Friday, September 6, 2013

အဆုံးအမစာ

~
တရားမကြိုက်၊ လျှာဒုစရိုက်နှင့်၊ လူမိုက်တသောင်း၊ ခြီးမွမ်းရှောင်းလည်း၊ သူကောင်းတယောက်၊ ပြစ်တင်ကြောက်လော့၊ ရှေ့နောက်မဆ၊ လူ့ဗာလတို့၊ ဂုဏဒေါသ၊ နှစ်ဝကျိုးပြစ်၊ စိစစ်မြော်မြင်၊ မဆင်ခြင်ဘူး၊ ဆိုချင်မက်မော၊ ဆိုလျှင်ဆောဖြင့်၊ သဘောအလိုက်၊ တုတ်နှင့်ရိုက်သို့၊ သူမိုက်ခြီးမွမ်း၊ ဂုဏ်နာနွမ်း၏၊ ၀မ်းမမြောက်သာ၊ ဤလူ့ရွာဝယ်၊ ကျွမ်းဝင်ရာညွတ်၊ ကြိုက်ရာနတ်နှင့်၊ မမှတ်ဂုဏ်ဝါ၊ ထူး မရှာဘူး၊ ကြည်ညိုရာမြတ်၊ ချစ်ရာတတ်၏၊ ဆတ်ဆတ်ဧကန်၊ မှန်သည်မယှိ၊ လူ့ထုံး သိလော့၊ လောကီလူတမ်း၊ လူ့နှုတ်ခမ်းကား၊ ခြီးမွမ်းကဲ့ရဲ့ ၊ ဖြစ်တတ်ခဲ့ရှင့်၊ ပြစ်ဘွဲ့ကြည်ညို၊ ပြောကြဆိုလည်း၊ ပြောဆိုသူနှင့်၊ နှိုင်းကာချင့်တည့်၊ ယခင့်ထိုသူ၊ ယုတ်မြတ်ဟူလည်း၊ အယူတူမျှ၊ ကြည်ညိုကြ၏၊ လူမျှသည်သာ၊ မဟုတ်စွာသေး၊ သူရာ သုရ၊ သင်္ဂါမနှိုက်၊ သက္ကဣန္ဒာ၊ ဝေစိတ္တာတို့၊ သုဘာသိတ၊ ဆိုကုန်ကြသော်၊ ဗာလတို့အား၊ ဒဏ်ထားကြီးစွာ၊ ပြုအပ်ရာဟု၊ အသုရာမင်း၊ ရှေးဦးကျင်း၍၊ ဆိုလျှင်းသော့ခါ၊ အသုရာတို့၊ လွန်စွာရွှင်ပျို့၊ နှစ်လို့ကုန်ကြ၊ ဒေ၀အများ၊ ၀တိန်သားမူ၊ နားနှိုက်မသာ၊ ခါးကြစွာ၏၊ ထိုဗာလအား၊ ဒဏ်မထားဘဲ၊ သိကြားသူဇံ၊ နတ်ဘုန်းလျှံက၊ သည်းခံအပ်စွာ၊ ဆိုသော့ခါနှိုက်၊ ၀တိန်သာသား၊ နတ်အများတို့၊ ရွှင်အားညီညာ၊ ကောင်းခြီးငြာ၏၊ အသုရာသား၊ အောက်နတ်များကား၊ တရားမဲ့ဘိ၊ လိုမယှိ၍၊ တုဏှိဘာဝ၊ နေကုန်ကြရှင့်၊ ဓမ္မ အဓမ္မ၊ သဘာဝနှိုက်၊ ဟိန ဥက္ကဌ်၊ ယုတ်မြတ် ပုဂ္ဂိုလ်၊ အလိုနှစ်တို့၊ မတူတို့ဘူး၊ ဤသို့ခြင်းရာ၊ ၀တိံမှာလည်း၊ ၀တိံသာသား၊ တပါးအောက်ရွာ၊ အသုရာမှာ၊ အသုရာများ၊ နှစ်ပုံခြား၍၊ ဓာတ်အားလျော်ရာ၊ ကြိုက်ကြစွာ၏၊ ပညာမဲ့ထ၊ ဗလလူကို၊ ခြီးမွမ်းဆိုသော်၊ ထိုသူဗာလ၊ ကဲ့ရဲ့ ကလည်း၊ မုချ ပဏ္ဍိ၊ အမှန်သိရှင့်၊ မှတ်ဘိအဟုတ်၊ လူ အစုတ်နှိုက်၊ သူယုတ်သဘော၊ ဓာတ်မနှော၍၊ မြတ်သောသူကို၊ မကြည်ညိုဘူး၊ အလိုစက္က၀ါ၊ ဝေးကြကွာ၏၊ သမ္မာမိစ္ဆာ၊ ဤနှစ်ဖြာကား၊ ဘယ်ခါသော်မှ၊ မတူကြတည့်၊ မမျှကျိုးပြစ်၊ ကျောက်စရစ်နှင့်၊ ဖေါ့နှစ် သွေးသီ၊ ရေနှင့်ဆီသို့၊ မညီစင်စစ်၊ ပေါ်နစ် ဆန်မျော၊ မနှီးနှောသည်၊ သဘောအောက်ထက် ကြေညာတည်း။

❁ မန်လည်ဆရာတော်ဘုရားကြီး ❁
မဟာသုတကာရီ မဃဒေ၀လင်္ကာ ပုတ္တောဝါဒခဏ်း

No comments: