Wednesday, September 11, 2013


လောကနီတိ
 
လောကနီတိ၊ က၀ိစကား
မှတ်သားနာယူ၊ နှလုံးဖြူက
လူပုံအလယ်၊တင့်တယ်ထွန်းတောက်
စိန်ကျောက်အလား၊ စီးပွားတိုးတက်
ဂုဏ်ကျက်သရေ၊ တက်ဖြိုးဝေလိမ့်
လေညာလေအောက်၊ ရနံ့ရောက်၍
ကြိုင်လောက်မွှေးကြူ၊ ပန်းမဉ္စူသို့
သူသူငါငါ၊ ချီးမြှောက်ရာ၏
ခုခါနောင်ရေး၊ ရန်ဖယ်ဝေး၍
စိတ်အေးချမ်းသာ၊ ရိပ်ဆာယာဝယ်
ပညာသီလ၊ မြတ်ဓမ္မဖြင့်
ဘ၀ကိုသုံး၊ ချိန်မဖြုန်းမှ
မဆုံးတန်ဖိုး တိုးလိမ့်တကား၊

ပဏ္ဍတ ကဏ္ဍ
ပျင်းရိသောသူသည် အတတ်ပညာမရနိုင်၊
အတတ်ပညာမရှိသူသည် ဥစ္စာစီးပွားမရနိုင်၊
ဥစ္စာစီးပွားမရှိသူ အဆွေခင်ပွန်းကောင်းမရနိုင်၊
အဆွေခင်ပွန်းကောင်းမရှိသူ ချမ်းသာသုခမရနိုင်၊
ချမ်းသာသုခမရှိသူ ကောင်းမှုကုသိုလ်မရနိုင်၊
ကောင်းမှုကုသိုလ်မရှိသူသည်နိဗ္ဗာန်ကို
အဘယ်မှာ မျက်မှောက်ပြုနိင်အံ့နည်း။

ဤလောက၌ အတတ်ပညာနှင့် တူသော
ဥစ္စာသည်မရှိ၊
အတတ်ပညာကို ခိုးသူတို့ မခိုးယူနိုင်၊
အတတ်ပညာသည် မိတ်ဆွေကောင်းဖြစ်၍
ချမ်းသာကိုလည်းပေးဆောင်နိုင်၏။

အကြားအမြင် ပညာကို နည်းသည်ဟူ၍
ဘယ်အခါမျှ မအောက်မေ့ရာ၊
လေ့လာစည်းပူး၍ စိတ်၌ သိုမှီးသိမ်းဆည်းထားရာ၏။
ခြပုရွက်တို့ စုဖို့၍ မြေတောင်ပို့ကို ရသကဲ့သို့လည်းကောင်း၊
ကျဖန်များသော မိုးရေပေါက်များသည် ကြီးမားသော
အိုးစရည်းကို ပြည့်စေနိုင်သကဲ့သို့လည်းကောင်း မှတ်ယူအပ်၏။

နှုတ်မှု၊ လက်မှု အတတ်ပညာကို သေးငယ်သည်ဟု
မထင်မှတ်ရာ၊
ပြည့်စုံကုန်အောင် တတ်မြောက်ပါမူ တစ်ခုသော
အတတ်ပညာသည်ပင် အသက်မွေးဝမ်းကျောင်း ပြုနိုင်ပေ၏။

တောင်တိုင်းတွင် ပတ္တမြားမရှိ။
ဆင်တိုင်းတွင် အမြုတေမရှိ။
တောတိုင်းတွင် စန္ဒကူးမရှိ။
အရပ်ဌာနတိုင်းတွင်လည်း ပညာရှိ သုခမိန်မရှိ။

ပညာလိုလားသူသည် ပညာရှိပုဂ္ဂိုလ်ထံ
အရောက်သွားပြီး ပညာကို ကြိုးစား၍ ဆည်းပူးသင်ယူရာ၏။

စည်သည်တီးမှမြည်သကဲ့သို့ ပညာရှိသည်လည်း
သူမေးလာသောအခါမှသာ ဖြေကြားပြောဆိုလေ့ရှိ၏။
သူမိုက်သည်ကား သူတစ်ပါးမေးသည်ဖြစ်စေ
မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟောတတ်ပေသည်။

ပေပုရပိုက်စာရွက်၌ ရေးထားအပ်သော အတတ်ပညာကို
ကိုယ့်အတတ်ပညာဟု မမှတ်ယူကောင်း၊
ထို့အတူ သူတစ်ပါးလက်ဝယ်၌ရှိသော ဥစ္စာကိုလည်း
ကိုယ့်ဥစ္စာဟု မမှတ်ယူကောင်း။

လိမ္မာယဉ်ကျေးမှုရှိမရှိကို ကိုယ်အမူရာ
နှုတ်အမူရာအားဖြင့် သိနိုင်၏။
ပညာရှိသည်မရှိသည်ကို ပြောဆိုသော စကားကို
ထောက်ချင့်၍ သိနိုင်၏။

ဗဟုသုတနည်းသူသည် အနည်းငယ်မျှသော သုတကို များသည်ဟု
ထင်မှတ်၍ မာန်တက်တတ်၏။
သမုဒ္ဒရာရေကို မမြင်ဖူးသော ဖားငယ်သည် တွင်းငယ်ရေကို
များသည်ဟု ထင်မှတ်သကဲ့သို့တည်း။

ပထမအရွယ် ပညာရှာ၊
ဒုတိယ အရွယ် ဥစ္စာရှာ၊
တတိယအရွယ် တရားရှာ။

အတတ်ပညာမရှိသူသည် သူတစ်ပါး၏ ၀န်ကိုထမ်းရ၏။
အတတ်ပညာရှိသူသည် သူတစ်ပါး၏ ဂုဏ်ပြုခြင်းကို ခံရ၏။
ထို့ကြောင့် နေ့စဉ်နေ့တိုင်း အတတ်ပညာကို ရအောင်
ကြိုးစားသင်ယူပါလော့။

မိဘတို့သည် သားသမီးကို ငယ်စဉ်ကပင် အတတ်ပညာကို
သင်ပေးရာ၏။
အတတ်ပညာကို သင်မပေးခဲ့မူ ဟင်္သာတို့အလယ်၌
ဥဗျိုင်းငှက်သည် မတင့်တယ်သကဲ့သို့ ပရိသတ်ဗိုလ်ပုံအလယ်၌
မတင့်မတယ်ဖြစ်ရာ၏။
အတတ်ပညာကင်းမဲ့သောကြောင့် သားနှင့် မိဘတို့သည်
ရန်သူသဖွယ်ဖြစ်လာရတတ်၏။
ဆူးကိုအဘယ်သူချွန်၍ ထက်သနည်း၊ သမင်မျက်လုံးကို
အဘယ်သူ မျက်စဉ်းခတ်၍ ကြည်လင်သနည်း၊
ရွံ့ညွန်၌ပေါက်သော ကြာပန်းကို အဘယ်သူရနံ့ထည့်၍
ထုံမွှေးသနည်း။
သူ့သဘာဝအလျောက်သာဖြစ်ကုန်၏။
အမျိုးကောင်းသား အမျိုးသမီးတို့မည်သည်
သူတစ်ထူးအကူ မရမူလည်းမိမိဘာသာ
ကြိုးစားအားထုတ်ရာ၏။

အရသာပျက်ကြောင်း တရားလေးပါးတို့သည်ကား
-         ထုံးမပါသာ ကွမ်း၊
-         ဆားမပါသာ ဟင်း၊
-         ဥစ္စာပစ္စည်းမရှိဘဲ ၀တ်စားတန်ဆာ ပလွှားမော်ကြွား ၀တ်ဆင်ခြင်း၊
-         ပညာမတတ်ဘဲ ပျို့ ၊ ကဗျာ၊ လင်္ကာ ဖွဲ့ဆိုခြင်းတို့ပေတည်း။

ကောင်းစွာနာကြားမှတ်သားခြင်းကြောင့် သုတနှင့် ပြည့်စုံရ၏။
သုတပညာဖြင့် ကြီးပွားတိုးတက်၏။

အိပ်ခြင်း၊ စားခြင်း၊ မေထုံမှီဝဲခြင်းအမှုတို့၌
နွားသည်လည်းကောင်း၊ လူသည်လည်ကောင်း
ပြုတတ်ကြမြဲဖြစ်၏။
အတတ်ပညာသည်သာလျှင် နွားထက် လူကသာလွန်သော
ဂုဏ်ရည်ထူးပင် ဖြစ်ပေတော့သည်။

အတတ်ပညာနှင့်တူသော မိတ်ဆွေသည် မရှိ။
အနာရောဂါနှင့်တူသော ရန်သူသည် မရှိ။

ကျီးတို့၏အလယ်၌ ရောနှောနေခြင်းဖြင့်
ဟင်္သာမင်းအတွက် မတင့်တယ်။
နွားအုပ်အတွင်း ရောနှောနေခြင်းဖြင့်
ခြင်္သေမင်းအတွက် မတင့်တယ်။
မြည်းအုပ်အတွင်း ရောနှောနေခြင်းဖြင့်
သိန္ဓောမြင်းအတွက် မတင့်တယ်။
သူမိုက်တို့အလယ်၌ ရောနှောနေခြင်းဖြင့်
ပညာရှိသူတော်ကောင်းအတွက် မတင့်တယ်။

ယောက်မသည် ဟင်း၏အရသာကို မသိသကဲ့သို့
သူမိုက်သည် ပညာရှိအား အသက်ထက်ဆုံး ဆည်းကပ်
ငြားသော်လည်း သူတော်ကောင်းတရားကို မသိချေ။
လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့
လိမ္မာရေးခြားရှိသူသည် ပညာရှိအား တခဏမျှ ဆည်းကပ်ရမူ
သူတော်ကောင်းတရားကို လျင်မြန်စွာသိ၏။

လက်နက်မပါဘဲ စစ်မြေသို့မသွားရာ။
ကျမ်းဂန်အထောက်အထားမရှိဘဲ စကားကို မဆိုရာ။
အဖော်မပါဘဲ ခရီးဝေးမသွားရာ။
အရေးအခွင့်ရောက်သည်နှင့် လျော်ကန်သောစကားကို
ပြောဆိုရာ၏။
ကိုယ်နှင့် လျောက်ပတ်သင့်မြတ်သော ချစ်အပ်သူကိုရှာရာ၏။

ဥစ္စာမရှိဘဲ အစားမကြူးရာ။
ခွန်အားမရှိဘဲ အသတ်အပုတ် မကြိုက်ရာ။
ပညာမရှိဘဲ စကားများစွာ မဆိုရာ။

မဖိတ်ခေါ်ဘဲ သူတစ်ပါး အိမ်သို့ ကြိမ်ဖန်များစွာ မသွားရာ။
သူမမေးဘဲ များစွာ မပြောဟောရာ။
မိမိဂုဏ်ကို ထုတ်ဖော်ဝါကြွားပလွှားခြင်း မပြုရာ။
(ကိုယ့်ဂုဏ်ကိုယ်ဖော်မသူတော်)

ရေမပြည့်သောအိုးသည် ဘောင်ဘင်ခတ်တတ်၏။
ပညာနည်းသော သူသည် ထင်ရှားပြတတ်၏။

သမုဒ္ဒရာသည် ရေ၌မရောင့်ရဲ။
မျက်စိသည် ချစ်သောသူကိုမြင်ခြင်း၌ မရောင့်ရဲ။
ပညာရှိသည် စကားကောင်း၌ မရောင့်ရဲ။

အဆင်းအရွယ် ပြည့်စုံကြွယ်ဝသူပင် ဖြစ်လင့်ကစား
အတတ်ပညာမရှိလျှင် မတင့်တယ်၊
ရနံ့ကင်းသော ပေါက်ပွင့်နှင့်တူ၏။

နိမ့်ကျသူ၏ သားပင်ဖြစ်လင့်ကစား
မင်း၊ အမတ် ဖြစ်နိုင်၏။
သူမိက်၏သားပင် ဖြစ်လင့်ကစား ပညာရှိ ဖြစ်နိုင်၏။
ဥစ္စာမရှိသူ၏ သားပင်ဖြစ်လင့်ကစား ကြွယ်ဝချမ်းသာနိုင်၏။
ထို့ကြောင့် ယောက်ျားတို့ကို အထင်မသေးအပ်။

အတတ်ပညာကို လိုသဖြင့် အထူးထူး အပြားပြားများစွာ
သင်ယူသော တပည့်သည် အိမ်မက်ကို ပြန်မပြော
သူအကဲ့သို့ ထိုအတတ်ပညာကို ပြန်ဆိုခြင်းငှာ မစွမ်းနိုင်ရာ။

အိုးလုပ်သူသည် အိုးကိုကွဲစေအောင် ရိုက်ခတ်ခြင်းမဟုတ်၊
လှပတင့်တယ် ကောင်းမွန်စေရန်သာ ရိုက်ခတ်ခြင်းဖြစ်သည်။
ထိုနည်းတူစွာ ဆရာသည် တပည့်တို့ကို ထိခိုက်နစ်နာစေလို၍
ဆုံးမခြင်းမဟုတ်၊ အတတ်ပညာ အကျိုးစီးပွားရစေရန်သာ
ဆုံးမခြင်းဖြစ်၏။

တောင်ဇလပ်ပန်းကို ထုပ်သော ပေါက်ဖက်သည်
ထိုပန်း၏ ရနံ့အတိုင်းပင် မွှေးကြိုင်၏။
ပညာရှိနှင့် ပေါင်းဖက်သော သူတို့ကိုလည်း
ထိုနည်းအတူပင် မှတ်အပ်၏။

ဟင်္သာတို့အလယ်၌ ဗျိုင်းသည် မတင့်တယ်သကဲ့သို့
ပညာမရှိသူသည် လူပုံအလယ်၌ မတင့်တယ်။


သုဇန ကဏ္ဍ

သူတော်ကောင်းတို့ကိုသာ ပေါင်းဖော်ရာ၏
သူတော်ကောင်းတရားကို သိရ၍ မြင့်မြတ်၏။

သူယုတ်မာတို့နှင့် ပေါင်းဖက်ခြင်းကို စွန်လွတ်လော့၊
သူတော်ကောင်းပေါင်းဖက်အပ်သူကိုသာ ဆည်းကပ်လော့၊
ကုသိုလ်ကောင်းမှုကို အစဉ်အမြဲပြုလော့၊
မမြဲသောအဖြစ် (သင်္ခါရတရား) ကို အစဉ်အမြဲအောက်မေ့
ဆင်ခြင်လော့။

သူယုတ်တို့သည် ရေသဖန်းသီးမှည့်နှင့် တူ၏။
အပြင်ပန်းအားဖြင့် အဆင်းရှိသော်လည်း အတွင်း၌မူကား
ပိုးလောက်များဖြင့်သာ ပြည့်ကုန်၏။

ပိန္နဲသီးမှည့်တို့သည် ပြင်ပ၌ဆူးများ ရှိသော်လည်း
အတွင်းအရသာမူကား ချိုမြိန်လှပေ၏။
သူတော်ကောင်းတို စိတ်နှလုံးသည်လည်း
ထို့အတူပင် ဖြစ်၏။

No comments: