Thursday, September 5, 2013

လူဟူသည်

''ချစ်သား အာနန္ဒာ၊ မိတ်ဆွေကောင်း ဟူသည် ယခုလောက အတွက်သာ မဟုတ် သံသရာမှ လွတ်မြောက်၍ နိဗ္ဗာန် ရောက်သည့် တိုင်အောင် အကျိုးဆောင် နိုင်၏''ဟူ၍ မိတ်ကောင်း ဆွေမွန်နှင့် ဆက်စပ်၍  မြတ်ဗုဒ္ဓက ဟောကြားတော် မူသည်။
လူသည် မည်သူနှင့်မျှ ပေါင်းသင်း ဆက်ဆံခြင်း မပြုဘဲ မနေနိုင်၊ မရနိုင်သော သတ္တဝါ ဖြစ်သည်။ တစ်ဦးကို တစ်ဦး အပြန်အလှန် မှီခို၊ ကျေးဇူး ပြုခြင်းဖြင့် မိမိဘဝ၊ မိမိ၏ အသိုင်းအဝိုင်း တည်မြဲစေရန် ကြိုးစားအားထုတ် ရသည်သာ ဖြစ်သည်။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသလို တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ကျေးဇူးပြုပြီး ဆက်ဆံ နေထိုင်နိုင်မှ မိမိနှင့် မိမိ ပတ်ဝန်းကျင်သည် အဓွန့်ရှည် တည်မြဲ နေနိုင်မည် ဖြစ်သည်။
မိတ်ကောင်းဆွေမွန် ဆိုသော သဘောကို လောက နီတိက ''အကြင် အဆွေခင်ပွန်း တို့သည် အနာ ရောဂါ နှိပ်စက် သောအခါ ၌လည်းကောင်း၊ ငတ်မွတ် ခေါင်းပါးသော ကာလ၌ လည်းကောင်း၊ မိမိနှင့် အတူ ရှိကုန်၏။ ထိုမိတ်ဆွေ ခင်ပွန်းတို့သည် မိတ်ဆွေစစ် မည်ကုန်၏''ဟု ဖွင့်ဆိုပါသည်။ မိတ်ကောင်း မိတ်မြတ် များကို ရှာဖွေရာတွင် အပေါ်ယံ ဥပဓိရုပ်ကို ကြည့်ရုံမျှဖြင့် လုံလောက်မှု မရှိဘဲ အတွင်းစိတ် သဘော ကိုလည်း စောကြော လေ့လာ အပ်ကြောင်းကို ကျေးဇူးရှင် မန်လည် ဆရာတော် ဘုရားကြီးက မဃဒေဝ လင်္ကာသစ် ကြီးတွင် ''လူဟုဆိုက၊ ရုပ်ကိုမကြည့်၊ စိတ်ကိုကြည့်လော့၊ သူ၏သဘော၊ လိုက်လျော ပေါင်းသင်း၊ နှီးနှောခြင်းဖြင့်၊ မကင်းဥာဏ၊ နှိုင်းချင့်ဆရှင့်၊ ရှေးကချစ်ခင်၊ ကျွမ်းဝင်မိတ်ဟောင်း၊ ငယ်ပေါင်း ငယ်ချစ်၊ ကောင်းဆုံးဖြစ်၏''ဟု လမ်းညွှန် ဖော်ပြခဲ့သည်။
မိတ်ကောင်း ဆွေမွန်တို့၏ မြတ်နိုးဖွယ်ရာ ဂုဏ် အရည်အချင်း များထဲတွင် အကြောင်း တစ်ခုခုကြောင့် ဆင်းရဲဒုက္ခ ရောက်ရချိန်၌ လိုအပ်သော အကူအညီကို ပေးနိုင်သော အရည်အချင်း တစ်ရပ်သည်လည်း အပါအဝင် ဖြစ်သည်။ မိတ်ဆွေစစ် မိတ်ဆွေကောင်း တို့ထံတွင် မိမိ အကျိုးကို လိုလားခြင်း၊ ယုံကြည် စိတ်ချရခြင်း၊ အကူအညီ လိုအပ်ချိန်တွင် အကူအညီ ရခြင်း၊ ကောင်းရာ မွန်ရာကို ညွှန်ပြတတ်ခြင်း စသော စိတ်ကောင်းစိတ်မြတ် တို့နှင့်တကွ တစ်ပါးသူ အကျိုးကို လိုလားသော ပရဟိတ စိတ်အသွင်ကို ကြည်လင်စွာ တွေ့မြင်နိုင်သည်။
မြန်မာ တစ်မျိုးသားလုံး တရိုတသေ လိုက်နာကျင့်သုံး လျက်ရှိသော မင်္ဂလာ တရား (၃၈) ပါးတွင် မြတ်ဗုဒ္ဓက ''အသေ ဝနာစ ဗာလာနံ၊ ပဏ္ဍိတာ နဉ္စ သေဝနာ'' ဟူသော မင်္ဂလာ တရား နှစ်ပါးကို ဟောကြား ညွှန်ပြခဲ့ရာ မိတ်ဆွေကောင်း တို့၏ တန်ဖိုးနှင့်ကျေးဇူး ကြီးမားပုံကို ထင်ရှားစွာ သိမြင်နိုင်သည်။ မိတ်ကောင်း ဆွေမွန် တို့၏ ကျေးဇူး တရားမှာ တန်ဖိုးကြီးမား သည်နှင့်အမျှ မိမိတို့ ကိုယ်တိုင်ကလည်း မိတ်ဆွေစစ် အင်္ဂါ ရပ်များနှင့် ပြည့်စုံရန် ပျိုးထောင် လေ့ကျင့်နေရန် လိုအပ်သည်။ သို့ဖြစ်ရာ ''ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့် ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ ကျင့်လေ မိတ်သဟာ'' ဆိုသည့် သိင်္ဂါလော ဝါဒသုတ်လာ ဆုံးမစကား အတိုင်း မိမိတို့ ကိုယ်၌ကလည်း အဆွေ ခင်ပွန်းကောင်းများ ဖြစ်အောင်  ကြိုးစား ကျင့်ကြံကာ  လောကလူသား အကျိုး  ဆတိုးရွက်ဆောင် သွားကြရမည် ဖြစ်ပါကြောင်း။

No comments: