Thursday, September 5, 2013

*ပြုံးသေ မဲ့သေ*


ဇာဏုသောနိပုဏ္ဏားကြီးက ဘုရားထံလာ၍ လျှောက်ထား၏။

“အရှင်ဘုရား... လောကကြီးထဲမှာ သေရမှာ မကြောက်တဲ့သူရယ်လို့ မရှိဘူး၊ ကြောက်တဲ့သူချည်းပဲဘုရား”

ထိုအခါ မြတ်စွာဘုရားက-
“သည်လို တစ်ထစ်ချ မယူလိုက်ပါနှင့်၊ သေရမှာ ကြောက်တဲ့ ပုဂ္ဂိုလ်လဲရှိတယ်၊ မကြောက်တဲ့ ပုဂ္ဂိုလ်လဲရှိတယ်...”
ဤသို့မိန့်တော်မူသည်၊ အကျယ်ချဲ့၍လည်း ရှင်းပြတော်မူ၏။

ကြောက်သူ(၄)မျိုးနှင့် မကြောက်သူ(၄)မျိုး ရှိကြောင်းကိုလည်း ဖော်ပြတော်မူသည်။


သေရမှာကြောက်သော ပုဂ္ဂိုလ် ( ၄ ) မျိုး။

၁။ အချို့ပုဂ္ဂိုလ်ဟာ သား သမီးနဲ့စီးပွားဥစ္စာ ငါးဖြာအာရုံ ကာမဂုဏ်တို့၌ တွယ်တာမှုမကင်းသေး၊ ထိုပုဂ္ဂိုလ်တို့ သန္တာန်မှာ ရောဂါဝေဒနာ တစ်ခုခု ရောက်လာလျှင် “စည်းစိမ်တွေက ငါ့ကိုစွန့်တော့မယ်၊ ငါကလဲ စည်းစိမ်တွေကို စွန့်ရတော့မယ်”ဟု တွေး၍ပူဆွေး၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်းတီးဖြစ်ရ၏၊ ဤပုဂ္ဂိုလ်မျိုးက သေရမှာ ကြောက်သည်။

၂။ နောက်တစ်ယောက်မှာ မိမိခန္ဓာကိုယ်ပေါ်၌ တွယ်တာမှုမကင်းသေး ထိုပုဂ္ဂိုလ်တို့ သန္တာန်မှာ ရောဂါ ဝေဒနာတစ်ခုခု ရောက်လာလျှင်“ချစ်လှစွာသော ခန္ဓာကိုယ်က ငါ့ကိုစွန့်တော့မယ်၊ ငါကလဲသူ့ကို စွန့်ရတော့မယ်ဟု တွေး၍ပူဆွေး၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီးဖြစ်ရ၏၊ဤပုဂ္ဂိုလ်မျိုးကလည်း သေရမှာကြောက်သည်။

၃။ နောက်တစ်ယောက်ကား ကုသိုလ်ကောင်းမှုတွေ မပြုရသေး၊ အကုသိုလ်တွေတော့ ပြုမိလျက်သား ဖြစ်နေပြီ၊ ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ရောဂါဝေဒနာ တစ်ခုခုကပ်ရောက်လာလျှင် “ငါ့မှာ ကုသိုလ်ကောင်းမှုရယ်လို့ မရှိသေး၊ အကုသိုလ်တွေတော့ ပြုထားမိပေါ့” ဟု တွေး၍ ပူဆွေး၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး ဖြစ်ရ၏။ ထိုပုဂ္ဂိုလ်မျိုးကလည်း သေရမှာ ကြောက်သည်။

၎။နောက်တစ်ယောက်ကား (ပဋ္ဋိစ္စသမုပ္ပါဒ်ကြောင်းကျိုးကို နားမလည်၍ ယုံမှားသံသယ ၀ိစိကိစ္ဆာတွေ ရှိနေ၏၊ အကြောင်းဖြစ်လို့အကျိုးဖြစ်၊ အကြောင်းချုပ်လို့ အကျိုးချုပ်ရသည်ကို နားမလည်၊ ထိုပုဂ္ဂိုလ်မျိုး သန္တာန်မှာ ရောဂါဝေဒနာ တစ်ခုခုရောက်လာလျှင် “ငါ့မှာသံသယ ၀ိစိကိစ္ဆာတွေရှိနေတယ်” ဟု တွေး၍ ပူဆွေး၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီးဖြစ်ရ၏၊ထိုပုဂ္ဂိုလ်မျိုးကလည်း သေရမှာကြောက်သည်။ဤသည်တို့ကား သေရမှာ ကြောက်သူပုဂ္ဂိုလ်လေးမျိုးဖြစ်၏။

သေရမှာ မကြောက်သူလည်း (၄)ဦးရှိ၏၊ ဖော်ပြခဲ့ပြီး ကြောက်သူ(၄)မျိုး၏ ပြောင်းပြန်မှတ်ရုံသာဖြစ်သည်။


သေရမှာမကြောက်သောပုဂ္ဂိုလ် ( ၄ ) မျိုး။

၁။ငါးဖြာအာရုံ ကာမဂုဏ်တို့၌ တွယ်တာမှုကင်းနေသူဖြစ်၏။ လက္ခဏာရေး သုံးပါးတင်၍ မြင်ထားသူဖြစ်သည်၊ ထိုပုဂ္ဂိုလ်တို့ သန္တာန်သို့ ရောဂါ ဝေဒနာ ရောက်လာသော်လည်း ထိုပုဂ္ဂိုလ်တို့က သေရမှာ မကြောက်။ အဘယ်ကြောင့်ဆိုသော် သုဂတိ၊ သို့မဟုတ် နိဗ္ဗာန်ကို မြင်ထားသောကြောင့် ဖြစ်သည်။

၂။ ခန္ဓာကိုယ်ပေါ်၌ တွယ်တာမှု ကင်းနေသူဖြစ်၏၊ လက္ခဏာရေးသုံးပါးတင်၍ မြင်ထားသူဖြစ်သည်။ ထိုပုဂ္ဂိုလ်မျိုး သန္တာန်သို့ ရောဂါ ဝေဒနာရောက်လာသော်လည်း ထိုပုဂ္ဂိုလ်သေရမှာ မကြောက်၊ အဘယ်ကြောင်ါဆိုသော် သုဂတိ၊ သို့မဟုတ်နိဗ္ဗာန်ကို မြင်ထားသောကြောင့်ဖြစ်သည်။

၃။ အကုသိုလ်တွေ နည်းပါး၍၊ ကုသိုလ်တွေများသူဖြစ်သည်၊ လက္ခဏာရေးတင်၍ ၀ိပဿနာဖြင့် နေသူလည်းဖြစ်၏၊ ထိုပုဂ္ဂိုလ်မျိုးတို့ သန္တာန်သို့ ရောဂါဒေနာ ရောက်လာသော်လည်း ထိုပုဂ္ဂိုလ်တို့က သေရမှာမကြောက်၊ အဘယ်ကြောင့်ဆိုသော် သုဂတိ၊ သို့မဟုတ် နိဗ္ဗာန်ကို မြင်ထားသောကြောင့်ဖြစ်သည်။

၎။ (ပဋ္ဋိစ္စသမုပ္ပါဒ်ကြောင်းကျိုးဖြစ်ပုံကို သဘောပေါက်ထား၍) သံသယ၀ိစိကိစ္ဆာမရှိ၊ ၀ိပဿနာဖြင့် နေသူလည်းဖြစ်သည်။ ထိုပုဂ္ဂိုလ်မျိုးတို့ သန္တာန်သို့ ရောဂါဝေဒနာ ရောက်လာသော်လည်း ထိုပုဂ္ဂိုလ်တို့က သေရမှာမကြောက်၊ အဘယ်ကြောင့်ဆိုသော် သုဂတိ၊ သို့မဟုတ် နိဗ္ဗာန်ကို မြင်ထားသောကြောင့် ဖြစ်သည်။

ဤပုဂ္ဂိုလ်(၈)မျိုးရှိရာတွင် ရှေ့(၄)မျိုးက သေခါနီးမှာ အဆင်မပြေကြ၍ “မဲ့သေ” ဖြစ်ကြ၏။ နောက် (၄)မျိုးက သေရမည်ကို ပြင်ဆင်ပြီးဖြစ်၍ "ပြုံးသေ" ဖြစ်ကြ၏။

ယခုအချိန်ကပင် လျှင် ကြိုတင်ပြင်ဆင် မှ ပြုံးသေဖြင့် သေကြရပေမည်။ ကြိုတင်ပြင်ဆင်ကြပါစို့။

No comments: