Thursday, September 5, 2013

ဓမ္မပဒ အဆုံးအမ

သူတပါးတို့၏ ကြမ်းတမ်းဝန်တို မလိုသောစကားတို့ကို နှလုံးမသွင်းအပ်။ သူတပါးတို့ ကောင်းသောအမှု မကောင်းသောအမှု ပြုမပြုကို မကြည့်ရှု မဆင်ခြင်ရာ။ မိမိ၏ ကောင်းသောအမှု မကောင်းသော အမှု ပြုမပြုကိုသာလျှင် ကြည့်ရှု ဆင်ခြင်ရာ၏။ 
 ပျားပိတုန်းတို့သည် ပန်းပွင့်ကိုလည်းကောင်း၊ အဆင်းအနံ့ကို လည်းကောင်း၊ မပျက်စီးစေဘဲ ပန်းဝတ်ရည်ကိုသာ စုပ်ယူ၍ ပျံသွားလေသကဲ့သို့၊ ရဟန်းသည် မြို့ရွာ၌ လူတို့၏ သဒ္ဓါတရားတည်းဟူသော ပန်း၊ ဥစ္စာတည်းဟူသော အဆင်းအနံ့ကို မထိခိုက် မပျက်စီးစေဘဲ ပစ္စည်းလေးပါး တည်းဟူသော အရသာကို ခံယူ၍ ကျင့်ရာ၏။ 
 မီးသည် ကြီးငယ်မရှောင် လောင်စာဟူသမျှကို လောင်၍သွားသကဲ့သို့ မမေ့လျော့ခြင်း၌ မွေ့လျော်၍ မေ့လျော့ခြင်း၏ အပြစ်ကို မြင်သော ရဟန်းသည် နည်းများမဟူ သံယောဇဉ်အနှောင်အဖွဲ့ ဟူသမျှကို အရိယာမဂ် တည်းဟူသော မီးဖြင့် ရှို့လျက် နိဗ္ဗာန်သို့ သွားလေ၏။ 
ကုသိုလ်ကောင်းမှု၌ မမေ့လျော့ခြင်းကြောင့် သိကြားမင်းသည် နတ်တကာတို့ထက် မြတ်သော အကြီးအမှူး အဖြစ်သို့ရောက်၏။ ကုသိုလ်ကောင်းမှု၌ မမေ့လျော့သော သတိတရားကို ပညာရှိတို့ ချီးမွမ်းကုန်၏။ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို ပညာရှိတို့ အမြဲကဲ့ရဲ့ ကုန်၏။  
မေ့မေ့လျော့လျော့ အချိန်မကုန်ကြစေလင့်၊ ကိလေသာ အာရုံ ကာမဂုဏ်၌ မွေ့လျော်ပျော်ပါးတတ်သော တဏှာနှင့် မပေါင်းဖော်ကြလင့်၊ မမေ့လျော့ဘဲ ကမ္မဋ္ဌာန်းရှုလေ့ရှိသောသူသည် ကြီးကျယ်ပြန့်ပြောသော နိဗ္ဗာန်ချမ်းသာကို ရလေ၏။ 
 ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘ၀တို့၌ အကြောင်းအကျိုးမသိ၊ ပညာမရှိသော လူမိုက်တို့သည် မေ့မေ့လျော့လျော့ အချိန်ဖြုန်းကြ၏။ ပညာရှိသောသူသည်ကား မမေ့မလျော့သော သတိတရားကို မြတ်သောဥစ္စာကဲ့သို့ စောင့်ရှောက်၏။ 
 လုံ့လလည်းရှိ၊ သတိလည်းရှိ၊ အပြစ်ကင်းသောအလုပ်ကိုလည်း ပြုလုပ်တတ်၊ အမှုကိစ္စဟူသမျှကို ပညာဖြင့် ဆင်ခြင်၍ ပြုလုပ်လေ့လည်းရှိ၊ ကိုယ် နှုတ် စိတ် သုံးပါးကိုလည်း စောင့်စည်းလေ့ရှိ၊ တရားသဖြင့် အသက်မွေးလေ့လည်းရှိ၍ မမေ့မလျော့သောသူမှာ စည်းစိမ်ဥစ္စာ အရာအထူး ကျေးဇူးသတင်း ကျော်စောခြင်း အလွန် တိုးပွါးလေ၏။ 
ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်၏။ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းသည် ပူပန်ဆင်းရဲ အဖန်တလဲလဲ သေရခြင်း၏ အကြောင်းဖြစ်၏။ ကုသိုလ်ကောင်းမှု၌ မမေ့လျော့သော သူတို့သည် မသေရာ နိဗ္ဗာန်သို့ ရောက်ကြမည်ဖြစ်၍ မသေသော သူများ ဖြစ်ကြ၏။ ကုသိုလ်ကောင်းမှု၌ မေ့လျော့သောသူတို့သည် အသက်ရှင်လျက် ရှိကြသော်လည်း အဖန်တလဲလဲ သေကြရဦးမည် ဖြစ်၍ သေသောသူနှင့် တူကုန်၏။ 
အမိုးကောင်းစွာမိုးသော အိမ်အတွင်းသို့ မိုးရေမိုးပေါက် ဖောက်မ၀င်နိုင်သကဲ့သို့ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းလေ့မရှိသောသူ၏ စိတ်ထဲသို့ ကိလေသာရာဂ ဖောက်မ၀င်နိုင်။

No comments: