Sunday, September 22, 2013

* ဗြဟ္မာစိုရ် စည်းဝိုင်း *



လူတိုင်းကို မေတ္တာထားပါ...
မေတ္တာ ထားဖို့လုံးဝမရ နိုင်ရင်ကော...
ဘယ်လိုလုပ်မလဲ??

လူတိုင်းကို ဂရုဏာထားပါ
ဂရုဏာ ထားဖို့လုံးဝမရ နိုင်ရင်ကော...
ဘယ်လိုလုပ်မလဲ??

လူတိုင်းအပေါ် မုဒိတာပွားပါ
မုဒိတာပွား ဖို့လုံးဝမရ နိုင်ရင်ကော...
ဘယ်လိုလုပ်မလဲ??

လေ့လာလေလေ ပိုလေးနက်လေလေပါ
ဘယ်အရာကိုမဆို အစွန်းရောက် မသွားဖို့ဟာလည်းပဲ အင်မတန် အရေးကြီးပါတယ်။

မေတ္တာ ဂရုဏာတွေဟာ တခါတလေကျရင်
လွန်မှန်းမသိလွန်သွားတတ်ပြန်ရော။
မေတ္တာ လွန်တော့ တဏှာ လောဘ ရာဂ တွေဖြစ်တတ်သလို
ဂရုဏာလွန်ပြန်ရင်တော့ သောကတွေ ဒေါသတွေနဲ့ရင်ဆိုင်တွေ့ကြုံ ရတတ်ပြန်တယ်။

အဲဒီလို ဗြဟ္မာစိုရ် တရား မရှိခြင်းနှင့် ပိုလွန်းခြင်း ဆိုတဲ့ အစွန်းနှစ်ဖက်ကို ထိန်းချုပ်ဖို့အတွက် စည်းဝိုင်းလေးတစ်ခု
ကတော့ ဥပေက္ခာတရားပါပဲ။

အလေးနက်ဆုံး နဲ့ အသိမ်မွေ့ဆုံးတရားလို့
လည်းဆိုချင်ပါတယ်။ အရာရာကို ကိုယ်နဲ့မဆိုင်သလို လျစ်လျူရှုထားရမယ်လို့
မဆိုလိုတဲ့ တရား မှန်းကိုတော့ အတပ်ပြောရဲပါတယ်။

တခါတလေကျရင် ကိုယ်က ဘယ်လိုမှမေတ္တာ ဂရုဏာ မုဒိတာ မထားနိုင်တဲ့ လူတွေနဲ့လည်း ဆုံခဲ့ဖူးပါတယ်။ အကုသိုလ်ကြီးမှန်းသိလျက်နဲ့ ဘယ်လိုမှ
မေတ္တာထားလို့ မရတဲ့အတွက် ကိုယ့်ကိုယ်ကိုတောင် အပြစ်တင်မိတာတွေလည်း ရှိခဲ့ဖူးပါတယ်။
တကယ်တော့ စည်းဝိုင်းထဲမှာနေဖို့ မေ့ခဲ့တာတွေပါ။
မေတ္တာထားမရတော့ဘာဖြစ်လဲ
ဒေါသဖြစ်နေမဲ့အစား ဥပေက္ခာပြုလိုက်ပေါ့။

တခါတခါကျပြန်ရင်တော့လည်း
အရမ်းဒုက္ခရောက်နေသူ ကိုယ်ကကူညီလို့လည်းမရနိုင် မတတ်နိုင်သူတွေကို တွေ့ပြန်တော့လည်း
မနေနိုင်မထိုင်နိုင်အောင် သနားဂရုဏာသက်ပြီး သူတို့အတွက် ပူဆွေးသောကတွေဖြစ်ပြန်ရော။ အဲဒါတွေစဉ်းစားမိလို့ ဒီအကြောင်းအရာလေး ရေးဖြစ်တာပါ။
ဘယ်လိုစဉ်းစားမိသလဲဆိုတော့ တစ်စုံတစ်ယောက်ကို ဂရုဏာသက်ပြီး သောကဖြစ်နေချိန်မှာပေါ့...
ဘုရားဟောထားတဲ့ ဗြဟ္မာစိုရ်တရားဆိုတာ ကုသိုလ်တရားဖြစ်ခြင်းအကြောင်းအရင်းတွေပါ။ ဘာကြောင့်ငါကပူဆွေး ဝမ်းနည်းခြင်းဖြစ်နေရတာလဲ လို့ပေါ့။
သေချာပြန်စဉ်းစားကြည့်လိုက်မှ ကျနော်ထားတဲ့ ဂရုဏာက စည်းလွတ်ဝါးလွတ်ဖြစ်နေတာကို။ ဥပေက္ခာ အဝန်းအဝိုင်းထက်ကျော်လွန်နေတော့
သောကတွေဖြစ်ရတာပေါ့။

ဒါတွေက ကျနော့်ခံစားချက်တွေအရင်းခံပြီး
အဖြေရှာရင်းရလာတဲ့ အပိုင်းအစလေးတွေပါ။ မှန်ချင်မှလည်းမှန်နိုင် မှာပါ။

ဒီလိုမျိုး အကြောင်းရင်းကို သိရပြီးတဲ့အချိန်ကစပြီး စိတ်တော့ အရင်ကထက်စာရင် နည်းနည်းပိုထားတတ်လာတော့ အမှန်ပဲ။

ကိုယ်မုန်းတဲ့ သူတွေနဲ့ တွေ့ကြုံ ဆက်ဆံနေရတယ်။
စည်းဝိုင်းထဲမှာနေဖို့ တိုက်တွန်းလိုက်တယ်။
ဘာမှ မတတ်နိုင်တဲ့ အကြောင်းအရာ အဖြစ်အပျက်တွေလည်း တွေ့ကြုံ ရတယ်။
စည်းဝိုင်းထဲမှာနေဖို့ တိုက်တွန်းလိုက်တယ်။
ဥပေက္ခာ ဆိုတဲ့စည်းဝိုင်းပေါ့။
သာမာန်လူသားတစ်ယောက်ဖြစ်တဲ့အတွက် စည်းကျော်တာတွေလည်းရှိနေဆဲဆိုတာတော့ ပြောစရာတောင် မလိုလောက်ပါဘူး။
တခါတစ်ရာ ကြိုးစားလို့ တစ်ခါအောင်မြင်ရင်လည်း တစ်ခါပေါ့။

လောကကြီး အေးချမ်းသာယာဖို့ အတွက်
ဒီတရားလေးပါးကို ကိုယ်စီကိုယ်ငှ ကျင့်သုံး
ဆောက်တည်နိုင်ကြပါစေခင်ဗျာ။

No comments: