အဖြေ
ကအခုထိ မရသေးဘူးလား။ မနေ့က အဖြေ
ပေးပြီးပြီလို့ ပြောပါတယ်။

ဘုရင်မင်းမြတ်က ဘယ်လိုအဖြေလည်းဘုရား။
တပည့်တော် နားမလည်သေးပါဘုရားလို့
လျှောက်ထားတဲ့အခါ ရသေ့ကြီးက ဘုရင်မင်း
မြတ် မနေ့တုန်းကအဖြစ်အပျက်တွေကိုပြန်စဉ်း
စားစမ်းပါ။ ဘယ်အချိန်ဟာအရေးအကြီးဆုံး
လည်းဆိုတာ ဘုရင်မင်းမြတ်ကျွန်ုပ်ကျောင်း
ကိုရောက်လာတော့ ကျွန်ုပ်ဟာတွင်းတူးနေခဲ့
တယ်။ အဲဒီအချိန်ဟာအရေးအကြီးဆုံးပဲ။
အဲဒါကိုဂရုမစိုက်ပဲ နန်းတော်ပြန်သွားခဲ့မယ်
ဆိုရင် ဘုရင်မင်းမြတ်ဟာတောအုပ်ထဲမှာလုပ်
ကြံခံရလိမ့်မယ်။ အခုတော့ဘုရင်မင်းမြတ်ဟာ
အရေးအကြီးဆုံးအချိန်မှာ အရေးကြီးတဲ့အလုပ်
ကို လုပ်ခဲ့တဲ့အတွက် ဒီအဖြစ်ဆိုးကလွတ်သွား
ပြီ။

အရေးကြီးဆုံးအလုပ်ဟာ ဘာလဲ။ ထပ်ပြီး
တော့စဉ်းစားပါဦး။ မနေ့ကကျွန်ုပ်တွင်းတူးနေ
စဉ် ဘုရင်မင်းမြတ် ရောက်လာတယ်။ အဲဒီ
တွင်းတူးတဲ့အလုပ်ဟာ အရေးကြီးတဲ့အလုပ်
ပေါ့။ ဒီအလုပ်ကိုဘုရင်မင်းမြတ်မျက်ကွယ်ပြု
မယ်ဆိုရင် ဒီနေ့ ဒီအခြေအနေမျိုး ဘုရင်မင်း
မြတ် ဘယ်မြင်ရတော့မလဲ။ တစ်မျိုးတစ်ဖုံ
ပြောင်းနေလောက်ပြီပေါ့။

နောက်ပြီး ဘယ်သူဟာအရေးအကြီးဆုံးလည်း
တဲ့. ကိုယ်နဲ့အတူရှိနေတဲ့သူဟာ အရေးအကြီး
ဆုံးပဲ။ ဘုရင်မင်းမြတ်ဟာမနေ့ကကျွန်ုပ်နဲ့အတူ
ရှိစဉ် ကျွန်ုပ်ကို အရေးထားခဲ့တယ်။ ဒါမှန်တာ
ပဲ။ နောက်ပြီးဒဏ်ရာရတဲ့သူ ရောက်လာတဲ့အခါ
သူ့ကိုလည်း အရေးထားဂရုစိုက်ခဲ့တယ်။
ဒီအတွက် ဘုရင်မင်းမြတ်ဟာ ရန်သူတစ်
ယောက်အစား မိတ်ဆွေတစ်ယောက် ရခဲ့တယ်။

ကဲ လိုရင်းပြောရရင် လောကမှာ
၁။ ကိုယ်ရောက်နေဆဲ ပစ္စုပ္ပန်အချိန်ဟာအရေး
အကြီးဆုံးပဲ။
၂။ ကိုယ်လုပ်နေတဲ့ ပစ္စုပ္ပန်အလုပ်ဟာအရေး
အကြီးဆုံး ကိစ္စပဲ။
၃။ ကိုယ်နဲ့အတူရှိနေတဲ့သူဟာ ကိုယ့်အတွက်
အရေးအကြီးဆုံးလူပဲဆိုတာ မှတ်လိုက်ပါလို့
အသေအချာရှင်းပြပါတယ်။

အဲဒီအခါမှာ ဘုရင်မင်းမြတ်ဟာ ရသေ့ကြီးရဲ့
အဖြေကို စိတ်တိုင်းကျအားရနှစ်ခြိုက်ပြီးသာဓု
(၃)ကြိမ်ခေါ်လိုက်ပါသတဲ့။

အပ္ပမာဒဓမ္မပုံပြင်များ
အပ္ပမာဒ
အတွဲ(၃)၊ အမှတ်(၉)

မြစ်ကြီးကို ကူးနိုင်ပါလျက် ရေအိုင်ငယ်၌ မနစ်မြုပ်စေလို

ယထာ နဒိံ၊ တိဝိတ္ထာရံ၊ ယော တိဏ္ဏောပိ တိ
ခုဒ္ဒကေ။ သရေ စေပိ နိမုဇ္ဇေယျ၊ န ထုတော
သော ဟိ နိန္ဒိတော။(ပထျာ)
ဧ၀မေ၀ မဟာကာမေ၊ ပဇဟန္တောပိ ယော
ယတိ။ ပေရဟိ ဒိႏၷဘေ႑သု၊ လေဂၢယ်
သော တိနိန္ဒိတော။(ပထျာ)

အကြင်ယောက်ျား ရေကူးသမားသည် အလွန်
ကျယ်သော ဧရာဝတီမြစ်လို မြစ်ကြီးကို ကူးနိုင်
ပါလျက် အလွန်ငယ်သောရေအိုင်၌ မကူးနိုင်ဘဲ
နစ်မြုပ်ငြားအံ့။ ထိုယောက်ျားကို မချီးမွှန်းရုံမက
ကဲ့ရဲ့အပ်၏။ ကဲ့ရဲ့အပ်သကဲ့သို့
ဤနည်းအတူပင် အကြင်ရဟန်းသည် မာတုဂါမ
အာရုံမေထုန် ကာမဂုဏ်ကြီးငယ်တို့ကို ပယ်စွန့်
နိုင်ပါလျက် သူတစ်ပါးတို့က လှူဒါန်းပေးကမ်း
အပ်သော ကာမဂုဏ်အငယ်စားပစ္စည်းဘဏ္ဍာ
များ၌ ငြိကပ်တွယ်တာ တက်မက်ငြားအံ့။
ထိုရဟန်းကို အလွန်ကဲ့ရဲ့အပ်၏။

ရန်ကင်းတောရဆရာတော်
အရှင်တိဿမဟာထေရ်၏
ဓမ္မသံယုတ်ဂါထာ

အနှစ်သာရငါးမျိုး



၁။ လူ့ဘဝ
ဒကာ ဒကာမတွေ မိမိတို့ဘ၀ အနှစ်သာရရှိတဲ့
ဘ၀ဆိုတာလေး သိရအောင် နည်းနည်းအနှစ်
တရားလေးနဲ့ အစချီရအောင်။
သံသာရံ သာရံ မာနုသတ္တံ၊
တဟိဉ္စ ဝေကလ္လာဘာဝေါ သာဓု သဗ္ဗိန္ဒြိယာနံ၊
ကောသညံ တသ္မိံ၊ တဿသောစေယျ ဘာဝေါ၊
တသ္မိံသုဿုသာ ဓမ္မရာဇဿ ဓမ္မံ။
သံသာရေ၊ သံသရာလောကထဲ၌။ မာနုသတ္တံ၊
လူ့ဘ၀လူ့အဖြစ်ကိုရခြင်းသည်။ သာရံ၊ အနှစ်
သာရအစစ် တကယ်တမ်းဖြစ်ပါပေ၏။

လူ့ဘ၀အနှစ်သာရတဲ့။ လူ့ဘ၀ရတာဟာအနှစ်
သာရကို ရခြင်းပဲ။ ဒီတော့ ဘုန်းကြီးတို့လူ့ဘဝ
ရတိုင်း အနှစ်သာရ ရသလားဆိုတော့ ဒီလို
တော့လည်းမဟုတ်ဘူး။ လူ့ကျင့်ဝတ် လူ့တရား
ဆိုရတဲ့ သူတော်ကောင်းတရားတွေရှိတယ်။
အဲဒီတရားတွေဟာ လူ့ဘ၀အနှစ်လူ့ဘ၀ရတနာ
ပဲ။ လူ့ဘ၀တန်ဖိုးပဲ။ ဒါကြောင့်တန်ဖိုးရှိတဲ့အဖြစ်
မျိုးရောက်အောင် လူ့ဘ၀ကိုဆောင်နိုင်မှအနှစ်
သာရရှိတဲ့ဘ၀ ဆိုတာကို သိရတယ်။

သံသာရေ၊ သံသရာ၌။ မာနုသတ္တံ၊ လူ့ဘ၀လူ့
အဖြစ်သည်။ သာရံ၊ အနှစ်သာရအစစ်တကယ်
တန်းဖြစ်ပါပေ၏။

သံသရာ၌ လူ့အဖြစ်ဟာ အနှစ်သာရပဲ။ ဟုတ်
လည်းဟုတ်တယ်။ ဒီလူ့ဘ၀ကိုအမှီပြုပြီးကောင်း
မှုအမျိုးမျိုး ကောင်းကျိုးအထွေထွေ။ လောကမှာ
တန်ခိုးအမျိုးမျိုးတွေ အမျိုးမျိုးအသိအလိမ္မာတွေ
ပညာတွေ အမျိုးမျိုးအစိုးရမှုတွေ စသည်ဖြစ်လာ
ရတယ်။ ဒါကြောင့်မို့လို့ လူ့ဘ၀ဟာ အနှစ်သာရ။

၂။ ဣနြေ္ဒမချွတ်ယွင်းခြင်း
တဟိဉ္စ၊ ထိုလူ့ဘ၀၌လည်း။ သာဓု၊ ကောင်းစွာ။
သဗ္ဗိန္ဒြိယာနံ၊ အလုံးစုံသော မျက်စိ နား နှာ လျှာ
ကိုယ် စိတ် တည်းဟူသော ဣနြေ္ဒတို့၏။ ဝေက
လ္လာဘာဝေါ၊ ချွတ်ယွင်းခြင်းမရှိသည့်အဖြစ်သည်၊
သာရံ၊ အနှစ်သာရတစ်ရပ်ပင် ဖြစ်ပါပေ၏။
လူ့ဘ၀ရလို့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်
အင်္ဂါချို့တဲ့မှုမရှိတာဟာလည်း အနှစ်သာရတစ်
ရပ်ပဲတဲ့။

၃။ အမျိုးကောင်းဖြစ်ရခြင်း
တသ္မိံ၊ ထိုလူ့ဘ၀၌။ ကောလညံ၊ ကောင်းသော
အမျိုး၌ဖြစ်ရခြင်းသည်။ သာရံ၊ အနှစ်သာရတစ်
ရပ်ပင် ဖြစ်ပါပေ၏။
လူဖြစ်ပြန်ရင်လည်း အမျိုးကောင်းသားဖြစ်ရတာ
ဟာ အနှစ်သာရတစ်ရပ်ပဲတဲ့။

၎။ စင်ကြယ်ခြင်း
တဿ၊ ထိုလူ့ဘ၀၏။ သောစေယျဘာဝေါ၊ ကိုယ်
၏စင်ကြယ်ခြင်း၊ နှုတ်၏စင်ကြယ်ခြင်း၊ စိတ်၏စင်
ကြယ်ခြင်းဆိုတဲ့ စင်ကြယ်သည်၏အဖြစ်သည်။
သာရံ၊ အနှစ်သာရတစ်ရပ်ပင် ဖြစ်ပါပေ၏။ အမျိုး
ကောင်းမှာ ဖြစ်ရတဲ့ မိမိတို့ရဲ့ ကိုယ်မှာ ကောင်းမှု
တွေဖြစ်ပြီး ကိုယ်၏စင်ကြယ်ခြင်း၊ နှုတ်မှာကောင်း
မှုတွေဖြစ်ပြီး နှုတ်၏စင်ကြယ်ခြင်း၊ စိတ်မှာကောင်း
မှုတွေဖြစ်ပြီး စိတ်၏စင်ကြယ်ခြင်းဆိုတဲ့ စင်ကြယ်
ခြင်းနဲ့ပြည့်စုံခြင်းဟာလည်း အနှစ်သာရပဲတဲ့။

၅။ တရားနာခြင်း
တသ္မိံ သုဿုသာ ဓမ္မရာဇဿ ဓမ္မံ။
တသ္မိံ၊ ထိုလူ့ဘ၀၌။ ဓမ္မရာဇဿ၊ တရားမင်းဖြစ်
တော်မူသော မြတ်စွာဘုရား၏။ ဓမ္မံ၊ တရားကို။
သုဿုသာ၊ ကြားနာရခြင်းသည်။ သာရံ၊ အနှစ်
သာရပင် ဖြစ်ပါပေ၏။
အနှစ်သာရငါးမျိုးနဲ့ပြည့်စုံကြလို့ ဘုန်းကြီးတို့
ဒကာဒကာမတွေ ဒါနပြုနိုင်ကြ၊ သီလဆောက်
တည်နိုင်ကြ၊ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းနိုင်ကြ
သာသနာတော်ကြီးကို ချီးမြှောက်နိုင်ကြ၊ ကုသိုလ်
ကောင်းမှုတွေ ကြိုးစားပြီးပြုလုပ်နိုင်ကြတယ်။

သပြေကန်ဆရာတော်ကြီး
အရှင်ဝါသေဋ္ဌာဘိဝံသ

ကမ္မဋ္ဌာန်းအလုပ်အားထုတ်သင့်ကြောင်း


သံသရာတည်းဟူသော ၀ဲသြဃရေအယဉ်မှ
ထွက်မြောက်၍ နိဗ္ဗာန်သို့ ရောက်လိုသော
ရဟန်းရှင်လူအပေါင်းတို့သည် အလုံးစုံသော
အကုသိုလ်တရားတို့ကို ပယ်ရှား လွင့်ပါး၍
ကုသိုလ်တရားပွားများ ဖွံ့ဖြိုးအောင် သမထ
ဝိပဿနာ နှစ်ဖြာသော ကမ္မဋ္ဌာန်းကို စီးဖြန်း
ပွားများ အားထုတ်ကုန်ရာသည်။

သမထကမ္မဋ္ဌာန်း ၀ိပဿနာကမ္မဋ္ဌာန်းအလုပ်
ကို အားထုတ်ပွားများလျှင်ပင် တစ်ချက်ခုတ်
နှစ်ချက်ပြတ် ဆိုဘိသကဲ့သို့ အားထုတ် ပွား
များအခိုက်အတွင်းမှာ အကုသိုလ်တရားများ
ကို ပယ်ရှားရာရောက်၏၊ ကုသိုလ်တရားကို
ပွားများရာရောက်၏။

ထိုသို့ပယ်ရှားပွားများရာတွင်လည်း သမထ
သည် တဒင်္ဂပဟာန်၊ ၀ိက္ခမ္ဘနပဟာန်အားဖြင့်
သာ အကုသိုလ်ကို ပယ်နိုင်၏။ ၀ိပဿနာ
သည်ကားတဒင်္ဂပဟာန်အားဖြင့်လည်းကောင်း
ဝိက္ခမ္ဘနပဟာန်အားဖြင့်လည်းကောင်းသမုစ္ဆေဒ
ပဟာန်အားဖြင့်လည်းကောင်း ပယ်နိုင်၏။
ထို့ကြောင့် ယခုဘ၀၌သော်လည်းကောင်း
နောက်ဘ၀သော်လည်းကောင်း သည့်နောက်
ဘ၀သော်လည်းကောင်း နိဗ္ဗာန်သို့လျင်မြန်စွာ
ရောက်လိုသောသူတို့သည်ဝိပဿနာကမ္မဋ္ဌာန်း
အလုပ်ကို အားထုတ်ကြိုးစား ပွားများကြရမည်။

ပဟာန် သုံးပါး၏ အထူးကား မျက်စိတစ်မှိတ်
လျှပ်တစ်ပြတ်မျှ ပယ်မှုသည် တဒင်္ဂပဟာန်မည်
၏။ တစ်နာရီ၊တစ်ရက်၊တစ်လ၊တစ်နှစ်၊တစ်ဘဝ
မျှပယ်မှုသည်ဝိက္ခမ္ဘနပဟာန်မည်၏။ ကိလေသာ
တို့ကို အဆင့်ဆင့်အကြွင်းမရှိ အမြစ်ပါပြုတ်၍
အငုတ်မကျန် နောက်တစ်ဖန်အသစ် တစ်ခါမျှ
မဖြစ်အောင်ပယ်မှုသည် သမုစ္ဆေဒပဟာန်မည်၏။

တစ်နည်းလည်း ကာမာဝစရပဟာန်၊ မဟဂ္ဂုတ်
ပဟာန်၊ လောကုတ္တရာပဟာန်ဟူ၍ ခွဲသင့်သေး
၏။ ကာမာဝစရကုသိုလ်ဖြင့်ပယ်မှုသည် တဒင်္ဂ
ပဟာန်သာ မည်၏။ မဟဂ္ဂုတ်ကုသိုလ်ဖြင့်ပယ်
မှုသည် တဒင်္ဂ၀ိက္ခမ္ဘနပဟာန်သာမည်၏။ လော
ကုတ္တရာကုသိုလ်ဖြင့်ပယ်မှုသည် တဒင်္ဂ၊ ၀ိက္ခမ္ဘန
သမုစ္ဆေဒ ပဟာန်သုံးပါးလုံးဖြင့် ပယ်သည်မည်
၏။

တစ်နည်း သီလကုသိုလ်ဖြင့် တဒင်္ဂ၊ သီလ
သမာဓိကုသိုလ်နှစ်ပါးဖြင့် တဒင်္ဂ၊ ၀ိက္ခမ္ဘန။ သီလ
သမာဓိ ပညာသုံးပါးဖြင့် ပယ်မှုသည် တဒင်္ဂ ၀ိက္ခ
မ္ဘန သမုစ္ဆေဒအားဖြင့် ပယ်သည်မြည်၏။

ကာမာဝစရပဟာန်၊ မဟဂ္ဂုတ်ပဟာန်တို့သည်
ဖြစ်လွယ် ပျက်လွယ်သာ ပဟာန်တို့တည်း။
ထို့ကြောင့် အနမတဂ္ဂ အစမထင် သံသရာဘဝ
အစဉ်က ခင်မင်နှစ်သက် စုံမက်မြတ်နိုး ကိုးစား
အားထားကာ ဒါနမှု၊ သီလမှု၊ သမထ ဘာဝနာမှု
တို့ကို အဖန်ဖန်ပြုခဲ့ကြ၊ အားထုတ်ခဲ့ကြသော်
လည်း အတည်တကျချမ်းသာခွင့်မရနိုင်ကြ။

ဥပမာကား ကျောက်ခဲ မြေခဲတို့ကို အထက်
ကောင်းကင်သို့ လွှတ်ပစ်လိုက်သောအခါ ၄င်း
ကျောက်ခဲမြေခဲတို့သည် လူတို့၏လုံ့လပယောဂ
မှုတို့ကြောင့်သာ အထက်သို့တက်ရ၏။ ပယော
ဂမှုကုန်လျှင် မြေသို့ကျ၍ အမြဲတည်နေရ၏။

ထို့အတူ ကာမ မဟဂ္ဂုတ်ပဟာန်တို့၏ အစွမ်း
ကြောင့် လူ့ဘ၀ နတ်ဘ၀ ဗြဟ္မာဘ၀ကိုရကြလေ
သည်။ ၄င်း ပဟာန်တို့၏ အစွမ်းတည်းဟူသော
ကုသိုလ်ကံ ကုန်ခဲ့လို့ရှိလျှင် ၄င်းလူ့ဘ၀ နတ်ဘဝ
ဗြဟ္မာဘ၀ကရွေ့လျော၍ အပါယ်ဘ၀သို့သာလျင်
မြန်စွာရောက်ကြရ၍နောင်တစ်ဖန် လူစားနတ်စား
ဗြဟ္မာစား ပြန်၍မဖြစ်နိုင်ဘဲ အပါယ်ဘုံ၌သာအမြဲ
နေကြရ၏။ အစားပြန်၍ဖြစ်သူကား အလွန်နည်း
ပါးလှ၏။ ထို့ကြောင့် လူသုံးပါးတို့၏ မကိုဋ် သုံး
တိုက်လုံးမှန်ကူ သယမ္ဘူအစစ်ဖြစ်တော်မူသော
မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးက လက်သည်း
ဖျားပေါ်၌ မြေမှုန့်ကို တင်တော်မူပြီးလျှင် တပည့်
သာဝက ရဟန်းတို့အားဟောကြားတော်မူသည်
မှာ

ချစ်သားရဟန်းတို့ ငါဘုရား၏လက်သည်းတော်
ဖျားဝယ်အနည်းငယ်တင်ထားအပ်သော် ဤမြေ
မှုန့်ကလေးနှင့်နှစ်သိန်းလေးသောင်းအထုရှိသော
ဤမဟာပထ၀ီမြေကြီးသည် အဘယ်မြေကသာ
၍များသနည်းဟု မေးတော်မူသောအခါ မြတ်စွာ
ဘုရား အရှင်ဘုရား၏လက်သည်းဖျား၌တင်ထား
အပ်သော မြေမှုန့်နှင့် နှစ်သိန်းလေးသောင်းအထု
ရှိသော ဤမဟာပထ၀ီမြေကြီးကိုနှိုင်းစာရသည်
ရှိသော် ဤမဟာပထ၀ီမြေကြီးကအလွန်များ
သောကြောင့် အရှင်ဘုရား၏လက်သည်းဖျားပေါ်
မှာ မြေမှုန့်ရှိသည်ဟူ၍ မဆိုလောက်ပါဘုရားဟု
နားတော် လျှောက်ကြသောအခါ မြတ်စွာဘုရား
ကချစ်သားရဟန်းတို့ ဤအတူသာလျှင် ဤလူ့
ပြည်က သေ၍ လူစားပြန်၍ ဖြစ်သော သူကား
လူပေါင်း တစ်ကုဋေမှာ တစ်ယောက်ကျ ပြန်၍
မဖြစ်နိုင်။ နတ်အဖြစ် ဗြဟ္မာအဖြစ်ကား ပြောစရာ
မရှိ။ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်လေးဘုံ
တို့၌သာ များစွာဖြစ်ကြရ၏။ နတ်ပြည်မှသေကြ
သော သတ္တ၀ါ၊ ဗြဟ္မာ့ပြည်မှ သေကြရသော
သတ္တ၀ါတို့ကိုလည်း ထိုနည်းအတူသိလေ။ အပါယ်
ဘ၀က သေ၍ လူ့ဘ၀ နတ်ဘ၀ကိုရဖို့ရန်ကား ထို
ထက်အလွန်ပင်ခဲယဉ်းလှ၏ဟု ဟောကြားတော်မူ
၏။ ထို့ကြောင့်ငါတို့ရေးသားအပ်သော သံဝေဂ သံ
ပေါက်ကျမ်း၌ (၂၃) သေလျှင်ခက်လှ၊ အပါယ်ကျ
ကယ်ပါ့ တစာစာ ဤမလင်္ကာကိုဆိုပေ၏။ ထို့ကြောင့်
ယခုဘ၀ လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်း၊ စကြာဝတေး
မင်းကြီး သူတော်ကောင်းပညာရှိကြီး နောက်ဘဝ
တံငါ၊ မုဆိုး၊ သူခိုး၊ ဓါးပြကြီး၊ လူမိုက်ကြီး၊ ဆင်းရဲ
သား၊ ဒွန်းစဏ္ဍား၊ သူတောင်းစားကြီး၊ ဆင်၊ မြင်း၊
ကျွဲ၊ နွား၊ ခွေး၊ ၀က်၊ ကြက်၊ ငှက် စသောအပါယ်
သတ္တ၀ါကြီးဟုဆိုအပ်သော ဘ၀အဖောက်ဖောက်
အပြန်ပြန် ကိုယ်အဖောက်ဖောက်အပြန်ပြန်ကိုဖြစ်
စေတတ်သော တစ်နပ်စာ တစ်လစာဖြစ်သည့်
ကာမာဝစရကုသိုလ် မဟဂ္ဂုတ်ကုသိုလ်တို့ကို
အားကိုးအားထားပြု၍ ၄င်းကုသိုလ်တို့နှင့်ပင်ရပ်
နားတင်းတိမ်ခြင်း မရှိကြရာ။ စုံမက်မြတ်နိုးအား
ကိုးအားထားပြု၍ လူ၊ နတ်၊ ဗြဟ္မာခန္ဓာကိုတောင့်
တ၍ပြုကြသောသူတို့သည် ဘ၀သံယောဇဉ်ချည်
နှောင်တုပ်ဖွဲ့အပ်သည်ဖြစ်၍ သံသရာဝဋ်မှကျွတ်
ခွင့် လွတ်ပေါက် ကျွတ်ပေါက် မတွေ့နိုင်ရာ။

ထိုကုသိုလ်တို့ကို ပြုကြရာ၌လည်း ဘ၀ခန္ဓာကို
ငဲ့ကွက်တောင့်တခြင်းမရှိဘဲ၊ ဘ၀ခန္ဓာ၏ လွတ်
ကျိုးဖြစ်သော နိဗ္ဗာန်ကိုသာရည်သန်၍ပြုရာ၏။

လူ့ဘ၀၊နတ်ဘ၀၊လူမင်း၊နတ်မင်း ဗြဟ္မာမင်းကြီး
ဖြစ်လေလေ၊ မာန်မာနတွက်ကြွ ပမာဒတရားပူး
ကပ်သဖြင့် လောဘအာရုံ ဒေါသအာရုံ မောဟ
အာရုံ ကာမဂုဏ် ချမ်းသာကို လိုက်စား၍ သေ
သောအခါ အပါယ်ငရဲသို့လွန်ကဲအားကြီး နာနာ
ကြီးကျရဖြစ်ရလေ၏။ သတိရကြသောသူတို့မှာ
လည်း ဤဘ၀ ဤဘ၀က ထိုထိုဘ၀မှာခံစားဖို့
ကုသိုလ် အသစ် အသစ် ပြုကြရကုန်၏။ အနမ
တဂ္ဂ အစမထင် သံသရာအစဉ်က ယခုဘဝ
ထက်တိုင် ပြု၍ကားမဆုံးနိုင်၊ ထပ်ကာထပ်ကာ
သာပြုကြရသဖြင့် ထိုသို့ကုသိုလ်အသစ်ရမှုပြုရ
သော ကိစ္စဒုက္ခကြီးကိုပင် ကြောက်လန့်ဖွယ်ရာ
ကောင်းလှ၏။ ကြောက်လန့်သင့်လှ၏။

လောကုတ္တရာပဟာန်သည်ကား တစ်ခါပယ်
အပ်သော ကိလေသာကို နောက်တစ်ခါထပ်၍
မပယ်ရပြီ။ ပယ်ဟန်ကား သောတာပတ္တိမဂ်
သည် ဒိဋ္ဌိကိလေသာ ၀ိစိကိစ္ဆာကိလေသာကို
အပြီးတိုင်ပယ်၏။

ထို့ကြောင့် အပါယ်ကျရောက်မှုဖြစ်သော ဒုစ
ရိုက်အကုသိုလ်ကံဟောင်း အကုသိုလ်ကံသစ်
တို့ ချုပ်ငြိမ်းသဖြင့် အပါယ်လေးပါးသို့ မလား
ရောက်ရပြီ။ လူ့ပြည် နတ်ပြည်တည်းဟူသော
ကာမဘုံ၌ အလွန်ဆုံးခုနှစ်ကြိမ်သာ ပဋိသန္ဓေ
နေရ၏။ အကြွင်း သောတာပန်အတူ အနာဂါ
မိမဂ်သည် လောဘကိလေသ၊ ဒေါသကိလေ
သာကို အကြွင်းအကျန်မရှိအပြီးတိုင်ပယ်၏။
ဤမဂ်နှစ်ပါး၌ လောဘဆိုသော်လည်းကာမ
ဘုံ၌တက်မက်သော လောဘကိုဆိုသည်။
ထို့ကြောင့် ကာမဘုံ၌ပဋိသန္ဓေမနေရပြီ။
ဗြဟ္မာ့ဘုံ၌သာ ဖြစ်ရတော့သည်။

အရဟတ္တမဂ်သည် ကိလေသာဟူသမျှ အကု
သိုလ်ဟူသမျှကို အကုန်အပြီးအတိုင်ပယ်၏။
ထို့ကြောင့် ဤဘ၀မှ စုတေလျှင် ဘုံသုံးပါး၌
မဖြစ်ရပြီ။ ၀ဋ်သုံးပါးဒုက္ခတရားတို့၏ ချုပ်ငြိမ်း
ကင်းပြတ်ရာ ဖြစ်သော အင်္သခတဓါတ်မြတ်
သောနိဗ္ဗာန်သို့သာ ရောက်ရတော့သည်။

ဤကဲ့သို့သော လောကုတ္တရာ ပဟာန်သည်
အတည်အမြဲ အလွန်အကဲ အမွန်အမြတ်၊
အထွတ်အထိပ်ဖြစ်၏။ ထို့ကြောင့်လောကုတ္တရာ
ပဟာန်ကိုသာလျှင် ခင်မင်စုံမက် နှစ်သက်မြတ်
နိုး အားကိုးအားထား ကြိုးစားပြုလုပ်အားထုတ်
သင့်လှပေသည်။

အင်းမကြီးတောရဆရာတော်
ဦးဇောတိကအရှင်မြတ်

မမေ့မလျော့ပြုလုပ်ရမည့် တရားများ

ရှေးအခါက ဇနသန္ဓအမည်ရှိသောမင်းတစ်ပါး
သည် ဗာရာဏသီပြည်ကြီးကို မင်းကျင့်တရား
နှင့်အညီ စိုးစံတော်မူသည်။ ထိုမင်းသည်လစဉ်
လပြည့်နေ့ရောက်တိုင်း ဥပုသ်သီလဆောက်
တည်၏။ တိုင်းသူပြည်သားတို့ကိုလည်း လစဉ်
တစ်လလျှင် နှစ်ကြိမ်နန်းရင်ပြင်၌ စုရုံးစေ၍
နောင်တ ၁၀မျိုးမဖြစ်ကြရလေအောင် ယခုအခါ
ကပင် မမေ့မလျော့ကြဘဲ ကုသိုလ်ကောင်းမှုများ
ပြုလုပ်ကြရန် တိုက်တွန်းစကား ပြောကြားဆုံးမ
လေ့ရှိသည်။

တိုင်းသူပြည်သားတို့သည်လည်း မင်းကြီး၏
စကားကို လိုက်နာ၍ မကောင်းမှုဟူသမျှ မပြု
လုပ်ကြဘဲ ကောင်းမှု ကုသိုလ်များကိုသာ ပြု
လုပ်၍ နေထိုင်ကြသည်။ ထိုသို့ နေထိုင်ကြ
သဖြင့် ထိုမင်းလက်ထက်တွင် အချုပ်ထောင်
များကိုဟင်းလင်းဖွင့်ထားရသည်။ အမှုအခင်း
ဖြစ်ပွားသူ မရှိသောကြောင့်လည်း တရားရုံး
များကို ပိတ်ထားရသည်။ ကုသိုလ်ကောင်းမှု
များကို မမေ့မလျော့အားထုတ်ကြသောကြောင့်
ကွယ်လွန်သောအခါ၍လည်း နတ်ရွာသုဂတိသို့
ရောက်ကြရကုန်၏။

နောင်တ ၁၀မျိုးကား
၁။ အချိန်ရှိခိုက် ငယ်စဉ်ကပညာမသင်ခဲ့မိ
လေခြင်း။
၂။ ဥစ္စာပစ္စည်း မစုဆောင်းမိလေခြင်း။
၃။ သူတစ်ပါး၏အချစ်ကိုဖျက်စီးမိလေခြင်း။
၎။ သူတစ်ပါး၏အသက်ကို သတ်မိခဲ့လေခြင်း။
၅။ သူတစ်ပါးသားမယားကို ပြစ်မှားမိခဲ့လေခြင်း။
၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။
၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။
၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း။
၉။ ပညာရှိထံနည်းခံ၍ ပညာမသင်ကြားမိခဲ့လေခြင်း။
၁၀။ မြတ်သောအကျင့်ကို မကျင့်မိခဲ့လေခြင်းတို့
ဖြစ်သည်။

အကိုး၊ ဒွါဒသနိပါတ်၊ ဇနသန္ဓဇာတ်။
ပရိတ်သင်တန်း ( မာဂဂီသာစည် )
ဉာဏ်လင်းအောင်

မြတ်မင်္ဂလာ
အတွဲ ၁၇၊ အမှတ် ၃

ဣဿာ မစ္ဆရိယ ဟူသည်


ဣဿာ

ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြုနိုင်တာ၊ အကောင်းမပြောနိုင်တာ၊
ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး၊
congratulations မလုပ်နိုင်ဘူးပေါ့လေ။

လူတစ်ယောက် အောင်မြင်လာပြီး စည်းစိမ်ချမ်းသာ ရလာတာကို
အခြားတစ်ယောက်က မကျေနပ်နိုင်ဘူး၊ မပျော်နိုင်ဘူး၊
လူတစ်ယောက် ကြီးပွားသွားရင် မကြည့်နိုင်ဘူး၊ မရှု့စိမ့်ဘူး၊
မနာလို မရှုစိမ့်ဖြစ်တယ်လို့ ပြောတယ်၊ Jealousy ပေါ့၊

ဒါကလည်း ဒေသနဲ့ ယှဉ်တွဲပြီး ဖြစ်တာမို့ ဒေါသမူစိတ်မှာ ယှဉ်တယ်၊
စိတ်ဆိုးတာ မဟုတ်ဘူး၊ သို့သော် စိတ်ယုတ်တာ စိတ်ပုတ်တာ ဖြစ်တယ်၊
လူတစ်ယောက် အောင်မြင်နေလို့ရှိရင် မနာလိုဖြစ်တယ်၊
အကောင်းမပြောနိုင်ဘူး၊
ဒါ ဣဿာပဲ။

မစ္ဆရိယ

နောက်တစ်ခု ‘မစ္ဆရိယ’ ဆိုတာ ကိုယ့် အရည်အသွေးမျိုး သူများကို မရစေချင်တာ၊ ကိုယ့်အခြေအနေမျိုး သူများ မရစေချင်တာ၊
ကိုယ်နဲ့ လာယှဉ်ပြိုင်မယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်၊
ဒါ မစ္ဆရိယ ခေါ်တယ်။

မစ္ဆရိယဆိုတာလည်း အတူတူပဲ၊ ဒေါသနဲ့ ယှဉ်တွဲတယ်၊
အရပ်ထဲမှာတော့ မစ္ဆရိယ ဆိုတာ နှမြောတာ၊
‘နှမြောအိုးမို့ ဘာမှ မလှူဘူး၊ မတန်းဘူး၊ မပေးဘူး၊ မကမ်းဘူး’ လို့ ပြောကြတယ်။

မစ္ဆရိယက နှမြောတာချည်းပဲ မဟုတ်ဘူး၊
မစ္ဆရိယဆိုတာ ကိုယ်ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး၊
ကိုယ်အောင်မြင်သလို သူများ မအောင်မြင်စေချင်ဘူး၊
အဲဒါမျိုးကို မစ္ဆရိယလို့ ပြောတာ။

မစ္ဆရိယ ၅-မျိုး

မစ္ဆရိယ ၅-မျိုးရှိတယ်။

(၁) အာဝါသမစ္ဆရိယ တဲ့၊
ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင် မကြိုက်တာ၊
ဟုတ်လား၊ ကိုယ့်အဆောက်အဦးထဲ သူများလာရင် မကြိုက်တာ ‘အာဝါသမစ္ဆရိယနော်’။ ‘အာဝါသမစ္ဆရိယ’ ဆိုတာ အိမ်မှာတင် မစ္ဆရိယ ဖြစ်တာမဟုတ်ဘူး၊
မီးရထားနဲ့ သွားတာတောင် ပေါင်ကားထိုင်သေးတယ်၊
အနားနားမှာ ဒိပြင်လူ လာထိုင်မှာ စိုးလို့၊ အထုပ်လေး တင်ထားမယ်၊ မထိုင်စေချင်ဘူး၊
နေရာ မပေးချင်ဘူး၊ အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယ ဆိုတာ။

(၂) ‘ကုလမစ္ဆရိယ’
ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင် မကြိုက်တာ၊ ကုလမစ္ဆရိယ၊ ဘုန်းကြီးတွေကျတော့ ကိုယ့်ဒကာ, ဒကာမများကို
သူများ ဒကာ, ဒကာမဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ၊
ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်ဘူး၊ ကုလမစ္ဆရိယ။

(၃) ‘လာဘမစ္ဆရိယ’၊
ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ။

(၄) ‘ဝဏ္ဏမစ္ဆရိယ’ ဆိုတာ
ကျော်ကြားမှုနဲ့ သတ်သက်လာလို့ ရှိရင် ကိုယ်ပဲကျော်ကြားချင်တယ်၊
သူများ မကျော်ကြားစေချင်ဘူး။

(၅) ‘ဓမ္မမစ္ဆရိယ’ဆိုတာ
ကိုယ်သိတဲ့တရားကို သူများ မပေးချင်ဘူး၊ ကိုယ်သိတဲ့ ဗဟုသုတတွေ သူများကို မဖြန့်ဝေချင်ဘူး၊ သူတစ်ယောက်ထဲပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ် ပေါ့လေ၊ တစ်လောကလုံးရဲ့ ဂုရုကြီး၊ သူပဲ သိတယ်၊ ကျန်တဲ့လူတွေ မသိရဘူး၊ အဲဒါမျိုး လုပ်ချင်တာ၊ အဲဒါ ဓမ္မမစ္ဆရိယ လို့ခေါ်တယ်။

‘အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ’ ဆိုပြီးတော့ မစ္ဆရိယငါးမျိုး ရှိတယ်၊

မစ္ဆရိယဆိုတာ ကိုယ်ရထားတဲ့ အနေအထားမျိုး သူများကို မရစေချင်တာ အဲဒါကို ပြောတာနော်၊ ဒါလည်းပဲ မရစေချင်ဘူး ဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ်။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားဖူးပြီး
တိရစ္ဆာန်ရုံကို သွားကြည့်တာပေါ့၊ တိရစ္ဆာန်ရုံ သွားတဲ့အခါမှာ အထူးအားဖြင့်
ဘာကြည့် ချင်တုန်းဆိုတော့ ညနေဘက် ကျားတွေ ခြင်္သေ့တွေ
အစာကျွေးတာကို ကြည့်ချင်တယ်၊ ပိုစိတ်ဝင်စားတယ်၊

အဲဒီမှာ ဘာအကဲခတ်မိလဲဆို ကျားတွေ ခြင်္သေ့တွေက အစာဝဝစားရတာ မဟုတ်ဘူး၊
သူတို့ခမျာ ပိန်ပြီး ဆာလောင်နေတာလေ၊ ညနေ အစာကျွေးမယ့်သူ လာလို့ရှိရင်
သူတို့ ယောက်ယက်ခတ်နေပြီ၊ အစာကျွေးမယ့်လူက အမဲသားတစ်ပေါင်လောက် တစ်တုံးလောက် အထဲကို ပစ်ထည့်လိုက်ပြီဆိုရင်
အဲဒီ ကျားတွေ ခြင်္သေ့တွေက ပါးစပ်နဲ့ အစာကို ကိုက်ပြီး ဟိုလိုက်ရန်လုပ် ဒီလိုက်ရန်လုပ်နဲ့၊ ဆာနေတာ စားလိုက်ပါလား၊ အေးအေးဆေးဆေး မစားဘူး။

ဘာကြောင့် အဲဒီလို ဖြစ်တာတုန်းဆိုရင် မစ္ဆရိယကြောင့်၊
သူရထားတဲ့ အစာကို လာမထိနဲ့ပေါ့၊ အဲဒီအဓိပ္ပါယ်မျိုး ရှိတယ်။

ကြောင်လေးတွေ ကြွက်ခုတ်ပြီးရင် ပါးစပ်ထဲမှာ အစာရောက်သွားရင်
မာန်ဖီတော့တာပဲ မဟုတ်လား၊
အဲဒီတော့ မစ္ဆရိယက ဒေါသနဲ့ ယှဉ်တယ်ဆိုတာ သိပ်ထင်ရှားတယ်၊
ခွေးကလေး နှစ်ကောင်၊ ကစားနေတဲ့ ကြားထဲမှာ အမဲရိုးလေး ပစ်ချကြည့်၊ ကိုက်ကြပြီ၊ ဒါကြောင့်မို့ မစ္ဆရိယဟာ ဒေါသနဲ့ ယှဉ်တယ်လို့ ပြောတာ၊
မစ္ဆရိယ ပေါ်လာရင် ဒေါသ ဝင်လာတာပဲ၊ ဣဿာ ပေါ်လာရင်လည်း ဒေါသပဲ။

သို့သော် အဲဒီ မစ္ဆရိယနဲ့ ဣဿာဟာ တစ်ပြိုင်တည်း ဖြစ်သလားဆို မဖြစ်ဘူး၊ ဘာဖြစ်လို့တုံး၊ အာရုံချင်း မတူဘူး၊ စိတ်ရဲ့ ဦးတည်ချက်တွေဟာ မတူကြဘူးတဲ့၊

ဣဿာဆိုတာ သူများ အောင်မြင်မှုပေါ် ဦးတည်တယ်၊
မစ္ဆရိယ ဆိုတာ ကိုယ့်အောင်မြင်မှုပေါ် ဦးတည်တယ်၊ မတူကြဘူး။

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ၏
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (ဣဿာ မစ္ဆရိယ ဟူသည်)

ဝိသုဒ္ဓိ ၇-ပါး


ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး
အစဉ်အတိုင်း သွားရ၏။

သီလဝိသုဒ္ဓိဖြင့် သီလကို စင်ကြယ်စေရ၏။

စိတ္တဝိသုဒ္ဓိဖြင့် သမာဓိရအောင် အားထုတ်ရ၏။

ဒိဋ္ဌိဝိသုဒ္ဓိဖြင့် နာမ်ရုပ်တို့ကို ပိုင်းခြား သိရ၏။

ဤအဆင့်၌ ဝိပဿနာ၏ အခြေခံ ‘နာမရူပပရိစ္ဆေဒဉာဏ်’
ဖြစ်၏။ နာမ်ရုပ်ကွဲခြင်းသာ ဖြစ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ
ရှုမြင်ခြင်း မရှိသေး၍ သင်္ဂြိုဟ်၌ ဤနာမရူပပရိစ္ဆေဒဉာဏ်
ကို ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြချေ။

ကင်္ခါဝိတရဏဝိသုဒ္ဓိ၌ နာမ်ရုပ်တို့၏ အကြောင်းရင်းကို
ရှာဖွေ သိမြင်၏။

အကြောင်းကိုသိသော ဉာဏ်ပေါ်၏။ ထိုဉာဏ်ကို ‘ပစ္စယ
ပရိဂ္ဂဟဉာဏ်’ဟု ခေါ်၏။ ဤဉာဏ်ကိုလည်း ဝိပဿနာ
ဉာဏ်ထဲ ထည့်၍ မပြသေးပါ။

အကြောင်းကို ရှုမြင်ခြင်းသာ ရှိပြီး အနိစ္စ ဒုက္ခ အနတ္တ
ရှုမြင်မှု မရှိသေးသောကြောင့် ဖြစ်၏။

ဤကဲ့သို့ အကြောင်းအကျိုး သိမြင်၍ နောက်က ရှိခဲ့သော
ယုံမှား သံသယတို့သည် အခိုက်အတန့်အားဖြင့် ပျောက်၏။
ယုံမှား သံသယတို့ကို ပယ်သော စိတ်၏ စင်ကြယ်ခြင်း =
ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်၏။

ဝိပဿနာတရား အားထုတ်သူအတွက် ဤအဆင့်၌ နာမ်ရုပ်ကွဲ၊
အကြောင်းကို သိမ်းဆည်း ဆင်ခြင်၊ ခဏိကသမာဓိရသဖြင့်
စူဠသောတာပန်=သောတာပန်အငယ်စားဟု ခေါ်ရ၏။

ဤအဆင့်မှ ဆက်ပြီး အားထုတ်သော် ခန္ဓာငါးပါး သင်္ခါရတရား
တို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သော အစွမ်းဖြင့် ဖြစ်
စေသောဉာဏ် = သမ္မသနဉာဏ် ဖြစ်ပေါ်၏။
သင်္ဂြိုဟ်၌ ဝိပဿနာဉာဏ်များကို ဤသမ္မသနဉာဏ်မှ စ၍ ပြဆို၏။

ဆက်ပြီး အားထုတ်သော် ဝိပဿနာဉာဏ် ၁၀-ပါး အဆင့်ဆင့် တိုး
တက် ဖြစ်ပေါ်၏။

ဝိပဿနာဉာဏ် ၁၀-ပါး

၁။ သမ္မသနဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ
အနတ္တအားဖြင့် သုံးသပ်သောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။

၂။ ဥဒယဗ္ဗယဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ဖြစ်ခြင်း
ပျက်ခြင်း ၂-ပါးကို အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်စေ
သောဉာဏ်။

၃။ ဘင်္ဂဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ပျက်ခြင်းတစ်ပါး
ကိုသာ အဖန်တလဲလဲ ရှုသောဉာဏ်။

၎။ ဘယဉာဏ် = ပျက်ခြင်း၏ အစွမ်းဖြင့်ဖြစ်သော ခန္ဓာငါးပါး
သင်္ခါရတရားတို့ကို အလွန်ကြောက်လန့်ဖွယ် ဘေးကြီးဟု အဖန်
တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၅။ အာဒီနဝဉာဏ် = ဘေးကြီးဟု မြင်အပ်ပြီး ထင်အပ်ပြီးသော
ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အပြစ်အားဖြင့် ရှုသောဉာဏ်။

၆။ နိဗ္ဗိဒါဉာဏ် = အပြစ်ဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး
သင်္ခါရတရားတို့၌ ငြီးငွေ့သောအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၇။ မုဉ္စိတုကမျတာဉာဏ် = ငြီးငွေ့၍ ထိုခန္ဓာငါးပါး သင်္ခါရတရားတို့မှ
လွတ်မြောက်ခြင်းငှာ အလိုရှိသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။

၈။ ပဋိသင်္ခါဉာဏ် = သင်္ခါရတို့မှ လွတ်မြောက်ခြင်း၏ အကြောင်း၏
ပြည့်စုံစေခြင်းငှာ တဖန် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို သိမ်းဆည်း
ခြင်းအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၉။ သင်္ခါရုပေက္ခာဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ကြောက်ခြင်း
နှစ်သက်ခြင်းမှ ကင်းသည်၏အစွမ်းဖြင့် လျစ်လျူရှု၍ ဖြစ်သောဉာဏ်။

၁၀။ အနုလောမဉာဏ် = အနိစ္စ အစရှိသော လက္ခဏာကို ရှုသည်၏
အဖြစ်ဖြင့် အောက်၌ဖြစ်သော ဝိပဿနာဉာဏ် ၉-ပါးတို့အားလည်း
ကောင်း၊ အထက်၌ ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့နှင့် လျော်
သော (ဝါ) မဂ်ဖြစ်ခြင်းငှာ လျော်သောဉာဏ်။

+++

သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ
ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာ၏။
ဥဒယဗ္ဗယဉာဏ် ရင့်သန်သောအခါ ဝိပဿနာ၏ ဘေးရန် ‘ဝိပဿနု
ပတ္တိလေသ’ ၁၀-ပါး ဖြစ်ပေါ်လာတတ်၏။
ဝိပဿနုပတ္တိလေသ ၁၀-ပါး

၁။ သြဘာသ = ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ရှင်းလင်းစွာ သိမြင်
သောအခါ လွန်စွာ စိတ်ကြည်လင်ရကား ကိုယ်မှ အရောင်အလင်း
တို့သည် ထွက်ဖြာကုန်၏။

၂။ ပီတိ = သြဘာသ,သာမကသေး ခုဒ္ဒကာပီတိစသော ၅-ပါးသော
ပီတိမျိုးလည်း ဖြစ်ပေါ်၍ နှစ်သက်၏။

၃။ ပဿဒ္ဓိ = ကိုယ်စိတ်နှစ်ပါးလုံး အေးမြငြိမ်းချမ်းသဖြင့် ကာယ
ပဿဒ္ဓိ စိတ္တပဿဒ္ဓိ ဖြစ်၏။

၎။ အဓိမောက္ခ = ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်သော သဒ္ဓါ
တရားလည်း ဖြစ်ပေါ်၏။

၅။ ပဂ္ဂဟ = ဝိပဿနာစိတ်ကို နောက်မဆုတ်ရအောင် အားပေး
ချီးမြှောက်ထောက်ပံ့တတ်သော ဝီရိယလည်း ဖြစ်ပေါ်၏။

၆။ သုခ = တစ်ကိုယ်လုံး၌ စိတ္တဇရုပ်များကို ပျံ့နှံ့ထုံမွှမ်းစေတတ်
သော သုခဝေဒနာလည်း ဖြစ်၏။

၇။ ဉာဏ = သွက်လက်လျင်မြန် အမြင်သန်သော ဝိပဿနာဉာဏ်
လည်း ဖြစ်ပေါ်၏။

၈။ ဥပဋ္ဌာန = မြင့်မိုရ်တောင်ပမာ ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာ တည်တံ့
သော သတိလည်း ဖြစ်၏။

၉။ ဥပေက္ခာ = အဖြစ်အပျက်ကို ရှုရန် ဗျာပါရ မပြုရတော့ဘဲ အသင့်
အားဖြင့် ရှုနိုင်သော ဝိပဿနာဉာဏ်နှင့် ယှဉ်သော တတြမဇ္ဈတ္တုပေ
က္ခာမည်သော ဝိပဿနုပေက္ခာ၊ ထိုဖြစ်ပျက်မှုကို ဆင်ခြင်လိုသည့်
အခါ ဆင်ခြင်နိုင်သော အာဝဇ္ဇနုပေက္ခာဟူသော ဥပေက္ခာ ၂-မျိုးလည်း
ဖြစ်၏။

၁၀။ နိကန္တိ = သြဘာသစသည်တို့ဖြင့်ဖြစ်သော ဝိပဿနာကို သာယာ
နှစ်သက်နေတတ်သော တဏှာလည်း ဖြစ်၏။

ထို ဆိုခဲ့ပြီးသော သြဘာသ၊ ပီတိ စသည်တို့ ဖြစ်ပေါ်လာသောအခါ
ထိုအရောင်အဝါ စသည်တို့ကို သာယာသော တဏှာနိကန္တိအတွက်
ငါမဂ်ရပြီဟု အထင်မှားနေတတ်၏။

ထိုသို့ အထင်မှားခြင်းကို ဤကား မဂ်မဟုတ်သေးဟူ၍ ပိုင်းခြား
ဆုံးဖြတ်နိုင်သော သဘောသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။

+++++
(၆) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

ဝိပဿနုပတ္တိလေသတို့မှ လွတ်ပြီးသော ယောဂီသည် ဥဒယဗ္ဗယ
ဉာဏ်မှ စ၍ အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉-ပါး
ကို အစဉ်အတိုင်း တဖန် ထူထောင်၍ လက္ခဏာယာဉ် ၃-ပါးကို
ပွားများ အားထုတ်ပြန်ရာ ထိုဉာဏ် ၉-ပါးကို ပိုင်သော ယောဂီ
ပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ် ၉-ပါးသည် သိတတ် မြင်တတ်သော
ကြောင့် ဉာဏဒဿန မည်၏။

ထိုဉာဏဒဿနမည်သော ဝိပဿနာဉာဏ် ၉-ပါးသည်ပင် နိဗ္ဗာန်
သို့ ရောက်စေတတ်သော အကျင့်မြတ်ဖြစ်သောကြောင့် ပဋိပဒါ
ဉာဏဒဿနဝိသုဒ္ဓိ မည်၏။

(၇) ဉာဏဒဿနဝိသုဒ္ဓိ
ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်ဆိုသည်မှာ ဝိပဿနာ၏ အထွတ်
အထိပ်သို့ ရောက်သော အနုလောမဉာဏ်နှင့်တကွ သင်္ခါရုပေ
က္ခာဉာဏ်ကို အပါယ်စသည်မှလည်းကောင်း, သင်္ခါရနိမိတ်မှ
လည်းကောင်း ထွက်မြောက်၍ မဂ်သို့ရောက်ကြောင်း ဖြစ်သော
ကြောင့် ဝုဋ္ဌာနဂါမိနီဝိပဿနာဟု ခေါ်၏။

သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ်ဟု ဆိုအပ်သော ဝုဋ္ဌာန
ဂါမိနီဝိပဿနာဉာဏ် ထက်သန်လာသောအခါ သစ္ဆိကရဏ
ကိစ္စဖြင့် နိဗ္ဗာန်ကို ကိုယ်တိုင် ပေါက်ရောက်၍ မဂ်ဉာဏ်ဖြစ်ပေါ်
လာသည်။ ထိုမဂ်ဉာဏ်သည် ဉာဏဒဿနဝိသုဒ္ဓိ မည်၏။

+++++
မဂ္ဂဝီထိ ပုံစံ
ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊
ဂေါတြဘူ၊ မဂ်၊ ဖိုလ်၊ ဖိုလ်၊ ဘဝင်မဂ္ဂဝီထိကို ဝီထိပိုင်းတွင် လေ့လာ
ခဲ့ပြီး ဖြစ်၏။

မဂ်ရခါနီးအခါ ဝိပဿနာဉာဏ်သည် သွက်သွက်လက်လက် ဖြစ်လာ
၏။ သင်္ခါရတရားက ထတော့မည့်အချိန်ဖြစ်၍ အားကောင်းလာ၏။
သင်္ခါရုပေက္ခာဉာဏ်အပါအဝင် ဤအခိုက်အတန့်ကို ‘ဝုဋ္ဌာနဂါမိနီ
ဝိပဿနာဉာဏ်’ဟု ခေါ်၏။

မဂ္ဂဝီထိတွင်ပါသော ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူတို့မှာ ဉာဏ
သမ္ပယုတ်ကာမာဝစရကုသိုလ်ဇောတစ်ကြိမ်စီ ဖြစ်၏။

ပရိကံ၊ ဥပစာ၊ အနုလုံ ဤသုံးခုကို အနုလောမဉာဏ်ဟု ခေါ်၏။
သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြီး မဂ်ရခါနီး ပေါ်သောဉာဏ် ဖြစ်၏။

ဂေါတြဘူမှာ ဝိပဿနာလမ်းကြောင်းတွင် ကျရောက်နေသော်လည်း
မည်သည့် ဝိသုဒ္ဓိထဲမှာမှ မပါဝင်။ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိထဲလည်း
မပါ၊ ဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါဝင်။

အမှန်မှာ ဂေါတြဘူသည် ဝိပဿနာလမ်းကြောင်းထဲ ကျနေသဖြင့်
ဝိပဿနာဟု ခေါ်ရသော်လည်း တကယ့် ဝိပဿနာအစစ် မဟုတ်ပေ။
ဝိပဿနာသည် သင်္ခါရတရား ရုပ်နာမ်တရားကို အာရုံပြု၏။
ဂေါတြဘူက နိဗ္ဗာန်ကို အာရုံပြု၏။ ကာမာဝစရစိတ်ထဲ၌ နိဗ္ဗာန်ကို
တိုက်ရိုက် အာရုံပြုသည်မှာ ဤတစ်ခု (ဂေါတြဘူ)သာ ရှိ၏။

အနုလောမဉာဏ် ဖြစ်ပြီးနောက် ဂေါတြဘူဉာဏ် (ပုထုဇဉ်အနွယ်ကို
ဖြတ်တောက်၍ အရိယာအနွယ်သို့ ရောက်စေသောဉာဏ်) ပေါ်၏။

ဂေါတြဘူနောက် ဆက်ပြီး မဂ်စိတ်ပေါ်၏။ မဂ်ဉာဏ်ဖြစ်၏။ မဂ်စိတ်
သည် နိဗ္ဗာန်ကို အာရုံပြု၏။
ဤမဂ်စိတ်ကို ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်၏။

မဂ်စိတ်နောက် ဖိုလ် ၂-ကြိမ် ၃-ကြိမ် ဖြစ်၏။ ဖိုလ်က မည်သည့်ဝိသုဒ္ဓိ
ထဲမှ မပါ။

မဂ်ဖိုလ်ဖြစ်ပြီးနောက် ဘဝင်ကျသွားကာ ပစ္စဝေက္ခဏာဉာဏ် ပေါ်၏။
ပစ္စဝေက္ခဏာဉာဏ်မှာ မဂ်ကို ဆင်ခြင်သောဉာဏ်၊ ဖိုလ်ကို ဆင်ခြင်
သောဉာဏ်၊ နိဗ္ဗာန်ကို ဆင်ခြင်သောဉာဏ် ဖြစ်၏။

မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ဖိုလ်ကို ဆင်ခြင်သော ပစ္စဝေ
က္ခဏာ၊ နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ပယ်အပ်ပြီးသော
ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ကျန်သေးသော ကိလေ
သာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ – ပစ္စဝေက္ခဏာ ၅-မျိုး ထိုက်
သင့်သလို ဖြစ်၏။

မဂ်ကိစ္စ ၄-ချက်
မဂ်ဖြစ်သောအခါ မဂ်ကိစ္စ ၄-ချက်ကို တပြိုင်နက် ပြုပြီး ဖြစ်၏။

မဂ်ကိစ္စ ၄-ချက်မှာ ဆီမီးနှင့် တူ၏။
ဆီမီးသည် “မီးစာကိုလောင်၊ အမှောင်ပယ်ရှင်း၊ အလင်းရောင်စွမ်း၊
ဆီခန်းစေမှု” ကိစ္စ ၄-ခုကို တပြိုင်တည်း ပြုသကဲ့သို့၊မဂ်သည်
(၁) ဒုက္ခသစ္စာကို ပိုင်းပိုင်းခြားခြား သိခြင်း၊
(၂) သမုဒယသစ္စာကို ပယ်ခြင်း၊
(၃) နိရောဓသစ္စာ(နိဗ္ဗာန်)ကို မျက်မှောက်ပြုခြင်း၊
(၄) မဂ္ဂသစ္စာကို ဖြစ်ပေါ်စေခြင်း ကိစ္စ ၄-ခုကို မဂ်အခိုက်အတန့်မှာ
တပြိုင်နက် ပြီးစေ၏။

မဂ်စိတ်ဖြစ်သောအခါ မဂ်ဉာဏ်က ကိလေသာများကို နောက်ထပ်
ပြန်မပေါ်အောင် ပယ်၏။

ဖိုလ်စိတ်ဖြစ်သောအခါ ဖိုလ်က တဖန်ငြိမ်းစေသောအားဖြင့် ကိလေ
သာကို ပယ်သတ်၏။

ဤနည်းဖြင့် ပထမမဂ်, ဒုတိယမဂ်, တတိယမဂ်, စတုတ္ထမဂ် အဆင့်
ဆင့်၊ ဆိုင်ရာကိလေသာတို့ကို နောင်ဘယ်တော့မှ မပေါ်အောင် အပြီး
တိုင် ပယ်သတ်လေတော့၏။

(လောကချမ်းသာဆရာတော်- New York

လူသောတာပန်နှင့် ရဟန်းသောတာပန်

ဤ၀ိပဿနာကမ္မဋ္ဌာန်းအရာမည်သည် အလွန်
နက်နဲ သိမ်မွေ့လှ၏။ ဟောပြောပြသ ဆုံးမသွန်
သင်သော ဆရာသည် နေရာကျရန်လိုလှ၏။
သိသင့်သောအရာ၌ နေရာတကျ သိနိုင်အောင်
ဟောပြောမှု ထင်မြင်အောင် အားထုတ်ရမည့်
အရာ၌နေရာတကျထင်ကွက်မြင်ကွက်ပေါ်အောင်
ပြသမှု့သည်ကား ဆရာ့တာဝန်တည်း။

ထင်ကွက်မြင်ကွက်ပေါ်ရုံမျှနှင့် ကမ္မဋ္ဌာန်းကိစ္စခရီး
ရောက်နိုင်သေးသည် မဟုတ်။ ထင်မြင်အောင်
အားထုတ်ရန် အချက်ကို ဆရာ သွန်သင်ပြသ၍
လှလှကြီး ရိပ်မိသောအခါ အထင်အမြင် နေ့စဉ်
တိုးပွားစေရန် ရဟန်းဖြစ်ခဲ့အံ့။ ဆိပ်ငြိမ်ရာတော
တောင်အရပ်သို့ဝင်၍ ထက်သန်သောဝီရိယဖြင့်
လရှည်နှစ်များအားထုတ်မှု။

လူဖြစ်ခဲ့အံ့။ အိမ်စီိးပွားနှင့်တွဲဖက်၍ လရှည်နှစ်
များ စွဲမြဲမှုသည်ကား တပည့်၏တာဝန်တည်း။
အာနာပါနအစရှိသော ကမ္မဋ္ဌာန်းမျိုးသည်ကား
ပြောဟောမှုအလွန်လွယ်၏။ နိမိတ်အထင်ရ
အောင် အားထုတ်နိုင်မှု အလွန်ခဲယဉ်း၏။

အိမ်၌နေ၍ စီးပွားနှင့်တွဲဖက်ခြင်းငှါမရ။ ဆိတ်
ငြိမ်ရာသို့ထွက်၍ အပြင်းအထန်အားထုတ်နိုင်
မှ နိမိတ်ကို ရနိုင်၏။ ၀ိပဿနာ ကမ္မဋ္ဌာန်းဟူ
သည်ကား ဉာဏ်အလုပ်ဖြစ်၍ လယ်လုပ်၍
လည်း ဖြစ်နိုင်၏။ ယာလုပ်ရင်းလည်း ဖြစ်နိုင်
၏။

လှေသွားရင်း ၀န်ထမ်းရင်း ရောင်းရင်းဝယ်ရင်း
အစရှိသည်ဖြင့် အိမ်အလုပ် အိမ်စီးပွားနှင့် တွဲ
ဖက်နိုင်သတည်း။ ဘုရားလက်ထက်တော်၌
သမထကမ္မဋ္ဌာန်းကို ပေါက်ရောက်အောင်လုပ်
နိုင်သောသူသည် အလွန်နည်း၏။

အိမ်၌နေ၍ အိမ်စီးပွားနှင့်တွဲဖက်၍စွဲမြဲကြသူ
အလွန်များ၏။ ထိုစကားမှန်၏။ သမထ ကမ္မ
ဋ္ဌာန်း ပေါက်ရောက်သူ လူ၍အလွန်နည်း၏။
ရဟန်းတို့၌သာ များ၏။

ဝိပဿနာကမ္မဋ္ဌာန်းပေါက်ရောက်၍ သော
တာပန်အရိယာဖြစ်ကြသူကား လူ၌အလွန်
များ၏။ လူသောတာပန် တစ်ထောင်ကို
ရဟန်းသောတာပန်တစ်ယောက်ကျထား၍
ရေတွက်သော်လည်း ရဟန်းဘက်က သာ
ကုန်လေရာ၏။

လူဘက်မှာမကုန်လေရာ။ ဤမျှလောက်များ
ပြားရိပ်ထင်၏။ အဘယ်ကြောင့်နည်း။
လောက၌ရှိရင်းကပင် ရဟန်းအလွန်နည်း၏။
လူကမှုမဇ္ဈိမတိုက်နှင့် အပြည့်ရှိ၏။ လူသော
တာပန်လည်း ပြည့်မတတ်ပင်များလှ၏။ ထို
သို့များလှခြင်းက အိမ်စီးပွားနှင့် ၀ိပဿနာတွဲ
ချင်တိုင်း တွဲသာလှသောကြောင့်တည်း။

အယုတ်အားဖြင့် အစေခံ အိမ်ကျွန်မ အခစား
ကူလီပင်ဖြစ်သော်လည်း သံဝေဂသတိကောင်း
ကောင်းဖြင့် ရှုပါလျှင် ၀ိပဿနာတွဲဖက်နိုင်တော့
သာတည်း။ ဤမျှသော စကားစုဖြင့် ၀ိပဿနာ
မှုမည်သည် လူတို့လည်း စွဲမြဲခြင်းငှါ အလွန်
ကောင်းလှကြောင်း လိုရင်းစကားတည်း။

လယ်တီဒီပနီပေါင်းချုပ် တတိယတွဲ

စာမျက်နှာ ၃၁၆၊ အာဟာရဒီပနီကျမ်းမှ

Thursday, July 10, 2014

ဝါဆိုသင်္ကန်းလှူသူ အပါယ်မလား


ယနေ့ ဝါဆိုသင်္ကန်းအလှူတော်ကို
နှစ်စဉ်လှူဒါန်းမြဲ ဖြစ်တဲ့ ဝါဆိုသင်္ကန်း
အလှူကို လှူဒါန့်းကြ နှစ်စဉ်နှစ်စဉ်
လှူဒါန်းနေတော့ ဝါဆိုသင်္ကန်းအလှူဟာ
သာမန်ဝါဆိုသင်္ကန်းအလှူမဟုတ်တော့ဘူး
နိဗဒ္ဓပုည ထာဝရကောင်းမှု အမြဲဝတ်ပြု
လှူဒါန်းအပ်တဲ့ ကုသိုလ်မို့လို့ နိဗဒ္ဓကောင်းမှု
ကုသိုလ်တစ်ရပ်အဖြစ်သို့ရောက်သွားတယ်
ကုသိုလ်ထူးတစ်ရပ်အဖြစ်သို့ ရောက်သွား
တော့ အဲဒီ ပုဂ္ဂိုလ်ဟာ သောတာပန်များ
အပါယ်မလားဘဲနဲ့ ဂတိမြဲတဲ့ အကျိုးကို
ရနိုင်သလို အဲဒီ နိဗဒ္ဓပုညရှင် ထာဝရ
ကုသိုလ်ရှင်တွေဟာလည်း အပါယ်မလားပဲ
ဂတိမြဲတဲ့အကျိုးကို ရနိုင်တယ်လို့ ကျမ်းဂန်
မှာ ဒီအတိုင်း မိန့်ဆိုထားတာရှိတယ်။
ယေသံ ပန ကုလာနံ တီဏိသရဏာနိ
ပဉ္စသီလာနိ ဧကံ သလာကဘတ္တံ
ဧကံပက္ခိကဘတ္တံ ဧကံ ဝဿဝါသိကံ
ဧကာပေါက္ခရဏီ ဧကောအာဝါသော
နိဗဒ္ဓပုညာနိအတ္တိ တေသံဂတိနိဗဒ္ဓါ
သောတာပန္နသဒိသာနေဝ
တာနိကုလာနိ။
တိသရဏ ငါးသီလ
မဲချစာရေးတန်
ဆယ့်ငါးရက်ဆွမ်း
ဝါသင်္ကန်း လှူဒါန်းသောက်ရေကန်
ကျောင်းလှူတစ်ဝ နိဗဒ္ဓ
ပုညရှိသူမှန် သောတာလိုပဲ
ဂတိမြဲ သူလည်း ပါယ်မပြန်။

ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ။


ဝါဆိုလပြည့်နေ့သည်==
၁။ ဂေါတမ ဘုရားလောင်း ပဋိသန္ဓေနေသောနေ့ ဖြစ်၍ ထူးခြားခြင်း။
၂။ ဂေါတမ ဘုရားလောင်း တောထွက်တော်မူသောနေ့ ဖြစ်၍ ထူးခြားခြင်း။
၃။ ဂေါတမ မြတ်စွာဘုရား ဓမ္မစကြာတရားကို စတင်ဟောတော်မူသောနေ့ ဖြစ်၍ ထူးခြားခြင်း။
၎။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ ဖြစ်၍ ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ ဖြစ်၍ ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ ဖြစ်၍ ထူးခြားခြင်း။
၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့ ဖြစ်၍ ထူးခြားခြင်း။
၉။ “ ဧဟိ ဘိက္ခု ” ဟူသော စကားကို စတင် ကြားရသောနေ့ ဖြစ်၍ ထူးခြားခြင်း။ တို့ဖြစ်ပါသည်။
{ ဦးပညာသာမိ(မာဂဓီ-သာစည်)၏ အခါတော်နေ့များမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }