Tuesday, July 15, 2014

"အဘိဓမ္မာမြတ်ဒေသနာ"ဆိုတာ-

"အဘိဓမ္မာမြတ်ဒေသနာ"ဆိုတာ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေထဲမှာ အထူးခြားဆုံးနဲ့ အလေးနက်ဆုံး ဒေသနာလို့ ပြောရမယ်။ မြတ်စွာဘုရား တရားတော်ကို ခွဲခြမ်းစိပ်ဖြာပြီးတော့ ကြည့်ရင် မြတ်စွာဘုရား စကားတော်ဟာ 'ဓမ္မ' နဲ့ '၀ိနယ' လို့ နှစ်မျိုး ရှိတယ်။
ဓမ္မလို့ဆိုတာက သဘာဝတရားတွေကို ပြောတာ၊ သဘာဝ တရားတွေကို ရည်ညွှန်းပြီးတော့ ဟောပြောတာ ဓမ္မ။
ဝိနယဆိုတာ သံဃာတွေ သံဃာ့အဖွဲ့အစည်းမှာ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို သတ်မှတ်ထားတာကို ခေါ်တယ်၊ မြတ်စွာဘုရား တရားတော်ကို အနှစ်ချုပ်ပြီးတော့ ပြောမယ်ဆိုရင် 'ဓမ္မ' နဲ့ '၀ိနယ' ဒီနှစ်ခု ရှိပါတယ်။
အဲဒီ 'ဓမ္မ'ဆိုတဲ့ အထဲမှာ ဘာတွေ ပါတုန်းဆိုရင် သုတ္တန် တရားတော်နဲ့ အဘိဓမ္မာ တရားတော်တွေ ပါတယ်။ ဓမ္မမှာ အဘိဆိုတဲ့ စကားလုံး မပါရင် သက်သက် ဓမ္မဆိုတာ သုတ္တန် တရားတွေကို ရည်ညွှန်းတယ်၊ အဘိဓမ္မာဆိုတာ ထူးခြား လေးနက်တဲ့ အဘိဓမ္မာ ဒေသနာတော်ကို ရည်ညွှန်းပါတယ်။

"ပိဋကတ် ၃-ပုံ"

ဒါကြောင့် 'ဓမ္မ'ကို သုတ္တန္တဓမ္မနဲ့ အဘိဓမ္မရယ်လို့ နှစ်မျိုးခွဲလိုက်ပြီး ဘုရားရှင် ဟောတော်မူခဲ့တဲ့ 'ဓမ္မ' နဲ့ '၀ိနယ'ကို ၀ိနယရယ်, သုတ္တန္တရယ်, အဘိဓမ္မရယ်လို့ ၃-မျိုး ခွဲလိုက်တဲ့ အခါကျတာ့ ဒါကို ပိဋကတ် ၃-ပုံလို့ ခေါ်ကြတယ်။
'ပိဋက'ဆိုတဲ့ စကားလုံးကို အများသိနေကြတာတော့ 'ခြင်းတောင်း'ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ အင်္ဂလိပ်လို ပြန်ဆိုတဲ့အခါ Basket လို့ ပြန်ကြတယ်၊ အဲဒီတော့ ပဋကတ် သုံးပုံကို Three Basket လို့ ပြန်လေ့ရှိတယ်။ သို့သော် 'ပိဋက'ဆိုတာ ခြင်းတောင်းလို့သာ အဓိပ္ပာယ်ရတာ မဟုတ်ဘူး၊ 'သင်ယူရမယ့်ကျမ်းစာ'ကိုလည်း ပိဋကသဒ္ဒါက ဟောတယ်၊ ဒါကြောင့်မို့ တခြားနည်းနဲ့လည်း အင်္ဂလိပ်လို ဘာသာပြန်ဖို့ သင့်တယ်ပေါ့၊ ပိဋကဆိုတာ သင်ယူရမယ့်ကျမ်းစာ (Text to be learned)လို့ အဓိပ္ပာယ်ရတယ်။
အဲဒီ သင်ယူရမယ့် ကျမ်းစာကို သုံးမျိုးသုံးစား ခွဲထားတယ်၊ သံဃာအဖွဲ့အစည်း လိုက်နာရန် စည်းမျဉ်း စည်းကမ်းတွေအနေနဲ့ ဟောထားတာက '၀ိနယ'၊ သဘာဝတရားတွေကို လောကဝေါဟာရတွေနဲ့ တင်ပြီးတော့ လုပ်သင့်, မလုပ်သင့်၊ ဘယ်အရာဟာ လုပ်သင့်တယ်၊ ဘယ်အရာဟာ မလုပ်သင့်ဘူး စသည်ဖြင့် လုပ်သင့်, မလုပ်သင့် နည်းဥပဒေတွေ ပေးပြီးတော့ ဟောတာက "သုတ္တန္တ"။
'အဘိဓမ္မာ'ကျတော့ လုပ်သင့်, မလုပ်သင့် ဆိုတာကို မပြောတော့ဘူး၊ သဘာဝတရားတွေဟာ ဆိုင်ရာ အကြောင်းတရားတွေ မှီပြီးတော့ ဘယ်ပုံဘယ်နည်း ဖြစ်ပေါ်နေတယ် ဆိုတာကိုသာ ဟောတယ်၊ သဘာဝတရားသက်သက် ရှင်းလင်း ဟောပြောတာက "အဘိဓမ္မာ"၊ အဘိဓမ္မာကို ပုဂ္ဂိုလ်နဲ့ ဆက်စပ်ပြီးတော့ မဟောဘူး၊ သဘာဝတရားသက်သက်ကို ဟောတယ်။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)။
အဘိဓမ္မာ မြတ်ဒေသနာ(ပထမတွဲ)၊ အဘိဓမ္မာ မြတ်ဒေသနာ တရားတော်မှ ကူးယူမျှဝေပါတယ်။

No comments: